မြန်မာပြည်က အနှစ် ၅ဝဝ ကက်သလစ် သာသနာ

ဓာတ်ပုံ မူပိုင် Reuters
Image caption ရန်ကုန်မှာ ပုပ်ရဟန်းမင်းအတွက် ကြိုတင်ပြင်နေ

ခရစ်ယာန် သာသနာ ဖြတ်သန်းခဲ့တဲ့ အနှစ်၂ဝဝဝ ကျော် သမိုင်း တလျှောက် ပထမဆုံးအကြိမ်အနေနဲ့ ကမ္ဘာ့ကက်သလစ် ကျောင်းတော်ရဲ့ ၂၆၆ ပါး မြောက် သာသနာပိုင် ဖြစ်သူ ပုပ် ဖရန်စစ် (၁၉၃၆ ဖွား) ဟာ နိုဝင်ဘာလ ၂၇ ရက်နေ့မှာ မြန်မာနိုင်ငံကို ကြွချီလာတော့မှာ ဖြစ်ပါတယ်။

ကမ္ဘာ့ ကက်သလစ် ဘာသာဝင် ၁.၃ ဘီလျံ ရဲ့ အကြီးအမှူး ဖြစ်တဲ့ ရဟန်းမင်းကြီးရဲ့ အခု ခရီးစဉ်ဟာ နိုင်ငံလူဦးရေရဲ့ ၁ ရာခိုင်နှုန်း ဝန်းကျင်ရှိတဲ့ ကက်သလစ် ဘာသာဝင်တွေအတွက် အရေးပါလှသလို လူမျိုးစုံ၊ ဘာသာစုံ တိုင်းပြည် တခုလုံး အတွက်လည်း ထူးခြားနေပါတယ်။

ပုပ်ရဟန်းမင်းလည်း ဆုတောင်းနေရင်း အိပ်ပျော်တတ်တယ်

ကွန်ဒုံးကိစ္စ ပုပ်ရဟန်းမင်းနဲ့ အငြင်းပွား

ပုပ်ရဟန်း ရိုဟင်ဂျာတွေ အတွက် ဆုတောင်း

မြန်မာပြည်ရဲ့ နှစ် ၅ဝဝ ကျော် ကက်သလစ် သာသနာသမိုင်း အတွက်လည်း ဒါဟာ အထင်ကရ သမိုင်းစာမျက်နှာ တခု ဖြစ်ပါတယ်။

ရှေးတုန်းက ဘုရင်ဂျီဘာသာလို့ ခေါ်တွင်ကြတဲ့ မြန်မာပြည်ရဲ့ ကက်သလစ် သမိုင်းကို ပြန်ကြည့်ရင်လည်း ထူးခြားတဲ့ ဝိသေသ တချို့ကို တွေ့ရပါတယ်။

ကုန်သည်စီးပွားနဲ့ စတင်ခဲ့

မြန်မာနိုင်ငံမှာ ကက်သလစ် ခရစ်ယာန် သာသနာ စတင် သန္ဓေတည်လာပုံက ကမ္ဘာ့ ဖြစ်စဉ်တချို့နဲ့ ကွဲပြားပါတယ်။

၁၅ ရာစု အကုန်ပိုင်း ၁၄၉၇-၉၉ ခုနှစ်မှာ ပေါ်တူဂီ စူးစမ်းရှာဖွေသူ တဦးဖြစ်သူ ဗာစကိုဒဂါးမား (၁၄၆၀-၁၅၂၄) က အာဖရိကတိုက်ကိုပတ်၊ ဂွတ်ဟုပ် အငူကို တွေ့ပြီးတော့ အရှေ့အိန္ဒိယ သမုဒ္ဒရာထဲကို ရောက်တဲ့ ပင်လယ်ရေကြောင်း ခရီးကို စတင် တွေ့ရှိခဲ့ရာကနေ စပြီးတော့မှ ဥရောပတိုက်သား ကုန်သည် ပွဲစား၊ သင်္ဘောသား၊ ကြေးစား စစ်သားတွေဟာ အာရှနိုင်ငံတွေဘက်ကို စတင် လမ်းပေါက်ခဲ့ကြပါတယ်။

