မြောက်ကိုရီးယားတပ်က ဥတုမမှန်တဲ့ စစ်သည်တွေ

North Korean female officer in green uniform and gun looks at camera ဓာတ်ပုံ မူပိုင် Reuters
Image caption ယာလူး မြစ်ကမ်းက မြောက်ကိုရီးယား စစ်သည်

ကမ္ဘာမှာ စတုတ္ထ အကြီးဆုံး တပ်မှာ အမှုထမ်းရတဲ့ အမျိုးသမီးတွေရဲ့ ဘဝဟာ ကြမ်းတမ်းလွန်းလို့ ရာသီပန်းတောင် မပွင့်နိုင်ရှိရတယ်လို့ အဲဒီမှာ အမှုထမ်းခဲ့တဲ့ စစ်သည်ဟောင်း တယောက်က ဆိုပါတယ်။ နောက်ပြီး မုဒိမ်းမှုတွေလည်း မကြာခဏ ဖြစ်တတ်တယ်လို့ ပြောပါတယ်။

စစ်သမီးဟောင်း လီဆိုးယွန်းဟာ အခန်းတခန်းထဲမှာ အမျိုးသမီး ၂ဝ ကျော်နဲ့ ၁ဝ နှစ် လောက် အိပ်ခဲ့ရတာပါ။ အိပ်စင်တွေနဲ့ပါ။ သူတို့ ယူနီဖောင်းတွေ သိမ်းဖို့ အံဆွဲလေးတွေ ပေးပါတယ်။ အံဆွဲပေါ်မှာ စစ်သမီးတိုင်း တင်ထားတဲ့ ပုံ နှစ်ပုံက ခေါင်းဆောင်ကြီး ကင်အီဆွန်းနဲ့ သားဖြစ်သူ ကင်ဂျုံအီးတို့ ပုံပါ။

တပ်က ထွက်လာတာ ၁၀ နှစ်ကျော်ပေမယ့် အဲဒီ ဘားတိုက်ထဲက အနံ့ကို ခုထိ သတိရနေပါတယ်။

" ကျွန်မတို့ ချွေး တအားထွက်တယ်။

"မွေ့ရာတွေက စပါးခွံနဲ့ လုပ်တာလေ၊ ဒီတော့ ကျွန်မတို့ ကိုယ်နံ့တွေက ဒီထဲဝင်နေတာ၊ မသတီ စရာကြီး"

နောက်ပြီး သူတို့မှာ လျှော်ဖို့ ဖွပ်ဖို့ အဆင်မပြေဘူး။

" မိန်းမ တယောက်အဖို့ ရေမှန်မှန် မချိုးရတာ အဆိုးဆုံးပဲ "လို့ လီဆိုးယွန်း က ပြောတယ်။

"ဒီမှာ ရေပူလည်း မရဘူး၊ တောင်ကျ ချောင်းရေကို သွယ်ပြီး သုံးရတာ။ ရေထဲမှာ မြွေနဲ့ ဖားတွေတောင် ပါလာသေးတယ်"

ဓာတ်ပုံ မူပိုင် Shutterstock

တက္ကသိုလ် ပါမောက္ခ တယောက်ရဲ့ သမီးဖြစ်တဲ့ ဆိုးယွန်းဟာ အသက် ၄၁ နှစ် ရှိပါပြီ။ သူတို့ မိသားစုမှာ ယောက်ျားတွေ တပ်ထဲ ဝင်ဖူးကြပါတယ်။ ၁၉၉ဝ ကျော် မြောက်ကိုရီးယားမှာ အငတ်ဘေး ကျတဲ့အချိန်မှာတော့ သူလည်း တနေ့ ထမင်းတနပ် သေချာအောင် တပ်ထဲ ဝင်ခဲ့တာပါ။ သူ့လို ဝင်တဲ့ မိန်းကလေးတွေလည်း ထောင်နဲ့ချီ ရှိပါတယ်။

