မြန်မာပြည်ရဲ့ အမြုတေ ရတနာ

Image caption မြန်မာပြည်ရဲ့ ပြယုဂ် တက္ကသိုလ်

မြန်မာပြည်မှာ တန်ဖိုး အရှိဆုံး အရေးကြီးဆုံး နေရာ တခုပြပါ ဆိုရင် ဘာသာရေး နေရာတွေ၊ အုပ်ချုပ်ရေး စစ်ရေး အရ အရေးကြီးတဲ့ ဌာနတွေနဲ့ သယံဇာတတွေ ပေါတဲ့ ရေမြေ တောတောင် စိုက်ခင်းနဲ့ မြို့ကြီးတွေကို ပြသူ များပါလိမ့်မယ်။

တကယ်တော့ မြန်မာပြည်မှာ ပြည်သူလူထု အတွက် ထူးမြတ်တဲ့ နေရာကတော့ ပြုပြင်ရေးတွေ လမ်းပြမယ့် စာသင်ကျောင်းတွေ အထူးသဖြင့် ခေတ်မီ ထွန်းကားရေးကို ရှေ့ဆောင်မယ့် တက္ကသိုလ် ကျောင်းကြီးတွေ ဖြစ်ပါတယ်။

ဒီထဲက မြန်မာတက္ကသိုလ် အားလုံးရဲ့ မူလ မိခင် ရန်ကုန်တက္ကသိုလ်က ထိပ်ဆုံးက ရှိပါတယ်။

ဒီဇင်ဘာလ ၁ ရက်ဟာ ရန်ကုန် တက္ကသိုလ် ထူထောင်တာ ၉၇ နှစ် ပြည့်တဲ့ နေ့ပါ။

Image caption ရာစုတစု တက္ကသိုလ်နယ်မြေ

အနှစ် တရာ ချဉ်းလာပေမယ့် တက္ကသိုလ်ဟာ အိုဟောင်း မသွားဘဲ လူငယ်တွေကို ကမ်းလင့် ကြိုဆိုတုန်း၊ ပညာရေး ပြုပြင်ရေးတွေကို စောင့်ဆိုင်းတုန်း ဖြစ်ပါတယ်။

ဒီတက္ကသိုလ်ကို ပြောရင် ကမာရွတ် နယ်မြေက ကျောင်းအဆောက်အအုံ တွေကိုသာ ပြေးမြင်ကြပေမယ့် တခါက ရန်ကုန် တက္ကသိုလ် လို့ ပြောလိုက်ရင် ရန်ကုန် မြို့ အနှံ့က တက္ကသိုလ် ကျောင်းတွေနဲ့ နယ်တွေက တက္ကသိုလ် တွေရဲ့ မူလအစ ကောလိပ်တွေ အကျုံးဝင်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် University of Medicine - 1 Yangon Alumni Associati
Image caption ရန်ကုန် တက္ကသိုလ်ရဲ့ ဖက်စပ် ဆေးကောလိပ်

ဒီထဲမှာ ဆေး၊ စက်မှု၊ ပညာရေး၊ စီးပွားရေး၊ စိုက်ပျိုးရေး၊ သစ်တောနဲ့ တိမွေးကု တက္ကသိုလ်တွေ ပါခဲ့သလို စစ်တက္ကသိုလ်လည်း အကျုံးဝင် ဆက်နွယ်ခဲ့ပါတယ်။

မန္တလေး၊ မော်လမြိုင်၊ မကွေး စတဲ့ နယ်ကောလိပ် ကျောင်းတွေလည်း ရန်ကုန် တက္ကသိုလ် အုပ်ချုပ်မှု အောက်မှာ ရှိခဲ့ပါတယ်။

ဒါပေမဲ့ တက္ကသိုလ် အုပ်ချုပ်ရေး မနိုင်မနင်း ဖြစ်လာလို့ ကောလိပ်တွေကို သီးခြား အာဏာတွေ ပေးဖို့ ၁၉၆၁ ထဲက စဉ်းစား ခဲ့ကြပြီး ၁၉၆၄ မှာ တက္ကသိုလ် သီးခြားတွေ အဖြစ် ခွဲထုတ် ပေးခဲ့ပါတယ်။

