တရုတ်ကွန်မြူနစ် ပါတီ ညီလာခံ က သမ္မတ ကို ဘယ်လိုရွေးသလဲ

Image caption ပါတီ အတွင်းရေးမှူး နဲ့ သမ္မတ အဖြစ် ရှီကျင်းပင် ကိုသာ ရွေးချယ်ဖို့ရှိ

ငါးနှစ်တခါ ကျင်းပလေ့ရှိတဲ့ တရုတ်ကွန်မြူနစ်ပါတီရဲ့ ပါတီညီလာခံကို တကမ္ဘာလုံးက စောင့်ကြည့်နေကြပါတယ်။ ဒီညီလာခံဟာ တရုတ်ပြည်ကို ဘယ်သူခေါင်းဆောင်မလဲဆိုတာ အဆုံးအဖြတ်ပေးမယ့် ညီလာခံပါ။

ဒီညီလာခံက တင်မြှောက်လိုက်တဲ့သူဟာ တရုတ်လူမျိုး သန်းတထောင့်သုံးရာကို ဦးဆောင်မှာဖြစ်ပါတယ်။ တနည်းအားဖြင့် ပြောရရင်ကမ္ဘာ့ဒုတိယ အကြီးဆုံးစီးပွားရေး ကိုပိုင်ဆိုင်ထားတဲ့နိုင်ငံ တနိုင်ငံ၊ ပြီးတော့ လက်နက်အင်အားကြီးနိုင်ငံတနိုင်ငံလည်း ဖြစ်တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ခေါင်းဆောင်သွားမှာဖြစ်ပါတယ်။

အခု ၁၉ ကြိမ်မြောက် ပါတီညီလာခံဟာ သမ္မတ ရှီကျင်းပင်ကိုပဲ ပါတီခေါင်းဆောင်နဲ့ သမ္မတ အဖြစ်ပြန်လည် ရွေးကောက် တင်မြှောက်လိမ့်မယ်လို့ လူအများက ခန့်မှန်းထားကြပါတယ်။

တရုတ်တနိုင်ငံလုံးက ပါတီကိုယ်စားလှယ်တွေဟာ ပီကင်းမှာရှိတဲ့ တရုတ်ပြည်သူ့ခန်းမမှာ အခုအောက်တိုဘာလ လယ်မှာစုဝေးကြပါတယ်။ အားလုံး ပါတီကိုယ်စားလှယ် ၂၃၀၀ တက်ရောက်ပါတယ်။ ဒါပေမယ့် ၂၂၈၇ ယောက်သာ အမှန်တကယ် ကိုယ်စားပြုခွင့်ရပြီး ၁၃ ယောက်ကိုတော့ အရည်အချင်း မပြည့်မီဘူးဆိုပြီး ပယ်ချခဲ့ပါတယ်။

အဲဒီကိုယ်စားလှယ် ၂၃၀၀ နီးပါးဟာ တံခါးပိတ်အစည်းအဝေးကျင်းပပြီး တရုတ်ကွန်မြူနစ်ပါတီရဲ့ ဗဟိုကော်မတီဝင် အယောက် ၂၀၀ ကိုရွေးကောက်တင်မြှောက်ကြမှာပါ။

အဲဒီအယောက် ၂၀၀ ထဲကနေ နိုင်ငံရေးဦးဆောင် အဖွဲ့ ပေါ်လစ်ဗြူရို ၂၄ ယောက်ကို ရွေးချယ်ပြီး အဲဒီ ၂၄ ယောက်ထဲကနေမှာ တရုတ်ပြည်နိုင်ငံရေးရဲ့ တကယ့်ထိပ်သီးခေါင်းဆောင်တွေ ဖြစ်ကြမယ့် နိုင်ငံရေးဦးဆောင်အဖွဲ့ရဲ့ အမြဲတန်းကော်မတီဝင် ၇ ယောက်ကို ထပ်ပြီးရွေးချယ်မှာ ဖြစ်ပါတယ်။ ၂၄ ယောက် ၇ ယောက် ဆိုတဲ့ အရေအတွက်ဟာ နည်းနည်းပါးပါး အပြောင်းအလဲရှိတတ်ပေမယ့် အဲဒီအရေအတွက်နဲ့ သိပ်မကွာတဲ့ အရေအတွက်ပဲဖြစ်လေ့ရှိပါတယ်။

အဲဒီ ပေါ်လစ်ဗျူရိုနဲ့ ပေါ်လစ်ဗျူရို အမြဲတန်းကော်မတီတို့ကို မဲပေးရွေးချယ်ရတာဖြစ်ပေမယ့် ဘယ်သူတွေတက်လာမယ်ဆိုတာကို လျားထားပြီးသားဖြစ်တယ်လို့ အများကယုံကြည်ကြပါတယ်။ ဗဟိုကော်မတီဟာ အတည်ပြုပေးရုံသာပေးရတယ်လို့ လေ့လာသူတွေက ယုံကြည့်ကြပါတယ်။

