ငြိမ်းချမ်းရေးနှစ် ရည်မှန်းချက် ဘယ်နေရာရောက်နေသလဲ ( အပိုင်း-၂)

စိုင်းထွန်းအောင်လွင်

အစိုးရရဲ့ ၂၀၁၇ ငြိမ်းချမ်းရေးနှစ် ရည်မှန်းချက် ဘယ်ရောက်နေသလဲ ဆိုတာ စိုင်းထွန်းအောင်လွင်က အပိုင်း (၁) (၂) ခွဲပြီး တင်ပြပေးနေတာပါ။

( အခုအပိုင်း (၂) မှာတော့ အန်စီအေ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေနဲ့ အစိုးရအကြား ငြိမ်းချမ်းရေးဆွေးနွေးမှုတွေက ဘယ်လောက် တိုးတက်မှု ရှိခဲ့သလဲ ပဋိပက္ခတွေ လျှော့ချနိုင်ခဲ့သလားဆိုတဲ့ အခြေအနေကို အဓိကထား မီးမောင်းထိုးတင်ပြမှာ ဖြစ်ပါတယ်။)

-

အန်စီအေ အပစ်ရပ်စာချုပ်ကိုလက်မှတ်မထိုးသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေထဲမှာ အဓိကကျတဲ့ မဟာမိတ် အုပ်စုနှစ်စုရှိနေတာပါ။

မဟာမိတ် နှစ်ဖွဲ့စလုံးမှာ မပါတာဆိုလို့ နာဂဆိုရှယ်လစ်ကောင်စီ တဖွဲ့ပဲရှိသလို သူတို့အဖွဲ့ဟာနောက်ပိုင်းနှစ်တွေအတွင်း မြန်မာအစိုးရ စစ်တပ်နဲ့ တိုက်ခိုက်မှု လုံးဝ မရှိသလို အိန္ဒိယ စစ်တပ်နဲ့သာ တိုက်ခိုက်မှု ရှိတဲ့အဖွဲ့လည်းဖြစ်ပါတယ်။

အန်စီအေ စာချုပ်မှာ လက်မှတ်ရေးထိုးဖို့ ကျန်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ စုစုပေါင်း ၁၃ ဖွဲ့ ရှိနေပါတယ်။အဲဒီအဖွဲ့တွေကတော့ ကေအိုင်အို ၊ ဝ UWSA ၊ SSPP/SSAရှမ်းမြောက် ၊ ကိုးကန့် MNDAA ၊ တအာင်းပလောင် TNLA ၊ မိုင်းလား NDAA ၊ ကရင်နီ KNPP ၊ မွန်ပြည်သစ် ၊ လားဟူ LDU ၊ ရခိုင့်တပ်မတော် အေအေ ၊ ရခိုင်အမျိုးသားကောင်စီ အေအန်စီ ၊ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ NSCN ( K) ၊ WNO တို့ပဲဖြစ်ပါတယ်။

လက်ရှိ အန်စီအေ စာချုပ်အခြေပြု ငြိမ်းချမ်းရေး ဖြစ်စဉ် အစောပိုင်းကာလဖြစ်တဲ့ သမ္မတ ဦးသိန်းစိန်ကို ပြန်ကြည့်ရင် တိုင်းရင်းသား တပ်ပေါင်းစု အနေနဲ့ ကေအိုင်အို ဦးဆောင်တဲ့ UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရာယ် ကောင်စီ UNFC တခုသာ အဓိက အနေနဲ့ ရှိခဲ့ပါတယ်။ အခု ၂၀၁၇ မှာတော့ ဝ ဦးဆောင်တဲ့ FPNCC ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးမှု ညှိနှိုင်းမှုကော်မတီ ဆိုတာ ပေါ်ပေါက်လာခဲ့သလို အဲဒီ အဖွဲ့ဟာ အပစ်မရပ်သေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်အဖွဲ့တွေအနက် စစ်အင်အားအများဆုံးရှိတဲ့ မဟာမိတ်အဖွဲ့လည်း ဖြစ်လာတာပါ။ အဲဒီမဟာမိတ် အဖွဲ့ ပေါ်ပေါက်ပြီးနောက် ကေအိုင်အိုလို UNFC အဖွဲ့မှာ ဦးဆောင်နေတဲ့ အဖွဲ့ကလည်း အဲဒီအဖွဲ့နဲ့ ပူးပေါင်းခဲ့တာတွေ့ရပါတယ်။

အစိုးရဘက်ကတော့ အဲဒီတပ်ပေါင်းစု ၂ ခုထဲက UNFC မဟာမိတ် အဖွဲ့ကိုသာ တရားဝင်လက်ခံဆွေးနွေးမှုပြုနေတာပါ။ လက်ရှိအချိန်အထိ UNFC အဖွဲ့မှာတော့ ကရင်နီ KNPP ၊ မွန်ပြည်သစ် ၊ လားဟူနဲ့ အေအန်စီ အဖွဲ့ ၄ ဖွဲ့ပဲ ကျန်ရှိနေတာ ဖြစ်ပါတယ်။ အင်အားရှိတဲ့ ရှမ်းမြောက်တပ်ဖွဲ့ SSPP/SSA ကတော့ ယူအန်အက်ဖ်စီကနေ ထွက်စာတင်ထားသလို ဝ ဦးဆောင်တဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့မှာလည်း ပါဝင်နေတဲ့ အဖွဲ့လည်းဖြစ်ပါတယ်။

