N L D ခေတ် တရုတ် - မြန်မာ ဆက်ဆံရေး

ဓာတ်ပုံ မူပိုင် Myanmar Embassy, Tokyo
Image caption မြစ်ဆုံကိစ္စ ယေဘုယျ ခြုံငုံ ဆွေးနွေးဖြစ်

NLD အစိုးရသစ် ပေါ်ထွက်လာစ ဦးဦးဖျားဖျား ရောက်ရှိလာသူကတော့ တရုတ် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီးတဲ့နောက် ဝမ်ယိ က " မြန်မာအစိုးရသစ်ကို ဂုဏ်ပြုတဲ့အနေနဲ့ရော၊ နှစ်နိုင်ငံ ချစ်ကြည်ရေးနဲ့ ဆက်ဆံရေးအတွက်ပါ လာတာ " လို့ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် က " ဒီအတွင်း မြစ်ဆုံကိစ္စ ယေဘုယျ ခြုံငုံ ဆွေးနွေးဖြစ်တာ ရှိပေမယ့် သူတောင် မလေ့လာရသေးတဲ့အတွက် ပြည်သူကို ချပြစရာ မရှိသေးပါ" လို့ မီဒီယာတွေကို ပြောဆိုသွားခဲ့ပါတယ်။

ဝမ်ယိ က " မြန်မာ့ ပြည်တွင်းရေး ကိစ္စများကို ဝင်စွက်ဖက်မှာ မဟုတ်ကြောင်း၊ မြန်မာ ပြည်သူ လူထု ရဲ့ မှန်ကန်သော ရွေးချယ်မှုများကို ထောက်ခံပါကြောင်း၊ အစိုးရသစ် လက်ထက်မှာ တည်ငြိမ် မှန်ကန်သော လမ်းကြောင်း ကို လျှောက်လှမ်းနိုင်မယ် လို့ ထင်မြင်ပါကြောင်း၊ မြန်မာနိုင်ငံရဲ့ အမျိုးသား ရင်ကြားစေ့ရေး ဖြစ်စဉ်ကိုလဲ ထောက်ခံပါကြောင်း" ပြောဆို ဖြေကြား သွားပါတယ်။

၃-၆-၂ဝ၁၆ နေ့မှာ တရုတ်သံအမတ်ကြီး ဟုန်လျန် နဲ့ တရုတ်ကုမ္ပဏီ CPI က ပုဂ္ဂိုလ်တွေ မြစ်ကြီးနားမြို့မှာ ကချင်ပြည်နယ် အစိုးရနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

၄-၆-၂ဝ၁၆ နေ့မှာတော့ ကချင် ဒေသခံ (၆ဝ)လောက် မြစ်ကြီးနားမှာ သံအမတ်ကြီး ဟုန်လျန် တည်းခိုနေရာ မိုတယ်ရှေ့မှာ ကြိုတင်ခွင့်ပြုမိန့် မယူဘဲ ' မြစ်ဆုံစီမံကိန်း လုံးဝ ရပ်ဆိုင်ပေး' ဖို့ တောင်းဆို ဆန္ဒပြ ခဲ့ကြပါတယ်။

ဓာတ်ပုံ မူပိုင် STR
Image caption မြစ်ဆုံစီမံကိန်း တရုတ် ပြန်စချင်

၂ဝ၁၆ ကုန်အထိ မြန်မာနိုင်ငံရဲ့ ပြည်ပကြွေးမြီ ဒေါ်လာ (၉) ဘီလျံ နီးပါးရှိရာမှာ တရုတ်ကို ပေးဆပ်ရမယ့် ကြွေးမြီက ဒေါ်လာ(၄) ဘီလျံ နီးပါး ရှိပါတယ်။

