ကချင်ပြည်နယ်ဟာ HIV ဗိုင်းရပ်စ် ကူးစက်မှု အများဆုံးဖြစ်

မူးယစ်ဆေး ထိုးမှု ကလည်း ကချင်မှာ များပြား
Image caption မူးယစ်ဆေး ထိုးမှု ကလည်း ကချင်မှာ များပြား

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်က အပစ်ရပ်လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေ ထိန်းချုပ်တဲ့ဒေသတွေမှာ HIV ဗိုင်းရပ်စ် ကူးစက်မှုတွေ ဆိုးဝါးနေပါတယ်။

ကချင်ပြည်နယ်ဟာ HIV ဗိုင်းရပ်စ် ကူးစက်မှု တခြားဒေသတွေထက် ပိုများတဲ့အကြောင်း မြန်မာနိုင်ငံမှာ HIV ဗိုင်းရပ်စ် ကူးစက်သူတွေကို အကူအညီတွေပေးနေတဲ့ NLDလူငယ် ကိုရာဇာက ဘီဘီစီကိုပြောပါတယ်။

ကိုရာဇာက သူတို့ဆီကို လာရောက် ဆက်သွယ်တဲ့ HIV ဗိုင်းရပ်စ် ကူးစက်ခံရသူ လူနာအရေအတွက် အချိုးအစားနဲ့ AZG လိုအဖွဲ့တွေက ထုတ်ပြန်တဲ့ အစီရင်ခံစာ တွေကို အခြေခံပြီး ကြည့်တဲ့အခါ ကချင်ပြည်နယ်ဟာ HIV ဗိုင်းရပ်စ် ကူးစက်မှု တခြား ဒေသတွေထက် ပိုများနေတာ တွေ့ရတယ်လို့ပြောပါတယ်။

ဒီလိုဖြစ်ရတာဟာ ဒီဒေသမှာ လူငယ် အတော်များများဟာ မူးယစ်ဆေးဝါးကို ပေါ်ပေါ်ထင်ထင် သုံးစွဲတဲ့အထိ သုံးစွဲသူများနေကြောင်း တရုက်ပြည်နဲ့နီးတော့ တရုပ်ပြည်ကိုသွား လိင်အလုပ်သမားအဖြစ်လုပ်ကိုင် ပြန်လာတော့ ဒီမှာ အိမ်ထောင်ပြု ဒီလိုနည်းတွေနဲ့ HIV ဗိုင်းရပ်စ် ကူးစက်မှု ဖြစ်တယ်လို့ ဆိုပါတယ်။

ကချင်ပြည်နယ်ထဲက ကျောက်ထွက်တဲ့ဒေသ ဖါးကန့်ကို တခြား မြန်မာပြည်အနှံ့က လူတွေ လာပြီး အလုပ်လုပ်ကိုင်ရင်း ဒေသခံတွေနဲ့ အိမ်ထောင်ကျ ပြီး ဒီလိုနည်းနဲ့လည်း HIV ဗိုင်းရပ်စ် ကူးစက်မှု ဖြစ်စေတယ်လို့လည်း ဆိုပါတယ်။

ဒေသခံ ကချင်လူငယ်အဖွဲ့အစည်းတွေအနေနဲ့လည်း သူတို့လူမှုအဖွဲ့အစည်းကို သူတို့ဖါသာသူတို့ ကယ်တင်နိုင်ဖို့ ဆောင်ရွက်နေတာကိုလည်း တွေ့ရတယ်လို့ဆိုပါတယ်။

ဒါပေမယ့်လည်း အစိုးရကတော့ မူးယစ်ဆေးသုံးစွဲတဲ့ သူရှိရင် ဖမ်းဆီးထောင်ချတဲ့ အလုပ်ကလွဲပြီး ဒီရောဂါ ကူးစက်နေမှုနဲ့ပတ်သက် ပြီးတခြားဘယ်လိုမှ ဆောင်ရွက်ပေးတာ မတွေ့ရဘူးလို့ ဘီဘီစီကို ပြောပါတယ်။