၁၅၁၁ ခုနှစ်မှာ ပေါ်တူဂီ ကုန်သည်တွေ အိန္ဒိယ အနောက်ပိုင်းက ဂိုအာကို ပင်လယ်ဆိပ်ကမ်းမြို့ အဖြစ် ခြေကုပ် ယူပြီးနောက်ပိုင်းမှာ ရခိုင် ကမ်းရိုးတန်း၊ မုတ္တမ၊ သန်လျင် တဝိုက်နဲ့ မြိတ်၊ ထားဝယ် တနင်္သာရီ ကမ်းခြေ တလျှောက်မှာ ကက်သလစ် ဘာသာဝင် ပေါ်တူဂီလူမျိုးတွေ စတင် အခြေချ လာခဲ့ကြပါတယ်။

ဒါကြောင့် သာသနာပြုဖို့ ကက်သလစ် ဘုန်းတော်ကြီးတွေ အရင်ရောက်ခဲ့တာ မဟုတ်ဘဲ ကက်သလစ် ဘာသာဝင်တွေ အရင် ရောက်ခဲ့တဲ့ မြန်မာပြည် ဖြစ်စဉ်က ထူးခြားနေတယ်လို့ ကက်သလစ် ဆရာတော်လည်း တပါးလည်း ဖြစ်၊ သမိုင်းသုတေသီ တဦးလည်းဖြစ်သူ ဖာသာ စိန်လှိုင်ဦးက သုံးသပ်ပါတယ်။

အဲဒီ အချိန်မှာ ဥရောပသားတွေနဲ့ အတူ သူတို့ရဲ့ နာမ် ဝိညာဉ်ဆိုင်ရာ စောင့်ရှောက်ရေး အတွက် ဘုန်းတော်ကြီးတချို့ ပါလာတာမျိုးကလွဲပြီး ကက်သလစ် သာသနာပြု ဆိုတာမျိုး မရှိခဲ့ပါဘူး။

၁၆ ရာစု အစောပိုင်းကာလတုန်းက သန်လျင် မုတ္တမ တဝိုက်ဟာ အိန္ဒိယတိုက်နဲ့ အရှေ့တောင်အာရှကြား ရေကြောင်း ဆက်သွယ်ရေးမှာ ကြားခံ စခန်းလည်း ဖြစ်ခဲ့ပါတယ်။ အဲဒီမှာ စားနပ်ရိက္ခာနဲ့ ရေချို ဖြည့်တင်းတာ၊ သင်္ဘောပြင်ဆင် တာမျိုးတွေ အပြင် ပြည်တွင်းနဲ့လည်း ကုန်စည်ရောင်းဝယ်ဖောက်ကားတာတွေ စတင်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ပုပ်ရဟန်းအကြို ရန်ကုန်မှာ တီရှပ်ရောင်း

နိုင်ငံရေး၊ စစ်ရေးတွေမှာ ပါဝင်လာ

နောက်ပိုင်းမှာ ပေါ်တူဂီတွေဟာ ဒေသတွင်းက ပဲခူး၊ အင်းဝ၊ တောင်ငူ မြို့ပြနိုင်ငံတွေနဲ့ ကုန်သွယ်ရေး တိုးမြှင့်လာသလို တဘက်မှာလည်း တပင်ရွှေထီး (နန်းသက် ၁၅၃၀-၅၀) ၊ ဘုရင့်နောင် (နန်းသက် ၁၅၅၀-၈၁) အပါအဝင် မွန်၊ ရခိုင်၊ မြန်မာမင်းတွေရဲ့ လက်အောက်မှာ ကြေးစားစစ်သားတွေ အဖြစ် ခစားကြတာတွေ ရှိလာပါတယ်။

အဲဒီမှာ ထင်ရှားတဲ့ သမိုင်းအဖြစ်အပျက်တခုကတော့ သန်လျင်ကို ၁၃ နှစ် အုပ်စိုးခဲ့တဲ့ ငဇင်္ကာလို့ လူသိများသူ ပေါ်တူဂီ စစ်ဗိုလ် ဖိလစ် ဒီဘရစ်တို နီကိုတီ ပါ။

