BBC navigation

ကမ္ဘာ့ဘဏ်က မြန်မာကို ကူညီမယ်

နောက်ဆုံး ရေးသားချိန် 5 ဖေဖေါ်ဝါရီလ 2013 - 17:14 GMT

မြန်မာ နိုင်ငံရဲ့ လတ်တလော လျှပ်စစ် စွမ်းအင် လိုအပ်ချက် တွေကို ဖြည့်ဆည်း ပေးဖို့ အပါ အဝင် တယ်လီဖုန်း ဆက်သွယ်ရေး လုပ်ငန်းနဲ့ ဘဏ်လုပ်ငန်း တွေ ဖွံ့ဖြိုး တိုးတက်ဖို့ အတွက် ကမ္ဘာ့ ဘဏ်က ကူညီ ဆောင်ရွက် ပေးမှာ ဖြစ်ပြီး၊ အမေရိကန် ဒေါ်လာ ၁၆၅ သန်းကို ထုတ်ချေးမှာ ဖြစ်ပါတယ်။

မြန်မာ နိုင်ငံမှာ ကျန်းမာရေးလို အရေး တကြီး အကူ အညီ လိုတဲ့ တခြား ကဏ္ဍတွေလည်း ရှိတဲ့ အတွက်၊ ဘယ် အချက်တွေပေါ် မူတည်ပြီး ဦးစားပေး ဆောင်ရွက် မယ့် အပိုင်းကို ဆုံးဖြတ် တာလဲလို့ ကမ္ဘာ့ဘဏ်ရဲ့ အာရှ ပစိဖိတ် ဒေသ ဆိုင်ရာ ဒုတိယ ဥက္ကဌ Axel van Trotsenburg ကို ဘီဘီစီက မေးကြည့် တော့ သူက ခုလိုပြော ပါတယ်။

ဖြေ ၁။ ကျွန်တော် တို့ရဲ့ ပထမဆုံး လုပ်ငန်း ဆောင်ရွက်မှုဟာ ဆင်းရဲတဲ့ သူတွေကို ကူညီဖို့ ဖြစ်တယ်လို့ ရှင်းရှင်း လင်းလင်း ပြောထားပါတယ်။ လူထုက ဦးဆောင်တဲ့ စီမံကိန်းတွေ ဖြစ်ရပါ့မယ်။ ဒုတိယ ဦးစားပေး ဖြစ်တဲ့ လျှပ်စစ် ကဏ္ဍနဲ့ ပတ်သက်လို့၊ မီး မရရင် ဘယ်လို ခံစားရ သလဲ ဆိုတာ ခရီးသွား ကြည့် လိုက်တာနဲ့ သိနိုင် ပါတယ်။ ဒါကြောင့် ဒီပြဿနာ တချို့ကို ရေတို ကာလမှာ ဖြေရှင်း နိုင်အောင် ကမ္ဘာ့ဘဏ်က ဘယ်လို ကူညီ နိုင်မလဲ စဉ်းစား ခဲ့တာပါ။ တချိန်တည်း မှာပဲ ရေရှည် အတွက်လည်း ကျွန်တော်တို့ စဉ်းစား ပါတယ်။ ဒါကြောင့် ပညာရေး၊ ကျန်းမာရေး၊ အလုပ် အကိုင် ရရှိရေး၊ ကျေးလက် ဒေသတွေ အတွက် အခြေခံ အဆောက် အဦ တည်ဆောက်ရေးတွေ ကိုလည်း ချန်မထား ပါဘူး။ စီမံကိန်းတွေ အပြည့် အဝ ဆောင်ရွက် မှာပါ။ မြန်မာ နိုင်ငံ မှာက အခုမှ စာမျက်နှာ သစ်ကို ဖွင့်ရ တာပါ။ မကြာသေးခင် ကပဲ ကမ္ဘာ့ဘဏ် ရုံးခွဲကို စဖွင့် ခဲ့ပြီး မြန်မာ အစိုးရ နဲ့လည်း ဆွေးနွေး မှုတွေ လုပ်နေ ပါတယ်။ အဓိက ရည်ရွယ်ချက် ကတော့ အားလုံး ပါဝင်တဲ့ နည်းနဲ့ ဆင်းရဲ မွဲတေမှုကို တိုက်ဖျက် ဖို့ပါ။