မြန်မာနိုင်ငံမှာ တည်ငြိမ် အေးချမ်းမှု မရှိရင် တရုတ်-မြန်မာ ရေနံပိုက်လိုင်း၊ ဓာတ်ငွေ့ပိုက်လိုင်းတွေရဲ့ လုံခြုံရေး ထိခိုက် လာနိုင်သလို တရုတ်ခေါင်းဆောင် တွေ အဆိုပြု ထားတဲ့ တရုတ်- မြန်မာ- အိန္ဒိယ- ဘင်္ဂလားဒေ့ရှ် စီးပွားရေး စင်္ကြံ လမ်းကြီး အတွက် ထိခိုက်လာနိုင် ပါတယ်။

ဒါကြောင့် မြန်မာ နိုင်ငံရဲ့ အမျိုးသား ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေး အပေါ် တရုတ်က ထောက်ခံရုံမက ပိုမိုတက်တက်ကြွကြွ ပါဝင်လာခဲ့ပါတယ်။

အထူးသဖြင့် ၂၀၁၅ နောက်ပိုင်း တရုတ် နိုင်ငံခြားရေး ဌာန၊ အာရှရေးရာ အထူးသံတမန် မစ္စတာဆွန်းကော်ရှန်း ရဲ့လှုပ်ရှားမှုတွေ ခပ်စိပ်စိပ် တွေ့လာရပါတယ်။

၁၁-၈-၂၀၁၆ နေ့မှာ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင်နဲ့ နိုင်ငံတကာ့ ဆက်ဆံရေးဌာနကြီးမှူး မစ္စတာစုန့်ထောင် မြန်မာနိုင်ငံကို ရောက်ရှိလာပါတယ်။

ဓာတ်ပုံ မူပိုင် KHIN MAUNG WIN
Image caption ဗိုလ်ချုပ်မှူးကြီး သန်းရွှေ

ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နဲ့ သီးသန့်စီ တွေ့ဆုံခဲ့ရုံသာမက အနားယူနေပြီ ဆိုတဲ့ ဦးသန်းရွှေ နဲ့ သမ္မတဟောင်း ဦးသိန်းစိန် တို့နဲ့ပါ သွားရောက် တွေ့ဆုံတာဟာ ထူးခြားမှု ရှိပါတယ်။

စုန့်ဟာ NLD မှ သူရ ဦးတင်ဦး၊ ဦးဝင်းထိန် တို့အပြင် သူရရွှေမန်း၊ ဦးခွန်ထွန်းဦး၊ ဒေါက်တာအေးမောင် တို့နဲ့ တွေ့ဆုံပါတယ်။

၁၇-၈-၂၀၁၆ နေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်ပြည် ခရီးစဉ် စတင်ပါတယ်။

သမ္မတရှီးကျင့်ဖျင် က "မဟာဗျူဟာ မိတ်ဘက်နိုင်ငံများ အကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားကြရန် " ပြောဆိုခဲ့သလို နယ်စပ်ဒေသ စီမံခန့်ခွဲရေးနဲ့ ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စတွေ ကို ဆွေးနွေးရင်း

မြန်မာ့ လိုအပ်ချက်နဲ့ ကိုက်ညီမယ့် အကူအညီတွေ ပေးသွားမယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က " တရုတ်နိုင်ငံက စတင်နေတဲ့ 'တခုတည်းသောရပ်ဝန်း-တခုတည်းသောလမ်းကြောင်း ကနဦး ဆောင်ရွက်ချက်များ အပေါ် ထောက်ခံ ကြိုဆိုကြောင်း" ပြောဆိုခဲ့ပါတယ်။

ကွမ်းလုံ တံတားသစ်တစင်း တည်ဆောက်ရေး အပေါ် သဘောတူ စာချွန်လွှာနဲ့ စီးပွားရေးနဲ့ နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် တို့ကိုလဲ ဒီခရီးမှာ လက်မှတ် ရေးထိုးနိုင်ခဲ့ပါတယ်။

တရုတ်ဝန်ကြီးချုပ် လိခဲ့ချန်က ယွမ်ငွေသန်း(၁၀၀၀)အကူအညီ ပေးလိုကြောင်း တရားဝင် ပြောဆိုခဲ့ပါတယ်။