ခရစ်သက္ကရာဇ် (၁၅၉၉-၁၆၀၀) မှာ တောင်ငူနဲ့ ရခိုင် ပူးပေါင်းပြီး ပဲခူး ဟံသာဝတီ နန္ဒဘုရင်ကို တိုက်ခိုက်ချိန်မှာ ဒီဗရစ်တိုဟာ ရခိုင်မင်းရာဇာ ဘက်ကနေ ဝင်ရောက် တိုက်ခိုက်ပေးခဲ့ပါတယ်။ ပဲခူးကို နိုင်ချိန်မှာ ရခိုင်ဘုရင်က အဲဒီတုန်းက အချက်အချာကျတဲ့ ဆိပ်ကမ်းမြို့ ဖြစ်တဲ့ သန်လျင်ကို စစ်ပွဲမှာ ကူညီခဲ့သူ ဒီဘရစ်တို လက်ထဲ လွှဲပေးခဲ့ပါတယ်။ နောက်ပိုင်းမှာ ဒီဘရစ်တိုက ရခိုင်ဘုရင်ကို ပြန်လည် ထောင်ထား ခြားနားခဲ့သလို တောင်ငူနန်းက ပုန်ကန်သူ နတ်ရှင်နောင် (၁၅၇၉-၁၆၁၃) ကိုလည်း ၁၆၁၂ ခုနှစ်မှာ သန်လျင်ကို ခေါ်ယူလာတာမျိုး အထိ ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် ၁၆၁၃ ခုနှစ် မှာတော့ အင်းဝမှာ နန်းစိုက်တဲ့ အနောက်ဘက်လွန်မင်း (၁၅၇၈-၁၆၂၈) က သန်လျင်ကို သိမ်းပိုက်ပြီး သူတို့ကို ကွပ်မျက်ခဲ့သလို ပေါ်တူဂီလူမျိုး ၄,၀၀၀ ထောင် ဝန်းကျင်ကိုလည်း စစ်သုံ့ပန်း အဖြစ် အင်းဝကို ခေါ်ဆောင်သွားခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Nyein Chan Aye / BBC Burmese
Image caption မျက်မှောက်ခေတ် မြန်မာပြည်က ကက်သလစ် ဘာသာဝင်တချို့ ဝတ်ပြုနေတဲ့ မြင်ကွင်း

ဘုရင်ဂျီ ဘာသာဝင်တွေ အညာကို ရောက်ရှိ

၁၆၂၉ ခုနှစ်မှာ နန်းတက်ခဲ့တဲ့ အနောက်ဘက်လွန်မင်းရဲ့ ညီတော် သတိုးဓမ္မရာဇာ သာလွန်မင်း (၁၅၈၄-၁၆၄၈) လက်ထက်မှာတော့ နန်းတွင်းမှာ နိုင်ငံခြားသား ထိတွေ့ ဆက်ဆံတာတွေ ပိုများလာသလို သစ္စာတော်ခံ စစ်သုံ့ပန်းတွေကိုလည်း ချင်းတွင်းမြစ်နဲ့ မူးမြစ်ကြားက ရွာကြီး ၉ ရွာမှာ မြေနေရာချပေးခဲ့ပါတယ်။ အဲဒီ ဘုရင်ဂျီ ရွာတွေကို သက်ဆိုင်ရာ ကက်သလစ် ဘာသာဓလေ့ ထုံးတမ်းနဲ့ နေထိုင်ခွင့်ပေးတဲ့ အပြင် အခွန်အတုတ် ကင်းလွတ်စေခဲ့ပြီး လိုအပ်တဲ့ အချိန်မှာ မင်းမှုထမ်း အဖြစ် ဆင့်ခေါ်ခဲ့ပါတယ်။