ဒါကို ကျောင်းသားတွေ မစုမိအောင် ခွဲထုတ်တာလို့ ယူဆတာတွေ ရှိခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Wiki
Image caption မူလ ရန်ကုန် ကောလိပ်ကျောင်း

တက္ကသိုလ်အစ

ကာလကတ္တား တက္ကသိုလ် ဥပစာတန်း စာမေးပွဲဝင်ဖို့ ရန်ကုန် အထက်တန်းကျောင်းမှာ ကျောင်းသားတွေကို လက်ခံ သင်ကြား ရာကနေ ၁၈၇၈ က စပြီး မြန်မာပြည်မှာ ကောလိပ် ပညာရေး စတင်ခဲ့ပါတယ်။

၁၈၈၄ မှာတော့ ရန်ကုန် ကောလိပ်ကို အခု ဆေးရုံကြီးနားမှာ စဖွင့်ပါတယ်။

အမေရိကန် ခရစ်ယာန် အသင်းတွေက ဖွင့်တဲ့ ဘက်ပတစ် ကောလိပ်လည်း ပေါ်ထွန်းလာပြီး ဂျပ်ဆင် ယုဒသန် ကောလိပ် အဖြစ် ထင်ရှားခဲ့ပါတယ်။

၁၉၁ဝ ကျော်ကစပြီး မြန်မာပြည်မှာ သီးခြား တက္ကသိုလ် ပေးဖို့ ရန်ကုန် မန္တလေး မြို့ကြီးတွေမှာ တောင်းဆိုမှုတွေ ရှိလာပါတယ်။

၁၉၁၈ က စပြီး ဒီကောလိပ် နှစ်ခုကို ပေါင်းစည်းကာ တက္ကသိုလ် ဖွဲ့စည်းရေး အတွက် စတင် ဆောင်ရွက်ပါတယ်။

၁၉၂ဝ မှာ ဖွင့်လှစ်ချိန်မှာတော့ တက္ကသိုလ် ဥပဒေ တင်းကျပ်မှုကို မကြိုက်လို့ ကျောင်းသားတွေက သပိတ်မှောက်ပါတယ်။

နောက်ပိုင်း အစိုးရနဲ့ ကျောင်းသား၊ နိုင်ငံရေး သမားတွေ စေ့စပ်ရင်း ဥပဒေ ပြင်ဆင်ရေးတွေ ဖြစ်လာပါတယ်။

တက္ကသိုလ် အဆောက်အအုံ တွေကိုလည်း လောင်းကစားဝိုင်းတွေက ရတဲ့ ရန်ပုံငွေတွေ အလှူငွေတွေနဲ့ တည်ဆောက်ပါတယ်။

Image caption လွတ်လပ်ရေး အစ သမဂ္ဂကစ

၁၉၃ဝ ကျော်မှာ စတင် တည်ထောင်တဲ့ တက္ကသိုလ် သမဂ္ဂကနေ မြန်မာ့ လွတ်လပ်ရေး ခေါင်းဆောင်တွေကို မွေးထုတ် ပေးခဲ့ပါတယ်။

ဗိုလ်ချုပ် အောင်ဆန်း၊ ဦးနု ၊ ဦးဗဆွေ၊ ဗိုလ်ချုပ်ကြီး နေဝင်း၊ ဗိုလ်ချုပ်ကြီး စန်းယု၊ ဗိုလ်မှူးကြီး မောင်မောင်ခ၊ ဒေါက်တာ မောင်မောင် စတဲ့ မြန်မာပြည် ခေါင်းဆောင်တွေဟာ တက္ကသိုလ် ကျောင်းသားဟောင်းတွေနဲ့ သမဂ္ဂဝင် တွေ ဖြစ်ကြတာ များပါတယ်။

