ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးကော်မီတီ ဖွဲ့စည်း

မွန်ပြည်သစ်ပါတီ တပ်ဖွဲ့ဝင်များ
Image caption မွန်ပြည်သစ်ပါတီ တပ်ဖွဲ့ဝင်များ

မြန်မာတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့ဖြစ်ကြတဲ့ KIO ကချင်လွတ်မြောက်ရေးအဖွဲ့၊ KNU ကရင်အမျိုးသားအစည်းအရုံး၊ NMSP မွန်ပြည်သစ်ပါတီ၊ CNF ချင်းအမျိုးသားတပ်ဦးနဲ့ KNPP ကရင်နီအမျိုးသားတိုးတက်ရေးပါတီ တို့ဟာ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးကော်မီတီတခု သဘောတူပူးပေါင်း လက်မှတ်ထိုး တည်ထောင်လိုက်ကြတဲ့အကြောင်း ဒီအဖွဲ့ရဲ့ အတွင်းရေးမှူး နိုင်ဟန်သာက ဒီကနေ့ ထုတ်ဖေါ်ပြောဆိုလိုက်ပါတယ်။

ထိုင်းမြန်မာနယ်စပ်တနေရာမှာ နိုဝင်ဘာလ ၂ ရက်ကနေ ၅ ရက်နေ့အထိ အဲဒီအဖွဲ့ ၅ ဖွဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အခုလို ထုတ်ဖေါ်ပြောဆိုလာတာ ဖြစ်ပါတယ်။

ဒီအဖွဲ့ရဲ့ အတွင်းရေးမှူးဖြစ်တဲ့ နိုင်ဟန်သာက မိမိတို့တိုင်းရင်းသားလက်နက်ကိုင် အားလုံး ဘဝတူတွေဖြစ်တဲ့အကြောင်း ဒါကြောင့်မို့အပြန်အလှန် ကူညီရမှာဖြစ်သလို ဒီလုပ်ငန်းတွေကို နိုင်ငံရေးအရ စစ်ရေးအရ ပူးပေါင်းလုပ်ကိုင်သွားဖို့ ရည်ရွယ်တဲ့အကြောင်း ပြောပါတယ်။

လောလောဆယ်မှာ စစ်ရေးအရ အပြန်အလှန်ကူညီဖို့ဆိုတာ အသေးစိတ် မဆွေးနွေးရသေးတဲ့အကြောင်း ဒါပေမယ့် တဖွဲ့ကိုတိုက်မယ်ဆိုရင် အဲဒီနေရာကို သွားပြီး စစ်ကူသွားပေးဖို့ဆိုတာထက် ကိုယ့်နေရာမှာ တိုက်ပေးရင်လည်း ဒါဟာ အပြန်အလှန်အကူအညီပေးတဲ့ သဘောပါပဲလို့ နိုင်ဟန်သာက ဘီဘီစီကို ပြောပါတယ်။

ဒီအဖွဲ့ရဲ့ စစ်ရေးကော်မီတီမှာ KIO ဒုတိယ ဥက္ကဌ အမ်ဘာလက ဥက္ကဌအဖြစ်၊ KNU စစ်ဦးစီးချုပ် ဗိုလ်ချုပ် မူတူးဆေးဖေါက ဒုတိယဥက္ကဌအဖြစ် ပါဝင်ပြီး ကျန်တဲ့အဖွဲ့တွေက စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။