အနီးခေတ် တရုတ်- မြန်မာ ဆက်ဆံရေး(၃)(၁၉၈၈-၂၀၁၅)

ဓာတ်ပုံ မူပိုင် AFP
Image caption ရှစ်လေးလုံး လှုပ်ရှားမှု ဖြိုခွဲခံရ

၁၉၈၈ ဩဂုတ်(၈)ရက်မှာ ရှစ်လေးလုံး လှုပ်ရှားမှုကြီး ပေါ်ထွန်းခဲ့ပြီး ၁၉၈၈ စက်တင်ဘာ(၁၈)ရက်မှာ စစ်တပ်က အာဏာယူကာ ' နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့' ဆိုတဲ့ နဝတအစိုးရ ပေါ်ပေါက် လာပါတယ်။

ပစ်ခတ်ဖြိုခွင်းပြီး တက်လာခဲ့လို့ ဒီမိုကရေစီ အင်အားစု ဝင် နိုင်ငံ အများစုကြီးရဲ့ အဖက်လုပ်တာ မခံရတဲ့ နဝတ စစ်အစိုးရဟာ ပြည်တွင်း လိုအပ်ချက်တွေ ဖြည့်ဆည်းနိုင်ရေး အတွက် အိမ်နီးချင်း 'တရုတ်ပြည်' နဲ့ 'ထိုင်းနိုင်ငံ' ဘက် မျက်နှာမူ လာခဲ့ရာ အထူးသဖြင့် နိုင်ငံတကာမှာ အရေးပါတဲ့ 'တရုတ်ပြည်သူ့သမ္မတနိုင်ငံ' ဘက်ကို ပိုအာရုံပြု ခဲ့ရပါတယ်။

နဝတအစိုးရဟာ ပြည်တွင်း လိုအပ်ချက်ဖြစ်တဲ့ ကုန်စည် ရရှိနိုင်ရေးနဲ့ ကူးသန်း ရောင်းဝယ်ရေး တွေ စနိုင်ဖို့ တရုတ်နယ်စပ်ကိုပဲ အားပြုခဲ့ရရာ (၂၂-၁၁-၁၉၈၈)နေ့မှာပဲ ပထမဆုံး နယ်စပ် ကုန်သွယ်ရေး တရားဝင် ဖွင့်လှစ်ခဲ့ပါတယ်။ ' မူဆယ်-နမ့်ခမ်း-ကျူကုတ်(ပန်ဆိုင်း) နယ်စပ် ကုန်သွယ်ရေး ပေါ်ပေါက်လာခဲ့ပါတယ်။

မရှေးမနှောင်းမှာ နိုင်ငံရေး အခြေအနေတွေ ကြောင့် လပေါင်းများစွာ ရပ်ဆိုင်းထားရတဲ့ 'သံလျင် တံတားကြီး တည်ဆောက်ရေး' ကို ပြန်စမယ် ဆိုပြီး တရုတ် ဘက်က ကြေညာ ပါတယ်။

၁၉၈၉ ဇွန်လမှာ တရုတ်ပြည် ဘက်ခြမ်းက 'ရွှေလီမြစ်ကူး သစ်သား တံတားကြီး' ကို ရက်ပေါင်း(၁၈ဝ) နဲ့ အပြီးဆောက်လိုက်ရာ ' ရွှေလီ-ကျယ်ကောင်' က ကုန်စည်စီးဆင်းမှုတွေ ပိုမိုသွက်လက်လာခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ NLD ရွေးကောက်ပွဲ အပြတ်အသတ် နိုင်ခဲ့

၁၉၉၀ ပြည့်နှစ် မေလ မြန်မာနိုင်ငံမှာ '၁၉၉ဝ ပြည့် အထွေထွေရွေးကောက်ပွဲ' ပေါ်ပေါက်လာခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ NLD က အပြတ်အသတ် နိုင်ခဲ့ပေမယ့် NLD ကို အာဏာ လွှဲမပေးဘဲ နဝတ က အာဏာကို ဆက်ချုပ်ကိုင်ထားခဲ့ပါတယ်။