ထူးခြားချက်အနေနဲ့ရှိနေတာကတော့ အန်စီအေ မထိုးသေးတဲ့ အဖွဲ့ ၁၃ ဖွဲ့ထဲက အဖွဲ့အများစုက ပြီးခဲ့တဲ့ စစ်အစိုးရလက်ထက်မှာ တဖွဲ့ချင်းစီ အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့ဖူးပြီး နိုင်ငံရေးအရ အဖြေမထွက်ခဲ့တဲ့ အမျိုးသား ညီလာခံကို တက်ရောက်ခဲ့ဖူးတဲ့အဖွဲ့တွေလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် SSPP-info
Image caption ရှမ်းမြောက် SSPP/SSA တပ်ဖွဲ့ဝင်တွေ

(က) အစိုးရနဲ့လည်း ဆက်မဆွေးနွေးဖြစ် ၊ ၂၀၁၇မှာ လက်မှတ်မထိုးဖြစ်

-

လာမဲ့နိုဝင်ဘာလ ၁၆ ရက်နေ့မှာ အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ ရန်ကုန်မှာသွားဆွေးနွေးဖြစ်မှာလို့ ဆိုပြီး နိုဝင်ဘာလအတွင်းက ထိုင်းနိုင်ငံ ချင်းမိုင်မှာ သတင်းမီဒီယာတွေကို ပြောဆိုခဲ့သူကတော့ UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီအဖွဲ့က ဦးထွန်းဇော်ဖြစ်ပါတယ်။

အစိုးရနဲ့ယူအန်အက်ဖ်စီ အဖွဲ့ဝင်တွေအကြား အန်စီအေ အပစ်ရပ်စာချုပ်လက်မှတ်ထိုးနိုင်ရေးအတွက် နဝမအကြိမ်ဆွေးနွေးဖို့ အသင့်ဖြစ်နေပြီလို့ ပြောခဲ့ပေမဲ့ တကယ်တမ်းအဲဒီဆွေးနွေးပွဲကတော့ ဆက်ဖြစ်မလာခဲ့ပါဘူး

ဆွေးနွေးပွဲကို အကန့်အသတ်မရှိရွှေ့ဆိုင်းတယ်လို့ ကြေညာခဲ့ရပါတယ်။ အန်အယ်လ်ဒီ အစိုးရတက်ပြီး ၁၆ လတာကာလအတွင်း ယူအန်အက်ဖ်စီနဲ့ အစိုးရအကြား ဆွေးနွေးမှု ၈ ကြိမ်ရှိခဲ့ပါတယ်။

ယူအန်အက်ဖ်စီတပ်ပေါင်းစုဟာ အန်စီအေစာချုပ်ကို လက်ခံတဲ့တပ်ပေါင်းစုဖြစ်ပြီး သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာ အားလုံးပါဝင်ခွင့်မရှိတဲ့အတွက် အန်စီအေ အပစ်ရပ်ရေးမှာ လက်မှတ်မထိုးခဲ့တဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။ အန်စီအေ စာချုပ်လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေအနေနဲ့ စာချုပ်ပါ အချက်တွေကိုု အကောင်ထည်ဖော်မှုတွေနဲ့ အပစ်ရပ်ရေးလုပ်ငန်းစဉ်ခိုင်မာမှုအတွက် အခက်အခဲတွေ ရှိနေတာကို အခြေခံပြီး အာမခံချက်ပိုရှိနိုင်တဲ့ အချက်အလက်တွေကို တင်ပြပြီး အန်စီအေ အပစ်ရပ်စဲရေးမှာ ပါဝင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

ဒါ့အပြင် လွတ်လပ်တဲ့ နိုင်ငံရေးဆွေးနွေးမှုတွေ ပေါ်ပေါက်ဖို့ နိုင်ငံရေးမူဘောင်ပြင်ဆင်ဖို့အချက်တွေနဲ့ အန်စီအေ အပစ်ရပ်စာချုပ်ပါ လိုက်နာရမဲ့ တာဝန်တွေ စည်းမျဉ်း စည်းကမ်းတွေနဲ့ ပတ်သက်လို့ မပြေလည်မှုတွေ ပေါ်ပေါက်ခဲ့ရင် ပြည်တွင်းနဲ့ နိုင်ငံတကာက ဥပဒေပညာရှင်တွေနဲ့ တရားသူကြီးတွေပါဝင်တဲ့ လွတ်လပ်တဲ့ ဖျန်ဖြေရေး ကော်မရှင်ရဲ့ အဆုံးအဖြတ်ခံယူဖို့စတဲ့ အချက်တွေပါဝင်ပါတယ်။

UNFC အဖွဲ့ဝင် ကေအန်ပီပီ ကရင်နီကတော့ သူတို့ အနေနဲ့ အခုအထိ ဘာကြောင့်လက်မှတ်မထိုးနိုင်သေးသလဲဆိုတာ လွန်ခဲ့တဲ့အပတ်ကပဲ ပြည်သူကို အသိပေးရှင်းလင်းချက်ဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကျင်းပတဲ့ နေရာမှာ အားလုံးပါဝင်နိုင်ခြင်းမရှိသလို တင်ပြဆွေးနွေး သဘောတူညီမှု ရယူမှုတွေမှာလည်း အားလုံးသဘောဆန္ဒမပါတဲ့အတွက် ရလာဒ်ကောင်းတွေ မရတာ ဂျေအမ်စီ အပစ်ရပ်စောင့်ကြည့်ရေးကော်မတီမှာ ပြည်တွင်းက အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာက အခန်းကဏ္ဍနည်းနေတာတွေကို ကေအန်ပီပီဘက်က အဓိက ထောက်ပြထားပါတယ်။

ဒါ့အပြင် အပစ်ရပ်အဖွဲ့တွေနဲ့ တိုက်ပွဲပြန်ဖြစ်နေတာတွေ စာချုပ်ပါ အချက်အလက်ကို အကောင်ထည်ဖော်တဲ့ နေရာတွေမှာလည်း အခက်အခဲတွေရှိနေတာကို တွေ့ရတယ်လို့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ အတွင်းရေးမှူး(၁) ခူးပလူးရယ်က ပြောပါတယ်။