Image caption ကုန်သွယ်ရေးဇုန်မှာ ဝင်ရောက်ပစ်ခတ်

၂၈-၁၀-၂၀၁၆ မှာ တရုတ်တပ်မတော် (PLA) စစ်ဦးစီးချုပ် ဖိတ်ကြားချက်အရ မြန်မာကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရဲ့ တရုတ်ပြည် ခရီးစဉ် ထွက်ပေါ် လာခဲ့ပြီး တရုတ်ပြည်မှာ တရုတ်စစ်တပ် အကြီးအကဲများနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

၂၀-၁၁-၂ဝ၁၆ မှာတော့ မူဆယ်ခရိုင် နေရာအနှံ့နဲ့(၁ဝ၅)မိုင် ကုန်သွယ်ရေးဇုန်မှာပါ ဝင်ရောက်ပစ်ခတ် တိုက်ခိုက်မှုတွေ ရုတ်တရက် ထွက်ပေါ်လာပါတယ်။

KIA ၊ TNLA ၊ MNDAA ၊ AA တပ်ဖွဲ့တွေက အစိုးရ တပ်စခန်းနဲ့ ရဲစခန်းတွေကို ဝင်ရောက် တိုက်ခိုက်တာ ဖြစ်ပါတယ်။

(၁၀၅)မိုင်ကုန်သွယ်ရေး တခုလုံး ရပ်ဆိုင်းသွားခဲ့ရသလို စစ်ပြေးဒုက္ခသည်တွေ ထောင်နဲ့ချီ တရုတ်ဘက်ခြမ်းထိ ထွက်ပြေးခိုလှုံခဲ့ရပါတယ်။

၂+၂ ဆွေးနွေးပွဲ

နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းစေရေးတွေ အတွက် နှစ်နိုင်ငံ အကြား ထူးထူးခြားခြား ပေါ်ပေါက်လာတာတခုကတော့ ' ၂ + ၂ ဆွေးနွေးပွဲ ' တွေလို့ဆိုရပါမယ်။

နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန နဲ့ကာကွယ်ရေးဝန်ကြီးဌာန (၂)ဌာန တာဝန်ရှိသူတွေ ပါဝင်တဲ့ ဆွေးနွေးပွဲတွေ ဖြစ်တာကြောင့် ' ၂ + ၂ ဆွေးနွေးပွဲ ' လို့ အတိုကောက် ခေါ်ဆိုတာ ဖြစ်ပါတယ်။

၂၀၁၆ နိုဝင်ဘာ (၂၅)ရက်မှာ နေပြည်တော်မှာ ပထမဆုံး ' ၂+၂ ဆွေးနွေးပွဲ' တရပ် ပေါ်ပေါက် လာသလို မြန်မာနိုင်ငံမှ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံ ပေကျင်းကို သွားရောက်ခဲ့ကြပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ က " တရုတ်နိုင်ငံဟာ မြန်မာ့ပြည်တွင်းရေး ဝင်ရောက် မစွက်ဖက်ရေး မူဝါဒအတိုင်း ရပ်တည်ကြောင်း၊ မြန်မာနိုင်ငံရဲ့ ဆန္ဒနဲ့အညီ၊ အပြုသဘောဆောင်တဲ့ ကဏ္ဍကနေ ပါဝင် ကူညီမှာဖြစ်ကြောင်း"ပြောဆိုခဲ့ပါတယ်။

ဒီခရီးစဉ်အတွင်း အာရှရေးရာအထူး သံတမန် ဆွန်းကော်ရှန်း က မြောက်ပိုင်းမဟာမိတ်အဖွဲ့(၄) ဖွဲ့၊ UWSA နဲ့မိုင်းလားအဖွဲ့- စုစုပေါင်းအဖွဲ့(၆)ဖွဲ့နဲ့ ငြိမ်းချမ်းရေး ကော်မရှင်ကို ယူနန်ပြည်နယ် ခွန်းမင်မှာ တွေ့ဆုံနိုင်အောင် ကြိုးပမ်းဆောင်ရွက်ပေးခဲ့ ပါတယ်။

