ကချင်အာဇာနည်နေ့ ကျင်းပ

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ်ရှိရာ လိုင်ဇာအပါအဝင် ကေအိုင်အိုရဲ့ တပ်မဟာဒေသ အသီးသီးမှာ ကချင် အာဇာနည်နေ့ အခမ်းအနားတွေ ကျင်းပခဲ့ကြပါတယ်။

Image caption KIA ကချင်တပ်သားတစ်ဦး

ကချင်အာဇာနည်နေ့ဟာ ၁၉၇၅ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့က ထိုင်းမြန်မာနယ်စပ်မှာ လုပ်ကြံခံခဲ့ရတဲ့ ကေအိုင်အို-ကေအိုင်အေ အဖွဲ့ကြီးကို စတင်ထူထောင်သူတစ်ဦးဖြစ်သူ ဗိုလ်ချုပ်ဇော်ဆိုင်း ကျဆုံးတဲ့နေ့ကို သတ်မှတ်ထားတာပါ။

ဗိုလ်ချုပ်ဇော်ဆိုင်းရဲ့ အရိုးပြာအုပ်ဂူရှိရာ ယခင် ကေအိုင်အိုဌါနချုပ်ဟောင်း ပါဂျောင် မှာလည်း သက်ဆိုင်ရာ လှုပ်ရှားတပ်မဟာမှူးက ဦစီးပြီး ကျဆုံး အာဇာနည်များအတွက် ပန်းခွေချ အလေးပြု အခမ်းအနား ပြုလုပ်ခဲ့ပါတယ်။

ကိုယ့်လူမျိုးအတွက် ကိုယ်ကျိုးစွန် ့အနစ်နာခံခဲ့တဲ့သူတွေအပေါ် အမြဲတမ်းအမှတ်ရဖို့ လေးစားဖို့အတွက် ကျင်းပရခြင်းဖြစ်ကြောင်းလည်း ကေအိုင်အို တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးဆင်ဝါးက ဘီဘီစီကို ပြောပါတယ်။

အခြေအနေတစ်ရပ်ကို ပြောင်းလဲအောင်လုပ်ဖို့ဆိုတာက ဒေသအတွက်ပဲဖြစ်ဖြစ် ကိုယ့်အမျိုးသားအတွက်ပဲဖြစ်ဖြစ် ကိုယ်ကျိုးစွန့်အနစ်နာခံပြီးမှ ကိုယ့်အသက်ကို ပဓာနမထားပဲ အနစ်နာခံတဲ့သူရှိမှပဲ ပြောင်းလဲအောင် လုပ်နိုင်မှာဖြစ်ကြောင်း၊ ဒါကြောင့်မို့ ကချင်အမျိုးသားရေး ရှေ့ခရီးမှာလည်း အများအကျိုးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံတဲ့သူတွေ လိုအပ်တယ်ဆိုတာကို အားလုံးသဘောပေါက်ဖို့အတွက် ကချင့်အာဇာနည်နေ့အခမ်းအနား ကျင်းပရခြင်းဖြစ်ကြောင်း သူက ပြောပါတယ်။