သပြေညို အနှစ် ၈ဝ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

သပြေညို အနှစ် ၈ဝ

ဓာတ်ပုံ မူပိုင် Minthuwun
Image caption အင်္ဂလန်မှာ စာသင်ခဲ့စဉ်က

ဒီကနေ့ မြန်မာပြည် လွတ်လပ်ရေး ရတာ အနှစ် ၇ဝ ပြည့်ခဲ့ပါပြီ။

ဒီနေ့မှာပဲ မြန်မာစာပေနဲ့ လွတ်လပ်ရေး ကြိုးပမ်းမှုမှာ ထင်ရှားတဲ့ ကဗျာတပုဒ် အနှစ် ၈ဝ ပြည့်ခဲ့ပါတယ်။

ဒါကတော့ ဆရာ မင်းသုဝဏ်ရဲ့ သပြေညို ဖြစ်ပါတယ်။

ဒီကဗျာကို မင်းသုဝဏ် အင်္ဂလန်မှာ စာသင်နေတုန်း ၁၉၃၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်က ဝေလမြောက်ပိုင်းက စာကြည့်တိုက် တခုမှာ ရေးဖွဲ့ခဲ့တာလို့ သိရပါတယ်။

လွတ်လပ်ရေး အကြို သပြေညို

ဓာတ်ပုံ မူပိုင် Minthuwun
Image caption အောက်စဖို့ဒ် တက္ကသိုလ်မှာ မိတ်ဆွေများနဲ့ မင်းသုဝဏ်

ရန်ကုန် စိန့်ဂျွန်း ကျောင်းက ဆရာကြီး ဗလင်ကိုးက သူ့ကို ကျောင်းပိတ်ရက်မှာ စာလာဖတ်ဖို့ ပြောလို့ မင်းသုဝဏ်နဲ့ အာဇာနည် ဦးအုန်းမောင်တို့ ဟာဒင်ရွာ စိန့်ဒိုင်နီးယဲ စာကြည့်တိုက်မှာ စာလာဖတ်ရင်း နိုင်ငံရေး ဆွေးနွေးဖြစ်ရာက ဒီကဗျာကို ရေးဖြစ်တာလို့ စာဆိုရဲ့ သမီးဖြစ်သူ ဒေါ်ထားချို ခေါ် နှင်းသုဝဏ်က ပြောပြ ပါတယ်။

သပြေပန်းကို မြန်မာတွေက ဘုရားတင်တဲ့ အောင်သပြေ အဖြစ် အလေးအမြတ် ပြုကြတာမို့ မြန်မာ့ လွတ်လပ်ရေးကိုလည်း အဆင်ပြေ ဘေးကင်းစွာ ရဖို့ ရည်မှန်း စပ်ဆိုခဲ့တာလို့ သူ့သမီး ကပဲ ရှင်းပြပါတယ်။

ဒီကဗျာကို စာဆိုတော် သက်ရှိ ထင်ရှား ရှိစဉ်မှာပဲ ဘီဘီစီရဲ့ မေးမြန်း တင်ဆက်ချက်အနေနဲ့ အသံလွှင့်ခဲ့ဖူးပါတယ်။

လွတ်လပ်ရေးနေ့ အထူးအစီအစဉ်

လွတ်လပ်ရေး လွန် နှစ် ၇ဝ

ဓာတ်ပုံ မူပိုင် Minthuwun poems
Image caption လွတ်လပ်ရေးကို လှုံ့ဆော်တဲ့ သပြေညို

ဒီကဗျာဟာ အနှစ် ၈၀ ပြည့်ခဲ့ပေမယ့် မြန်မာ ပြည်သူ ပြည်သားတွေရဲ့ ရင်ထဲ အသည်းထဲမှာတော့ ခုချိန်ထိ နုပျို ဆန်းသစ်နေဆဲ ဖြစ်ပါတယ်။

လွတ်လပ်ရေး ကြိုးပမ်းတဲ့ ကာလမှာ ဒီကဗျာကို လွတ်လပ်ရေး အကြို ကဗျာ အဖြစ် ရွတ်ဆို ခဲ့ကြသလို ဒီမိုကရေစီ လှုပ်ရှားမှု ကာလတွေမှာလည်း ဒီမိုကရေစီရဲ့ နိမိတ် အဖြစ် ဒီကဗျာကို ရွတ်ဆို အားတင်းခဲ့ကြသူတွေ ရှိခဲ့ပါတယ်။

နောက် ဂျပန်ခေတ် လွတ်လပ်ရေး ရချိန်မှာပဲ သပြေကို အစွဲပြုတဲ့ လွတ်လပ်ရေး တေးတပုဒ် ပေါ်လာခဲ့ပါတယ်။

ကန်တော်ကြီး ပန်းခြံမှာ ဗိုလ်ရှုခံစင်မြင့် ဆောက်၊ နောက် အလောင်း မင်းတရားကြီး ဦးအောင်ဇေယျ ဇာတိ ရွှေဘိုက အောင်မြေကို ကြဲဖြန့်ပြီး အောင်သပြေ သီချင်း သီဆိုကြချိန်မှာ ပြည်သူ လူထုက သပြေပန်းခက် ကလေးတွေကို ကိုင်မြှောက်ပြီး လွတ်လပ်ပြီလို့ ဟစ်အော် သီဆိုကြတယ်လို့ သိရပါတယ်။

အဲဒါကတော့ လွတ်လပ်ပြီ လွတ်လပ်ပြီ xxx ဒို့ပြည်လွတ်လပ်ပြီ xxx အောင်သပြေကို ဆွတ်ကာအတည် xxx ငါတို့ ကိုင်ဆောင်မည် ဆိုတဲ့ တေးပါပဲ။

ဓာတ်ပုံ မူပိုင် Gladstone's Library
Image caption သပြေညို ဖွဲ့ဆိုခဲ့တဲ့ စာကြည့်တိုက်ကြီး

ကာယကံရှင် ကဗျာ ရေးသူ မင်းသုဝဏ် ကိုယ်တိုင် သပြေညို ကဗျာကို စွဲလမ်းခဲ့ကာ သူ့နေအိမ်ကို သပြေညိုလို့ နာမည် ပေးခဲ့ပါတယ်။

ဒီ သပြေညို ကဗျာကို ရေးဖွဲ့ပြီး အနှစ် ၅ဝ ပြည့်တဲ့ အချိန် ၁၉၈၈ မှာ ဒီကဗျာ အမှတ်တရ ကဗျာ ရေးဖွဲ့ ခဲ့ပါတယ်။

အဲဒီနောက် မကြာခင်မှာပဲ ၈လေးလုံး အရေးအခင်း ဖြစ်ပွားပြီး မင်းသုဝဏ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှာ ပါဝင် ဆောင်ရွက်ခဲ့ပါတယ်။

ဒီအတွက် စစ်အစိုးရက သူ့ကို စာရေးခွင့် ပိတ်ခဲ့ပါတယ်။

ဒီအချိန် ကာလတွေ အတွင်း သပြေညိုကို လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းဝင် ကဗျာ အဖြစ် ထည့်သွင်း ဆွေးနွေးတာ မရှိကြကြောင်း မင်းသုဝဏ်က ကဗျာ ဆရာ တယောက်ကို ရေးသား ရင်ဖွင့်ခဲ့ဖူးပါတယ်။

ဓာတ်ပုံ မူပိုင် Minthuwun
Image caption သပြေညို ရေချမ်းစင်ကို လှူဒါန်းခဲ့စဉ်က

ဆက်စပ် အကြောင်းအရာများ