ငြိမ်းချမ်းရေးကော်မရှင်ဟာ UWSA အဖွဲ့၊ မိုင်းလားအဖွဲ့တွေနဲ့တော့ တွေ့ဆုံဖြစ်ခဲ့ပေမယ့် မြောက်ပိုင်း မဟာမိတ်(၄)ဖွဲ့နဲ့ တွေ့ဆုံနိုင်ခြင်းမရှိ ပျက်ပြားခဲ့ရပါတယ်။

မြောက်ပိုင်းမဟာမိတ်(၄)ဖွဲ့က စုပေါင်းတွေ့ဆုံလိုခဲ့ပြီး ငြိမ်းချမ်းရေးကော်မရှင်က တဖွဲ့ချင်းစီနဲ့ပဲ တွေ့လိုတဲ့အပေါ်မှာ ပျက်ပြားသွားခဲ့ရတာလို့ ဆိုပါတယ်။

Image caption မြောက်ပိုင်းဒေသ အခြေပျက်လို့ ထောင်ချီ ထွက်ပြေး

သံတမန် ဆွန်းကော်ရှန်း

တရုတ်အထူးသံတမန် ဆွန်းကော်ရှန်းဟာ မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးပြဿနာ တတ်နိုင်သမျှ ပြေလည်လာစေရေးအတွက် ၂၀-၁၂- ၂၀၁၆ နေ့မှာ မြောက်ပိုင်း(၄)ဖွဲ့နဲ့ထပ်တွေ့ပါတယ်။

၁၀-၁-၂၀၁၇ မှာတော့ ဆွန်းကော်ရှန်းဟာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ဟုန်လျန် နဲ့အတူနေပြည်တော်မှာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် နဲ့သွားရောက်တွေ့ဆုံပါတယ်။

၁၇-၁-၂၀၁၇ မှာ ဆွန်းကော်ရှန်းဟာ ၀ဒေသ ပန်ဆန်းအထိ သွားရောက်ပြီး ပေါက်ယိုချန်း ခေါင်းဆောင်တဲ့ UWSA ခေါင်းဆောင်တွေနဲ့ ဆွေးနွေးပါတယ်။

ယူနန်ပြည်နယ် ခွန်းမင်မြို့မှာ မြောက်ပိုင်းမဟာမိတ် (၄)ဖွဲ့နဲ့ ထပ်မံတွေ့ဆုံရင်း စစ်ပွဲတွေကို မရွေးချယ်ပဲ တွေ့ဆုံဆွေးနွေးပွဲနဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းကို ရွေးချယ်ကြဖို့ တိုက်တွန်းပြောဆိုခဲ့တယ် ဆိုပါတယ်။

၇-၂-၂၀၁၇ နေ့ က ၈-၂-၂၀၁၇ အထိ ယူနန်ပြည်နယ် ခွန်းမင်မြို့မှာ ဒုတိယအကြိမ်မြောက် ' ၂ + ၂ ဆွေးနွေးပွဲ ' ကျင်းပခဲ့ပါတယ်။

ဒီအကြိမ် ဆွေးနွေးပွဲမှာ နယ်စပ်ဒေသ တည်ငြိမ်ရေး၊ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ ပြန်လည် တည်ငြိမ်မှု ရရှိရေး၊ အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရေး၊ နယ်စပ်ဖွံ့ဖြိုးတိုးတက်ရေးတွေ ဆွေးနွေးညှိနှိုင်းခဲ့ကြတယ် လို့ဆိုပါတယ်။