Image caption ရှီ စုံတွဲ

ဗဟိုကော်မတီဝင်တွေဟာ ပါတီရဲ့ အာဏာအရှိဆုံး ပေါ်လစ်ဗျူရိုအဖွဲ့ကို ရွေးကောက်ရသလို ပါတီရဲ့ ထိပ်ဆုံးခေါင်းဆောင်ဖြစ်တဲ့ ပါတီအထွေထွေ အတွင်းရေးမှူးကိုလည်း ရွေးကောက်တင်မြှောက်ကြပါတယ်။

အဲဒီပါတီအတွင်းရေးမှူးဟာပဲ လက်ရှိ ဖွဲ့စည်းပုံအရ နိုင်ငံတော်သမ္မတဖြစ်ပါတယ်။

ပါတီအတွင်းရေးမှူးနဲ့ သမ္မတဟာ သက်တမ်းအကန့်အသတ်မရှိဘဲ ရွေးကောက်တင်မြှောက်ရင် တင်မြှောက်သလောက် ဖြစ်ခွင့်ရှိပေမယ့် များသောအားဖြင့် သက်တမ်းနှစ်ခုဖြစ်တဲ့ ၁၀ နှစ်သာ တင်မြှောက်တာဝန်ပေးလေ့ရှိပါတယ်။

အခုပါတီညီလာခံမှာ အပြောင်းအလဲမရှိလောက်ဘဲ သမ္မတ ရှီကျင်းပင်သာ ပြန်အရွေးခံရမယ်လို့ မျှော်လင့်ကြတဲ့ အတွက် အဲဒီအပေါ်မှာ လူစိတ်ဝင်စားမှုက သိပ်မကြီးလှပါဘူး။

ဒါပေမယ့် ဒီညီလာခံမှာ သမ္မတရှီကျင်းပင်ဟာ မာရသွန်မိန့်ခွန်းရှည်ကြီးပြောဖို့ ရှိပါတယ်။ အဲဒီမိန့်ခွန်းဟာ နောက် ၅ နှစ်အတွက် တရုတ်နိုင်ငံရေး ပေါ်လစီလို့ ယူဆကြတဲ့ အတွက် အဲဒီမိန့်ခွန်းကို နိုင်ငံရေးလေ့လာသူတွေက စောင့်မျှော်နေကြပါတယ်။

ဒါ့အပြင် ပေါ်လစ်ဗျူရိုအဖွဲ့ကိုလည်း အားလုံးအသစ်ပြောင်းပြီး သွေးသစ်လောင်းမယ်လို့ သတင်းထွက်ပေါ်နေတဲ့ အတွက် ပေါ်လစ်ဗျူရို အဖွဲ့ကိုလည်း လူအများက စိတ်ဝင်စားနေကြပါတယ်။

Image caption ၁၉၇၉ ခုနှစ်က ရှီ

တရုတ်နိုင်ငံမှာ ယဉ်ကျေးမှုတော်လှန်ရေးနောက်ပိုင်းကာလတလျှောက်လုံးမှာ လျူရှောက်ချီ၊ တိန့်ရှောင်ဖိန်ဂိုဏ်းနဲ့ မော်စီတုန်းဂိုဏ်းဟာ အားပြိုင်နေကြတယ်လို့ လေ့လာသူအများက ယုံကြည်ယူဆကြပါတယ်။

လျူရှောက်ချီ၊ တိန့်ရှောင်ဖိန်ဂိုဏ်းဟာ အရင်းရှင်းစီးပွားရေးတိုးတက်မှုဘက်ကို ပိုပြီးတိမ်းညွှတ်လေ့ရှိပြီး မော်စီတုန်းဂိုဏ်းကတော့ အလုပ်သမား၊ လယ်သမား ဆင်းရဲသား အရေးကို ဦးစားပေးစိတ်ဝင်စားတယ်လို့ ယူဆကြပါတယ်။

သမ္မတရှီကျင်းပင်ဟာ မော်စီတုန်းဂိုဏ်းကလို့ ယူဆကြသူတွေရှိကြတဲ့ အတွက် ဒီတခါ ပြန်လည်ရွေးကောက်တင်မြှောက်ကြမယ့် ပေါ်လစ်ဗျူရိုအဖွဲ့မှာ သမ္မတရှီကျင်းပင်ဟာ မော်ဝါဒီတွေကိုရွေးချယ်ပြီး သူ့အာဏာကို ပိုပြီးခိုင်မာကျစ်လျစ်အောင်လုပ်လိမ့်မယ်လို့ ယူဆထားကြတဲ့ အတွက် အဲဒီအယူအဆ မှန်မမှန်ကိုသိဖို့ရာ ပေါ်လစ်ဗျူရိုအဖွဲ့သစ်ကို စောင့်ကြည့်နေကြတာလည်း ဖြစ်ပါတယ်။