တတိယခေတ် တရုတ်-မြန်မာ ဆက်ဆံရေး အများမသိတဲ့အချက်တွေ

ဓာတ်ပုံ မူပိုင် စွယ်စုံနှစ်ချုပ်
Image caption ဗိုလ်ချုပ်ကြီး စိုးဝင်းနဲ့ တရုတ်သမ္မတဟောင်း ဟူကျင်တောင်

(၁) ရန်ကုန်-သံလျင် တံတားကြီးဟာ တရုတ်ပြည် အကူအညီ၊ အတိုးမဲ့ ချေးငွေများနဲ့ ဆောက်လုပ်ခဲ့တာ ဖြစ်ပြီး ၁၉၈၆ အောက်တိုဘာ(၂၂)မှာ တရားဝင် စတင် ဆောက်လုပ်ခဲ့ပါတယ်။ လုပ်ငန်းပိုင်းဆိုင်ရာ အရပ်ရပ် အခြေအနေ နဲ့ မြန်မာ နိုင်ငံရဲ့ ပြည်တွင်း နိုင်ငံရေး အခြေအနေများကြောင့် စုစုပေါင်း ရပ်ဆိုင်းခဲ့ရတဲ့ ကာလ (၂၁) လတောင် ရှိခဲ့ပါတယ်။

၁၉၉၃ ဇူလိုင်လ(၃၁)ရက်မှာ ဆောက်လုပ် ပြီးစီးခဲ့ပါတယ်။ တရုတ်ပြည် ကိုယ်တိုင် ဆင်းရဲ နေသေးတဲ့ကြားက ချစ်ကြည်ရေး အတွက် ရည်ရွယ် ကူညီ ဆောက်လုပ် ပေးခဲ့တာလို့ ဆိုပါတယ်။

(၂) ၁၉၈၉ ဧပြီလ (၁၇)ရက်မှာ ဝတပ်ဖွဲ့များရဲ့ ပုန်ကန်ခြားနားမှုကြောင့် ဗကပ ဗဟိုဌာနချုပ် ပန်ဆန်း ပြိုပျက်သွားခဲ့ရသလို ဗကပအဖွဲ့ ကိုယ်တိုင် အလဲလဲအပြိုပြို ဖြစ်သွားခဲ့ရတာကြောင့် တရုတ်-မြန်မာနယ်စပ်မှာ နယ်စပ်ကုန်သွယ် ရေးလုပ်ငန်းတွေ အရှိန်ရရ လုပ်ဆောင်နိုင်ခွင့် ဖြစ်ပေါ်ခဲ့ပြီး နဝတ အစိုးရအဖို့ အသက်ရှူပေါက်ရလာခဲ့ပါတယ်။

(၃) ၁၉၉ဝ မေလ ရွေးကောက်ပွဲအပြီး NLD က အပြတ်အသတ် အနိုင်ရရှိခဲ့ရာ အဲဒီတုန်းက မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာချိန်ရွေ့စိန် ဟာ (၅-၇-၁၉၉၀)နေ့မှာ NLD ဌာနချုပ်ကို သွားပြီးNLD ရဲ့ ရွေးကောက်ပွဲ အနိုင်ရခဲ့မှု အပေါ် ဂုဏ်ပြုကြောင်း ပြောဆို ခဲ့ပါတယ်။ အဲဒီလို ပြောဆိုပြီး သိပ်မကြာခင်မှာပဲ တရုတ် သံအမတ်ကြီး ချိန်ရွေ့စိန် ကို တရုတ်ပြည်က ပြန်ခေါ်လိုက်ပြီး နေရာပြောင်းလိုက်ရာ NLD ကို ဂုဏ်ပြုစကား ပြောဆိုမှုကြောင့် များလား လို့တောင် ပြောဆိုစရာ ဖြစ်ခဲ့ပါတယ်။

Image caption မြန်မာ့စီးပွားရေးမှာ တရုတ်နယ်စပ် ကုန်သွယ်ရေး အရေးပါ

(၄) အကြမ်းဖျင်းအားဖြင့် တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေး တခုလုံးရဲ့ (၇၀)ရာခိုင်နှုန်း နီးပါးဟာ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန် လမ်းကြောင်းကြီး ကနေ သွားလာဝင်ထွက် ကူးသန်းရောင်းဝယ် ဖြစ်ပေါ် လာခဲ့တာဖြစ်ပါတယ်။