Image caption မြောက်ပိုင်းမဟာမိတ်တွေက စုပေါင်း ဆွေးနွေးလို

၁၃-၂-၂၀၁၇ မှာတော့ ခွန်းမင်မြို့မှာပဲ တရုတ် အထူးသံတမန် ဆွန်းကော်ရှန်းဟာ မြန်မာနိုင်ငံတောင်ပိုင်းက KNU ၊ RCSS အဖွဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပါတယ်။

ဆွန်းကော်ရှန်းက " မြန်မာနိုင်ငံမှာ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်များ အကြား ဖြစ်ပွားနေတဲ့ပဋိပက္ခမှာ ဘယ်သူမှန်တယ်-မှားတယ် တရားသူကြီး လုပ်မှာမဟုတ်ကြောင်း" ပြောဆိုခဲ့သလို တရုတ်နိုင်ငံက ငြိမ်းချမ်းရေး အတွက် ဆက်လက် ကူညီမှာ ဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

၂၆-၂-၂၀၁၇ တရုတ်အထူးသံတမန် ဆွန်းကော်ရှန်းဟာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို သွားရောက်ပြီးUNFC ကိုယ်စားလှယ်များနဲ့ တွေ့ဆုံခဲ့ပြန်ပါတယ်။

" အိမ်နီးချင်းလဲဖြစ် နယ်စပ်ချင်းလဲ ထိစပ်နေတဲ့ နိုင်ငံတခု အနေနဲ့ မြန်မာနိုင်ငံမှာ မငြိမ်းမချမ်း ဖြစ်နေတာကို မလိုလားကြောင်း၊ ဖြစ်နေတဲ့ ပဋိပက္ခမှာ လက်နက်ကိုင် တိုက်ပွဲနည်းနဲ့ ဖြေရှင်းတာဟာ အဖြေမဟုတ်၊ ငြိမ်းချမ်းတဲ့ နည်းနဲ့ ဖြေရှင်းရေးကိုပဲ လိုလားကြောင်း" ပြောဆိုခဲ့တယ် ဆိုပါတယ်။

၁၄-၃-၂၀၁၇ မှာတော့ ယူနန်ပြည်နယ် ခွန်းမင်မြို့ရှိ World Trade Center မှာ ဆွန်းကော်ရှန်းဟာ တတိယအကြိမ် အဖြစ် မြောက်ပိုင်းမဟာမိတ် အဖွဲ့တွေနဲ့ တွေ့ဆုံပါတယ်။

မြန်မာပြည်မြောက်ပိုင်း ပဋိပက္ခ၊ လက်ရှိစစ်ရေး နိုင်ငံရေး ကိစ္စတွေအပြင် တိုက်ပွဲအရှိန်လျှော့ချရေးနဲ့ ၂၁ ရာစုပင်လုံကိစ္စတွေအပါ NCA ကိစ္စတွေနဲ့ ဆွေးနွေး ပြောကြားခဲ့ကြတယ်လို့ ဆိုပါတယ်။

၂၂-၃-၂၀၁၇ မှာ တရုတ် လယ်ယာစိုက်ပျိုးရေးဘဏ် ကနေ မြန်မာအစိုးရ စစ်တပ်နဲ့ တိုက်ခိုက်နေတဲ့ ကိုးကန့်အဖွဲ့( MNDAA ) ကို ရံပုံငွေ ထောက်ပံ့နေတဲ့ ဘဏ်စာရင်းတခု ပိတ်သိမ်းလိုက်တဲ့ သတင်း ထွက်ပေါ် လာခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Myanmar President Office
Image caption သမ္မတ ဦးထင်ကျော် တရုတ်ပြည်သွား

၆-၄- ၂၀၁၇ နေ့မှာတော့ မြန်မာ သမ္မတ ဦးထင်ကျော် ရဲ့တရုတ်ပြည်ခရီးစဉ် ထွက်ပေါ်လာခဲ့ပြီး တရုတ်ပြည် အနောက်မြောက်ဒေသ ရှီးအန်းမြို့ကို ရောက်ပါတယ်။

