လူထုဒေါ်အမာအကြောင်း လူမသိတဲ့ ၅ ချက်

ဓာတ်ပုံ မူပိုင် Ludu
Image caption လူထုဒေါ်အမာ (၁၉၁၅ -၂ဝဝ၈)

၁၉၁၅ နိုဝင်ဘာလ ၂၉ ရက်က မွေးခဲ့တဲ့ လူထုဒေါ်အမာဟာ စာပေနဲ့ နိုင်ငံရေး၊ ယဉ်ကျေးမှု နယ်ပယ်တွေမှာ ထင်ရှားသူ ဖြစ်သလို လူမှုကူညီရေးနဲ့ သာသနာရေး လုပ်ငန်းတွေကို လုပ်ဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

၁၉၃၆ ဒုတိယ တက္ကသိုလ် သပိတ်မှာ ပါဝင်လှုပ်ရှားခဲ့ပြီးနောက် မြန်မာ စာရေးဆရာမ တယောက် အဖြစ် ထင်ရှားလာသလို စစ်ပြီးခေတ်မှာ သတင်းစာ လုပ်ငန်း လုပ်ကိုင်တဲ့ အမျိုးသမီး အဖြစ် လူသိများခဲ့ပါတယ်။

သူ့ခင်ပွန်း လူထုဦးလှ နဲ့ သားတွေ၊ မောင်တွေ နိုင်ငံရေး လှုပ်ရှားမှုကြောင့် ဖမ်းဆီးခံခဲ့ရသလိုပဲ သူကိုယ်တိုင်လည်း ဖမ်းဆီး စစ်မေးခံရတာတွေ ရှိခဲ့ပါတယ်။ လူထုဒေါ်အမာရဲ့ ဘဝနဲ့ စာပေလက်ရာတွေ အကြောင်း လူသိများပေမယ့် သူ့ဘဝမှာ လူသိ သိပ်မများတဲ့ ဖြစ်ရပ် တချို့ကတော့

ဓာတ်ပုံ မူပိုင် Ludu
Image caption သပိတ်မှောက် ကျောင်းသူ မအမာ( နောက်တန်း ယာစွန် )

လူထုဒေါ်အမာ ရေးတဲ့ သီချင်း

ဒေါ်အမာ အသက် ၂၁ နှစ် အရွယ် တက္ကသိုလ် ကျောင်းသူ ဘဝက ဒုတိယ တက္ကသိုလ် သပိတ်မှာ ဆင်နွှဲရင်း သပိတ်မှောက် သီချင်းကို စပ်ဆိုခဲ့ပါတယ်။

အဲဒီအချိန်က ဂျပန်မှာ သွားပြီး ရိုက်ကူးခဲ့တဲ့ ဂျပန့်ရင်သွေး ဇာတ်ကားပါ မင်းသား မောင်မောင်စိုး သီဆိုတဲ့ မြခွာညို သီချင်းအလိုက် ကျွန်စိတ်မွေးတဲ့ တက္ကသိုလ်မှာ မနေလိုလို့ ထွက်ခဲ့တာ၊ ဒို့တတွေ ညီညာ ရုံးစုကာ ရွှေတိဂုံ စေတီမှာ ဆိုတဲ့ တက္ကသိုလ် သပိတ် သီချင်းကို လူထု ဒေါ်အမာနဲ့ မာဂရက် ဘိုးတေ သူငယ်ချင်း နှစ်ယောက် စပ်ဆိုခဲ့ကြပါတယ်။

လူထု ပျောက်ကွယ် နှစ် ၅ဝ

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဒေါက်တာ သန်းရင်မာ
Image caption သိန်းဖေမြင့်ရဲ့ သပိတ်မှောက် ကျောင်းသား ဝတ္ထု

ဒေါ်အမာ ဇာတ်ကောင်ပြု ခံရတဲ့ ဝတ္ထုတွေ

စာရေးဆရာ သိန်းဖေမြင့်ရဲ့ သပိတ်မှောက် ကျောင်းသား ဝတ္ထုဟာ ၁၉၃၆ ခုနှစ် သပိတ်က ကျောင်းသူ ကျောင်းသားတွေရဲ့ လှုပ်ရှားမှုကို နောက်ခံ ရေးဖွဲ့တာ ဖြစ်ပါတယ်။

