အနီးခေတ် တရုတ်- မြန်မာဆက်ဆံရေး ( ၂ )

Image caption ဦးနေဝင်းနဲ့ တိန့်ရှောင်ဖိန်

၁၉၆၂ ခုနှစ် မတ်လ(၂) ရက်မှာ ဗိုလ်ချုပ်ကြီးနေဝင်း ခေါင်းဆောင်တဲ့ တော်လှန်ရေး ကောင်စီက ဦးနု အစိုးရကို ဖြုတ်ချ အာဏာသိမ်းပါတယ်။ အရှေ့ အနောက်အုပ်စုတွေနဲ့ သဟဇာတ ဖြစ်နိုင်ရေးအတွက် မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးဝါဒဟာ သီးခြား လွတ်လပ်ပြီး တိကျ မှန်ကန်တဲ့ ကြားနေရေးဝါဒ ဖြစ်တယ်၊တော်လှန်ရေး ကောင်စီ အစိုးရ ဟာ နိုင်ငံအားလုံးနဲ့ ချစ်ကြည်ရင်းနှီးစွာ ဆက်လက် တည်ရှိမယ်လို့ ကျေညာပါတယ်။ ၁၉၆၂ ဇူလိုင် (၄)ရက်နေ့မှာ 'မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ' စတင်ပေါ်ပေါက်လာပါတယ်။

မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံ အကြား သံအမတ်ကြီးတွေ ပြောင်းလဲရာမှာ ယခင် တရုတ်သံအမတ် လိယိမောင် ရဲ့နေရာမှာ 'မစ္စတာကင်ပြောင်' ဖြစ်လာပြီး မြန်မာဘက်က သံအမတ်ကြီး ဦးမောင်မောင် ကျော်ဝင်း နေရာကို ' ဆမားဒူးဝါးဆင်ဝါးနောင်' နဲ့အစားထိုး ခဲ့ပါတယ်။

၁၉၆၃ ခုနှစ် ဧပြီလမှာ မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီး ရောက်လာတဲ့ တရုတ်သမ္မတ လျူရှောက်ချီ နဲ့ ဗိုလ်ချုပ်ကြီး နေဝင်းတို့ ပူးတွဲ ကျေညာချက် မှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီး(၅)ချက်နဲ့ ဘန်ဒေါင်းမူ (၁ဝ)ချက်ကို အခြေခံပြီး နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှု နဲ့ ပူးပေါင်း ဆောင်ရွက်မှု တွေ အစဉ်တိုးတက်အောင် ဆက်လက် ကြိုးပမ်း သွားကြမယ် ဆိုတာ ပါပါတယ်။

၁၉၆၃ ပြည်တွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပေါ်ပေါက် လာရာမှာ တရုတ်ပြည်မှာ ၁၉၅၀-၅၁ ကတည်းက ရောက်နေတဲ့ သခင်ဗသိန်းတင်ရဲ့' ဗကပအဝေးရောက် ကော်မတီ' ကိုယ်စားလှယ်တွေ ဆွေးနွေးပွဲ တက်နိုင်ရေး တရုတ်ပြည်ကနေ လေယာဉ် နဲ့ တသုတ်ပြီး တသုတ် ကူညီပို့ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ နိုဝင်ဘာမှာ ပျက်ပြားခဲ့ရပါတယ်။

၁၉၆၅ ဇူလိုင် နောက်ဆုံးပတ် မှာ တော်လှန်ရေး ကောင်စီဥက္ကဌ ဗိုလ်ချုပ်ကြီးနေဝင်းနဲ့ ဒေါ်ခင်မေသန်းတို့ တရုတ်နိုင်ငံ ကို ချစ်ကြည်ရေးခရီး သွားကြ ပါတယ်။ ဇူလိုင်(၂၅)ရက်နေ့ ပီကင်းမှာ ကျင်းပတဲ့ ဥက္ကဋ္ဌ လျူရှောက်ချီ ရဲ့ ဂုဏ်ပြုညစာစားပွဲမှာ ဗိုလ်ချုပ်ကြီးနေဝင်းက " ၁၉၆၁ ဇန်နဝါရီက ကျွန်တော်တို့နှစ်နိုင်ငံ စီးပွားရေးနှင့် ကျွမ်းကျင်မှု ပူးပေါင်း ဆောင်ရွက်ရေး စာချုပ် ချုပ်ဆိုပြီး သည့် နောက်ပိုင်း ကာလမှာ နှစ်နိုင်ငံ ထူးကဲစွာ တိုးတက် လာပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။