'ရှီးအန်း' ဟာ ရှေးဟောင်းပိုးလမ်းမကြီး စတင်ရာ နေရာ ဖြစ်တဲ့အတွက် ' One Belt One Road' ခေတ်သစ် ပိုးလမ်းမ စီမံကိန်းကြီး ထဲမှာ မြန်မာ ဘယ်လိုပါဝင် ပူးပေါင်းနိုင်မလဲ လေ့လာတဲ့ အနေနဲ့ ဝင်တာလို့ ယူဆ နိုင်ပါတယ်။

တရုတ်သမ္မတ ရှီးကျင့်ဖျင်က " One Belt One Road စီမံကိန်းနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ ထောက်ခံမှုနဲ့ ပါဝင်ပူးပေါင်းဆောင်ရွက်လိုမှုတွေ အပေါ် မြင့်မြင့်မားမား တန်ဖိုးထားပါကြောင်း" ပြောခဲ့ပါတယ်။

" နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး ဗျူဟာ အကောင်အထည်ဖော်သွားမှာ ဖြစ်ပြီး ကျောက်ဖြူ အထူးစီးပွားရေးဇုန်လို အင်မတန် အရေးပါတဲ့ ပူးပေါင်း ဆောင်ရွက်ရေး စီမံကိန်းကြီးမျိုးတွေ လုပ်ဆောင်သွားမယ်" လို့ ပြောဆိုခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် AMELIE HERENSTEIN
Image caption တရုတ်အတွက် အရေးကြီးတဲ့ One Belt One Road စီမံကိန်းကြီး

မြန်မာသမ္မတ ဦးထင်ကျော်က " မြန်မာနိုင်ငံဟာ တရုတ် တနိုင်ငံတည်း မူကို ကိုင်စွဲထားပြီး One Belt One Road စီမံကိန်းကြီးမှာ ပူးပေါင်းဆောင်ရွက်နိုင်ရန် ဆန္ဒရှိကြောင်း၊ နယ်စပ်စီးပွားရေးနဲ့ ပူးပေါင်း ဆောင်ရွက်မှု တောင့်တင်းခိုင်မာရေး လိုလားပါကြောင်း " ပြန်လည်ပြောဆိုခဲ့ပါတယ်။

၂၄-၄-၂၀၁၇ မှာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင်နဲ့ နိုင်ငံခြားရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယာကျွန်း ကျောက်ဖြူ အထူးစီးပွားရေး ဇုန်ကိစ္စ၊ ကျောက်ဖြူ-ကူမင်း ရထားလမ်း ကိစ္စတွေ စူးစမ်းလေ့လာ ခဲ့ပါတယ်။

ဒေသခံတွေက မြေယာလျော်ကြေးမရ တာတွေနဲ့ အလုပ်အကိုင်အခွင့်အလမ်း ဖော်ဆောင်ပေးဖို့ လိုအပ်တာတွေကို ဆွေးနွေးခဲ့ကြရုံမက တရုတ်ရေနံတင် သင်္ဘောတွေ ကျောက်ဖြူဒေသ ဝင်ရောက် လာတဲ့အတွက် ရေလုပ်သားတွေ အခက်အခဲ ကြုံရတာတွေကိုပါ ပြန်လည် ဆွေးနွေးခဲ့တယ် ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Myanmar State Counsellor Office
Image caption Belt and Road ဖိုရမ် ဒေါ်စုတက်

၂၀၁၇ မေလ (၁၃)ရက်မှာ ဒေါ်အောင်ဆန်းစုကြည် ပေကျင်းမြို့မှာကျင်းပတဲ့ ' Belt and Road နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှု ဖိုရမ်'ကို တက်ဖို့ သွားပါတယ်။

