စော်ဘွား သို့မဟုတ် နေဝင်သွားသော ဘုရင်များ

Image caption အမျိုးသမီး စော်ဘွား တစ်ထီလာ

စော်ဘွား အုပ်ချုပ်ရေး မြန်မာပြည်မှာ ပျောက်ကွယ်သွားတာ အနှစ် ၆ဝ ရှိတော့မှာပါ။ တချိန်က ရှမ်းနဲ့ ကယားပြည်နယ်တွေမှာ ဗဟို အစိုးရနဲ့ အပြိုင် အုပ်ချုပ်ရေးတခု ထူထောင်နိုင်ခဲ့သူတွေ ဖြစ်ကြပါတယ်။ စနစ် မရှိ တော့ပေမယ့် စော်ဘွားတွေရဲ့ ပုံရိပ်တွေက ဒေသခံတွေ ကြားမှာ ဆက်ပြီး ရှိနေပါတယ်။

စော်ဘွားနဲ့ ပတ်သက်ပြီး လူတွေ သိနားလည်ထားတဲ့ အချက်တွေနဲ့ တချို့အချက်တွေ ဘယ်လို ကွာခြားသလဲ ကြည့်ကြရအောင်ပါ။

ဓာတ်ပုံ မူပိုင် Ko Nyi Nyi
Image caption ပလောင် စော်ဘွား စဝ်ခွန်ပန်းစိန်

(၁)စော်ဘွား အများစုက ရှမ်းပြည်နယ်က ဖြစ်ကြပေမယ့် အားလုံးဟာ ရှမ်းလူမျိုးတွေ မဟုတ်ပါဘူး။ ပလောင် (တအာင်း) ၊ ပအိုဝ်း၊ ဓနု၊ ကယား၊ ကယန်း၊ ကိုးကန့် ၊ ဝ စတဲ့ တခြား လူမျိုးထဲက စော်ဘွားတွေလည်း ရှိပါတယ်။ စော်ဘွားထဲမှာလည်း စော်ဘွား၊ မြို့စား၊ ငွေခွန်မှူး စတဲ့ အုပ်ချုပ်သူ အဆင့်ဆင့် ရှိသလို နယ်မြေ ပိုင်နက်မှာလည်း ဧရိယာ စတုရန်းမိုင် ၁၂,ဝဝဝ ကျော်တဲ့ အကြီးဆုံး ကျိုင်းတုံ ကနေ စတုရန်းမိုင် ၁ဝ ကျော်ပဲ ရှိတဲ့ မြေလတ် နယ်လေးတွေ ထိ ကွာခြားမှု ရှိပါတယ်။

Image caption ဝန်းသို စော်ဘွားဟောင်း ဦးအောင်မြတ်

(၂) စော်ဘွား အုပ်ချုပ်ရေးကို စော်ဘွား အုပ်ချုပ်ရေးကို ပြည်နယ်တွေမှာပဲ ရှိခဲ့တယ် ထင်ကြပါတယ်။ စစ်ကိုင်းတိုင်း ဇင်္ဂလိန်း ခန္တီး နယ်မှာ ၁၉၅၂ ထိ စော်ဘွား အုပ်ချုပ်ရေး ရှိခဲ့ပြီး ချင်းတွင်းမြစ်ပေါ်က သောင်သွပ် မှာလည်း စော်ဘွား အုပ်ချုပ်ခဲ့ပါတယ်။ ကလေးနဲ့ ထီးလင်း၊ ဂန့်ဂေါ စတဲ့ ယောနယ်က မြို့တွေမှာလည်း စော်ဘွား တွေ ရှိခဲ့သလို စစ်ကိုင်းတိုင်း အထက်ပိုင်းက ဝန်းသို စော်ဘွားဟောင်း ဦးအောင်မြတ်ဟာလည်း လွတ်လပ်ရေး ရပြီးတဲ့ထိ အသက်ရှင် နေထိုင်ခဲ့ပါတယ်။

ဗြိတိန်မှာ လမ်းစပျောက်နေတဲ့ ငမောက်ပတ္တမြားကြီး

ထိုင်းဘုရင်သွေး မကင်းတဲ့ မြန်မာတွေ

Image caption အာဇာနည် မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း

(၃) စော်ဘွားတွေထဲမှာ လူသိ အများဆုံးက ဗိုလ်ချုပ်အောင်ဆန်းတို့နဲ့ အတူ ကျဆုံးခဲ့တဲ့ မိုင်းပွန် စော်ဘွားကြီး စဝ်စံထွန်း ဖြစ်ပါတယ်။ သူ့နာမည်နဲ့ ဂုဏ်ပြု မှည့်ခေါ်ထားတဲ့ ဆေးရုံကြီးလည်း တောင်ကြီးမြို့မှာ ရှိပါတယ်။ နောက် လူသိများသူ တယောက်ကတော့ မြန်မာပြည်မှာ ပထမဆုံး ယာယီ သမ္မတ အဖြစ် တင်မြှောက်ခံရတဲ့ ညောင်ရွှေစော်ဘွား စဝ်ရွှေသိုက် ဖြစ်ပါတယ်။ မိုးမိတ် စော်ဘွားဟောင်း စဝ်ခွန်ချိုဟာလည်း မြန်မာနိုင်ငံမှာ ဒုတိယ ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနဲ့ ရှမ်းပြည်နယ် ဝန်ကြီး တာဝန်တွေ ယူခဲ့တဲ့ စော်ဘွား တယောက် ဖြစ်ပါတယ်။ သာမိုင်းခမ်း စော်ဘွား စဝ်ထွန်းအေးလည်း ပြည်ထောင်စု အစိုးရမှာ ဝန်ကြီး တာဝန်ယူခဲ့ပါတယ်။ ကိုးကန့်စော်ဘွားနှမ အောလစ်ယန်းကတော့ ကာကွယ်ရေး တပ်ဖွဲ့တွေရဲ့ ခေါင်းဆောင်အဖြစ် ရှမ်းပြည် နိုင်ငံရေးမှာ ထင်ရှားခဲ့ပါတယ်။