မူဝါဒရေးရာ မဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒေါက်တာဆုမွန်သဇင်အောင်ကတော့

'အန်စီအေ စာချုပ်အတိုင်းကျင့်သုံးတဲ့နေရာမှာ အခက်အခဲတွေတွေ့ရပြီး စာချုပ်ပါအချက်တွေကို အကောင်ထည်ဖော်မှုတွေမှာ ပါဝင်သူတွေအနေနဲ့ ဖြစ်စဉ်အပေါ် ယုံကြည်မှုရှိလာအောင် ငါတို့ဟာ လက်မှတ်ထိုးထားတယ်ဒါပေမဲ့ ဒီလက်မှတ်ထိုးထားတာဟာ ငါတို့ကို ပြန်ပြီးချုပ်မိတဲ့ အရာတခုလို့ မထင်ပဲနဲ့ ဒါဟာငါတို့ကို အမျိုးသားနိုင်ငံတော်နဲ့ ပြည်ထောင်စုတည်ဆောက်ရေးအတွက် တကယ်သွားနိုင်မှာလား။ ပဋိပက္ခတွေ မြေပြင်မှာ တကယ်လျှော့ချပြီး ငါတို့ဒေသတွေ တကယ်တိုးတက်စေမှာလားဆိုတဲ့ အမြင်တွေနဲ့ ဖြစ်စဉ်အပေါ် ယုံကြည်မှုပိုပြီးရှိဖို့ လိုအပ်တာပေါ့နော်။ အဲဒီလိုလုပ်မှလည်း အန်စီအေ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေနဲ့ ပဋိပက္ခဒေသကအဖွဲ့တွေကလည်း ဒီလိုအချက်တွေကို ကြည့်ခြင်းအားဖြင့် အန်စီအေကိုထိုးလာဖို့ အတွက် မျှော်လင့်ချက်တွေ ရှိလာစေလိမ့်မယ်။ 'လို့မှတ်ချက်ပြုပါတယ်။

လတ်တလောမှာတော့ ယူအန်အက်ဖ်စီ အဖွဲ့ထဲက မွန်ပြည်သစ်ကတော့ တခြား ယူအန်အက်ဖ်စီအဖွဲ့ဝင်တွေ မပါပဲ လက်မှတ်ထိုးမထိုးဆိုတာ သူတို့ရဲ့ ဌာနချုပ်မှာ ဗဟိုကော်မတီ အစည်းအဝေးခေါ်ပြီး ဆွေးနွေးနေပါတယ်။

တပ်မတော်နဲ့ စစ်ရေးတင်းမာမှု တိုက်ခိုက်မှုတွေ ရှိတတ်တဲ့ ကေအိုင်အို ၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA တို့ဟာလည်း အစောပိုင်း ဆွေးနွေးမှုတွေမှာ ယူအန်အက်ဖ်စီကိုယ်စားလှယ်အဖြစ်ပါခဲ့ပေမဲ့ ဝ ဦးဆောင်တဲ့ မြောက်ပိုင်း FPNCC အဖွဲ့ပေါ်ပေါက်လာပြီးနောက်မှာ ယူအန်အက်ဖ်စီနဲ့ အစိုးရဆွေးနွေးပွဲတွေမှာ မပါဝင်တော့တာလည်း တွေ့ရပါတယ်။

ဓာတ်ပုံ မူပိုင် Gam Marip
Image caption ကေအိုင်အို ခေါင်းဆောင်အချို့ကို UNFC ခေါင်းဆောင် အချို့နဲ့အတူတွေ့ရစဉ်

အစိုးရဘက်ကတော့ မကြာခင်ကာလအတွင်းမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့အနေနဲ့ အန်စီအေ စာချုပ်မှာ လက်မှတ်ရေးထိုးဖို့ မျှော်လင့်နေတာပါ။

ပဋိပက္ခလျှော့ချရေးမှာအရေးပါနိုင်တဲ့ တကယ်လည်း တိုက်ပွဲတွေဖြစ်နေတဲ့ ကချင်ကေအိုင်အိုလိုအဖွဲ့တွေနဲ့ အန်စီအေ လက်မှတ်ထိုးမလား ဒါမှမဟုတ် အရင်ကတော့ဖြစ်ဖူးပေမဲ့ နောက်ပိုင်းသိပ်မဖြစ်တော့ပဲ အန်စီအေမှာလည်း လက်မှတ်မထိုးသေးတဲ့ မွန်တို့လိုအဖွဲ့တွေနဲ့ ထိုးမလားဆိုတာ ကြည့်ရမယ့် အရာတွေဖြစ်နေတယ်လို့ ဒေါက်တာ ဆုမွန်သဇင်အောင်က ပြောပါတယ်။ အန်စီအေစာချုပ်မှာ ပဋိပက္ခသိပ်ကြီးကြီးမားမဖြစ်တဲ့အဖွဲ့တွေက လက်မှတ်ထိုးမယ်ဆိုရင်လည်း သက်ဆိုင်ရာ အဖွဲ့တွေရဲ့ နယ်မြေတွေကဒေသခံလူထုရဲ့ အသံတွေက နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပါလာတော့ ကောင်းပေမဲ့ ပဋိပက္ခလျှော့ချရေးဘက်က ကြည့်ရင်တော့ ဒါဟာ ထိရောက်မှု ရှိမှာမဟုတ်ဘူးလို့ ဒေါက်တာဆုမွန်သဇင်အောင်က ပြောပါတယ်။