၁၉၉၁ ခုနှစ် ဩဂုတ် (၂ဝ)မှာ နဝတ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး စောမောင်ရဲ့ တရုတ်ပြည် ချစ်ကြည်ရေး ခရီးစဉ် ပေါ်ထွက်လာခဲ့ပါတယ်။

တရုတ်သမ္မတ 'ယန်ရှန်ကွန်း' က ကြိုဆို တွေ့ဆုံခဲ့ပြီး " နှစ်နိုင်ငံရဲ့ ရင်းနှီးမှုနဲ့ ပေါင်းသင်းဆက်ဆံ လာကြမှုဟာ တဘက်ခြံက ကြက်တွန်သံကို တဘက်ခြံက ကြားရသလောက် နီးနီးကပ်ကပ် ရှိခဲ့ကြကြောင်း" ချစ်ကြည်ရေး စကားတွေ ပြောဆို ခဲ့သလို ဗိုလ်ချုပ်မှူးကြီး စောမောင်ကလည်း " ပြည်ထောင်စုကြီး ပြိုကွဲ သွားနိုင်တဲ့ အန္တရာယ်ကြောင့် နဝတ အာဏာ ယူခဲ့ရတာ ဖြစ်ကြောင်း၊ နှစ်နိုင်ငံ ချစ်ကြည်ရေးကို ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီ အပြန်အလှန် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း" ပြောဆိုခဲ့ပါတယ်။

ဩဂုတ် (၂၂)ရက်မှာ ဗုဒ္ဓစွယ်တော်ကို သွားရောက် ဖူးမျှော်ခဲ့ကြကာ (၂၃)ရက်မှာတော့ တရုတ်ပြည်ကွန်မြူနစ်ပါတီရဲ့ အထွေထွေ အတွင်းရေးမှူး ကျန်ဇီမင်း နဲ့ တွေ့ဆုံခဲ့ကြပါတယ်။ ဒီခရီးစဉ်အတွင်း တရုတ်ပြည် က ချေးလိုက်တဲ့ ယွမ်ငွေ သန်း(၅၀)ကို လက်ခံ ရရှိခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် စွယ်စုံနှစ်ချုပ်
Image caption ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တရုတ် ဝန်ကြီးချုပ် ဝမ်ကြားပေါင်

ဗိုလ်ချုပ်ကြီးသန်းရွှေ တက်

နောက်(၈)လကျော်ခန့်အကြာ ( ၂၄-၄-၁၉၉၂ ) မှာ ဗိုလ်ချုပ်မှူးကြီး စောမောင် ကျန်းမာရေး အကြောင်းပြချက်နဲ့ ဖယ်ရှား ခံလိုက်ရပြီး ဗိုလ်ချုပ်ကြီးသန်းရွှေ တက်လာခဲ့ပြီး တရုတ်နိုင်ငံနဲ့ဆက်ဆံရေးကို တိုးမြှင့် ဆောင်ရွက်လာခဲ့ပါတယ်။

၁၉၉၇ နိုဝင်ဘာ (၁၅)ရက်မှာ 'နဝတ' ကနေ နိုင်ငံတော် အေးချမ်းသာယာရေး နှင့် ဖွံ ဖြိုးရေးကောင်စီ ဆိုပြီး အမည် ပြောင်းလဲ ဖွဲ့စည်းခဲ့ပါတယ်။

နအဖလက်ထက် ၁၉၉၈ ဩဂုတ်(၂၃)ရက်မှာ မြန်မာဘက်ခြမ်း ဗန်းမော်-လွယ်ဂျယ်ကနေ တရုတ်ဘက်ခြမ်း ကျန်းဖုန်းအထိ ပေါက်တဲ့ ' ဗန်းမော်-လွယ်ဂျယ်-ကျန်းဖုန်း' နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်း ထပ်ဖွင့်ပါတယ်။

အနီးခေတ် တရုတ်-မြန်မာ ဆက်ဆံရေး ၁

'တရုတ်-မြန်မာဆက်ဆံရေး' အများမသိတဲ့အချက်

အနီးခေတ် တရုတ်- မြန်မာဆက်ဆံရေး ( ၂ )