လက်ရှိ သမ္မတ ဦးထင်ကျော်ဟာလည်း မြန်မာစာ ပါမောက္ခရဲ့သား၊ အင်္ဂလိပ်စာ ပါမောက္ခရဲ့ တူ စသည်ဖြင့် တက္ကသိုလ် နယ်မြေမှာ ကြီးပြင်းခဲ့သူ ဖြစ်ပါတယ်။

သမဂ္ဂတွေက ထူထောင်ခဲ့တဲ့ ကျောင်းသား သံမဏိတပ် ခေါင်းဆောင်တွေဟာလည်း တပ်မတော် ခေါင်းဆောင်တွေ ဖြစ်လာခဲ့ပါတယ်။

Image caption ကမ္ဘာကျော် ဘောဂဗေဒ ပညာရှင် ဒေါက်တာလှမြင့်

တက္ကသိုလ်နဲ့ ဘာသာစကား

ရန်ကုန် တက္ကသိုလ်မှာ မြန်မာစာက လွဲပြီး အဓိက သင်ကြားရေး ဘာသာအဖြစ် အင်္ဂလိပ် ဘာသာကို အသုံးပြုခဲ့ပါတယ်။

ဒါကြောင့် ရန်ကုန် တက္ကသိုလ် ထွက် ပညာတတ်တွေနဲ့ ပါမောက္ခတွေ ပြည်ပမှာ အလုပ်ရလွယ်တဲ့ တချိန် ရှိခဲ့ပါတယ်။

ဒီထဲက ပါမောက္ခချုပ် ဖြစ်ခဲ့တဲ့ ဒေါက်တာ လှမြင့်ဟာ အောက်စဖို့ဒ် တက္ကသိုလ်မှာ ပါမောက္ခ ဖြစ်ခဲ့သလို စီးပွားရေး တက္ကသိုလ်က ပါမောက္ခ ဒေါက်တာ ဖင်ဒလေ ဟာလည်း ကိုလံဘီယာ တက္ကသိုလ်မှာ ပါမောက္ခအဖြစ် ခုထိ ထမ်းဆောင် နေဆဲ ဖြစ်ပါတယ်။

ရန်ကုန် တက္ကသိုလ်ကို အခြေပြုပြီး စာပေ အနုပညာနဲ့ သုတေသန လှုပ်ရှားမှုတွေလည်း ရှိခဲ့ပါတယ်။

ဒီထဲက ထင်ရှားတာတွေက မြန်မာ နိုင်ငံ သုတေသန အသင်း၊ ဂန္ထလောက မဂ္ဂဇင်း၊ မြန်မာ အဘိဓာန်နဲ့ ရန်ကုန် တက္ကသိုလ် အနုပညာ အသင်းတွေ ဖြစ်ပါတယ်။

ရန်ကုန် တက္ကသိုလ် ပါမောက္ခချုပ်ဟောင်း ကွယ်လွန်

အမျိုးသမီးသိပ္ပံသင် အများဆုံးတိုင်းပြည်

Image caption ပထမဆုံး ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ရ လယ်တီဆရာတော်

တက္ကသိုလ် ဂုဏ်ထူးဆောင် ဘွဲ့များ

ရန်ကုန် တက္ကသိုလ်က ၁၉၂၁ က စပြီး ဂုဏ်ထူးဆောင် ဘွဲ့တွေ ပေးခဲ့ပါတယ်။

ပထမဆုံး ဂုဏ်ထူးဆောင် ပါရဂူ ရသူက လယ်တီ ဆရာတော် ဖြစ်ပါတယ်။

တောင်ခွင် သာသနာပိုင် ဆရာတော်၊ ဒုတိယ အဓိပတိ ဦးဆက်၊ ဒုတိယ အဓိပတိ ဦးဧမောင် ၊လွှတ်တော် ဥက္ကဋ္ဌ ပျော်ဘွယ် ဦးမြ၊ သမ္မတဟောင်း ဆာဘဦး၊ ဥပဒေ ပါမောက္ခဟောင်း ဦးကျော်မြင့် စတဲ့ မြန်မာတွေ ထဲက ပါရဂူ ဘွဲ့ရသူတွေ ရှိခဲ့ပြီး မကြာခင်က ဂုဏ်ထူးဆောင် ဘွဲ့ပေးတာတွေ ပြန်စခဲ့ပါတယ်။