(ခ) ပဋိပက္ခလျှော့ချရေး ယန္တရားတွေကို ဂရုမပြုခဲ့

-

စေ့စပ်ညှိနှိုင်းမှုတွေမှာ အောင်မြင်မှု မပြနိုင်ပဲ မြေပြင် အခြေနေတွေပိုဆိုးလာခဲ့ရင် Process Fatique လို့ ခေါ်တဲ့ ဖြစ်စဉ်အပေါ် စိတ်ပျက်အားကုန်မှုတွေ ဖြစ်လာတတ်ပြီး ဖြစ်စဉ်က ပဋိပက္ခစီမံဖို့လောက်ပဲဖြစ်သွားမယ်ဆိုတဲ့ ပဋိပက္ခဖြေရှင်းမှုဆိုင်ရာ အယူအဆကို ပြေကြားခဲ့သူက မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာ နည်းစနစ်အကြံပေးနေခဲ့သူ မြောက်အိုင်ယာလန် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ညိနှိုင်းရေးခေါင်းဆောင် ဂျိုနသန်ပါဝဲလ်ပဲဖြစ်ပါတယ်။

အစိုးရနဲ့ ကေအိုင်အိုအကြား ဆွေးနွေးပွဲအရှိန်တွေ မြှင့်ခဲ့တဲ့ ၂၀၁၃ ၂၀၁၄ ခုနစ်ကာလကဆိုရင် ကေအိုင်အိုနဲ့ တပ်မတော်အကြား ပဋိပက္ခတွေ သိသိသာသာလျှော့ချနိုင်ခဲ့သလို နှစ်ဘက်တာဝန်ရှိသူတွေပါဝင်တဲ့ ပဋိပက္ခလျှော့ချရေးအဖွဲ့ကိုလည်း ဖွဲ့စည်းကာ လစဉ်ပုံမှန်ဆွေးနွေးတာတွေ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အန်စီအေမှာ လက်မှတ်မထိုးပေမဲ့ တဖွဲ့ချင်း အပစ်ရပ်ထားတဲ့ အဖွဲ့တချို့ကလည်း သူတို့ရဲ့ ဆက်ဆံရေးရုံးတွေက တဆင့် တပ်လှုပ်ရှားသွားလာမှုတွေကိုလည်း ဆောင်ရွက်ခဲ့သလို တိုက်ပွဲတွေ ဖြစ်လာခဲ့ရင်လည်း တဖွဲ့ချင်းအလိုက် ဆွေးနွေးဖြေရှင်းမှုတွေ လုပ်လို့ ပဋိပက္ခလျော့ကျသွားတာတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အန်အယ်လ်ဒီ အစိုးရလက်ထက်မှာ အဲဒီ ပဋိပက္ခဖြေရှင်းရေးလုပ်ငန်းစဉ်တွေဟာ အသက်မဝင်သလောက်ဖြစ်သွားတယ်လို့ တိုင်းရင်းသား အင်အားစုတွေက ဆိုကြပါတယ်။

ဒီလိုယန္တရားအဖွဲ့ကို ပြန်ဖွဲ့ဖို့ ကျွန်မအပါဝင် ငြိမ်းချမ်းရေးလုပ်ငန်းတွေမှာ အကျိုးဆောင်ပေးနေတဲ့အဖွဲ့အချို့ကလည်း အစိုးရနဲ့တွေ့တိုင်းတင်ပြခဲ့ပေမဲ့ ပြန်မဖွဲ့ဖြစ်ခဲ့သလို ငြိမ်းချမ်းရေးဆွေးနွေးမှုကနေ ပေါ်ပေါက်ခဲ့တဲ့အဲဒီပဋိပက္ခဖြေရှင်းရေးအဖွဲ့ကို အရပ်သားအစိုးရကလည်း အရင်စာချုပ်ကို ပြန်လည်ကြည့်ပြီးဘယ်အချက်ဆက်လက်ဆောင်ရွက်မယ်ဆိုတာမျိုးကို ပြောဆိုတာမတွေ့ရဘူးလို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာပါဝင်ပံ့ပိုးနေသူဖြစ်တဲ့ ကချင်တိုင်းရင်းသူ ဒေါ်နမ်ရော်ပြောပါတယ်။

၂၀၁၆ ခုနစ်က ၂၁ ပင်လုံအပြီး ကချင်ပြည်နယ် ဂိဒွန်ဒေသ တိုက်ပွဲတွေ ဖြစ်ခဲ့ကာ ရှမ်းမြောက်ဒေသမှာ ကေအိုင်အိုနဲ့ မြောက်ပိုင်းအဖွဲ့တွေပေါင်းပြီး တန်ပြန်တိုက်ပွဲတွေ ဆင်နွှဲခဲ့တာ နောက်ပိုင်းကေအိုင်အို အနေနဲ့ သူဦးဆောင်နေတဲ့ ယူအန်အက်ဖ်စီထက် စစ်ရေး ရပ်တည်မှုအရ ပိုအရေးပါတဲ့ မြောက်ပိုင်းအဖွဲ့တွေနဲ့ လက်တွဲခဲ့တာဟာ ၂၀၁၆ ခုနစ်က ပဋိပက္ခတွေနဲ့ ဆက်စပ်နေတယ်ဆိုတဲ့ အကဲဖြတ်ချက်တွေလည်း ရှိနေတာပါ။

ဓာတ်ပုံ မူပိုင် AFP
Image caption ကေအိုင်အေ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ စစ်သည်တွေ

(ဂ) စစ်တပ်နဲ့ တိုက်ပွဲဖြစ်နေတာအများစုက FPNCC အဖွဲ့ဝင်

မြန်မာနိုင်ငံ မြောက်ပိုင်းမှာ ဒီဇင်ဘာအတွင်း လတ်တလောခပ်စိပ်စိပ် ဖြစ်နေတဲ့ တိုက်ပွဲအရေအတွက်တွေကို ထည့်သွင်းမတွက်ချက်ရင်တောင် ၂၀၁၇ ခုနစ်အတွင်း အနည်းဆုံး တိုက်ပွဲပေါင်း ၂၃၀ ကျော်လောက်ရှိနေပြီလို့ Myanmar Peace Monitor က တာဝန်ရှိသူ တဦးက ပြောပါတယ်။ တိုက်ပွဲအများစုဟာ မြောက်ပိုင်းမဟာမိတ်လို့ ခေါ်တဲ့ ဝ ဦးဆောင်တဲ့ FPNCC အဖွဲ့ထဲက တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ အစိုးရ တပ်မတော်အကြားဖြစ်ခဲ့တာပါ။