"အငတ်ဘေးကြီးကြောင့် မြောက်ကိုရီးယားမှာ အမျိုးသမီးတွေ ပိုဒုက္ခရောက်တယ်" လို့ မြောက်ကိုရီးယားက လျှို့ဝှက် တော်လှန်ရေး စာအုပ်ရေးတဲ့ ဂျီယွန်ဘက်က ဆိုပါတယ်။

" အမျိုးသမီးတွေ အလုပ်စခန်းတွေဆီ ရောက်လာတော့ ထိပါး စော်ကားမှုတွေ ပိုဆိုးလာတယ်"လို့ သူက ပြောပါတယ်။

အစပိုင်းမှာတော့ မျိုးချစ်စိတ်တို့၊ စုပေါင်းလုပ်အားတို့ ဆိုတာတွေ ယုံပြီး ၁၇ နှစ်သမီး လီဆိုးယွန်း တယောက် တပ်ထဲမှာ ပျော်နေသေးတယ်။ ဆံပင်အခြောက်ခံစက်လေး သူကိုင်ရလို့ သဘောတွေ ကျလို့၊ ဒါပေမဲ့ မီးက မမှန်တော့ သိပ်တော့ သုံးစရာ မရှိပါဘူး။

တပ်ထဲမှာ စစ်သားရော စစ်သမီးရော အတွက် ပုံစံက အတူတူ လောက်ပါပဲ။ အမျိုးသမီးတွေကို ပေးတဲ့ သင်တန်းတွေက အမျိုးသားတွေထက် နည်းနည်းပဲ လျော့ပါတယ်။ ဒါပေမဲ့ အမျိုးသမီးတွေက အမျိုးသားတွေ မလုပ်ရတဲ့ ချက်ပြုတ် ဆေးကြောတာတွေပါ လုပ်ရပါတယ်။

"မြောက်ကိုရီးယားက ယောက်ျား ကြီးစိုးတဲ့ နိုင်ငံလေ" လို့ မြောက်ကိုရီးယား အကြောင်း မေးခွန်းတရာ စာအုပ်ရေးတဲ့ ဂျူးလီးယက် မိုရီလော့က ဆိုပါတယ်။

မိန်းမတွေကို ထမင်းချက်ဖို့လောက်ပဲ မြင်ကြသေးတာလို့လည်း ဆိုပါတယ်။

နောက် လေ့ကျင့်မှု ပြင်းထန်တာနဲ့ ရာရှင် လျော့လာတာကြောင့် စစ်သမီးတွေ ခန္ဓာကိုယ်မှာ ချို့ယွင်းလာပါတယ်။

"ခြောက်လ တနှစ်လောက် ဆိုရင် အာဟာရ ချို့တဲ့ပြီး စိတ်ဖိစီးလို့ ကျွန်မတို့ သွေးမပေါ်တော့ဘူး" လို့ သူက ဆိုပါတယ်။

"ဒီလို သွေးမပေါ်တာဘဲ သူတို့က ပျော်နေကြတာ၊ သွေးများ ဆင်းရင် သူတို့ အခြေအနေက ပိုဆိုးမယ် ဆိုပြီး စစ်သမီးတွေက ဆိုနေကြတာ"


ဘယ်သူတွေ တပ်ကပြေးလဲ

  • မြောက်ကိုရီးယား တပ်ပြေး ၇ဝ ရာနှုန်းက အမျိုးသမီးတွေပါ၊ ဒါဟာ အမျိုးသမီး အလုပ်လက်မဲ့ ပိုပေါတာကို ပြပါတယ်။
  • ဒီထဲက တဝက်ကျော်က အသက် ၂ဝ၊ ၃ဝ ကျော်တွေပါ၊ လူငယ်တွေမှာ မြစ်ကို ကူးပြေးတာမျိုး လုပ်နိုင်တာပါ။

မြောက်ကိုရီးယား တပ်မှာ လစဉ်သုံး ပစ္စည်းတောင် လောက်အောင် မပေးနိုင်လို့ အဟောင်းတွေ ပြန်လျှော်သုံးရတယ်လို့ ဆိုးယွန်းက ဆိုပါတယ်။

"ခုချိန်ထိ အမျိုးသမီးတွေ အရင်လို ဂွမ်းထုပ်အဖြူတွေ သုံးရတုန်း" လို့ ဂျူးလီးယက် မိုရီလော့က ဆိုပါတယ်။

