မြန်မာ​စစ်​တပ်​က ရှမ်း​တောင်​ပိုင်း​ဆီ သံ​ချပ်​ကာ​ကား​တွေ​ပို့

အခုရက်ပိုင်းအတွင်း ရှမ်းပြည်တပ်မတော် တပ်မဟာ (၁) နယ်မြေဘက်ကို နအဖစစ်အစိုးရက သံချပ်ကာကားတွေနဲ့ စစ်သားဦးရေ တိုးပို့နေပါတယ်။

ဓာတ်ပုံ မူပိုင် SHAN
Image caption SSA မြောက်ပိုင်း

အဲဒီနယ်မြေဘက်ကို သံချပ်ကာကားတွေ လွှတ်လေ့လွှတ်ထ မရှိတဲ့အတွက် နအဖဘက်က ထိုးစစ်ဆင်မလားဆိုပြီးတော့ ရှမ်းပြည်တပ်မတော် တပ်မဟာ (၁)က သတိနဲ့စောင့်ကြည့်နေပါတယ်။

တခြားတဖက်မှာလဲ တပ်မဟာ (၁) ဌာနချူပ် ဝမ့်ဟိုင်းကိုဖြတ်သန်းရတဲ့ ကျေးသီး-မိုင်းရှူးကားလမ်းမကိုလဲ အထက်အမိန့်နဲ့ဆိုပြီး မနေ့ကစပြီး ဘယ်ယဉ်အမျိုးအစားကိုမှ ဖြတ်သန်း သွားလာခွင့် မပေးတော့ဘူး။

အခုလို နအဖက သံချပ်ကာကားတွေလွတ်တာ၊ စစ်အင်အားတွေထပ်ဖြည့်တင်းတာ၊ ကားအသွားအလာ ပိတ်ပင်တာနဲ့ပက်သက်ပြီး တပ်မဟာ ၁ မှ အရာရှိတစ်ဦးက သူတို့ အပစ်ရပ်စဲဖို့ သဘောတူခဲ့တဲ့ အနှစ်၂ဝအတွင်း အခုလိုယဉ်ဖြတ်သန်းသွားလာခွင် ပိတ်ပင်တာ၊ တင့်ကားတွေပို့တာ မကြုံဘူးဘူးလို့ ပြောပါတယ်။

စစ်အင်အားအား အဆက်မပြတ် တိုးပို့နေတာကလဲ လူတွေ ကောင်းကောင်း သွားလာ လှုပ်ရှားလို့ မရအောင်၊ ရှမ်းစစ်တပ်အတွက် စီးပွါးရေး အခက်အခဲဖြစ်အောင် နည်းအမျိုးမျိုးနဲ့ ကြိုးစား နေတာလို့ ဆိုပါတယ်။

အဲဒီသံချပ်ကားတွေက ပြီးခဲ့တဲ့ ၂ ရက်လောက်က တောင်ကြီးဘက်ကနေ ထွက်ခွါ လာတာတယ်လို့ မျက်မြင်သက်သေတဦးက ပြောပါတယ်။

သံချပ်ကာတွေအပါအဝင် စစ်သားအင်အား ၁ဝဝ ကျော်လောက်ဟာ မြောက်ပိုင်းရှမ်းပြည်တပ်မတော် တပ်မဟာ (၁) ဌာနချူပ် ဝမ့်ဟိုင်းကို လက်နက်ကြီးတွေ နဲ့ လှမ်းပစ်နိုင်တဲ့ ရှမ်းပြည်တောင်ပိုင်း မိုင်းနောင်မြို့နယ်ထဲက နအဖရဲ့ ရှေ့တန်းနေရာလို့ပြောလို့ရတဲ့ ဝမ့်ကောင်၊ နမ့်ဝ၊ ဝမ်ကျောင်းရွာ ဘက်မှာ တပ်စွဲလားပါတယ်။