ဒုတိယခေတ် တရုတ်-မြန်မာ ဆက်ဆံရေး အများမသိတဲ့အချက်

တတိယခေတ် တရုတ်-မြန်မာ ဆက်ဆံရေး အများမသိတဲ့အချက်တွေ

၁၉၉၉ မှာတော့ မြန်မာနိုင်ငံမှာ ငွေဖောင်းပွမှုနှုန်း ကြောက်ခမန်း လိလိဖြစ်နေပြီး အစိုးရ အရန်သုံးငွေ မရှိသလောက် ဖြစ်လာနေချိန်မှာ တရုတ်သမ္မတ ကျန်ဇီမင်း ရဲ့ ချစ်ကြည်ရေး ခရီး ပေါ်ထွက် လာပါတယ်။

အဓိက ကတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေး ပြုပြင် ပြောင်းလဲမှုတွေကို ကူညီရန်နဲ့ အနောက်နိုင်ငံ ဒီမိုကရေစီ အင်အားစု တွေက ဝိုင်းပယ် ခံနေရပြီး မျက်နှာပန်းမလှ ဖြစ်နေတဲ့ မြန်မာ အစိုးရကို အားပေးရန် ဖြစ်ပါတယ်။

ကျန်းဇီမင်းက " စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေး၊ လူမှုရေး တည်ငြိမ် အေးချမ်းစေရေး အတွက် မြန်မာအစိုးရရဲ့ ကြိုးပမ်း ဆောင်ရွက်နေမှုတွေ အပေါ် တရုတ်နိုင်ငံက အမြဲ ဆက်လက် ကူညီထောက်ပံ့သွားမယ်" လို့ပြောဆို ခဲ့ရာ စစ်အစိုးရ အဖို့ ကျေနပ် နှစ်သက်စရာ ဖြစ်ခဲ့ရပါတယ်။

၂၀၀၃ ခုနှစ် ဇန်နဝါရီ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရဲ့တရုတ်ပြည် ချစ်ကြည်ရေး ခရီးစဉ် အတွင်း တရုတ်က ယွမ်ငွေသန်း (၅၀)အကူအညီ ထပ်မံပေးခဲ့ပြီး နှစ်ရှည်ချေးငွေ ဒေါ်လာသန်း(၂၀၀)ကိုလဲ ပေးခဲ့ပါတယ်။

အဲဒီသန်း(၂၀၀) က ရဲရွာ ရေအား လျှပ်စစ်စီမံကိန်း အတွက် ဖြစ်တယ် ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Win Thaw Oo
Image caption ရဲရွာ ရေအား လျှပ်စစ်စီမံကိန်း တရုတ်အကူနဲ့ဆောက်

၂၀၀၄ မတ်လ(၂၄)ရက်မှာတော့ တရုတ် ဒုတိယဝန်ကြီးချုပ် မဒမ်ဝူးရီ ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ ရန်ကုန်ကို ရောက်ရှိလာရာ တရုတ် ကုမ္ပဏီ(၄ဝ)က စီးပွားရေး လုပ်ငန်းရှင်များစွာ ပါလာခဲ့ပါတယ်။

နအဖ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့ နှစ်နိုင်ငံ စီးပွားရေးတိုးမြှင့် ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ကြဖို့ ဆွေးနွေး ခဲ့ကြပြီး နှစ်ဘက် သဘောတူညီမှု တော်တော် များများ ထွက်ပေါ်လာခဲ့ပါတယ်။

ရင်းနှီးမြှုပ်နှံရေး၊ စီးပွားရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ စာချုပ်စာတမ်းနဲ့ သဘောတူ နားလည်မှု စာချွန်လွှာပေါင်း(၂၁) လက်မှတ်ထိုးခဲ့ကြတာ တွေ့ရပါတယ်။