ဝ ဦးဆောင်တဲ့ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးမှု ညှိနှိုင်းရေးကော်မတီ FPNCC ဖွဲ့စည်းဖို့ကို ဖေဖော်ဝါရီ ၂၂ ရက်နေ့က ပန်ဆန်းမှာကျင်းပခဲ့တဲ့ မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထိပ်သီးဆွေးနွေးပွဲမှာ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ အဲဒီအဖွဲ့မှာ အင်အားရှိတဲ့ ဝ ၊ ကေအိုင်အို ၊ ရှမ်းမြောက် SSPP/SSA တို့လို အဖွဲ့တွေ ပါဝင်နေတာဖြစ်သလို မိုင်းလား NDAA အပြင် ကိုးကန့် တိုက်ပွဲမှာပါခဲ့တဲ့ တအာင်းပလောင် ၊ ကိုးကန့် ၊ အေအေ ရခိုင်တပ်ဖွဲ့တို့လည်း ပါဝင်နေတာပါ။

အဖွဲ့ဝင်အားလုံးပေါင်းလိုက်ရင် အင်အား ၉ သောင်းကနေ တသိန်းအထက်လောက် အထိရှိနိုင်ပြီး နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စဲရေးမှာ တဖွဲ့မှ မပါဝင်သေးပဲ တဖွဲ့နဲ့တဖွဲ့ နယ်မြေချင်း ထိစပ်နေတဲ့ အဲဒီ FPNCC မဟာမိတ်အဖွဲ့ရဲ့ အနေအထားက မြန်မာ့ငြိမ်းချမ်းရေးရဲ့ အခြေအနေဘယ်ရောက်နေတယ်ဆိုတာကို မီးမောင်းထိုးပြနေတဲ့ အနေအထားလည်း ဖြစ်ပါတယ်။

တကယ်တော့ ဦးသိန်းစိန်လက်ထက်မှာ စခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အန်စီအေ အပစ်ရပ် စာချုပ်ပေါ်ပေါက်လာရေး ဆွေးနွေးမှုတွေမှာ ဝ မိုင်းလားအဖွဲ့တွေနဲ့ ပါဝင်ခဲ့ခြင်းမရှိခဲ့ပါဘူး။

ဒါပေမဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အန်စီအေ စာချုပ်ထိုးမထိုး အခြေအနေကြုံတွေ့လာရချိန် ၂၀၁၅ ခုနစ်လောက်မှာ အဲဒီအဖွဲ့တွေ စတင်တွေ့ဆုံဆွေးနွေးကာ စုစည်းမှုတွေ ရှိလာတာပဲဖြစ်ပါတယ်။

စစ်အစိုးရလက်ထက်က လုပ်ခဲ့တဲ့ အမျိုးသား ညီလာခံက စလို့ ပုံစံမျိုးစုံနဲ့ ဆွေးနွေးမှုတွေဟာ မျက်စိလည်စရာ ဖြစ်နေပြီး စစ်ပွဲများလည်း ရပ်တန့်မှု မရှိပဲ ပြင်းထန်လာတယ်လို့ ဝ ခေါင်းဆောင် ပေါက်ယူချန်းက၂၀၁၇ နှစ်ဆန်းပိုင်းက ဝ နယ် ပန်ဆန်းမှာလုပ်တဲ့ မြောက်ပိုင်း လက်နက်ကိုင် ၇ ဖွဲ့ရဲ့ ညီလာခံအဖွင့်မိန့်ခွန်းမှာ ပြောဆိုခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Wa news
Image caption ဝ ခေါင်းဆောင်ပေါက်ယူချန်း လယ် ၊ ကေအိုင်အေ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး အင်ဘန်လ ဝဲ ၊ ရှမ်းမြောက် SSPP ခေါင်းဆောင် စဝ်ပန်ဖတို့ကို ပန်ဆန်းမှာတွေ့ရစဉ်

အဲဒီအဖွဲ့ရဲ့ နိုင်ငံရေးမူဝါဒဟာ အန်စီအေ အပစ်ရပ်စာချုပ်ကို လက်မခံပဲ သီးခြားနိုင်ငံရေးမူဘောင်နဲ့ စာတမ်းတရပ်ကိုလည်း ထုတ်ပြန်ထားသလို အဖွဲ့ ၇ ဖွဲ့လုံးမှပါမှ အစိုးရနဲ့ ဆွေးနွေးမယ်ဆိုတဲ့ မူဝါဒကို ကိုင်စွဲထားတာပါ။ အဲဒီမဟာမိတ်အဖွဲ့ကို အစိုးရဘက်က ဒီကနေ့အထိ အသိအမှတ်ပြုထားတာ မရှိသေးပါဘူး။ ၂၀၁၇ ခုနစ်အတွင်း ဝ နဲ့ အစိုးရ အကြားလုပ်ခဲ့တဲ့ တွေ့ဆုံမှုတွေဟာ တဖွဲ့ချင်းတွေ့ဆုံမှုတွေသာဖြစ်သလို ၂၁ ပင်လုံကို အဲဒီ ၇ ဖွဲ့လာတက်တော့လည်း အစိုးရကိုယ်တိုင်က တပ်က လက်မခံတဲ့ အဖွဲ့ ၃ ဖွဲ့ကို သီးသန့် လက်ခံတဲ့ အဖွဲ့ ၄ ဖွဲ့ကို တစုအဖြစ် သီးသန့် တွေ့ဆုံခဲ့တာပါ။