သာသနာပြု အစ

ကက်သလစ်ဘာသာ အနေနဲ့ သာသနာပြု လုပ်ငန်းတွေ စတင်ခဲ့တာကတော့ ဘာသာဝင်တွေ အခြေချပြီး ရာစုနှစ် တခု ကျော် အကြာ ၁၈ ရာစု အစာပိုင်း ဧကဒဿမမြောက် ပုပ်ရဟန်းမင်းကြီး ကလဲမင်း (၁၆၄၉-၁၇၂၁) လက်ထက် ကျမှပါ။ တရုတ်ပြည်ကို စေလွှတ်တဲ့ ဗာတီကန် ဘာသာရေး သံတမန်အဖွဲ့ရဲ့ အပြန်လမ်းခရီးမှာ မြန်မာ့ ကမ်းရိုးတန်းကိုလည်း ဖြတ်ရလို့ ကုန်းတွင်းပိုင်းမှာ ဘာသာဝင်တွေ ရှိနေတယ် ဆိုတဲ့ သတင်းစကား ကြားရပြီးနောက် အဖွဲ့ထဲက ဘုန်းတော်ကြီး ကာလ်ချီနဲ့ လက်ထောက် ဖာသာ ဗီတိုနီ တို့က သန်လျင်မှာ ဆင်းနေခဲ့ရာကနေ စတင်ခဲ့တာပါ။

သူတို့ဟာ အောက်ပိုင်း ပဲခူးနဲ့ အထက်ပိုင်း အင်းဝ ရောက် ကက်သလစ် ဘာသာဝင်တွေရဲ့ အခြေအနေကို ဗာတီကန် ဂိုဏ်းချုပ်ကြီးဆီ ပြန်လည် တင်ပြပြီးနောက်ပိုင်း ၁၇၂၁ ခုနှစ် အရောက်မှာတော့ အီတလီနိုင်ငံ မီလန် မြို့ အခြေစိုက် ဗာနဗိုက် ကက်သလစ် အသင်းဂိုဏ်းကို အင်းဝနဲ့ ပဲခူးမှာ သာသနာပြုဖို့ တာဝန်ပေးခြင်း ခံခဲ့ရတာကနေ အစပြုခဲ့တယ်လို့ သမိုင်းမှတ်တမ်းတွေက ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Nyein Chan Aye / BBC Burmese
Image caption ရန်ကုန်မြို့က နှစ်ရာကျော် သက်တမ်းရှိ စိန်မေရီ ကာသီဒြယ်

ကက်သလစ်တွေရဲ့ အခန်းကဏ္ဍ

ဒီလို စတင်လာခဲ့တဲ့ ကက်သလစ် ကျောင်းတော်တွေ၊ ဘာသာရေးခေါင်းဆောင်နဲ့ ဘာသာဝင်တွေဟာ တဖြည်းဖြည်းနဲ့ ခေတ်ပြိုင် ပဒေသရာဇ် ဘုရင်တွေရဲ့ စစ်ရေး၊ သံတမန်ရေးရာတွေမှာ အသုံးပြုစရာ ဖြစ်လာသလို ပညာရေးနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာလည်း နေရာတခု ရလာခဲ့ပါတယ်။

ကုန်ဘောင်ခေတ်မှာ ဆိုရင် ဆင်ဖြူရှင်မင်းလက်ထက် (၁၇၆၃-၁၇၇၆) တရုတ်-မြန်မာ စစ်ပွဲ ကစလို့ နောက်ပိုင်း အင်္ဂလိပ်-မြန်မာ စစ်ပွဲတွေ အထိမှာ အမြောက်၊ လက်နက် ကျွမ်းကျင်ကြတဲ့ ဘုရင်ဂျီ စစ်သည်တွေဟာ မြန်မာဘုရင်တွေရဲ့ လက်သုံးတော် ဖြစ်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Nyein Chan Aye / BBC Burmese
Image caption သန်လျင်က ၁၈ ရာစု အီတာလျံ ဘုရားကျောင်းဟောင်း

မြန်မာနဲ့ ဗာတီကန် သံတမန်ဆက်ဆံရေးထူထောင်

ဘာသာပေါင်းစုံ ဆုတောင်းပွဲလူသောင်းချီတက်

ဖွံ့ဖြိုးရေးမှာလည်း ပါဝင်ခဲ့

အခြား တိုင်းရေးပြည်ရာ ကဏ္ဍတွေမှာလည်း ကက်သလစ်ကျောင်းတော်တွေဟာ တထောင့်တနေရာက နေရာယူလာနိုင်ခဲ့ပါတယ်။ ဥပမာ တခုကတော့ လက်ရှိတိုင် သန်လျင်မြို့အဝင်မှာ ကြွင်းကျန်နေသေးတဲ့ ၁၈ ရာစုခေတ် ကက်သလစ် ဘုရားကျောင်းဟောင်း တခုပါ။