မေး။ ဆင်းရဲ မွဲတေမှုကို တိုက်ဖျက်ဖို့ ဆိုတာ ချက်ချင်း မဖြစ်နိုင်မှန်း ကျွန်တော် နားလည်ပါတယ်။ ဒါပေမယ့် အခု မြန်မာ နိုင်ငံဟာ ကမ္ဘာ့ဘဏ်ကို သန်း ၉၀ဝ လောက် အကြွေးတင် နေတုန်းမို့လား။ ဒီတော့ သန်း ၈၀ ပေး တာ လောက်နဲ့ ဆင်းရဲမှု တိုက်ဖျက်နိုင်မှာလား။ ကမ္ဘာ့ဘဏ်က မြန်မာကို ဘယ်အတိုင်း အတာ အထိ ငွေချေး နိုင်မလဲ။
ဖြေ ၂။ ဒါကတော့ မဟာဗျူဟာ စဉ်းစား ချက်တွေ ဘယ်ပုံရှိတယ်ဆိုတဲ့ အပေါ် မူတည်ပါတယ်။ မြန်မာ နိုင်ငံ နဲ့ စပြီး ပြန်ဆက်ဆံတာနဲ့ ဒေါ်လာသန်း ၇၀ဝ ကို လ ၂၀ လောက် အတွင်း ထုတ်ပေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒေါ်လာ သန်း ၅၂၀ ကိုလည်း နှစ် ၂၀ လောက် အတွင်း ထုတ်ပေးဖို့ ကတိ ပေးထားတာ ရှိပါတယ်။ ဒါဟာ မြန်မာ ပြည်သူတွေရဲ့ ဖွံ့ဖြိုး တိုးတက် ချင်တဲ့ ဆန္ဒကို ကျွန်တော်တို့က ကူညီချင်တယ် ဆိုတာကို ပြတာပါ။ ပြီးတော့ ငွေကြေး အလုံး အရင်း အပြင်၊ ထိရောက် တဲ့ နည်းပညာ ကူညီမှု၊ အတွေ့ အကြုံ မျှဝေမှုတွေ ကိုလည်း လုပ်သွားမှာပါ။

မေး။ အကူအညီ ပေးနိုင်တဲ့ နည်းလမ်းတခုက ကြွေးတွေ လျှော်ပစ်ဖို့ပါ။ ကမ္ဘာ့ဘဏ်က အဲဒီလို ကြွေးလျှော်ဖို့ အစီ အစဉ်ရှိလား။
ဖြေ ၃။ ကျွန်တော်ဟာ ဆင်းရဲတဲ့ နိုင်ငံတွေ ကြွေးမြီ သက်သာဖို့ အတွက် ဦးဆောင်ခဲ့သူပါ။ ဒီတော့ ဒါတွေကို ကျွန်တော် ကောင်းကောင်း နားလည် ပါတယ်။ မြန်မာ နိုင်ငံ အတွက် သတင်းကောင်း ကတော့ တိုင်းပြည် အသားတင် ထုတ်လုပ်မှု GDP နဲ့ နှိုင်းယှဉ်ရင် အကြွေးဟာ သိပ်မများ လှပါဘူး။ ပြီးတော့ ကမ္ဘာ့ဘဏ် ချေးငွေ ဆိုတာ ကလည်း နှစ် ၄၀ ကျော် နှစ်ရှည် အတိုးမဲ့ ချေးငွေတွေပါ။ အရေးပါပြီး ခက်ခဲတဲ့ ဖွံ့ဖြိုးရေး လုပ်ငန်း တွေကို ဆောင်ရွက် နိုင်အောင် ဒီလို ချေးငွေတွေကို နောက်ထပ် ထုတ်ပေး သင့်တယ် လို့လည်း ကျွန်တော်တို့ ယုံကြည် ပါတယ်။

မေး။ မြန်မာ နိုင်ငံကို ကမ္ဘာ့ဘဏ်က ငွေထုတ်ချေးတဲ့ အခါမှာ လိုက်နာရမယ့် စည်းကမ်း ကန့်သတ်ချက် တွေရော ရှိပါလား။
ဖြေ ၄။ အခြေ အနေ သတ်မှတ်ချက် နဲ့ပတ်သက်လို့၊ ကျနော့် အနေနဲ့ ကောင်းတဲ့ စည်းကမ်း သတ်မှတ်ချက်လို့ ခေါ်တဲ့ ပွင့်လင်း မြင်သာမှု၊ ကောင်းမွန်တဲ့ စီမံ အုပ်ချုပ်မှု တွေသာ ရှိပါတယ်။ တချို့က ဒါကို စည်းကမ်းချက်လို့ ခေါ်ပါတယ်။ မြန်မာ ပြည်သူတွေ အနေနဲ့လည်း သူတို့ ပေးဆောင် လိုက်တဲ့ အခွန်တွေကို လိုအပ်တဲ့ ရည်မှန်းချက် ရောက်အောင် ဘယ်လို သုံးစွဲတယ် ဆိုတာ သိခွင့် ရှိရမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။