၂ဝဝ၄ ဇူလိုင်(၁၁)ရက် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ခင်ညွန့်ရဲ့ တရုတ်ပြည် ခရီးစဉ်မှာတော့ စီးပွားရေးနဲ့ အတတ်ပညာ ပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာ စာချုပ်(၁၁)ခုကို သဘောတူ လက်မှတ်ထိုး နိုင်ခဲ့ပြီး ကုန်သွယ်ရေး၊စွမ်းအင်၊ သတ္တု တူးဖော်ရေး၊ ဆက်သွယ်ရေးနဲ့ စက်မှုလုပ်ငန်း တွေ ပါတယ် လို့ ဆိုပါတယ်။

ဗိုလ်ချုပ်ကြီးခင်ညွန့် ရာထူးဖြုတ်

၂၀၀၄ အောက်တိုဘာလ(၁၉) ရက်မှာတော့ ဗိုလ်ချုပ်ကြီးခင်ညွန့် ရာထူးက ဖြုတ်ချ ခံရရုံမက အိမ်ချုပ်ချ ဖမ်းဆီးအရေးယူတာပါ ခံလိုက်ရပါတယ်။

တရုတ်-မြန်မာနယ်စပ်က (၁၀၅)မိုင် နယ်စပ်စီးပွားရေး အဂတိလိုက်စားမှု တွေနဲ့ ဆက်စပ်နေတဲ့အပြင် အမိန့် မနာခံမှု ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ပါ ဖြုတ်ချ ခံလိုက်ရတာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဖြစ်လာသူကတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လူယုံတော် ဗိုလ်ချုပ်ကြီး စိုးဝင်းပဲ ဖြစ်ပါတယ်။

ဝန်ကြီးချုပ်သစ် ဗိုလ်ချုပ်ကြီး စိုးဝင်းဟာ ၂၀၀၄ နိုဝင်ဘာ(၂)ရက်မှာ ပထမဆုံး ပြည်ပ ခရီးစဉ်အဖြစ် တရုတ် နိုင်ငံကို သွားရောက်ခဲ့ပါတယ်။

'နန်နင်မြို့' မှာ ကျင်းပနေတဲ့ တရုတ်-အာဆီယံစီးပွားရေး ထိပ်သီး ဆွေးနွေးပွဲမှာ တရုတ်လုပ်ငန်းရှင် တွေကို မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံကြဖို့ ဗိုလ်ချုပ်ကြီး စိုးဝင်းက တက်တက်ကြွကြွ ဖိတ်ခေါ်ခဲ့ပါတယ်။

ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းဟာ တရုတ်ပြည်ကို (၅)ခေါက်တိတိ သွားရောက်ခဲ့ပါတယ်။

၂၀၀၆ ဖေဖေါ်ဝါရီ တရုတ် ခရီးစဉ် အတွင်းမှာ နအဖအစိုးရ လိုချင်တဲ့ အကူအညီတချို့ ရခဲ့ရုံသာမက မြန်မာ့အရေး ကိစ္စ ကုလသမဂ္ဂလုံခြုံရေးကောင်စီ စားပွဲပေါ် ရောက်ရှိလာပါက မြန်မာနိုင်ငံဘက်က ရပ်တည်ပေးမယ် ဆိုတဲ့ 'နိုင်ငံရေးကတိ' ကိုပါ ရရှိခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် TIMOTHY A. CLARY
Image caption လုံခြုံရေးကောင်စီမှာ မြန်မာဘက်က တရုတ်ရပ်တည်

၂၀၀၆ အောက်တိုဘာက နိုဝင်ဘာအထိ ခရီးစဉ်မှာ တရုတ်-မြန်မာဆက်ဆံရေး ပို မြန်ဆန်လာခဲ့ပြီး ကဏ္ဍပေါင်းစုံက လုပ်ငန်းပေါင်းစုံမှာ လက်တွေ့ လုပ်ဆောင်နိုင်ရေး သဘောတူညီချက်တွေ အများအပြား ရရှိလာတာ တွေ့ရပါတယ်။