၁၉၆၆ ဧပြီလမှာ လျူရှောက်ချီ နဲ့ဇနီး၊ နိုင်ငံခြားရေးဝန်ကြီး မာရှယ်ချင်ယီနဲ့ဇနီးတို့ ဦးဆောင်တဲ့ တရုတ်ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့လာရာမှာ မြန်မာအစိုးရက သံတွဲ ငပလီ ကမ်းခြေမှာ အပန်းဖြေ အနားယူ နိုင်ဖို့ စီစဉ်ပေးခဲ့ပါတယ်။ ဧပြီ (၁၉) ရက်နေ့မှာ လျူရှောက်ချီ တရုတ်ပြည် ပြန်အရောက် ယဉ်ကျေးမှု တော်လှန်ရေး နိဒါန်းတွေ စနေလို့ လျူရှောက်ချီ အခြေအနေ သိပ်မကောင်း တော့ဘူး လို့ နိုင်ငံရေး အကဲခတ် တွေက ဆိုကြပါတယ်။

Image caption တရုတ်-ဗမာ အရေးအခင်း

၁၉၆၇ ဇွန်လနောက်ဆုံးပတ်ထဲမှာ မြန်မာနိုင်ငံ ရန်ကုန်မြို့နဲ့ နယ်မြို့ကြီး မြို့ငယ်တချို့အထိ တရုတ်-ဗမာ အဓိကရုဏ်းတွေ ပေါ်ပေါက်လာပါတယ်။ ယဉ်ကျေးမှု တော်လှန်ရေး ဂယက်အဖြစ် ရန်ကုန် တရုတ် ကျောင်း တချို့မှာ မော်စီတုန်း တံဆိပ် ရင်ထိုးနီလေးတွေ တပ်ဆင်မှုကနေ ပြဿနာ ပေါ်ပြီး အဓိကရုဏ်း ဖြစ်တာလို့ မြန်မာအစိုးရက ရှင်းလင်းခဲ့ပေမယ့် တကယ်ကတော့ မြန်မာနိုင်ငံမှာ ပေါ်ပေါက်နေတဲ့ ဆန်ပြဿနာကို လူမျိုးရေး ပြဿနာအဖြစ် စစ်အစိုးရက တွန်းပို့ ခဲ့တာလို့ သုံးသပ်မှုတွေ ရှိခဲ့ပါတယ်။

တရုတ်ကျောင်းတွေ ကနေ နောက်ဆုံး တရုတ်သံရုံးအထိ တရုတ်ဆန့်ကျင်ရေး အဓိကရုဏ်းတွေ ပေါ်ပေါက်လာခဲ့သလို ရန်ကုန်မြို့ထဲက တရုတ်ဆိုင်တွေ ရိုက်ခွဲ ဖျက်ဆီး အကြမ်းဖက်မှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။ မြန်မာနိုင်ငံက ဒီအဖြစ်အပျက် တွေကြောင့် တရုတ်နိုင်ငံ ပီကင်းမြို့မှာ 'နေဝင်းဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ' ပေါ်ပေါက် လာခဲ့ပြီး အရှိန်ရနေဆဲ 'တရုတ်-မြန်မာ ဆက်ဆံရေး' အကြီးအကျယ် ထိခိုက်သွားခဲ့ရပါတယ်။ သံတမန် ဆက်ဆံရေးပါ ပျက်ပြားသွားခဲ့ရပါတယ်။

Image caption မော်စီတုန်းနဲ့ ဗကပ ဥက္ကဋ္ဌ သခင် ဗသိန်းတင်

အနီးခေတ် တရုတ်-မြန်မာ ဆက်ဆံရေး ၁

'တရုတ်-မြန်မာဆက်ဆံရေး' အများမသိတဲ့အချက်

ရလဒ်အဖြစ် တရုတ်အစိုးရရဲ့ မီးစိမ်းပြချက်အရ ၁၉၆၈ ဇန်နဝါရီ (၁)ရက်နေ့မှာ ရှမ်းပြည်နယ် အတွင်း ဗမာပြည် ကွန်မြူနစ်ပါတီ(ဗကပ)ရဲ့ 'အရှေ့မြောက် လွတ်မြောက်ဒေသ' ကြီး ပေါ်ထွက်လာခဲ့ပြီး ဗကပ စစ်ရေးလှုပ်ရှားမှုတွေ ဆက်တိုက် ပေါ်ထွက် လာပါတယ်။ (၃)နှစ်ကျော် ဆက်ဆံရေး ပြတ်နေပြီး ၁၉၇၀ အောက်တိုဘာ ကျမှ မြန်မာ သံအမတ်သစ် ဦးသိန်းမောင် ( ယခင်စစ်ထောက်ချုပ် ဗိုလ်မှူးကြီး) ကို ခန့်အပ် စေလွှတ်ခဲ့ရသလို တရုတ်ဘက် က မစ္စတာ ချင်ကျောင်ယွမ်ကို သံအမတ်သစ် အဖြစ် ခန့်အပ်ပြီး စေလွှတ်ခဲ့ရာ ၁၉၇၁ မတ်လကျမှပဲ ရောက်ရှိ လာခဲ့ပါတယ်။

