ဗြိတိန် အစိုးရဌာနတွေ အတွက် အသုံး စရိတ် ပိုဖြတ်

ဓာတ်ပုံ မူပိုင် PA
Image caption ဘတ်ဂျက် လျှော့သုံးတာ၊ ကောင်း မကောင်း ဆိုတဲ့အပေါ် အမြင်တွေ ကွဲလွဲနေကြပါတယ်

ဗြိတိန်အစိုးရ ဌာနတွေအတွက် အခုနှစ်ကနေ မတ်လ အထိ အသုံးစရိတ်ကို စီစဉ်ထားတာ ထက် ပေါင်စတာလင် ၆.၇ ဘီလျံ ပို ဖြတ်တောက်မှာ ဖြစ်တယ်လို့ ဘဏ္ဍာရေး ဝန်ကြီးဌာနရဲ့ စာရင်း ဇယားတွေအရ သိရပါတယ်။

၂၀၁၀ - ၁၁ ခုနှစ် ဘဏ္ဍာရေးနှစ်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် အခုနှစ်အတွက် အသုံးစရိတ် ပေါင် ၁၁ ဘီလျံ ကျသွားမှာ ဖြစ်ပေမယ့်၊ အစိုးရရဲ့ အစီအစဉ်တွေ အရ ပေါင်စတာလင် ၄.၄ ဘီလျံပဲ လျှော့ချ ရသေးတာ ဖြစ်ပါတယ်။

ဘဏ္ဍာရေးဆိုင်ရာ တက္ကသိုလ် တခုရဲ့ လေ့လာချက်တွေ အရ နောက်နှစ်အတွက်ကို ပေါင် သန်း ၉၀၀ သာ အသုံးပြုမှာ ဖြစ်ပါတယ်။ အရန်ငွေ ၁.၄ ဘီလျံအပါအဝင် တခြား ကျန်ရှိနေတဲ့ ငွေတွေကိုတော့ ဘဏ္ဍရေး ဝန်ကြီးဌာနက ပြန်လည် ခွဲဝေ သတ်မှတ်ပေးမှာ ဖြစ်ပါတယ်။

ဘတ်ဂျက်ထဲက အနည်းဆုံး လျှော့သုံးတဲ့ ဌာနကတော့ အမျိုးသား ကျန်းမာရေး ဌာန NHS ဖြစ်ပြီး၊ NHS ဟာ ဘတ်ဂျက်အောက် ပေါင် ၁.၇ ဘီလျံ သုံးမှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အခုလို သတ်မှတ်ထားတဲ့ ဘတ်ဂျက်ထက် လျှော့သုံးတာဟာ ကောင်းကျိုးဖြစ်မလား၊ ဆိုးကျိုးဖြစ်မလား ဆိုတဲ့အပေါ် အမြင်တွေကတော့ ကွဲလွဲမှုတွေ ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