ပြည်ပ ခေါင်းဆောင်တွေ မြန်မာပြည်ကို လာရင် ဒေါက်တာ ဘွဲ့ပေးတာလည်း ဦးနုခေတ်က ရှိခဲ့ပြီး သီဟာနု၊ ဟိုချီမင်း၊ တီးတိုး၊ ဘန်ဂူရီယန် စတဲ့ ခေါင်းဆောင်တွေ ပါပါတယ်။

စာရေးဆရာ လယ်တီ ပဏ္ဍိတ ဦးမောင်ကြီး၊ မဟာဂီတ ပညာရှင် ဒေါ်စောမြ အေးကြည်၊ အငြိမ့်မင်းသမီး အမာစိန်၊ ကာယဗလ ဦးဇော်ဝိတ် တို့ကို ဂုဏ်ထူးဆောင် မဟာဝိဇ္ဇာနဲ့ ဝိဇ္ဇာဘွဲ့တွေ အပ်နှင်းခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Yangon University Library
Image caption ရန်ကုန် တက္ကသိုလ် စာကြည့်တိုက်

ရန်ကုန် တက္ကသိုလ်က ထူးခြားတဲ့ စာမေးပွဲ နှစ်ခု

၁၉၄၂ စစ်ဖြစ်စမှာ ဂုဏ်ထူးတန်း ကျောင်းသား တချို့ကို ရွှေတောင်ကြားက ပဲခူးတိုင်း မင်းကြီး အိမ်မှာ စာမေးပွဲ စစ်ပေးပြီး အောင်စာရင်းကို မန္တလေးက ထုတ်ပေးခဲ့ပါတယ်။

၁၉၄၄ စစ်အတွင်းမှာတော့ စစ်ဖြစ်လို့ စာမေးပွဲ မဖြေလိုက်ရတဲ့ နောက်ဆုံးနှစ် ကျောင်းသား တွေကို တာမွေ ဗျိုင်းရေအိုးစင်လမ်း တက္ကသိုလ်မှာ စစ်ပေးပါတယ်။

လာဖြေသူ ကျောင်းသား အများစုက စစ်ပြေးရင်း စာအုပ်တွေ ပျောက်ကုန်ပြီး စာတွေ မမှတ်မိလို့ လျှော့ပေါ့ပြီး နှုတ်မေးနဲ့ အအောင်ပေးခဲ့ရပါတယ်။

စစ်ပြီးစမှာ တက္ကသိုလ်ကို မဟာမိတ် တပ်တွေ သိမ်းထားလို့ မဂိုလမ်းမှာ အရေးပေါ် တက္ကသိုလ် ဖွင့်ခဲ့ရသလို ဆေးကျောင်းသား တွေ ဘွဲ့အတွက် ဘုံဘေမှာ သွားဖြေခဲ့ရပါတယ်။

တက္ကသိုလ် စာကြည့်တိုက်မှာ ထားတဲ့ ရှေးဟောင်း အနုလက်ရာနဲ့ စာပေတွေ စစ်ကြောင့် ပျက်စီးခဲ့သလို အာရှမှာ တရုတ်နဲ့ ပတ်သက်ပြီး အထောက်အထား စုံလင်တဲ့ ရန်ကုန် တက္ကသိုလ်က အထောက်အထား တွေကို ဂျပန် ယူသွားတယ် လို့လည်း ပြောစမှတ် ရှိပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption တက္ကသိုလ် ကျောင်းသားတွေ ဝန်းရံထားတဲ့ ဒေါ်အောင်ဆန်းစုကြည်