၁၉၇၁ ဩဂုတ်(၆)ရက်မှာ ဗိုလ်ချုပ်ကြီးနေဝင်းနဲ့ ဇနီးဒေါ်ခင်မေသန်းတို့ တရုတ်ပြည် ချစ်ကြည်ရေး သွားရာမှာ တရုတ် ဝန်ကြီးချုပ် ချူအင်လိုင်းနဲ့ အဖွဲ့က ပီကင်းမှာ ကြိုဆိုခဲ့ကြပါတယ်။ တပတ်ကြာတဲ့ ဒီခရီးစဉ် အတွင်း ဗိုလ်ချုပ်ကြီးနေဝင်းဟာ ဥက္ကဋ္ဌကြီး မော်ကို သွားတွေ့ခဲ့သလို ဝန်ကြီးချုပ် ချူအင်လိုင်းနဲ့ အကြိမ်ကြိမ် ဆွေးနွေး ပြောဆိုခဲ့ပါတယ်။ ၁၉၆၇ တုန်းက မပြေမလည် ဖြစ်ခဲ့ရတဲ့ ကိစ္စတွေ ပြန်လည် ကျေလည်အောင် ကြိုးပမ်းတဲ့ ခရီးစဉ်လို့ဆိုရပါမယ်။

၁၉၇၁ အောက်တိုဘာ(၁)ရက်မှာ နယူးယောက်မှာ ကျင်းပနေတဲ့ (၂၆)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မြန်မာအစိုးရ ကိုယ်စားလှယ် ခေါင်းဆောင် ဗိုလ်မှူးကြီးသောင်းကြည်က မိန့်ခွန်း ပြောကြားရာမှာ တရုတ်နိုင်ငံနဲ့ ပတ်သက်ပြီး ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

" ကမ္ဘာ့လူဦးရေရဲ့လေးပုံတပုံရှိသော တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ကုလသမဂ္ဂအဖွဲ့ကြီးတွင် ထိုက်ထိုက်တန်တန် ရပိုင်ခွင့်ရှိသောနေရာကို မပေးဘဲတရုတ်နှစ်ပြည်ပြဿနာကို ဖန်တီးထားခြင်းမှာ သဘာဝမကျကြောင်း၊

မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ဗဟိုအစိုးရအား တခုတည်းသော တရုတ်ပြည်ရဲ့တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုပါကြောင်း၊

ထို့ကြောင့်ကုလသမဂ္ဂတွင် တရုတ်နိုင်ငံ၏ ဥပဒေပါအခွင့်အရေးများ ပေးအပ်ရေးကို ကျွန်ုပ်တို့ တခါတည်းဆုံးဖြတ်ကြဖို့လိုပါကြောင်း" ဆိုပြီး ပြောဆိုခဲ့ပါတယ်။

Image caption ဗမာပြည် ကွန်မြူနစ်ပါတီကို တရုတ်ကွန်မြူနစ်ပါတီ ကူညီထောက်ခံခဲ့

အဲဒီနောက် အောက်တိုဘာ (၂၅)ရက် ကုလသမဂ္ဂ ညီလာခံကြီးမှာ " တရုတ်ပြည်သူ့ သမ္မတ နိုင်ငံအား ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့ဝင် အဖြစ်နှင့် တကွ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အဖွဲ့ဝင်အဖြစ် လက်ခံရေးနှင့် တရုတ်ဖြူ(ထိုင်ဝမ်)အစိုးရအား ကုလသမဂ္ဂမှ ထုတ်ပယ်ပစ်ရေး အဆို"ကို မြန်မာနိုင်ငံ အပါအဝင် ကုလသမဂ္ဂ အဖွဲ့ဝင် (၂၃)နိုင်ငံက ဦးဆောင် တင်သွင်းခဲ့ရာ ထောက်ခံမဲ (၇၆)မဲ ၊ ကန့်ကွက်မဲ (၃၅)မဲ၊ ကြားနေ (၁၅)မဲနဲ့ အနိုင်ရခဲ့ပြီး တရုတ် ပြည်သူ့ သမ္မတနိုင်ငံ ကုလသမဂ္ဂ အဖွဲ့ဝင် ဖြစ်လာခဲ့ပါတယ်။

