မြန်မာအမျိုးသား သိပ္ပံပညာရှင် ဦးရေထက် အမျိုးသမီးပိုများ

bur ဓာတ်ပုံ မူပိုင် AFP
Image caption မြန်မာပြည်က သိပ္ပံ စမ်းသပ်ခန်း

ယူနက်စကို ကုလသမဂ္ဂ ပညာရေး သိပ္ပံနဲ့ ယဉ်ကျေးမှု ဆိုင်ရာ အဖွဲ့ရဲ့ ကမ္ဘာတဝန်း သိပ္ပံ ဆိုင်ရာမှာ အမျိုးသမီးတွေ ပါဝင်မှု နဲ့ ပတ်သက်တဲ့ အစီရင်ခံစာအရ သုတေသန လုပ်ငန်းတွေမှာ အမျိုးသမီး ပါဝင်မှု အချိုးက နည်းပြီး အမျိုးသား များက လွှမ်းမိုးတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ထူးခြားတာက မြန်မာနိုင်ငံက သုတေသန လုပ်ငန်းတွေမှာ အမျိုးသမီး ၈၅.၅ ရာခိုင်နှုန်း ရှိနေတာကို တွေ့ရတယ်လို့ ဖော်ပြ ထားပါတယ်။

ကမ္ဘာတဝန်းက သုတေသန လုပ်ငန်းမှာ အမျိုးသမီးတွေ လုပ်ကိုင်နေတဲ့ နှုန်းဟာ ၃၀ ရာခိုင်နှုန်းအောက်မှာပဲ ရှိနေပါတယ်။

အောက်က မြေပုံကို ကြည့်လိုက်ရင် ထင်ရှားပါတယ်။

အမျိုးသား ပညာရှင် ပိုများတဲ့ နိုင်ငံတွေမှာ အရောင် ပိုရင့် ပိုပြာပြီး အမျိုးသမီး များရင်တော့ ပန်းရောင်သန်းလာပါတယ်။

အာရှမှာဆို မြန်မာက အရဲဆုံး အတောက်ဆုံးပါ။

စာရင်းဇယားတွေ အရ မြန်မာ သိပ္ပံ ပညာရှင် ၁ဝ ယောက်မှာ ၈ ယောက်ခွဲကျော်က အမျိုးသမီး တွေပါ။

ဓာတ်ပုံ မူပိုင် UNESCO
Image caption မြန်မာ သုတေသီ ၈၅ ရာခိုင်နှုန်းက အမျိုးသမီးတွေ

ယူနက်စကို စာရင်းဇယားက တကယ်တမ်း ဒီလောက်များသလား။

၂ဝဝ၂ ခုနှစ်က မြန်မာ သိပ္ပံနဲ့ နည်းပညာ ဝန်ကြီးဌာနက ပို့တဲ့ အစီရင်ခံစာ ကို အခြေခံပြီး ပြောတာလို့ ယူနက်စကိုက ဆိုပါတယ်။

ဒီစာရင်းမှာ တက္ကသိုလ် ဆရာမတွေ အကုန်လုံး ပေါင်းထည့် ထားပုံရပြီး သုတေသန ဆောင်ရွက်သူ သက်သက်ကိုသာ ရည်ရွယ်တာ မဟုတ်နိုင်ဘူးလို့လည်း ပြောပါတယ်။

ထက်ဝက်ကိုကျော်

ကိန်းဂဏန်း အရ ဒီလောက် မရှိရင်တောင် မြန်မာပြည်မှာ သုတေသန ပညာရှင် အများစုက အမျိုးသမီးတွေ ဖြစ်နိုင်ပါတယ်။

ရန်ကုန် တက္ကသိုလ်မှာ ၂ဝ၁၃ ခုနှစ်က စာရင်းအရ ပါမောက္ခနဲ့ တွဲဖက် ပါမောက္ခ ၄၅ ယောက်မှာ ၃၁ ယောက်က အမျိုးသမီးတွေပါ။

ဓာတ်ပုံ မူပိုင် Thazin Han
Image caption အစားအသောက် သုတေသန အကြီးအကဲ ဒေါက်တာ သဇင်ဟန်

မြန်မာ နိုင်ငံ သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာန က အစားအသောက် သုတေသန ဌာန အကြီးအကဲ ဒေါက်တာ သဇင်ဟန် ကတော့ ပုစွန်ခွံကို သုံးပြီး မြေသြဇာ လုပ်တဲ့ သုတေသန ကို အကျိုး အရှိဆုံးလို့ ဆိုပါတယ်။

"ကျွန်မတို့ လယ်သမားတွေ အတွက် အင်မတန် အဓိပ္ပာယ် ရှိတဲ့ တီထွင်မှုပါ "လို့လည်း ဆိုပါတယ်။