တအာင်းပလောင် TNLA ၊ ကိုးကန့် နဲ့ ရက္ခိုင့်တပ်မတော်တို့ဟာ ၂၀၁၅ ကိုးကန့် တိုက်ပွဲတွေကို အကြောင်းပြုပြီး ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အခြားအဖွဲ့တွေနည်းတူ တန်းတူပါဝင်ခွင့်အတွက် ကန့်သတ်ခံခဲ့ရတဲ့ အဖွဲ့တွေလည်းဖြစ်ပါတယ်။ ကိုးကန့် တိုက်ပွဲဖြစ်ပွားပြီးနောက် အဲဒီအဖွဲ့တွေဟာ ဝ တပ်ဖွဲ့နဲ့ ပိုမိုနီးစပ်သွားခဲ့တာလို့ အကဲခတ်တွေက ဆိုပါတယ်။

ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အလှည့်အပြောင်းဖြစ်စေတဲ့ တကယ်တမ်းအရင်းအမြစ်က ၂၀၁၅ ခုနစ်တုန်းက အန်စီအေ စာချုပ်လက်မှတ်ထိုးတဲ့အချိန်မှာ ကိုးကန့်ကို ကူပါတယ်ဆိုပြီး အေအေနဲ့ တအာင်းပလောင် TNLA ကို စာချုပ်မှာ ပါဝင်လက်မှတ်ထိုးခွင့်မပေးခဲ့တာဟာ မြန်မာနိုင်ငံငြိမ်းချမ်းရေးဖြစ်စဉ်အတွက် တော်တော်မှားတဲ့ အမှားဖြစ်ခဲ့တယ်။ အဲဒီအဖွဲ့၂ ဖွဲ့က အဲတုန်းက အင်အားသိပ်မကြီးသေးဘူး။စုဖွဲ့စအခြေအနေမှာ မစည်းရုံးနိုင်လိုက်တဲ့အတွက်တဘက်ရောက်သွားတဲ့ အချိန်မှာ အင်အားကောင်းလာခဲ့တယ်လို့ ဒေါ်နမ်ရော်က ထောက်ပြပါတယ်။

ဓာတ်ပုံ မူပိုင် TNLA facebook
Image caption TNLA တအာင်းလွတ်မြောက်ရေးတပ်ဖွဲ့ဝင်တွေ

နိုင်ငံရေးအရ ဖက်ဒရာယ်ကို ပိုအာရုံစိုက်တဲ့ ယူအန်အက်ဖ်စီ အဖွဲ့ဝင်တွေနဲ့ နိုင်ငံရေး အယူအဆချင်းမတူတဲ့ ဝ ဦးဆောင်တဲ့ မြောက်ပိုင်း FPNCC နဲ့ ကေအိုင်အေ မဟာမိတ်သွားလုပ်ခဲ့တဲ့အပေါ်မှာလည်း ကချင်လူမှု့အဖွဲ့အစည်းတချို့နဲ့ ကေအိုင်အေ တာဝန်ရှိသူတွေအကြား မကျေလည်မှုတွေလည်း ရှိခဲ့တာပါ။

ဒေါ်နမ်ရော်ကို မေးကြည့်တော့

အင်အားအကြီးဆုံးဖြစ်တဲ့ ဝနဲ့ ကေအိုင်အိုအကြား လူမျိုးရေးနိုင်ငံရေး ရပ်တည်မှုကိုကြည့်ရင် တထပ်တည်း မကျနေခဲ့တဲ့အပိုင်းတွေရှိပြီး အထူးသဖြင့် ကချင်ပြည်သူတွေစိုးရိမ်တာက ဘာသာရေးကိစ္စဖြစ်နေတယ်။ ဝ ဦးဆောင်သူအများစုဟာ ကွန်မြူနစ်ဖြစ်ခဲ့မှုကြောင့်ပါ။

မေး။ အပစ်ရပ်စဲရေးလုပ်ဖို့ ဆွေးနွေးနေချိန်အခုလို UNFC ၊ FPNCC ဆိုပြီး မဟာမိတ်အုပ်စုတွေများလာတာက အပစ်ရပ်ဆွေးနွေးမှုတွေကို ပိုပြီးမရှုပ်ထွေးစေဘူးလား

ဖြေ။ ။ ရှုပ်ထွေးတာပေါ့။ ရှုပ်တာကို ကြိုက်တဲ့လူတွေကလည်း ကြိုက်မှာပေါ့။ လက်နက်ကိုင်တွေက သူ့ဘာသူကွဲသွားတော့ အစိုးရ တပ်မတော်တို့က ကြိုက်တာပေါ့။ ဒါပေမဲ့ ကျွန်မတို့ ပြည်သူတွေလို ငြိမ်းချမ်းရေး လိုလားသူတွေကတော့ အခုလို အုပ်စုကွဲတွေဖြစ်ကုန်တာက ပိုပြီးဆွေးနွေးရခက်တယ်လို့ ပြောချင်ပါတယ်။

(ဂ ) တရုတ်အခန်းကဏ္ဍဆက်ကြီးမှုက အကောင်းဘက်ကို ဦးတည်စေသလား

-

ငြိမ်းချမ်းရေးက ရှေ့မတိုးနောက်မဆုတ်ဘေးကြပ်နံကြပ်အခြေအနေမှာ ရှိနေတယ်လို့ သုံးသပ်လို့ရတယ်လို့ ပြောလာသူက မြန်မာ့အရေးလေ့လာသူ ဦးမင်းဇင်ဖြစ်ပါတယ်။ ၂၀၁၇ ဇူလိုင်လအတွင်းက ဘီဘီစီနဲ့ ဆက်သွယ်မေးမြန်းမှုမှာ ပြောဆိုခဲ့တာဖြစ်ပြီး ၂၀၁၇ ဟာ ငြိမ်းချမ်းရေးနှစ်ဖြစ်မဖြစ်ဆိုတာ ပါဝင်ပတ်သက်သူတွေရဲ့ အာသီသ ၊ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ တရုတ်ရဲ့ အနေအထားအပေါ် မူတည်နေပြီး ငြိမ်းချမ်းရေးနှစ်ထက် အစပျိုးတဲ့နှစ်တောင် ဖြစ်ပါ့မလားဆိုပြီး လေ့လာသူတွေမြင်နေကြတာဟာ မမှားဘူးလို့ သူက အဲဒီတုန်းက ပြောခဲ့ပါတယ်။