အဲဒါကြောင့် ကုလသမဂ္ဂဝင် ဖြစ်လာတဲ့ တရုတ်နိုင်ငံက ဒုနိုင်ငံခြားရေးဝန်ကြီး ချောင်ကွမ်ဝှါ ခေါင်းဆောင် တဲ့ အဖွဲ့ဝင်(၄ဝ)ကျော်ပါ ကိုယ်စားလှယ် အဖွဲ့ နယူးယောက် အသွား နိုဝင်ဘာ (၉) ရက်ည မင်္ဂလာဒုံ လေဆိပ်မှာ တနာရီကြာ ဝင်နား ပါတယ်။ မြန်မာ ဒုနိုင်ငံခြားရေး ဝန်ကြီး ဦးလှဘုန်း ခေါင်းဆောင်ပြီး သွားတွေ့ကြပါတယ်။ ဆက်ဆံရေးတွေ တကျော့ ပြန်လည် လန်းဆန်း လာခဲ့ပါတယ်။

၁၉၇၄ မှာတော့ ဗိုလ်ချုပ်ကြီးနေဝင်းက သမ္မတကြီး ဦးနေဝင်းကို အာဏာ လွှဲပေးလိုက်ပြီး ' ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံ' ဖြစ်လာပါတယ်။

၁၉၇၅ နိုဝင်ဘာ(၁၁)ရက်မှာ ပါတီ ဥက္ကဋ္ဌကြီး ဦးနေဝင်းရဲ့ တရုတ်ပြည် ချစ်ကြည်ရေး ခရီးစဉ်ကြီး ပေါ်လာပြန်ပါတယ်။ ဝန်ကြီးချုပ် ချူအင်လိုင်း ရဲ့ကျန်းမာရေး ဆိုးဝါးနေတာကြောင့် ဒုဝန်ကြီးချုပ် တိန့်ရှောင်ဖိန် ကပဲ ဧည့်ခံ ဆွေးနွေးပါတယ်။ ဒီကြားထဲ (၁၃)ရက်မှာ ဥက္ကဋ္ဌမော် ကို ဦးနေဝင်း သွားတွေ့ပါတယ်။ တရုတ်ပြည်က ကမ္ဘာသုံးခု မူ ကျင့်သုံးနေချိန် ဖြစ်တာနဲ့အညီ တိန့်ရှောင်ဖိန် က ဦးနေဝင်းရဲ့ လွတ်လပ်တဲ့ နိုင်ငံခြားရေးဝါဒနဲ့ ဘက်မလိုက်ရေး ဝါဒကျင့်သုံးနေမှု အပေါ် ချီးကျူး ပြောဆိုခဲ့ပြီး တတိယ ကမ္ဘာနိုင်ငံများနဲ့ ချစ်ကြည်စွာ ပူးပေါင်း ဆောင်ရွက် နေမှု ကို ထိန်းသိမ်းကာ နိုင်ငံတကာ အရေး မှာ အရေးပါတဲ့ ကဏ္ဍက ပါဝင်ထမ်းဆောင် လျက် ရှိတာကို ဂုဏ်ပြု ပြောဆိုခဲ့ပါတယ်။

၁၉၇၆ ဇန်နဝါရီ (၈)ရက်မှာ တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်း ကွယ်လွန်သွားရာ ဦးနေဝင်းက ဝမ်းနည်းသဝဏ် ပို့ခဲ့ရုံမက သင်္ဂြိုဟ်မယ့်နေ့နဲ့ တိုက်ပြီး ဇန်နဝါရီ (၁၅)ရက်နေ့မှာ " ကျွန်တော် သိသည့် ချူအင်လိုင်း" ဆိုတဲ့ ခေါင်းစီးနဲ့ စာတစောင် ရေးသားကာ အစိုးရပိုင် သတင်းစာတွေ အားလုံးမှာ ဖော်ပြစေပါတယ်။

နှစ်နိုင်ငံ ခေါင်းဆောင်များရဲ့ ၁၉၈၁ က ၁၉၈၆ အတွင်း အပြန်အလှန် သွားလာ လည်ပတ်ခဲ့ကြ တာတွေရဲ့ ရလဒ်ကတော့ တရုတ်အစိုးရ အကူအညီနဲ့ ရန်ကုန်မှာ ခေတ်မီ ကဇာတ်ရုံတခု၊ အားကစားရုံတခု တည်ဆောက် ပေးရေး အပြင် 'သံလျင် တံတားကြီး' တည်ဆောက်ရေးအထိ သဘော တူညီချက် တွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ ဦးနေဝင်းခေတ် တရုတ်-မြန်မာ ဆက်ဆံရေးမှာ ဦးနုခေတ်လို မချောမွေ့ဘူး ပြောနိုင်ပေမယ့် အခက်အခဲတွေ ကြားက ဆက်ဆံရေး ပြန်တည့်လာအောင် ကြိုးစားခဲ့ကြပါတယ်။