အဲဒီ ဘုရားကျောင်းက လူအများ အမှတ်မှား နေကြသလို သန်လျင်မှာ ပေါ်တူဂီတွေ ကြီးစိုးချိန် ၁၇ ရာစုဦးပိုင်းက တည်ဆောက်ခဲ့တာ မဟုတ်ပါဘူး။

နှစ်ပေါင်း ၁၀၀ ကျော် အကြာ ၁၇၄၉-၅၀ ဝန်းကျင်၊ ကုန်ဘောင်မင်းဆက်နဲ့ ဆိုရင် အလောင်းဘုရား (နန်းသက် ၁၇၅၂-၁၇၆၀) တက်ခါနီးအချိန်လောက်ကျမှ ဗာတီကန်ရဲ့ သာသနာပြု အစီအစဉ်နဲ့ ဗာနဗိုက်ဂိုဏ်းဝင် အီတာလျံ ဘုန်းတော်ကြီး ပါအိုလို မာရီး နယ်ရီးနီ စတင်တည်ဆောက်ခဲ့တဲ့ အီတလီဘုရားကျောင်းဖြစ်ကြောင်း ခိုင်လုံတဲ့ မှတ်တမ်းတွေရှိတယ်လို့ သမိုင်းသုတေသီ ဖာသာ စိန်လှိုင်ဦးက ပြောပါတယ်။

အဲဒီကျောင်းတော်မှာ ဆိုရင် ပင်လယ်ရေကြောင်းသွားလာမှု ဖွံ့ဖြိုးနေတဲ့ ခေတ်ဖြစ်တာနဲ့ အညီ ရေကြောင်းသိပ္ပံ ဆိုင်ရာ ပညာရပ်၊ ပထဝီဝင်၊ သင်္ချာ၊ ပေါ်တူဂီ၊ လက်တင် ဘာသာရပ်တွေ သင်ကြားပေးတဲ့ အမျိုးသမီး၊ အမျိုးသား ဘော်ဒါကျောင်းတွေ ရှိခဲ့သလို ကျန်းမာရေး စောင့်ရှောက်မှုကိုလည်း ပေးခဲ့တယ် ဆိုတဲ့ စာပေ အထောက်အထားတွေလည်း ရှိပါတယ်။

သာသနာပြန့်ပွားရေး သက်သက်မဟုတ်ဘဲ လူတွေရဲ့ ဘဝ ဖွံ့ဖြိုးတိုးတက်ဖို့ကို ဦးတည်ပြီး လူငယ်တွေကို အသိအတတ် ပညာတွေတတ်မြောက်စေခဲ့တယ်လို့လည်း ဖာသာ စိန်လှိုင်ဦးက ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရဟန်းအမတ် တရားစွဲဆိုခံရ

အင်္ဂလိပ်ကိုလိုနီခေတ် အပါအဝင် နောက်ပိုင်း မင်း၊ အစိုးရ အဆက်ဆက်မှာလည်း ရောမ ကက်သလစ် အသင်းတော်တွေရဲ့ ကျောင်းတွေက ဦးနေဝင်း အစိုးရလက်ထက် ပြည်သူပိုင် မသိမ်းခင် အထိ မြန်မာနိုင်ငံရဲ့ ပညာရေး လောကမှာ ရှေ့တန်းရောက်ခဲ့ပါတယ်။ ၁၈၆၀ ခုနှစ်မှာ စတင်ခဲ့တဲ့ ရန်ကုန်မြို့လယ်က စိန်ပေါလ်ကျောင်း (အခု အ-ထ-က ၆ ဗိုလ်တထောင်) လို မျိုး ပညာရေးမှာ နာမည်ကျော် ခဲ့တဲ့ ကျောင်းတွေ မြန်မာပြည် အနှံ့ မှာ ရှိခဲ့ပါတယ်။