သမ္မတ ရှီးကျင့်ဖျင်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပြည်သူ့ ခန်းမဆောင်ကြီး ထဲမှာ တွေ့ဆုံရာမှာ ရှီးကျင့်ဖျင်က " မြန်မာနိုင်ငံ ပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် လိုအပ်တဲ့ ထောက်ပံ့ကူညီမှုတွေကို ဆက်လက် ပံ့ပိုး ပေးသွားမှာ ဖြစ်ကြောင်း၊ Belt and Road ကမ်းလှမ်းချက် မူဘောင်မှာ မြန်မာနဲ့ ပူးပေါင်း ဆောင်ရွက်မှုကို တွန်းအား ပေးလိုကြောင်း ပြောဆိုခဲ့ ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က " Belt and Road ကမ်းလှမ်းချက်ဟာ ဒေသတွင်းနဲ့ ကမ္ဘာကြီး အတွက် ငြိမ်းချမ်းရေး၊ သင့်မြတ်ရေးနဲ့ စည်ပင်သာယာရေးကို ဆောင်ကြဉ်းနိုင်မယ် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံရဲ့ အားပေး ထောက်ခံခြင်းနဲ့ ကူညီထောက်ပံ့ခြင်း တွေကိုလဲ ကျေးဇူးတင်ပါကြောင်း၊ နယ်စပ် ငြိမ်းချမ်း တည်ငြိမ်ရေး အတွက် တရုတ်နိုင်ငံနဲ့ လက်တွဲ ကြိုးပမ်း သွားလိုကြောင်း ပြန်လည် ပြောဆိုခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Myanmar State Counsellor Office
Image caption မြောက်ပိုင်း(၇)ဖွဲ့ ကိုယ်စားလှယ်တွေ တက်

မေလ (၂၄) ရက်နေ့မှာတော့ မြန်မာနိုင်ငံမှာ ' ၂၁ ရာစု ပင်လုံညီလာခံ' ကျင်းပပြန်ပါတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (ဒုတိယအကြိမ်)အစည်းအဝေးကြီး ဖြစ်ပြီး တရုတ်နိုင်ငံမှ ဆွန်းကော်ရှန်းရဲ့ ကြားဝင် ညှိနှိုင်းပေးချက်ကြောင့် UWSP ခေါင်းဆောင်တဲ့ မြောက်ပိုင်း(၇)ဖွဲ့ ကိုယ်စားလှယ်များ တက်ရောက်လာကြပါတယ်။

၂ဝ၁၇ ဇွန် (၁၄- ၁၅)ရက်တွေမှာ မြန်မာကုန်သည်ကြီးတွေရဲ့ ဘဏ်စာရင်းတချို့ ကို တရုတ်နိုင်ငံကနေ ပိတ်ချလိုက်ပါတယ်။

တရုတ်ဘက်က မြန်မာကုန်သည်ကြီး (၁၃၂)ဦးရဲ့ စာရင်းတွေလို့ ဆိုပြီး မြန်မာကုန်သည်များ အဆိုအရ မြန်မာကုန်သည်(၃ဝဝ)နီးပါးရဲ့ စာရင်းတွေ ရုတ်တရက် အပိတ်ခံလိုက်ရတာလို့ ဆိုပါတယ်။

(၁၉)ရက်မှာ တရုတ်သံရုံးက အဲဒီကိစ္စ အမြန်ဆုံး ဖြေရှင်းပေးမှာဖြစ်ကြောင်း ကြေညာခဲ့သလို မူဆယ်နဲ့ ရွှေလီ နှစ်ဘက် အာဏာပိုင်များအကြား အကောင်းဆုံး ဖြစ်အောင် ဆောင်ရွက်ပေးမှာ ဖြစ်ကြောင်း ညှိနှိုင်း ပြောဆိုသံတွေ ထွက်ပေါ် လာခဲ့ပါတယ်။