"ညတိုင်း ဒါတွေကို ယောက်ျားတွေ မမြင်အောင် လျှော်ရတော့ မိန်းမတွေမှာ အစောကြီး ထကြရတယ်"

စစ်သမီးတွေ မကြာခဏ သွေးမပေါ်တာတွေ ကြုံရတတ်ကြောင်း ပြောတာမျိုးတွေ ရှိတယ် လို့လည်း သူတို့နဲ့ တွေ့လာခဲ့တဲ့ မိုရီလော့က ဆိုပါတယ်။

" တယောက်ဆို အသက် ၂ဝ ရှိပြီ၊ သူဆင်းရတဲ့ လေ့ကျင့်ခန်းတွေ များလွန်းလို့ နှစ်နှစ်လောက် သွေးမပေါ်တာ ကြုံတယ် လို့ သူက ပြောတယ်"

ဓာတ်ပုံ မူပိုင် Sipa Press/REX/Shutterstock

လီဆိုးယွန်းက တပ်ထဲ ဆန္ဒအလျောက် ဝင်ခဲ့ပေမယ့် ၂ဝ၁၅ က စပြီး မြောက်ကိုရီးယားမှာ မိန်းမတိုင်း ၁၈ နှစ် ပြည့်ပြီးရင် တပ်ထဲ ၇ နှစ် ဝင်ရမယ် ဆိုတဲ့ ဥပဒေ ထွက်လာပါတယ်။

ဒီအချိန်မှာပဲ မြောက်ကိုရီးယား အစိုးရက ထူးထူးခြားခြား အမျိုးသမီး လစဉ်သုံး ပစ္စည်း အကောင်းစား ကို တပ်တွေဆီ ပို့ပေးမယ် လို့ ဆိုလာပါတယ်။

အရင်က အခြေအနေ ဆိုးတွေကို ဒါနဲ့ ကာတာ ဖြစ်နိုင်ပါတယ် လို့ ဂျီယွန်ဘက်က ဆိုပါတယ်။

"ဒီလို ကြေညာတာနဲ့ အမျိုးသမီးတွေက သူတို့ကို တကယ် ဂရုစိုက်တော့မယ် ထင်လာအောင် လုပ်တာလည်း ဖြစ်နိုင်တယ်"

၂ဝ၁၆ မှာ ကင်ဂျုံအွန်းက မြောက်ကိုရီးယား အလှကုန် တွေကို လန်ကုမ်း၊ ရှယ်နယ်နဲ့ ခရစ္စယန် ဒီအော စတဲ့ ကမ္ဘာ့ နာမည်ကြီး တံဆိပ်တွေနဲ့ ပြိုင်ဖို့ ပြောပြီး မကြာမီ မှာပဲ ပြုံယမ်း တံဆိပ် အလှပြင် ပစ္စည်း အကောင်းစား တွေကိုလည်း အမျိုးသမီး လေကြောင်း တပ်စုတွေဆီ ပို့ပေးပါတယ်။

ဒါပေမဲ့ နယ်ရောက်နေတဲ့ တပ်တွေက စစ်သမီးတွေမှာ အိမ်သာ တက်တာတောင် မလုံခြုံ ပါဘူး။ တချို့ဆို စစ်သားတွေရှေ့ အပေါ့အပါး သွားရတယ်လို့ မိုရီလော့ ကို ပြောကြပါတယ်။