ဘာသာရေး သွန်သင်ချက်တွေ အပြင် တိုင်းပြည်ရဲ့ ပညာရေး၊ လူမှုရေး တွေမှာလည်း အဲဒီလို အားစိုက်ခဲ့လို့ ကက်သလစ် သာသနာဟာ မြန်မာပြည်မှာ နှစ်ပေါင်း ၅၀၀ ကျော် တည်တံ့ ခိုင်မာလာတယ်လို့ ၁၉ ရာစု အကုန်ကတည်းက တည်ရှိလာခဲ့တဲ့ စိန်မေရီ ကာသီဒြယ် ကျောင်းရဲ့ လက်ရှိ ကျောင်းထိုင် ဆရာတော် ဖာသာ ဒေါမနစ် သက်တင်က ပြောပါတယ်။

ထူးခြားသမိုင်းမှတ်တိုင်တချို့

ဒါတွေအပြင် မြန်မာ ကက်သလစ် သာသနာမှာ ထူးထူးခြားခြား ကမ္ပည်းတင်ထိုက်တာတွေ လည်း ရှိပါသေးတယ်။ ဆဋ္ဌမမြောက် ပုပ်ပီယက်စ် လက်ထက် ၁၇၇၆ ခုနှစ် ရောမမြို့မှာ မြန်မာအက္ခရာ ခဲစာလုံးကို စမ်းသပ် တီထွင်ပြီး ပထမဆုံး အောင်မြင်စွာ ပုံနှိပ် စာအုပ် ထုတ်နိုင်ခဲ့တာ ဆိုရင် ပထမဆုံး မြန်မာပုံနှိပ်စာအုပ် အဖြစ် မှတ်တမ်းဝင်ပါတယ်။

ကက်သလစ် ဆရာတော် တချို့ဟာ မြန်မာတွေ အများစု ကိုးကွယ်တဲ့ ဗုဒ္ဓသာသနာတော်ရဲ့ ပိဋကတ် (၃) ပုံထဲက တချို့ကို အီတလီ ဘာသာ ပြန်ဆိုခဲ့တာတွေလည်း ရှိခဲ့သလို ကျောင်းသုံးစာအုပ်၊ အဘိဓာန်နဲ့ ဘာသာပြန် ကျမ်း အမျိုးမျိုးကို ပုံနှိပ် ထုတ်ဝေခဲ့တဲ့ စာပေဆိုင်ရာ အကျိုးပြုမှုတွေလည်း ရှိခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Nyein Chan Aye / BBC Burmese
Image caption နောက်လိုက်တချို့နဲ့ အတူ တွေ့မြင်ရတဲ့ ကာဒီနယ်မောင်ဘို

ထူးခြား သာသနာ မှတ်တိုင် တချို့

၁၇ ရာစု တုန်းက မြန်မာဘုရင် နေရာချထားပေးခဲ့တဲ့ မုံလှရွာ (လက်ရှိ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်) မှာ ပထမဆုံး ကက်သလစ် ရဟန်း ဖြစ်သင်ကျောင်းကို ၁၇၇၀ ခုနှစ် မှာ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ၁၇၉၃ မှာတော့ မြန်မာ တိုင်းရင်းသားထဲက ပထမဦးဆုံး ကက်သလစ် ရဟန်းတော် (၃) ပါး ကို မွေးထုတ် ပေးနိုင်ခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီး ရုံးစိုက်ရာ ဗာတီကန် နန်းတော်ကလည်း မြန်မာကက်သလစ် ဘာသာအပေါ် အသိအမှတ်ပြုပေးမှုတွေ ရှိခဲ့ပါတယ်။ မြန်မာကက်သလစ် ဘုန်းတော်ကြီး တချို့ကို ဘာသာရဲ့ ဒုတိယ အဆင့်အမြင့်ဆုံး ဖြစ်တဲ့ သူတော်မြတ် အဖြစ် သတ်မှတ်ပေးခဲ့ဖူးတာတွေ ရှိသလို ရာစုနှစ်များစွာ သာသနာ အခြေတည်လာခဲ့တဲ့ မုန်လှရွာ ဇာတိ ချားလ်စ်မောင်ဘို (၁၉၄၈ ဖွား) ကိုလည်း မြန်မာကက်သလစ် သာသနာပိုင် ဂိုဏ်းချုပ် ကာဒီနယ် အဖြစ် မြန်မာ သမိုင်းတလျှောက် ပထမဆုံးအကြိမ် အဖြစ် ၂ဝ၁၅ ခုနှစ်မှာ အသိအမှတ် ပြုပေးခဲ့ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
တိုင်းရင်းသားတွေ မြန်မာစိတ်မွေးကြဖို့ ဖြစ်နိုင်မလား