၂၀၀၇ ဇန်နဝါရီ (၁၁)ရက်မှာ အမေရိကန် သံအမတ်ကြီးက ဦးဆောင် တင်သွင်းတဲ့ 'မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်နေမှု များအတွက် လုံခြုံရေးကောင်စီမှ အရေးယူပေးပါရန် အဆိုပြုချက်မူကြမ်း' ထွက်ပေါ် လာတဲ့အခါ ကုလသမဂ္ဂ ဆိုင်ရာ တရုတ် သံအမတ်ကြီး ဝမ်ကွမ်းယာ က မြန်မာ ဘက်က ကန့်ကွက် ဆွေးနွေးတာ ဖြစ်ခဲ့ပါတယ်။

တကယ် မဲခွဲတဲ့အခါမှာ အဆိုမူကြမ်းဖက်က အပြတ်အသတ် အနိုင်ရခဲ့ပေမယ့် တရုတ်နဲ့ ရုရှားနိုင်ငံတို့က ဗီတိုသုံး ပယ်ချ ပေးခဲ့တဲ့ အတွက် အရေးယူရေး ပျက်ပြယ် သွားခဲ့ရပါတယ်။

အဲဒီအတွက် တရုတ်နဲ့ ရုရှားကို နအဖအစိုးရက အထူးကျေးဇူးတင်ကြောင်း ပြောဆိုခဲ့ပါတယ်။

နောက် မြန်မာနိုင်ငံမှာ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်လာခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် HO
Image caption ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဖွဲ့စည်းပုံသစ် ဆန္ဒမဲပေး

သမ္မတသစ် ဦးသိန်းစိန်ကို အာဏာလွှဲ

၂ဝ၁ဝ ရွေးကောက်ပွဲမှာ NLD သပိတ်မှောက် တဲ့အတွက် ကြံ့ခိုင်ရေးပါတီက ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် အစိုးရ မြန်မာနိုင်ငံမှာ ပေါ်ပေါက်လာခဲ့ပါတယ်။

နအဖကို (၃၀-၃-၂၀၁၁) နေ့မှာ ဖျက်သိမ်းကြောင်း ကြေညာ လိုက်ပြီး သမ္မတသစ် ဦးသိန်းစိန်ကို အာဏာလွှဲပေး လိုက်ပါတယ်။

၂၀၁၁ ဧပြီ လ(၂)ရက်မှာ သမ္မတသစ် ဦးသိန်းစိန်ထံ ဦးဦးဖျားဖျား ရောက်လာသူက တရုတ် ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံ ဥက္ကဋ္ဌ ကျားချင်လင် ဖြစ်ပါတယ်။

အပြန်အလှန်အားဖြင့် သမ္မတသစ် ရဲ့ တရုတ်ပြည် ချစ်ကြည်ရေးခရီးစဉ် ၂၀၁၁ မေလ(၂၆)ရက်မှာ ထွက်ပေါ်လာပါတယ်။

၂၀၁၁ ဇွန် (၉)ရက်မှာ တော့ ကေအိုင်အေ နဲ့အစိုးရ စစ်တပ်အကြား တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားလာပြီး (၁၇)နှစ်ကြာ အပစ်အခတ် ရပ်စဲရေး လုံးဝပျက်ပြားသွားရာ တရုတ်-မြန်မာနယ်စပ် မှာ စစ်ပြေးဒုက္ခသည် ပြဿနာတွေ ပေါ်ပေါက်လာပါတယ်။

တရုတ်ဘက်က နယ်စပ်ဒေသ တည်ငြိမ်ရေးနဲ့ လုံခြုံရေးအပေါ် အလေးတင်း လုပ်ဆောင်လာတာ တွေ့ရပါတယ်။

နောက် မြန်မာ နိုင်ငံတွင်း တရုတ်နဲ့ လုပ်ဆောင်မယ့် ' မြစ်ဆုံစီမံကိန်း'အပေါ် ကန့်ကွက်သံတွေ ပေါ်ထွက်လာခဲ့ရာ ( ၃၀-၉-၂၀၁၁)မှာ သမ္မတ ဦးသိန်းစိန်ရဲ့' မြစ်ဆုံဆည် တည်ဆောက်ခြင်း ကို လက်ရှိအစိုးရ လက်ထက် အတွင်း ရပ်ဆိုင်းထားမည်' ဆိုတဲ့ ထုတ်ပြန်ချက် ထွက်ပေါ်လာပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ရဲ့ ခရီးစဉ်တွေ အထိ တိုးတက်