ဒီထဲက ဇာတ်ဆောင် မထားမြင့်ဟာ လူထုဒေါ်အမာရဲ့ သွင်ပြင်ကို ကြည့်ပြီး ရေးဖွဲ့တာလို့ ပြောစမှတ် ရှိပါတယ်။

လူထုဒေါ်အမာ ကိုယ်တိုင်ကတော့ ဒီလို ရေးသားခံရတာကို မနှစ်ခြိုက်ဘူးလို့ ဆိုပါတယ်။

၁၉၆ဝ ကျော်မှာ ရေးတဲ့ ခင်ဆွေဦးရဲ့ အင်ကြင်းရဂုံ ဝတ္ထုမှာတော့ ဇာတ်ဆောင် သတင်းစာ ဆရာမကြီး ဒေါ်မေသက်ဟာ ဒေါ်အမာရဲ့ ပုံကို မှီးပြီး ရေးဖွဲ့တာလို့ ခင်ဆွေဦး က ပြန်ပြောင်း ရေးသားခဲ့ပါတယ်။

စာဆိုတော်နေ့နဲ့ မြန်မာစာပေ

ဓာတ်ပုံ မူပိုင် Ludu
Image caption ဥရောပရောက် လူထုဒေါ်အမာနဲ့ သခင်မ ဒေါ်ခင်လှ

ဂျပန်၊ ကျူးဘားနဲ့ အမေရိကန်

လူထုဒေါ်အမာ ဟာ ၁၉၆၂ နောက်ပိုင်း ကွယ်လွန်ချိန်ထိ ပြည်ပ ခရီးမသွားခဲ့ပါဘူး။ ၁၉၅ဝ ကျော်မှာတော့ စင်္ကာပူ၊ ရုရှနဲ့ အရှေ့အုပ်စု နိုင်ငံတွေ၊ ဒိန်းမတ် နိုင်ငံတို့ကို သွားခဲ့ပါတယ်။ သူဘဝမှာ သွားဖို့ ကြိုးစားပြီး မရောက်ခဲ့တဲ့ တိုင်းပြည်တွေထဲမှာ

- သူ တက္ကသိုလ် ကျောင်းသူ ဘဝက ဂျပန် ပြည်မှာ ဂျပန် စာပေနဲ့ ယဉ်ကျေးမှု ကို သင်ကြားဖို့ အစိုးရ ပညာသင်ဆု လျှောက်ခဲ့ပေမယ့် မရခဲ့ပါဘူး။ စစ်အတွင်းမှာ စာရေးဆရာမ ဒဂုန်ခင်ခင်လေးနဲ့ ဗမာ့ခေတ် ဦးအုန်းခင်၊ စာရေးဆရာ ဂျာနယ် ကျော် ဦးချစ်မောင်နဲ့ ဒေါ်မမလေး စုံတွဲတွေနဲ့ အတူ အဲဒီအချိန်က ကြီးပွားရေး မဂ္ဂဇင်း ထုတ်ခဲ့တဲ့ ဦးလှနဲ့ ဒေါ်အမာကို ဂျပန်ကို ယဉ်ကျေးမှု ဖလှယ်ရေး အတွက် လွှတ်ဖို့ မြန်မာ အစိုးရက စီစဉ် ခဲ့ပါသေးတယ်။ အဲဒါလည်း မဖြစ်မြောက် ခဲ့ပါဘူး။

- ကျူးဘားမှာ ဖြစ်နေတဲ့ ကက်စထရိုရဲ့ တော်လှန်ရေး ကို လေ့လာဖို့ ၁၉၆၂ မှာ မော်စကိုက တဆင့် သွားဖို့ စီစဉ်ခဲ့ပါတယ်။ မြန်မာပြည်မှာ စစ်အာဏာသိမ်းပွဲ ဖြစ်လို့ တရုတ်က လှည့်ပြန်ခဲ့တယ်လို့ ဒေါ်အမာက ဆိုရှယ်လစ် တိုင်းပြည်များသို့ စာအုပ်မှာ ရေးသားခဲ့ပါတယ်။ ဦးဝင်းဖေရဲ့ ဝင်းဖေလွယ်အိတ် အစီအစဉ်မှာတော့ ဆိုဗီယက် ခေါင်းဆောင် ခရုရှက်ရဲ့ ဖိတ်ကြားချက်နဲ့ မော်စကို သွားရင်း ကျူးဘား သွားဖို့ ကြိုးစားပေမယ့် အဲဒီအချိန်မှာ ဆိုဗီယက် တရုတ် ကွဲပြဲမှု ဖြစ်ပွားလို့ သဘောကွဲပြီး ပြန်လာတာလို့ ရေးပါတယ်။