လက်ရှိအနေအထား

မြန်မာနိုင်ငံမှာ ၂၀၁၄ ခုနှစ် နောက်ဆုံးထုတ် သန်းခေါင်စာရင်းအရ စုစုပေါင်း လူဦးရေ ၅၂ သန်းရဲ့ ၆.၂ ရာခိုင်နှုန်းက ခရစ်ယာန် ဘာသာဝင်တွေ ဖြစ်ကြပါတယ်။ အဲဒီထဲမှာ အများစုက ပရိုတက်စတင့်ဂိုဏ်းဝင်တွေ ဖြစ်ကြတဲ့ နှစ်ခြင်း အသင်းတော်နဲ့ အင်္ဂလိကန် အသင်းတော်တွေ အပါအဝင် အခြား ဂိုဏ်းကွဲတွေ ဖြစ်ပြီး လူနည်းစုဖြစ်တဲ့ ရိုမန် ကက်သလစ် ဘာသာဝင် ဦးရေကတော့ လက်ရှိမှာ ၇၀၀,၀၀၀ ဝန်းကျင် ရှိပါတယ်။

အနာဂတ်ရည်မှန်းချက်

ကမ္ဘာ့မျက်နှာစာမှာ အရေးမပေးခံရတဲ့ သူတွေ၊ အစွန်အဖျားက ဖွံ့ဖြိုးဆဲ နိုင်ငံတွေကို ပိုမို အသိအမှတ် ပြုပေးနိုင်ဖို့ အတွက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကိုယ်တော်တိုင် ကြွချီလာတဲ့ အခုလို အချိန်အခါဟာ ထူးခြား ကောင်းမွန်လှတယ်လို့ သာသနာပိုင် ကာဒီနယ်ချားလ်စ်ဘိုက ယူဆပါတယ်။

မြန်မာ ကက်သလစ် သာသနာရဲ့ အနာဂတ် လမ်းပြ မြေပုံကတော့ လူမျိုးစုံ၊ ဘာသာစုံ မှီတင်းနေထိုင်နေထိုင်နေတဲ့ တိုင်းပြည်ရဲ့ ပညာရေး၊ ဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေးနဲ့ မေတ္တာတရား ဆောက်တည်ရေးပိုင်းတွေမှာ လူနည်းစု ဖြစ်ပေမယ့် လူအများစု နည်းတူ ညီအစ်ကို မောင်နှမ စိတ်အရင်းခံနဲ့ အတူကြိုးစား လုပ်ဆောင်သွားပြီး ခရစ်တော် ဘုရား ဟောကြားခဲ့သလို နိုင်ငံရဲ့ 'အလင်း' ဖြစ်ရဖို့ 'ဆား' ဖြစ်ရဖို့ ရည်စူးထားတယ်လို့ ကာဒီနယ် က မိန့်ကြားခဲ့ပါတယ်။

ကိုးကား ။ ။

(၁) ကာဒီနယ် ချားလ်စ်မောင်ဘိုနဲ့ ဘီဘီစီ မြန်မာပိုင်း သီးသန့် အင်တာဗျူး

(၂) သမိုင်းသုတေသီ ဖာသာ ပီတာစိန်လှိုင်ဦးနဲ့ ဘီဘီစီ မြန်မာပိုင်း သီးသန့် အင်တာဗျူး

(၃) စိန်မေရီ ကာသီဒြယ်ရဲ့ ကျောင်းထိုင် ဆရာတော် ဖာသာ ဒေါမနစ် သက်တင်နဲ့ ဘီဘီစီ မြန်မာပိုင်း သီးသန့် အင်တာဗျူး

(၄) ရေးသူ - ဆရာအောင်ညွန့်၊ မန္တလေး ကက်သလစ် သာသနာနှင့် ဘရင်ဂျီရွာကြီးများ

(၅) Donald Seekins, Historical Dictionary of Burma (Lanham, Scarecrow Press: 2006).

(၆) "Myanmar," World Christian Encyclopedia, 2nd. Ed., Vol. I, eds. David Barrett et. al. (Oxford, Oxford University Press: 2001).