ဦးသိန်းစိန် အစိုးရ လက်ထက် အမေရိကန် သမ္မတ အိုဘားမားရဲ့ အမေရိကန် သံတမန် မျိုးစုံ မြန်မာနိုင်ငံ အတွင်း ဝင်ရောက်လာကြပါတယ်။

ဒဲရစ်မစ်ချဲလ် ရဲ့ ခရီးစဉ်တွေကနေ နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ရဲ့ ခရီးစဉ်တွေ အထိ တိုးတက် ဖြစ်ပေါ်ခဲ့ပါတယ်။

ဒီခရီးစဉ်တွေဟာ တရုတ်ပြည်ရဲ့ ရင်ခွင်ထဲ နှစ်(၂၀)ကျော်လောက် ရောက်နေခဲ့တဲ့ မြန်မာနိုင်ငံကို ဆွဲထုတ်နိုင်ရေးအတွက်လို့ နိုင်ငံရေးအကဲခတ်တွေက ခန့်မှန်း သုံးသပ်ခဲ့ကြပါတယ်။

၂၀၁၂ ဧပြီ (၁)ရက် မြန်မာနိုင်ငံမှာ ' ကြားဖြတ်ရွေးကောက်ပွဲ' ပေါ်ပေါက်လာရာ ၂၀၁ဝ က သပိတ်မှောက်ခဲ့တဲ့ NLD ဝင်ပြိုင်ပြီး ဒေါ်အောင်ဆန်းစုကြည် အပါ NLD အမတ်များ လွှတ်တော်အတွင်း ရောက်ရှိ လာပါတယ်။

ဓာတ်ပုံ မူပိုင် SOE THAN WIN
Image caption ဒေါ်အောင်ဆန်းစုကြည်နဲ့ မြစ်ဆုံဆည် ကန့်ကွက်ပွဲ ပိုစတာ

၂ဝ၁၂ ခုနှစ်အတွင်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး ဦးပိုင် လီမိတက်နဲ့ တရုတ်ကုမ္ပဏီ အပေါ် ဒေသခံတွေ ဆန့်ကျင် ကန့်ကွက် လာရာက နိုဝင်ဘာ(၂၉)ရက်မှာ ဆန္ဒပြသပိတ် စခန်းကို အစိုးရ ဘက်က မီးလောင်ဗုံးနဲ့ ဖြိုခွဲတဲ့အထိ ဖြစ်လာခဲ့ပါတယ်။

၂၀၁၃ မတ်လထဲမှာ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ လုပ်တဲ့ လက်ပံတောင်းတောင် စုံစမ်း စစ်ဆေးရေး ကော်မရှင်ရဲ့ အပြီးသတ် အစီရင်ခံစာ ထွက်ပေါ်လာခဲ့ပြီး စီမံကိန်း ဖျက်သိမ်းရေးကို မတောင်းဆိုဘဲ အကောင်းဆုံး ဖြစ်အောင် ဆက်လက် လုပ်ကိုင်ရေးကို ထောက်ခံ တင်ပြခဲ့ရာ တရုတ်ဘက်က နှစ်ထောင်းအားရ ရှိပုံရပါတယ်။

ဒါ့ကြောင့် တရုတ်သံအမတ်ကြီး ရန်ဟို့လျန်ဟာ (၂၂- ၄- ၂၀၁၃) မှာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ထိ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

၂၀၁၃ ဇူလိုင် (၂၈) ရက်မှာတော့ မြန်မာနိုင်ငံ ကျောက်ဖြူကနေ တရုတ်နိုင်ငံ ယူနန် ခွန်းမင်အထိ ဆက်သွယ်တဲ့ တရုတ်ရဲ့ ဓာတ်ငွေ့ ပိုက်လိုင်းကြီး တရားဝင် စတင်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