နောက်ပိုင်းနှစ်တွေအတွင်း လူမျိုးစု လက်နက်ကိုင် ပဋိပက္ခ ဖြစ်တဲ့ ဒေသအများစုဟာ တရုတ်နယ်စပ်မှာဖြစ်တဲ့အတွက် ဒေသတည်ငြိမ်ရေးအတွက် တရုတ်အနေနဲ့ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပါဝင်ကူညီခဲ့တာတွေ ရှိပါတယ်။

ကျယ်ပြောလှတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ဟာ မြင်သာကာလအတွင်း ရနိုင်မှာမဟုတ်ဘူးလို့ ပီကင်းက ယုံကြည်ထားပေမဲ့ သူ့နဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ နယ်မြေတွေရဲ့ တည်ငြိမ်မှုကိုတော့ လိုလားတယ်လို့တရုတ်မြန်မာဆက်ဆံရေးနဲ့ ပတ်သက်လို့ အထူးလေ့လာသူ ယွန်ဆန်ရဲ့ USIP အမေရိကန်ငြိမ်းချမ်းရေး အင်စတီကျူ့အတွက် သုံးသပ်ချက် ဆောင်းပါးမှာ ဖော်ပြထားပါတယ်။ မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နဲ့ အစိုးရတို့အကြား ဆွေးနွေးမှုတွေကိုလည်း တရုတ်နိုင်ငံအတွင်းမှာ ကျင်းပခွင့်ပြုခဲ့ပါတယ်။ ပဋိပက္ခဖြစ်တဲ့ နယ်မြေအများစုဟာ တရုတ်ရဲ့ မဟာဗျူဟာ စီးပွားရေးစင်္ကြန်လမ်းမပေါ်မှာ တည်ရှိတာလည်း ဖြစ်သလို ရခိုင်အရေးကြောင့် တရုတ်ကို မြန်မာအနေနဲ့ ပိုမိုအားထားလာနေရတာပါ။တရုတ်အနေနဲ့ မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်တွေကို အန်စီအေ အပစ်ရပ်လက်မှတ်ထိုးဖို့ တိုက်တွန်းမှုတွေ မကြာခဏ လုပ်ခဲ့တယ်လို့ မြောက်ပိုင်းအဖွဲ့တွေဘက်က ပြောပါတယ်။

ဒါပေမဲ့ အခုအနေထားက အစိုးရအတွက်ကော နယ်စပ်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၄ ဖွဲ့လောက်ကလည်း သူတို့ရဲ့ ရေရှည်ရပ်တည်ရေးအတွက် တရုတ်ရဲ့ အားပေးထောက်ခံမှုကို မရှိမဖြစ် လိုအပ်နေတယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ဦးစိုင်းလိတ်က ထောက်ပြပါတယ်။

ကျွန်တော်တို့နိုင်ငံအနေနဲ့ရပ်တည်ချက်ခိုင်မာတယ်ဆိုလို့ရှိရင် အနောက်အုပ်စုနဲ့ တရုတ်အကြားထဲမှာ ကျွန်တော်တို့ ချိန်ခွင်လျှာညှိပြီး ကစားသွားနိုင်မှာဖြစ်သလို တရုတ်ကိုလည်း တနည်းတဖုံနဲ့ ထိန်းညှိသွားနိုင်မှာဖြစ်တယ်။ စစ်မှန်တဲ့ငြိမ်းချမ်းရေးကို စေတနာရှိရှိအကောင်ထည်ဖော်မယ် အင်အားကြီးရင် ကြီးသလို ငယ်ရင်ငယ်သလို အနိုင်ယူတာ ခွဲခြားဆက်ဆံတာတွေ မလုပ်ပဲနဲ့ မှန်ကန်မျှတတဲ့ သဘောထားသာ ရှိမယ်ဆိုရင် အားလုံးတစိတ်တဝမ်းတည်းရှိမယ်ဆိုရင် တရုတ်ကိုလည်း အားကိုးသင့်သလောက်သာ အားကိုးပြီးတော့ အထိုက်အလျောက်ဆက်ဆံနိုင်တဲ့ အခြေအနေမျိုးဖန်တီးနိုင်လိမ့်မယ်။ အခုလို လုံးလုံးလျားလျား အထောက်အကူရယူနေတဲ့ အနေအထားမျိုးဆိုရင် ရေရှည်မှာ ကျွန်တော်တို့အတွက်လည်း မကောင်းပါဘူး။

မေး။ ။ ဘယ်လို မကောင်းတာလည်းခင်ဗျ

ဖြေ။ ။ အခုဆိုရင်ပဲပြည်တွင်းမှာ တရုတ်အနွယ်တွေအများကြီး စိမ့်ဝင်နေသလို ရှိသမျှ စီးပွားရေးလုပ်ငန်းတွေအများစုမှာလည်း သူတို့တွေ လွှမ်းမိုးနေနိုင်တဲ့ အနေထားပါ။ အငြင်းပွားဖွယ် စီမံကိန်းတွေက အစ တရုတ်နဲ့ ပတ်သက်နေတာတွေ အများစုလည်း ဖြစ်နေတယ်။ စီးပွားရေးလည်းမကောင်းနိုင်ငံရေးအရလည်း ကျဆုံးနေတဲ့ တိုင်းပြည်အနေနဲ့ အခုလို တဘက်စောင်းနင်းလုံးလုံးလျားလျား အထောက်အကူ ဆက်ယူနေရရင် တိုင်းပြည်အချုပ်အခြာအာဏာအတွက်ပါ စိုးရိမ်ရတဲ့ အခြေအနေမျိုးအထိ ဖြစ်လာနိုင်လို့ပါ။