သူ့ဘာသာရပ်မှာ ရှိတဲ့ ပါမောက္ခ ၁ဝ ယောက်မှာ ၉ ယောက်လောက်က အမျိုးသမီးတွေ လို့လည်း ပြောပါတယ်။

တခြား မြန်မာ သိပ္ပံ ကျော် အများစု လိုပဲ ဒေါက်တာ သဇင်ဟန်လည်း အစိုးရ ဝန်ထမ်းပါ။ သူ့အလုပ်က သိပ်ပြီး လခ မများပါဘူး။

"မြန်မာပြည် စီးပွားရေး အခြေအနေကြောင့် အမျိုးသားတွေက မိသားစုကို ထောက်ပံ့ဖို့ ပိုက်ဆံ ရှာရတယ် " လို့လည်း သူက ဆိုပါတယ်။

သူ့လို ထိပ်ပိုင်းမှာ ရှိတဲ့ ရာထူးမျိုးတောင် တလကို ဒေါ်လာ ၃ဝဝ လောက်ပဲ ရတာပါ။

ဒီလောက် လခက မိသားစု အတွက် မလောက်လို့ အမျိုးသားတွေက တခြား အလုပ်တွေ ရှာရတယ် လို့လည်း ဆိုပါတယ်။

မြန်မာ အစိုးရ သိပ္ပံ ပညာရှင် တွေ ရင်ဆိုင်ရတဲ့ တခြား အခက်အခဲတွေထဲမှာ သုတေသန အထောက်အထား ရင်းမြစ်တွေ မပြည့်စုံတာ နဲ့ သုတေသန ဌာနကို မရောက်ဘဲ တခြား တက္ကသိုလ်တွေ အပို့ခံရတာတွေ ပါပါတယ်။

ဒေါက်တာ သဇင်ဟန် ကိုယ်တိုင်လည်း အဝေးက တက္ကသိုလ် တခုကို ၆ နှစ် အပို့ခံခဲ့ရဖူးပါတယ်။

ပြီးခဲ့တဲ့ မေလကမှ သုတေသနတွေ ဆက်လုပ်လို့ရတဲ့ ဌာနကို ပြန်ရောက်လာတာ ဖြစ်ပါတယ်။

"ကျွန်မ တအားပျော်သွားတယ် " လို့လည်း သူက ဆိုပါတယ်။

ဓာတု ကလျာ

အမျိုးသားထက် အမျိုးသမီး သိပ္ပံဆရာ ပိုများတဲ့ တခြား နိုင်ငံတွေလည်း ရှိပါတယ်။

ဒီထဲက ထိုင်းမှာတော့ ၅၃.၃ ရာခိုင်နှုန်း ရှိပြီး တူနီးရှားမှာ ၅၃.၉ ရာခိုင်နှုန်းပါ။

ဒီ နှစ်နိုင်ငံလုံးက ကိန်းဂဏန်းတွေက အမှန်နဲ့ နီးစပ်တယ်လို့ ယူနက်စကိုက ပြောပါတယ်။

ဘန်ကောက် ချူလာလောင်ကွန် တက္ကသိုလ်က ဒုတိယ မဟာဌာနမှူး ပါမောက္ခ သာမြောင်ကစ်က အော်ဂင်းနစ် ဓာတုဗေဒမှာ ဆုရတဲ့ ပညာရှင်ပါ။

သူ့ကို ၂ဝဝ၈ ခုနှစ်က အစည်းအဝေး တခုမှာ ပါမောက္ခလို့ မထင်ဘဲ ပါမောက္ခရဲ့ အတွင်းရေးမှူးလို့ အထင်ခံရဖူးပါတယ်။

ဓာတ်ပုံ မူပိုင် PAtchanita Thamyongkit
Image caption မဝါဒီ ပါမောက္ခ သာမြောင်ကစ်

ထိုင်းမှာ ဘုရင့်ဆွေတော် မျိုးတော်တွေက လမ်းပြ အားပေးလို့ အမျိုးသမီးတွေ တက္ကသိုလ် သွားတဲ့ အရေအတွက် တိုးလာတယ်လို့ သူက ပြောပါတယ်။

ချူလာဖုန် မင်းသမီး ဟာ ၁၉၇၉ က ဓာတုဗေဒနဲ့ ဘွဲ့ရ ပြီး နိုင်ငံမှာ သိပွံကို အားပေး မြှင့်တင် ခဲ့သူ ဖြစ်ပါတယ်။

နောက် သူဟာ ဗြိတိန်ရဲ့ တော်ဝင် ဓာတုဗေဒ အသင်းကြီးမှာ ပထမဆုံး ဂုဏ်ထူးဆောင် သဟာယ အဖွဲ့ဝင် အဖြစ် ကမ်းလှမ်းခံရတဲ့ အာရှ တိုက်သားလည်း ဖြစ်ပါတယ်။