၂၀၁၄ ဖေဖေါ်ဝါရီလ ကုန်ပိုင်းမှာ တရုတ် ဒုနိုင်ငံခြားရေးဝန်ကြီး အိုက်ဖျင် NLD ရုံးချုပ်ကို လာ ရောက်လည်ပတ်ခဲ့ပါတယ်။

NLD နဲ့ တရုတ်ပြည် ကွန်မြူနစ်ပါတီ အကြား ဆက်ဆံရေး တိုးမြှင့် ဆောင်ရွက်ဖို့ ရည်ရွယ် လာရောက်တာလို့ ဆိုပါတယ်။

အိုက်ဖျင်ကို NLD က ဦးတင်ဦး၊ ဦးဉာဏ်ဝင်း၊ မုံရွာအောင်ရှင်တို့က လက်ခံ တွေ့ဆုံခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption သံဃာတွေ မီးလောင်ဗုံးနဲ့ ဖြိုခွဲခံရ

၂၀၁၄ နိုဝင်ဘာ(၁၂)ရက်မှာ ၂၀၁၄ အတွက် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ မြန်မာနိုင်ငံက 'အာဆီယံထိပ်သီး အစည်းအဝေးကြီးကို နေပြည်တော်မှာ ကျင်းပခဲ့ရာ အမေရိကန် သမ္မတ အိုဘားမား တက်လာသလို တရုတ် ဝန်ကြီးချုပ် လိခဲ့ချန် ရောက်လာခဲ့ပါတယ်။

၂၀၁၅ ဖေဖေါ်ဝါရီ (၉)ရက်မှာ ကိုးကန့်ဒေသ တိုက်ပွဲတွေ ပြန်ပေါ်လာခဲ့ပါတယ်။

MNDAA ကိုးကန့်အဖွဲ့နဲ့ စစ်တပ် အကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားရင်း တရုတ်-မြန်မာ နယ်စပ်မှာ မတည်မငြိမ် ဖြစ်လာပြန်ရာ တရုတ်ပြည်ဘက်က အထူး အလေးထား စောင့်ကြည့်ခဲ့ပါတယ်။

Image caption ကိုးကန့့်ဒေသက စစ်ပြေးတွေ တရုတ်ဘက် ရောက်ခဲ့

၂၀၁၅ ဇွန်လ (၁၀)ရက်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်ပြည် ခရီးစဉ် ပေါ်ပေါက်ခဲ့ပြီး တရုတ်သမ္မတ ရှီးကျင့်ဖျင်ကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည်ကို လှိုက်လှိုက်လှဲလှဲ လက်ခံကြိုဆိုခဲ့တာ တွေ့ရပါတယ်။

၃၀-၇-၂၀၁၅ နေ့မှာ သမ္မတဦးသိန်းစိန်က လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နဲ့ အကျဉ်းသား(၆၇၅၆)ယောက်ကို လွှတ်ပေးခဲ့ရာ မြန်မာနိုင်ငံတွင်း သစ်ခိုးထုတ်သူ တရုတ်သစ်သမား(၁၅၅)ဦးကို လွှတ်ပေးခဲ့ပါတယ်။

၂၀၁၅ စက်တင်ဘာ(၂၈)ရက်မှာ တရုတ်သံအမတ်သစ် ဟုန်လျန် ဒေါ်အောင်ဆန်းစုကြည် နေအိမ်ကို သွားရောက် တွေ့ဆုံခဲ့ပါတယ်။

တွေ့ချင်နေတာ ကြာပြီလို့ဆိုရင်း နှစ်နိုင်ငံအကြား ဆက်ဆံရေးတွေ တိုးတက်လာအောင် သဘောထား အမြင် ဖလှယ်ခဲ့ပါတယ်။

၂၀၁၅ နိုဝင်ဘာ(၈)ရက်မှာတော့ '၂၀၁၅ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲကြီး' မြန်မာနိုင်ငံမှာ ပေါ်ပေါက်လာပြီး NLD အပြတ်အသတ် အနိုင်ရရှိခဲ့ပြန်ပါတယ်။