၁၉၆၂ နဲ့ တက္ကသိုလ်

မြန်မာပြည် နိုင်ငံရေး ရဲ့ ရိုက်ခတ်မှုတွေကို အမြဲကြုံခဲ့ရတဲ့ ရန်ကုန် တက္ကသိုလ်ဟာ ၁၉၆၂ အာဏာသိမ်းမှု အပြီး တက္ကသိုလ် အဖြစ် သီးခြား မရပ်တည်နိုင်တော့ဘဲ အစိုးရ ထိန်းချုပ်မှု အောက် ရောက်ခဲ့ပါတယ်။

တက္ကသိုလ်မှာ အစဉ်အလာ အားဖြင့် နိုင်ငံ အကြီးအကဲတွေက အဓိပတိ အဖြစ် တာဝန်ယူတဲ့ ဓလေ့ ဟာလည်း ၁၉၆၄ မှာ တက္ကသိုလ်တွေ ခွဲဖြာ ဖွဲ့စည်းပြီးနောက် ပျောက်ဆုံးသွားပါတယ်။

မြန်မာပြည် တက္ကသိုလ်များရဲ့ နောက်ဆုံး အဓိပတိ ကတော့ ပညာရေးနဲ့ ကျန်းမာရေး တာဝန်ခံ ဗိုလ်မှူးကြီး လှဟန် ဖြစ်ပါတယ်။

၁၉၆၂ ဇူလိုင်လမှာ ဖြစ်တဲ့ ဆဲဗင်း ဇူလိုင် အရေးအခင်းမှာ ကျောင်းသား အများအပြား ပစ်ခတ် ဖြိုခွဲခံရပြီး သမဂ္ဂ အဆောက်အအုံပါ ဗုံးခွဲခံရပါတယ်။

ဒီနောက် ဖြစ်ပွားတဲ့ တက္ကသိုလ် ရွှေရတု၊ ဦးသန့်၊ အလုပ်သမား အရေးအခင်း စတာတွေ မှာလည်း တက္ကသိုလ် နယ်မြေနဲ့ အနီးတဝိုက် ကို ရိုက်ခတ်မှုတွေ ရှိခဲ့ပြီး ၁၉၈၈ နောက်ပိုင်းမှာ ကျောင်းသား အများအပြား နယ်စပ် ထွက်ပြီး တော်လှန်ရေးတွေ လုပ်ခဲ့ပါတယ်။

တက္ကသိုလ် သမဂ္ဂဟောင်းနေရာမှာ အဆောက်အအုံ ပြန်မဆောက်ဖို့ ဗကသ ပြော

တက္ကသိုလ် ဆရာများအသင်း နိုင်ငံလုံးဆိုင်ရာ စုံညီအစည်းအဝေး

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
၈၈ အပေါ် သမိုင်းပါမောက္ခရဲ့ သုံးသပ်ချက်

၈၈ သမိုင်း မှတ်တမ်း ဓာတ်ပုံများ

ဖုန်းမော်နေ့ ဖြစ်စဉ်

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
လွန်ခဲ့တဲ့ ၂၉ နှစ်က စက်တင်ဘာ ၁၈
Image caption နိုင်ငံတကာ ဧည့်သည်တွေ အလာများတဲ့ ရန်ကုန် တက္ကသိုလ်

တက္ကသိုလ် ထူထောင်ရေး

မြန်မာပြည် တံခါး ပြန်ပွင့်ပြီးနောက် တက္ကသိုလ် ထူထောင် အဆင့်မြှင့်ရေး အတွက် ကြိုးပမ်းတာတွေ ရှိခဲ့ပေမယ့် ခုထိ အစိုးရ ထိန်းချုပ်မှု အောက်က လွတ်တဲ့ တက္ကသိုလ် ထူထောင်ဖို့ မနီးစပ်သေးပါဘူး။

