ဂျပန် ကား ၃ သန်းကျော် ပြန်အပ်ခိုင်းနေ

japan car
Image caption ဂျပန်ကား ၃ သန်းကို ပြန်အပ်ကြဖို့ သတိပေး

ကမ္ဘာတလွှားက ဂျပန် ကား ၃ သန်းကျော်မှာ လေအိတ် ချွတ်ယွင်းမှုတွေ ဖြစ်နိုင်လို့ ပြန်အပ် ကြဖို့ တောင်းဆိုထားကြောင်း ဂျပန် ကားကုမ္ပဏီ ကြီး ၄ ခုက ပြောကြားလိုက် ပါတယ်။

တိုယိုတာ၊ ဟွန်ဒါ၊ နစ်ဆန်းနဲ့ မာဇဒါ ကားတွေရဲ့ ရှေ့ ထိုင်ခုံမှာ ထိုင်တဲ့ ခရီးသည်တွေကို မတော်တဆ ကားတိုက်မှု ဖြစ်ရင် အကာအကွယ် ပေးနိုင်တဲ့ လေအိတ်မှာ ချို့ယွင်းချက်တွေ တွေ့ခဲ့တာပါ။

ဒါ့ကြောင့် အဲဒီကုမ္ပဏီတွေက ထုတ်တဲ့ ကား အစင်းရေ ၃ သန်း ၄ သိန်းကို ပြန်လည် စစ်ဆေးဖို့ အတွက် ဝယ်တဲ့ နေရာတွေကို ပြန်အပ်ကြဖို့ အခုလို ထုတ်ပြန် သတိပေး လိုက်တာပါ။

တိုယိုတာ ကားတွေ တဝက်လောက် နီးနီးကို ပြန်အပ်ကြဖို့ တောင်းဆို ထားပါတယ်။

အဲဒီကားတွေက ခရစ်နှစ် ၂ဝဝဝ နဲ့ ၂ဝဝ၄ ခုနှစ်အတွင်း ထုတ်လုပ် ခဲ့တဲ့ ကားတွေ ဖြစ်ကြပြီး အဲဒီ ချို့ယွင်းချက် တွေ့ရတဲ့ ကား အစိတ်အပိုင်း ပစ္စည်းကို ထုတ်လုပ်ခဲ့တဲ့ ကုမ္ပဏီ ကတော့ Takata ကော်ပိုရေးရှင်း ဖြစ်ပါတယ်။

မော်ဒယ် အမျိုးအစားတွေကတော့ တိုယိုတာ ကားတွေထဲမှာ ဆိုရင် Corolla နဲ့ Yaris၊ နစ်ဆန်း ကားတွေထဲမှာတော့ X Trail , Patrol, Almera, Almera Tino, TerranoII နဲ့ Navara မော်ဒယ်တွေ ပါ။

ဟွန်ဒါ ကားတွေ ထဲမှာတော့ အများစုဟာ CRV ကားတွေ ဖြစ်ပြီး 400 Jazz နဲ့ Civic မော်ဒယ်တွေလဲ ပါတယ်လို့ သိရပါတယ်။

စက်ပစ္စည်း ချို့ယွင်းချက်ကြောင့် ပြန်စစ်ဆေးဖို့ ပြန်အပ်ခိုင်းတဲ့ ကားအစင်း အရေအတွက်ဟာ တာကာတာ ကော်ပိုရေးရှင်း အတွက်တော့ ဒါ အများဆုံး ဖြစ်ပါတယ်။

၂ဝဝ၈ ခုနှစ်နဲ့ ၂ဝ၁၁ ခုနှစ် အတွင်းကလဲ ဟွန်ဒါ ကားကုမ္ပဏီက သူတို့ထုတ်ခဲ့တဲ့ ကားတွေမှာ ယာဉ်မောင်းသူ ထိုင်ခုံဘက်ခြမ်းက လေအိတ်မှာ ချို့ယွင်းချက်တွေ တွေ့လို့ ဆိုပြီး ပြန်စစ်ဆေးဖို့ ကားတွေ ပြန်အပ်ခိုင်း ခဲ့ရပါတယ်။

အဲဒီ ကားပစ္စည်း အစိတ်အပိုင်းကို တာကာတာ ကော်ပိုရေးရှင်းကပဲ ထုတ်ပြန် ခဲ့တာပါ။

အခု နောက်ဆုံး ဖြစ်တဲ့ ဒီခရီးသည် ထိုင်ခုံ လေအိတ် ချို့ယွင်းတဲ့ ဖြစ်ရပ်ပေါင်း ၅ ခု ရှိတယ်လို့ တိုယိုတာ ကားကုမ္ပဏီ က သိရတယ်လို့ တိုယိုတာ ကားကုမ္ပဏီ ပြောခွင့်ရ ပုဂ္ဂိုလ်က ဘီဘီစီကို ပြောပါတယ်။

၂ ခုက ဂျပန်နိုင်ငံမှာ ဖြစ်ခဲ့တာ ဖြစ်ပြီး ကျန်တဲ့ ဖြစ်ရပ် ၃ ခုက အမေရိကန် နိုင်ငံမှာ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။ ဒါပေမဲ့ အဲဒီ ချို့ယွင်းမှုကြောင့် ကြီးကြီးကျယ်ကျယ် ဒဏ်ရာ အနာတရ ရတာမျိုးတော့ မရှိဘူးလို့ သူက ပြောပါတယ်။

ကျန်တဲ့ ဟွန်ဒါ၊ နစ်ဆန်းနဲ့ မာဇဒါ ကားတွေမှာတော့ အဲဒီချို့ယွင်းမှုကြောင့် မတော်တဆ ဖြစ်ရပ်မျိုး မတွေ့ရသေးဘူးလို့ သိရပါတယ်။

အခု ပြောခဲ့တဲ့ တိုယိုတာ၊ ဟွန်ဒါ၊ နစ်ဆန်းနဲ့ မာဇဒါကား ကုမ္ပဏီ ၄ ခုစလုံးက ချို့ယွင်းချက် တွေ့ရတဲ့ အဲဒီ ကားပစ္စည်း အစိတ်အပိုင်းတွေကို အလကား ပြန်လဲပေးမယ်လို့ ပြောထားပါတယ်။

အခုလို တာကာတာ ကော်ပိုရေးရှင်း ထုတ်တဲ့ ကားပစ္စည်း အစိတ်အပိုင်းမှာ ချို့ယွင်းချက် တွေ့ရတယ်ဆိုတဲ့ သတင်း ထွက်ပေါ်လာ အပြီးမှာပဲ တိုကျို စတော့ ရှယ်ယာ စျေးကွက်မှာ တာကာတာ ရှယ်ယာ စျေးက ဒီကနေ့မှာ ၉ ရာခိုင်နှုန်း ထိုးကျသွားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