နောက်ဆုံး ရေးသားချိန် 23 ဖေဖေါ်ဝါရီလ 2012 - 22:46 GMT

လန်ဒန်က မွန်အမျိုးသားနေ့ အထိမ်းအမှတ်

၆၅ ကြိမ်မြောက် မွန်အမျိုးသားနေ့(မာသိုက်ဆာန်)

လန်ဒန်က မွန်အမျိုးသားနေ့

အင်္ဂလန် နိုင်ငံရောက် မွန်တိုင်းရင်းသားများ ကလည်း ( ၆၅ ) ကြိမ်မြောက် မွန်အမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားတရပ်ကို ဖေဖေါ်ဝါရီလ ( ၁၈ ) ရက်နေ့တုန်းက လန်ဒန်မြို့ Feltham Assembly Hall မှာ ရိုးရာမပျက် ကျင်းပ ဆင်နွဲခဲ့ကြပါတယ်။

မွန်အမျိုးသားနေ့ ဆိုတာဟာ သမလနဲ့ ဝိမလညီနောင် မင်းနှစ်ပါးက ယနေ့ခေတ် ပဲခူးမြေပေါ်မှာ ဟံသာဝတီလို့ အမည်ရတဲ့ မွန်တိုင်းနိုင်ငံကို (အေဒီ ၅၇၃) မှာ တည်ထောင်ခဲ့တဲ့ နေ့မြတ်ကို အစွဲပြုပြီး ဖြစ်ပေါ်လာတဲ့ နေ့ တစ်နေ့ဖြစ်ပါတယ်။

ကမ္ဘာ့ နိုင်ငံ အသီးသီးမှာ ရောက်ရှိနေကြတဲ့ မွန်လူမျိုးများဟာ မိမိတို့ရဲ့ အမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားများ နှစ်စဉ်ကျင်းပတဲ့ အစဉ်အလာကို ထိန်းသိမ်းကြပါတယ်။

လန်ဒန်မှာ ကျင်းပတဲ့ပွဲမှာ''မွန်အမျိုးသားနေ့ စိတ်ဓါတ်မှသည် ပြည်ထောင်စု စိတ်ဓါတ်သို့ ဦးတည်ကြပါစို့'' လို့ အမည်ရတဲ့ မွန်အမျိုးသားနေ့ စာတမ်းကိုလည်း ဖတ်ကြားခဲ့ကြပါတယ်။

အကျဉ်းချုပ်ကတော့ ဟံသာဝတီရဲ့ ရာဇဝင်နဲ့ သမိုင်းကြောင်း၊ ပင်လုံစိတ်ဓါတ်ကို အခြေခံလျှက် တိုင်းရင်းသားများသည် ပြည်ထောင်စု မြန်မာနိုင်ငံတွင် သာမက ပြည်ပမှာပါ ချစ်ကြည် ရင်းနှီးမှု တည်ဆောက်ပြီး အတူယှဉ်တွဲ နေထိုင် သွားရန်၊ မွန် လူမျိုးများဟာ သူတို့ရဲ့ အမျိုးသားရေး ခံယူချက်များ ဖြစ်တဲ့ ညီညွတ်ရေးနဲ့ မျှတရေးအပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည် သွားနိုင်ဖို့ စသည်ဖြင့် တိုက်တွန်း နိုးဆော်ခဲ့ပါတယ်။

ကြွရောက်လာကြတဲ့ တိုင်းရင်းသားများထဲမှ ကချင် တိုင်းရင်းသားများ၊ ရှမ်းတိုင်းရင်းသားများ ကလည်း မွန် အမျိုးသားနေ့ ဂုဏ်ပြုသဝဏ်လွှာများ ဖတ်ကြား အတူတကွ ဖတ်ကြားမှုများဖြင့် ယှဉ်တွဲပြီး ဆင်နွှဲခဲ့ကြပါတယ်။

မွန်တိုင်းရင်းသား လူငယ်တွေ ညီညီညာ

ဖျော်ဖြေရေး အစီအစဉ်များအဖြစ် ရွှေဟင်္သာအက၊ တပင်တိုင် အက တို့ဖြင့် ငြိမ့်ငြိမ့်ညောင်းညောင်း အကအလှတွေကို ရှုစားခဲ့ရသလို လူပျိုလှည့်ယိမ်း၊ ကောက်စိုက်သမယိမ်းများနဲ့ မွန်လူငယ်များရဲ့ တင်ဆက်မှုကလည်း မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ကျေးလက် သဘာဝတွေကို မွန်တေးသံများနဲ့ သရုပ်ဖော် ကြပါတယ်။

ယခုနှစ်မှာ ထူးခြားတဲ့ အစီအစဉ်တစ်ခု ဖြစ်တဲ့ ( အေဒီ ၆ ရာစုနှစ် ) မှ စ ခေတ်အဆက်ဆက် မွန်လူမျိုးတို့ရဲ့ ဝတ်စားဆင်ယင် ထုံးဖွဲ့မှုကို ပြသခဲ့ပါတယ်။

မွန်လူမျိုးရှိတဲ့ နေရာမှာ မွန်အမျိုးသားနေ့ ရှိနေမယ်လို့ မွန်လူငယ်လေး တစ်ယောက်က အခုလို အခမ်းအနားကို အောင်အောင်မြင်မြင် ၊ သိုက်သိုက်ဝန်းဝန်း ကျင်းပနိုင်ခဲ့တာကို ဝမ်းသာ ဂုဏ်ယူစွာ ပြောခဲ့ပါတယ်။

မျိုးဆက်သစ် မွန်ရင်သွေး ကလေးငယ် များကလည်း အဖြူ အနီ အမျိုးသားဝတ်စုံများနဲ့ ခုန်ပေါက်ပြေးလွှားနေလေရဲ့...

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။