"တခြားနိုင်ငံတွေ ရောက်ရင် မင်းတို့ တိုင်းပြည်မှာ ဓာတု ကလျာ မင်းသမီး ရှိတယ်" လို့ ချီးကျူးတာ ခံရကြောင်းလည်း ပါမောက္ခ သာမြောင်ကစ် က ပြောပါတယ်။

တဘက်မှာတော့ ပညာရပ် သုတေသန အလုပ်ဟာ တခြား အလုပ်တွေထက် အမျိုးသမီးတွေကို စွဲဆောင် နိုင်တာတွေလည်း ရှိပါတယ်။

ထိုင်းမှာ အမျိုးသမီးတွေ အတွက် မီးဖွားခွင့်က သုံးလပဲ ပေးပါတယ်။

ကျောင်းမှာ စာသင် သုတေသန လုပ်တာက မိခင်တယောက် အတွက် သိပ်မဆိုးဘူး ပြောရမှာပါ။

"တက္ကသိုလ်မှာ စာသင်ကျောင်းပါရှိရင် ကလေးတွေ သူငယ်တန်းကနေ အထက်တန်းထိ တက်နိုင်တယ် ၊ ကိုယ်ဝန်ရှိကတည်းက မှတ်ပုံတင် စာရင်းပေး ထားလိုက်ရုံပဲ " လို့ ပါမောက္ခ သာမြောင်ကစ် က ပြောပါတယ်။

ကြမ်းတမ်းတဲ့ခရီး

တူနီးရှားမှာတော့ အမျိုးသမီး သိပ္ပံ ပညာရှင်တွေ ရင်ဆိုင်ရတာတွေ ရှိပါတယ်။

ပါမောက္ခ အုမ် ဘန် ဟာစီနီက မြေထဲ ပင်လယ်က ဇီဝ မျိုးကွဲတွေကို လေ့လာတဲ့ အဏ္ဏဝါ ဇီဝ ပညာရှင်ပါ။

သူမွေးတဲ့ ဒေသမှာ ရှေးရိုးဆန်တဲ့သူတွေ များလို့ သိပ္ပံ သမားအဖြစ် အသက်မွေးလို့ မလွယ်ဘူးလို့ ဆိုပါတယ်။

"ကျွန်မ ၁၂ နှစ် သမီးမှာ အိမ်ထောင်ပြုဖို့ ကျောင်းထုတ်မယ် ဆိုပြီး အိမ်က စီစဉ် တယ်" လို့ သူက ပြောပါတယ်။

သူဟာ သူတို့မြို့မှာ ပထမဆုံး အထက်တန်းကျောင်း ရောက်တဲ့ အမျိုးသမီးပါ။

အဲဒီကျောင်းက ဆရာ တယောက်ကို လေးစား အားကျရာက သိပ္ပံ နယ်ထဲ သူရောက် လာတာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption တူနီးရှား ကျားမတန်းတူမှုက အရှေ့အလယ်ပိုင်းမှာ အားကောင်း

တူနီးရှားမှာ ခုထိ ထိပ်တန်း သုတေသန ရာထူးတွေကို အမျိုးသားတွေ အုပ်စီးထားဆဲ ၊ တူနီးရှား ပညာရေးက ယောက်ျားဆန်ဆဲ လို့လည်း ပါမောက္ခ ဘန် ဟာစီနီက ပြောပါတယ် ။

တူနီးရှားမှာ သဘာဝ သိပွံပညာနဲ့ ပါရဂူ ဘွဲ့ရသူ ၇၆ ရာခိုင်နှုန်းက အမျိုးသမီးတွေ ဖြစ်ပြီး အင်ဂျင်နီယာ ပညာမှာတော့ ၄၁ ရာခိုင်နှုန်းပဲ ရှိတယ် လို့လည်း ဥရောပ သမဂ္ဂက ကောက်တဲ့ စစ်တမ်းတွေက ပြပါတယ်။

နောက် အလုပ်လက်မဲ့ ပြဿနာ ကလည်း ကြီးပြီး အမျိုးသမီး ဘွဲ့ရတွေ အလုပ်မရတာက ပိုဆိုးနေပါတယ်။

အမျိုးသား ဘွဲ့ရ ၁၉ ရာခိုင်နှုန်းပဲ အလုပ်မရတာ ရှိပြီး အမျိုးသမီး ပညာတတ် ၄၁ ရာခိုင်နှုန်းထိ အလုပ် မရကြဘူးလို့ တူနီးရှား စာရင်းအင်း ဌာနက ထုတ်တဲ့ ကိန်းဂဏန်းတွေက ဆိုပါတယ်။

ပါရဂူ ဘွဲ့ရပေမယ့် အလုပ် ရှာရခက်တဲ့ အမျိုးသမီးတွေ တူနီးရှားမှာ ရှိနေတယ် လို့လည်း သိရပါတယ်။