- ၂ဝဝဝ ပြည့်နှစ်လောက်မှာ အမေရိကန်ကို လေ့လာဖို့ ဖိတ်ကြားခံရပေမယ့် တယောက်တည်း မသွားနိုင်တော့လို့ မရောက်ခဲ့ပါဘူး။

ဓာတ်ပုံ မူပိုင် Ludu
Image caption ရွှေဟင်္သာ ဆရာတော်ပုံတူကို ကြည်ညိုနေတဲ့ ဒေါ်အမာ

လူထုဒေါ်အမာနဲ့ ဘာသာရေး

လူထုဒေါ်အမာကို လက်ဝဲဆန်သူလို့ ယူဆသူ များပါတယ်။ ဒါပေမဲ့ သာသနာ့တန်ဆောင် ဆရာတော်ကြီးများ စာအုပ် ရေးသားခဲ့တဲ့ အပြင် အာဖရိကမှာ ပွင့်လန်းလာတဲ့ ဗုဒ္ဓသာသနာ ဆောင်းပါး ကို နှစ်ရှည် ရေးပြီး တောင်အာဖရိကက မြန်မာ ဘုန်းတော်ကြီးကျောင်း ဖြစ်မြောက်အောင် နှိုးဆော်တာလို သာသနာရေး ကိစ္စတွေ ဆောင်ရွက် ခဲ့ပါတယ်။

မန္တလေး ပရိယတ္တိ သာသနာ့ တက္ကသိုလ် ဖြစ်မြောက်ရေး၊ ဂိုအင်ကာ ရိပ်သာ ပေါ်ပေါက်ရေး ကိစ္စတွေ မှာ ဂေါပက အဖြစ် ပါဝင်ခဲ့သလို တောင်စလင်း ဆရာတော်နဲ့ အတူ ဗြဟ္မစိုရ် လူမှု ကူညီရေး အသင်း ထူထောင်ပြီး နာရေး ကူညီရေး လုပ်ငန်းတွေကို မြန်မာပြည်မှာ စတင်ခဲ့ပါတယ်။ အမေရိကန်ပြန် မိုးလေဝသ ညွှန်ကြားရေးမှူးချုပ် ဘဝကနေ ခေတ်မီ တရားပြ ဖြစ်လာတဲ့ ဆရာကြီး ဦးဌေးအောင်ရဲ့ အကြောင်းကို သာသနာနယ်က ပုဂ္ဂိုလ်တဦး အမည်နဲ့ ရေးတဲ့ ဆောင်းပါးတွေလည်း ရှိပါတယ်။

ဓာတ်ပုံ မူပိုင် Ludu
Image caption ရွှေရိုးဘကလေးရဲ့ ကာတွန်းများ

ဒေါ်အမာ မရေးဖြစ်တဲ့ စာအုပ်တွေ

စာပေ လွတ်လပ်ခွင့်တွေ တင်းကျပ် ခံလာရလို့ ၁၉၆၉ နောက်ပိုင်းမှာ ပထမ မြန်မာ ကာတွန်း ဆရာကြီး ရွှေရိုးဘကလေး အတ္ထုပ္ပတ္တိ နောက် အဆက် ကာတွန်း ဦးဘဂျမ်းရဲ့ အတ္ထုပ္ပတ္တိကို သူမရေးနိုင်ခဲ့ပါဘူး။

ရုပ်ရှင် ဒါရိုက်တာ စာရေးဆရာကြီး ဦးသုခ အတ္ထုပ္ပတ္တိကိုလည်း ကာယကံရှင်တွေနဲ့ မေးမြန်း စုဆောင်းပြီးမှ အကြောင်းကြောင်းကြောင့် မရေးဖြစ်ခဲ့ဘူးလို့ သိရပါတယ်။

သူ့ရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိကိုလည်း သပိတ် ကိစ္စတွေ ပါနေတဲ့ အတွက် ရန်ကုန် တက္ကသိုလ် ရောက်တဲ့ အကြောင်းမှာတင် ရပ်ထားခဲ့ရတယ်လို့ ဆိုပါတယ်။