မူဆယ်ကနေ (၁၀၅)မိုင်အပါ (၂၂)ကီလိုမီတာ အရှည်ရှိ ကားလမ်းကြီးကို တရုတ်က ၁၉၉၄ ခုနှစ်ထဲမှာ ကတ္တရာ ခင်းပေးခဲ့ပါတယ်။ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်ကြီးကို ပထမဆုံး (၂၃၅)ဧက အကျယ်အဝန်းပေါ်မှာ ၂၀၀၅ မှာ စတင်တည်ဆောက်ခဲ့ပါတယ်။ ၂၀၀၆ ဧပြီ (၁၁)မှာ တရားဝင် ဖွင့်လှစ် နိုင်ခဲ့ပါတယ်။

(၅) ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း ရဲ့ ၂၀၀၆ ဖေဖေါ်ဝါရီ မှာ သွားရောက်ခဲ့တဲ့ တရုတ်ပြည် ခရီးစဉ်အတွင်း တရုတ်က မြန်မာအစိုးရ လိုချင်တဲ့ အကူအညီတချို့ကို ပေးခဲ့ရုံမက မြန်မာ့အရေး ကိစ္စ လုံခြုံရေးကောင်စီ စားပွဲပေါ် ရောက်ရှိ လာပါက မြန်မာနိုင်ငံဘက်က ရပ်တည် ပေးမယ့် အင်မတန် အရေးပါတဲ့ နိုင်ငံရေးကတိကိုပါ ရရှိလာခဲ့ကြောင်း ဆိုတာကို ဖေဖေါ်ဝါရီ (၁၈)ရက် နေပြည်တော် လေဆိပ်ကို ရောက် ရောက်ချင်း ဗိုလ်ချုပ်ကြီး စိုးဝင်းက ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကို ဝမ်းသာအားရ အစီရင်ခံ ခဲ့ပါတယ်။

အနီးခေတ် တရုတ်-မြန်မာ ဆက်ဆံရေး ၁

'တရုတ်-မြန်မာဆက်ဆံရေး' အများမသိတဲ့အချက်

အနီးခေတ် တရုတ်- မြန်မာဆက်ဆံရေး ( ၂ )

ဒုတိယခေတ် တရုတ်-မြန်မာ ဆက်ဆံရေး အများမသိတဲ့အချက်

အနီးခေတ် တရုတ်- မြန်မာ ဆက်ဆံရေး(၃)(၁၉၈၈-၂၀၁၅)

ဓာတ်ပုံ မူပိုင် Chniese Embassy Myanmar
Image caption ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်သမ္မတ ရှီးကျင့်ဖျင် တွေ့

(၆) တရုတ်က အရင်က ပါတီချင်း ဆက်ဆံရေး ဆိုတာကို ကွန်မြူနစ်ပါတီ၊ ဆိုရှယ်လစ်ပါတီ၊ အလုပ်သမား ပါတီ စတဲ့ လက်ဝဲ အခြေခံတူ ပါတီတွေနဲ့ပဲ ဆက်ဆံနေခဲ့ရာမှ တိန်ရှောင်ဖိန်လွန် ခေတ်နောက်ပိုင်းမှာ ကမ္ဘာပေါ်ရှိ တခြား သော နိုင်ငံရေးပါတီ အဖွဲ့အစည်း မျိုးစုံတွေ နဲ့ပါ ပါတီချင်း ဆက်ဆံရေး နယ်ပယ်ကို ချဲ့ထွင်လာခဲ့ပါတယ်။

၂၀၁၅ ခုနှစ်အထိ ကာလအတွင်း တရုတ်ကွန်မြူနစ် ပါတီဟာ နိုင်ငံပေါင်း(၁၆၀)ကျော်က နိုင်ငံရေးပါတီ အဖွဲ့အစည်းပေါင်း (၆၀၀) ကျော်နဲ့အထိ ပါတီအချင်းချင်းကြား ဆက်ဆံရေးကို ထူထောင်ထားပြီးပြီ ဖြစ်ပါတယ်။

(၇) တရုတ်ပြည် ကွန်မြူနစ်ပါတီဟာ မြန်မာနိုင်ငံမှ ကြံ့ခိုင်ရေး ပါတီအပြင် NLD ပါတီတို့နဲ့ပါ ဆက်ဆံရေးထူထောင် ထားရာ ၂၀၁၃ မှ ၂၀၁၄ ဖေဖေါ်ဝါရီ တွင်းမှာတွင် NLD မှ ကိုယ်စားလှယ်အဖွဲ့(၄)ဖွဲ့ဟာ တရုတ်နိုင်ငံကို ချစ်ကြည်ရေး ခရီး သွားရောက်ခဲ့ကြပြီးပြီ ဖြစ်ပါတယ်။ NLD ကို ၂၀၁၃ ဒီဇင်ဘာလ ထဲတုန်းက ပထမဆုံး အကြိမ် အဖြစ် ဖိတ်ကြား ခဲ့ရာ ဦးဉာဏ်ဝင်း ခေါင်းဆောင်တဲ့ အဖွဲ့ သွားရောက်ခဲ့ပါတယ်။