တရုတ်ပြည်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ရှမ်းပြည်အခြေစိုက် SNLD ပါတီက ပြောခွင့်ရ စိုင်းလိတ်နဲ့ မေးမြန်းခဲ့မှုဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Helen mai facebook
Image caption မြောက်ပိုင်းက တိုက်ခိုက်မှုတွေကြောင့် ဒဏ်ရာရရှိသူတဦးကို မြင်တွေ့ရစဉ်

လတ်တလောဒီဇင်ဘာလအတွင်းမှာ ကချင်နဲ့ ရှမ်းမြောက်မှာ တိုက်ပွဲတွေဖြစ်နေတယ်ဆိုပေမဲ့ နယ်စပ်မျဉ်းနဲ့ ကပ်နေတဲ့ စခန်းတွေကို တိုက်ခိုက်တာမျိုးမဟုတ်ပါဘူး။ အခုနောက်ပိုင်းမှာတော့ တရုတ်နဲ့ မျိုးနွယ်ချင်းနီးစပ်ပြီး စခန်းတွေက နယ်စပ်မျဉ်းနဲ့ကပ်တဲ့ ကိုးကန့် ဒေသကို တပ်မတော်အနေနဲ့ အလုံးအရင်း ထိုးစစ်ဆင်တာ မတွေ့ရတော့ဘူးလို့ အကဲခတ်တွေက ဆိုကြပါတယ်။ မြောက်ပိုင်းအဖွဲ့တွေရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဝတပ်ဖွဲ့ နဲ့လည်း ခေါင်းစဉ်အမျိုးမျိုးပြပြီး တရုတ်ရဲ့ စီစဉ်ပေးမှုနဲ့အတူ အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်တွေနဲ့ ဝ အကြားဆွေးနွေးမှုတွေ ရှိလာနေတာပါ။ ဝ တပ်ဖွဲ့ရဲ့ တောင်းဆိုမှုတွေထဲမှာ အငြင်းပွားဖွယ် စီမံကိန်းတွေဖြစ်တဲ့ သံလွင်နဲ့ နမ္မတူမြစ်ပေါ်က ရေအားလျှပ်စစ် စီမံကိန်းတွေ ပါဝင်နေတာလည်းတွေ့ရပါတယ်။

ဓာတ်ပုံ မူပိုင် Sai Tun Aung Lwin/BBC
Image caption တန့်ယန်းမြို့နယ်နဲ့ ဝ နယ်အကြားက သံလွင်မြစ်ကို တွေ့ရစဉ်

(ဃ) လွတ်လပ်ရေး နဲ့ ပြည်တွင်းစစ် နှစ် ၇၀ ၊ စစ်ပွဲဝန်ထုပ်ဝန်ပိုးကြီးနေဆဲ

-

လာမဲ့နှစ်သစ်ဆိုရင်ပဲ မြန်မာနိုင်ငံဟာ လွတ်လပ်ရေးရတာ နှစ် ၇၀ ပြည့်မြောက်ပြီဖြစ်သလို ပြည်တွင်းစစ်ဖြစ်ပွားခဲ့တာလည်း နှစ် ၇၀ ပြည့်လာပြီဖြစ်ပါတယ်။ နှစ် ၇၀ အတွင်းသေနတ်သံတွေက အရှိန်မြင့်လာလိုက် အတန်ငယ်ကျသွားလိုက် ဖြစ်ခဲ့ပေမဲ့ အခုထိ ငြိမ်သက်အောင် မလုပ်နိုင်ကြသေးပါဘူး။

တချိန်တည်းမှာလည်း တိုင်းရင်းသားလက်နက်ကိုင် အင်အားအားလုံးပေါင်းလိုက်ရင် ၁ သိန်းကျော်လောက် ရှိနေနိုင်တဲ့တိုင်းရင်းသားလက်နက်ကိုင် အရေအတွက်နဲ့ ခန့်မှန်းခြေအင်အား ၃ သိန်းလောက်ရှိနေတဲ့ တပ်မတော် စစ်အင်အားအရေအတွက်ကလည်း မဖွံ့ဖြိုးတဲ့ တိုင်းပြည်အတွက် ကြီးမားလေးလံတဲ့ ဝန်ထုပ်ဝန်ပိုးဖြစ်နေပါတယ်။

နှစ်ပေါင်း ၅၀ ကျော် နိုင်ငံရေးအုပ်ချုပ်ရေးမှာ စစ်တပ်လွှမ်းမိုးမှုကလည်း ဆက်ရှိနေသလို လွတ်လပ်ရေးရကတည်းက မရခဲ့တဲ့ တိုင်းရင်းသားအခွင့်အရေးဆိုတဲ့ တောင်းဆိုမှုတွေကလည်း ဆက်ရှိနေဆဲဖြစ်ပါတယ်။

( မှတ်ချက်။ ဒီဇင်ဘာလ ၂၉ ရက်နေ့ မနက်ပိုင်းက ဘီဘီစီမြန်မာပိုင်း ရေဒီယို အစီအစဉ်မှာ ထုတ်လွှင့်ခဲ့တဲ့ ငြိမ်းချမ်းရေးခရီး ဒုတိယပိုင်းကို ဖော်ပြထားတာဖြစ်ပါတယ်။ )

ဆက်စပ် အကြောင်းအရာများ