(၂၃)ရက်မှာတော့ မခံမရပ်နိုင်ဖြစ်နေတဲ့ မြန်မာဘက်က (၂ဝဝ)ခန့် မူဆယ်မြို့လယ်ကနေ တရုတ်နယ်စပ်ဂိတ် နန်းတော်ပေါက်ဝအထိ ဆိုင်းဘုတ်ကိုင် ချီတက်လာကြပြီး 'မတရားသိမ်းထား အကောင့်များ ချက်ချင်း ပြန်ဖွင့်ပေး' ဆိုပြီး ဆန္ဒပြကန့်ကွက်ခဲ့ကြပါတယ်။

အဲဒီနေ့ညနေပိုင်းမှာတော့ တရုတ်အာဏာပိုင်တွေရဲ့ အရေးတယူ ဆောင်ရွက်ပေးမှုအရ ဘဏ်စာရင်းတွေကို ပြန်ဖွင့်ပေးလိုက်ပါတယ်။

ရခိုင် မောင်တော ကိစ္စ

ဩဂုတ် (၂၅)ရက်မှာ ရခိုင်ပြည်နယ် မောင်တောဒေသမှာ အစိုးရတပ်စခန်း ရဲစခန်း (၃၀)ခန့် တပြိုင်နက်တည်း တိုက်ခိုက်ခံရပါတယ်။

၃၀-၈-၂၀၁၇ နေ့မှာ ကုလ လုံခြုံရေးကောင်စီမှာ ဗြိတိန်က အရေးပေါ် အစည်းအဝေးခေါ်ဖို့ တောင်းဆိုချိန်မှာ ရခိုင်အရေးမှာ လုံခြုံရေးကောင်စီက အားကောင်းကောင်းနဲ့ ပါဝင်ပတ်သက်မှုမျိုး မလုပ်ဖို့ တရုတ်က ခုခံတားဆီး ပြောဆိုခဲ့တယ် ဆိုတဲ့သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Drew Angerer
Image caption တရုတ်နိုင်ငံခြားရေး ဝန်ကြီးဝမ်ယီ

တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီ က " ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုများကို ဆန့်ကျင် တိုက်ဖျက်ရန် မြန်မာအစိုးရ ကြိုးပမ်း အားထုတ် နေမှုများ ကို တရုတ်က ထောက်ခံကြောင်း" ဆိုပြီး ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဂူတာရက်စ်ကို တိုက်ရိုက် ပြောဆိုခဲ့ပါတယ်။

၂၀၁၇ အောက်တိုဘာ(၁၅)ရက် မှာတော့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ် ထိုးခြင်း (၂)နှစ်ပြည့် အခမ်းအနား နေပြည်တော်မှာ ပြုလုပ်ရာ တရုတ် အထူးသံတမန် ဆွန်းကော်ရှန်း တက်ရောက်ခဲ့ပါတယ်။

အောက်တိုဘာ (၁၆)ရက်မှာ မစ္စတာ ဆွန်းကော်ရှန်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့လည်း သွားရောက် တွေ့ဆုံပါတယ်။

အနှစ်ချုပ် ဆိုရရင် NLD အစိုးရပေါ်ပေါက် လာတာ ကာလသိပ်မကြာ လှသေးပေမယ့် တရုတ်-မြန်မာ ဆက်ဆံရေး တော်တော် ကောင်းမွန်နေတာ တွေ့နိုင်ပါတယ်။

နှစ်နိုင်ငံခေါင်းဆောင်တွေ သွားလာ ဝင်ထွက်ကြတာတွေ အကွက်စိပ်စိပ် ဆက်လက် ဖြစ်ပေါ်နေသလို မြန်မာနိုင်ငံဘက်က သံတမန်ရေး၊ နိုင်ငံရေးအရ တရုတ်ရဲ့ ထောက်ခံ ရပ်တည်မှုတွေ ခိုင်ခိုင်မာမာနဲ့ ပြတ်ပြတ်သားသား ရှိတာ တွေ့ရပါတယ်။

ဓာတ်ပုံ မူပိုင် HEIN HTET
Image caption NCA (၂)နှစ်ပြည့် တရုတ်ဘက်ကတက်