ဘုရင့်နောင်ခေါင်းလောင်း ကမ္ဘာ့မှတ်တမ်းဝင်

ကနေ့ခေတ် တရုတ်-မြန်မာ ဆက်ဆံရေး အများမသိတဲ့ အချက်တွေ

အနီးခေတ် တရုတ်- မြန်မာဆက်ဆံရေး ( ၂ )

Image caption သီပေါ စော်ဘွား စဝ်ကြာဆိုင်နဲ့ ဥရောပသူ မဟာဒေဝီ

(၄) စော်ဘွားတွေကို ပဒေသရာဇ် ဝါဒီ ရှေးရိုးဆန်သူတွေလို့ ၁၉၆၂ နှစ် နောက်ပိုင်း ကာလမှာ ဝေဖန် ရေးသားတာတွေ များခဲ့ပါတယ်။ ဒါပေမဲ့ စော်ဘွားတွေထဲမှာ ဒေသ လူထု ဖွံ့ဖြိုးရေး အတွက် ကြိုးပမ်းခဲ့တဲ့ သီပေါ စော်ဘွား စဝ်ကြာဆိုင်လို လူမျိုး ရှိသလို ဆိုရှယ်ဒီမိုကရက်ပါတီ ထူထောင်ပြီး စော်ဘွားကြီးတွေ ကို ပြန်လည် ဝေဖန်ခဲ့တဲ့ ကျေးသီးစော်ဘွား စဝ်ရွှေမှုံလို လူလည်း ရှိပါတယ်။ အာဏာသိမ်း ပြီးနောက် ပျောက်သွား တဲ့ စဝ်ကြာဆိုင်ရဲ့ အကြောင်း သူ့ဇနီးသည်ရဲ့ ရေးသားမှုကြောင့် ပြည်ပမှာ ရုပ်ရှင်ရိုက်တဲ့အထိ လူစိတ်ဝင်စားမှု များခဲ့ပါတယ်။

Image caption ဗိုလ်ချုပ်နဲ့ စော်ဘွားများ စည်းဝေးတိုင်ပင်ခဲ့

(၅) စော်ဘွားတွေနဲ့ တွဲပြီး သိကြတဲ့ နောက်တခုက မြန်မာပြည်ကနေ ခွဲထွက်ဖို့ ကြိုးစားတယ် ဆိုတဲ့ စွပ်စွဲချက် ဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ်က ဖက်ဒရယ်မူ အရ ပြည်ထောင်စုကို ပြင်ဆင် ဖွဲ့စည်းဖို့ တောင်းဆိုတဲ့ အစည်းအဝေး အပြီး စော်ဘွားအများအပြား ဖမ်းဆီးခံရပြီးနောက် အဲဒီစွပ်စွဲချက်က ခုထိရှိနေပါတယ်။ ဒါပေမဲ့ စော်ဘွားတွေနဲ့ လူမျိုးစု တွေဘက်က ပြည်နယ်ပြည်မ တန်းတူဖို့၊ ပြည်နယ်တွေမှာ လုပ်ပိုင်ခွင့်အာဏာ ပိုရှိဖို့အတွက် ပင်လုံစာချုပ်ပါ ကတိတွေ အကောင်အထည် ဖော်အောင် ကြိုးစားတာလို့ ချေပလေ့ရှိပါတယ်။ ၁၉၄၇ ဖွဲ့စည်းပုံ ဥပဒေမှာ ၁ဝ နှစ်ကျော်ရင် ပြည်ထောင်စုထဲက ခွဲထွက်လိုက ခွဲထွက်ခွင့်ရှိတယ် ဆိုတဲ့ ပုဒ်မအရ ခွဲထွက်ခွင့် ရှိတဲ့ ပြည်နယ်တွေ ထဲမှာ ရှမ်းနဲ့ ကယားပြည်နယ်တို့ ပါဝင်ပါတယ်။ ဒါကြောင့် ၁၉၆၂ မှာ ခွဲထွက်ပြီး အမေရိကန်နဲ့ နီးစပ်တဲ့ အရှေ့တောင်အာရှ စစ်စာချုပ်အဖွဲ့ကို ဝင်ဖို့ ကြံတယ်လို့ စွပ်စွဲခံရတာ ဖြစ်ပါတယ်။

Image caption လွတ်လပ်ရေး ကြေညာစဉ်က ဘုရင်ခံနဲ့အတူ တွေ့ရတဲ့ သမ္မတ စဝ်ရွှေသိုက်

မိုးကောင်းကင်ရဲ့ အရှင်သခင်တွေလို့ အဓိပ္ပာယ်ရတဲ့ စော်ဘွားတွေ အုပ်ချုပ်တဲ့ ခေတ်က မရှိတော့ပေမယ့် လူမျိုးစု အုပ်ချုပ်ရေး စနစ်တခုကို ရာစုနှစ်တွေနဲ့ချီပြီး ခေါင်းဆောင်ခဲ့တဲ့ စော်ဘွားတွေ အကြောင်း ရှမ်းပြည်မှာ ပြောနေကြဆဲ ဖြစ်ပါတယ်။