နောက်ဆုံး ရေးသားချိန် 12 ဇန်နဝါရီလ 2011 - 18:06 GMT

၂ဝ၁၁ ကရင်နှစ်သစ်ကူး ပွဲတော် အင်္ဂလန်က Sheffieldမြို့မှာ ကျင်းပ

အင်္ဂလန်နိုင်ငံ Sheffield မြို့မှာ ကရင်နှစ်သစ်ကူး ပွဲတော် ကျင်းပ

ကရင် နှစ်သစ်ကူးနေ့ဟာ ကရင်လူမျိုးတွေ အတွက် အရေးပါဆုံး နေ့ထူးနေ့မြတ် တရက် ဖြစ်ပါတယ်။

ကရင် နှစ်သစ်ကူး ပွဲတော်ကို သာယာ လှပတဲ့ ပြာသိုလမှာ ကျင်းပလေ့ ရှိကြပါတယ်။

၁၉၃ဂ ခုနှစ် တုန်းက ကရင် အမျိုးသား ခေါင်းဆောင်တွေက ဗြီတိသျှ ကိုလိုနီ အစိုးရဆီကနေ ကရင် နှစ်သစ်ကူးနေ့ အဖြစ် တရားဝင် သတ်မှတ်ပေးဖို့ တောင်းဆိုခဲ့ရာမှာ နောက်ဆုံးတော့ တရားဝင် ရုံးပိတ်ရက် အဖြစ် အသိအမှတ်ပြု ကြေညာ ပေးခဲ့တာ ဖြစ်ပါတယ်။

အဲဒီနေ့မှာ ကမ္ဘာတလွှားက ကရင်လူမျိုးတွေက ကရင်နှစ်သစ်ကူး နေ့ကို ပျော်ရွှင်စွာ ကျင်းပခဲ့ ကြပါတယ်။

ဒါဟာ ကရင်လူမျိုးတွေရဲ့ ဝိသေသ ၊ ညီညွတ်မှု ၊ ပျော်ရွှင်မှုနဲ့ ချစ်ကြည် စည်းလုံးမှုတွေကို ပြသနေတာ ဖြစ်ပါတယ်။

၂ဝ၁၁ ခုနှစ် ဇန္နဝါရီလ ၈ ရက်နေ့မှာ အင်္ဂလန်နိုင်ငံ Sheffield မြို့ မှာ ကရင်နှစ်သစ်ကူး ပွဲတော်ကို Karen Community Association UK ( KCA - UK ) အဖွဲ့က ကြီးမှူးပြီး ကရင် အမျိုးသား ယဉ်ကျေးမှု မြှင့်တင်တဲ့ အနေနဲ့ ကျင်းပခဲ့ကြပါတယ်။

အဲဒီပွဲမှာ ကရင် ဒုံးယိမ်းအက ၊ ဝါးညှပ်အကနဲ့ တခြား ကရင် တေးတွေနဲ့ ဖျော်ဖြေခဲ့ကြပါတယ်။

Sheffield မြို့တော်ဝန် ၊ Councillor Alan Law JP တို့က မိန့်ခွန်း ပြောကြားခဲ့ပြီး ကရင် အမျိုးသား အစည်းအရုံး ဥက္ကဌရဲ့ သဝဏ်လွှာကိုလည်း ဖတ်ကြားခဲ့ပါတယ်။

ဒါ့အပြင် Youth of the Year 2010 လူငယ်ထူးချွန်ဆုကို နော်ဘလူး ထူးဝင်းနဲ့ နော်ဘလူး ဆေးဝင်း တို့ကို ချီးမြှင့်ခဲ့ ကြပါတယ်။

အခုလို ဆုချီးမြှင့်တာဟာ ကရင်လူမှု အဖွဲ့အစည်း ဖွံ့ဖြိုး တိုးတက်ရေး အတွက် ကြိုးစား အားထုတ်ခဲ့ကြပြီး တခြား လူငယ်တွေ အတွက်လည်း စံနမူနာ ဖြစ်အောင် ချီးမြှင့် ပေးခဲ့တာ ဖြစ်ပါတယ်။

အခမ်းအနားမှာ တခြား တိုင်းရင်းသား အဖွဲ့အစည်းတွေ အပါအဝင် အဖွဲ့ပေါင်း တော်တော်များများက လူ ၅ဝဝ လောက် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။