လာမည့် ရာပြည့် မတိုင်ခင် တက္ကသိုလ်ကို စစ်ကြီး မဖြစ်ခင်ကလို အရှေ့တိုင်းရဲ့ အောက်စဖို့ဒ် ပြန်ဖြစ်ဖို့က အလှမ်းဝေး နေပါသေးတယ်။

မြန်မာပြည် တက္ကသိုလ်တွေ အဆင့်မြင့်မှ နိုင်ငံ အုပ်ချုပ်ရေး၊ စီးပွားရေးနဲ့ လူမှု ဖွံ့ဖြိုးရေး တွေမှာ အသုံးဝင်မယ့် ပညာတတ်တွေ မွေးထုတ် နိုင်မှာပါ။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဘီဘီစီရဲ့ အမျိုးသမီး ၁ဝဝ - ပါမောက္ခ သရဖီသန်း
Image caption ရန်ကုန်တက္ကသိုလ် သင်္ကေတ သစ်ပုတ်ပင်

တက္ကသိုလ် မှတ်စု

လက်ရှိ တက္ကသိုလ် ကျောင်းသားဟောင်းထဲမှာ အသက်အကြီးဆုံးက ၁၉၁၉ မှာ မွေးတဲ့ သမိုင်း ပညာရှင် ဒေါ်ကြန် ဖြစ်ပါလိမ့်မယ်။

အရင်ကလည်း အသက် ၁ဝ၄ နှစ်ထိ နေသွားတဲ့ အိုင်စီအက် ဦးကြင်နဲ့ စာရေးဆရာမ ဒေါ်စောရင်တို့ ရှိခဲ့ကြပါတယ်။

တက္ကသိုလ် ပါမောက္ခဟောင်း ထဲမှာတော့ သင်္ချာ ပါမောက္ခဟောင်း ဦးဘတုတ်က အသက် အကြီးဆုံး ဖြစ်ပါတယ်။

တက္ကသိုလ်မှာ အကြာဆုံး ထမ်းဆောင်ခဲ့တဲ့ ပါမောက္ခတွေထဲ ပထမဆုံး မြန်မာထဲက ပါမောက္ခ ဖြစ်တဲ့ ဦးဖေမောင်တင် ပါသလို ပါမောက္ခချုပ်ဟောင်း ဒေါက်တာ မောင်မောင်ခလည်း ပါပါတယ်။

ဓာတ်ပုံ မူပိုင် Wiki
Image caption ပါမောက္ခချုပ် ဒေါက်တာ ထင်အောင်

ပထမဆုံး ပါမောက္ခချုပ် ရာထူးကို ရခဲ့သူက ဒေါက်တာ ထင်အောင် ဖြစ်ပြီး စစ်ပြီး ကောလိပ်တွေကို မဟာဌာနတွေ အဖြစ် ပေါင်းစည်းချိန်မှာ ခန့်အပ်ခဲ့တာပါ။

အစက တက္ကသိုလ် အုပ်ချုပ်ရေး အရာရှိ ခေါ်ပေမယ့် နောက်ပိုင်း ပါမောက္ခချုပ် အဖြစ် အမည် ပြောင်းခဲ့ပါတယ်။

တက္ကသိုလ်ရဲ့ ပထမဆုံး အမျိုးသမီး ပါမောက္ခကတော့ ၁၉၄၇ မှာ ခန့်အပ်တဲ့ သားဖွားမီးယပ် ပညာ ပါမောက္ခ ဒေါ်ရင်မေ ဖြစ်ပါတယ်။

၁၉၅ဝ ပြည့်နှစ်တွေမှာ မဟာဌာနမှူး အဖြစ် ပထမဆုံး ခေတ္တ ခန့်ထားခံရတဲ့ အမျိုးသမီးကတော့ ပညာရေး ပါမောက္ခ ဒေါက်တာ ကေမြရီ ဖြစ်ပါတယ်။

ဆရာကြီးဦးရာဇတ်ရဲ့ ပုံတူ ကြေးရုပ်ဖွင့်လှစ်

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
လွတ်လပ်အတွေးဆွေးနွေးဖလှယ်