မြောက်ကိုရီးယားမှာ စစ်မှုထမ်းခြင်း

  • မြောက်ကိုရီးယားမှာ အမျိုးသမီးတိုင်း အနည်းဆုံး ၇ နှစ် စစ်ထဲဝင်ရပါတယ်။ အမျိုးသားတွေက ၁ဝ နှစ်ပါ။ ဒါဟာ ကမ္ဘာမှာ အကြာဆုံး မဝင်မနေရ စစ်မှုထမ်းကာလ ဖြစ်ပါတယ်။
  • အဲဒီမှာ ၁၈ နှစ် က ၂၅ နှစ်ထိ အမျိုးသမီး ၄ဝ ရာခိုင်နှုန်း တပ်ထဲရောက်နေပြီး ဒီလို အမျိုးသမီးတွေ တပ်ထဲ မလိုက်မနေရ စစ်မှုထမ်းရတာက နှစ်နှစ်ပဲ ရှိပါသေးတယ်။
  • မြောက်ကိုရီးယား ဘက်ဂျက်ရဲ့ ၁၅ ရာခိုင်နှုန်းကို တပ်အတွက် သုံးတယ်လို့ အစိုးရက ပြောပါတယ်။ ၄ဝ ရာခိုင်နှုန်းထိ ရှိနိုင်တယ် လို့လည်း တချို့က ယူဆပါတယ်။
  • အားကစား၊ ဂီတ စတာတွေ ကျွမ်းကျင်တဲ့ ကျောင်းသားတွေကိုတော့ စစ်မှုထမ်းခြင်းက လွတ်ငြိမ်းခွင့် ပြုတတ်ပါတယ်။

ကျူးလွန် စော်ကားတွေက ဆိုးတယ်လို့ ဘက်ကော မိုရီလော့ကပါ ပြောပါတယ်။

မုဒိမ်းမှု အကြောင်း စကားစပ်မိတဲ့ အခါ ဒါမျိုးတွေ သူများတွေ ဖြစ်တာ ကြုံရတယ်လို့ တပ်ထဲမှာ စစ်မှုထမ်းနေတဲ့ စစ်သမီးတွေက ပြောကြောင်းလည်း မိုရီလော့က ဆိုပါတယ်။ တယောက်မှတော့ သူတို့ကိုယ်တိုင် ကြုံရတယ်လို့ မပြောကြပါဘူး။

၁၉၉၂ က ၂ဝဝ၁ ထိ တပ်ထဲမှာ ရှိနေတုန်း သူ မုဒိမ်း ကျင့် မခံခဲ့ရဘူးလို့ လီဆိုးယွန်းက ပြောပါတယ်။ ဒါပေမဲ့ သူ့ရဲဘော်မတွေ အများအပြားတော့ ကြုံရတယ်လို့ ဆိုပါတယ်။

"တပ်ခွဲမှူးက သူ့အခန်းထဲမှာ နေပြီး သူ့အောက်က စစ်သမီးတွေကို နာရီနဲ့ချီ မုဒိမ်းကျင့်တာတွေ ရှိတတ်တယ်၊ ဒါတွေက မဆုံးတမ်း ဖြစ်နေတာပါ"

မြောက်ကိုရီးယား စစ်ဘက်က ဒီလို လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေကို ဖမ်းမိရင် ထောင် ၇ နှစ်ထိ ချပြီး အရေးယူနေတယ်လို့ ဆိုပါတယ်။

"များသောအားဖြင့် ဘယ်သူမှ အစစ်မခံ ချင်ကြဘူး၊ ဒီတော့ ယောက်ျားတွေ ဘာအပြစ်မှ မရဘဲ ပြီးသွားတတ်တယ်"လို့ ဂျူးလီးယက် မိုရီလော့က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Reuters

မြောက်ကိုရီးယားမှာ အမြစ်တွယ်နေတဲ့ ယောက်ျား ကြီးစိုးရေး ဝါဒကြောင့် ဒီလို ကျူးလွန် စော်ကားတာတွေ တပ်ထဲမှာ ဖြစ်နေတာ လို့လည်း ဖြည့် ပြောပါတယ်။ ဒါကြောင့် တပ်ထဲမှာ အမျိုးသမီးတွေကို ခိုင်းဖတ်လို သဘောထားပါတယ်။

ဆင်းရဲတဲ့ နောက်ခံကလာတဲ့ မိန်းကလေးတွေက တံတားဆောက်တဲ့ ထဲ ပါရပြီး တဲပုတ်လို မလုံခြုံတဲ့ ဘားတိုက်တွေမှာ နေရပါတယ် လို့လည်း သူက ဆိုတယ်။

"အိမ်တွင်း တပ်တွင်း အကြမ်းဖက်တာတွေကို လက်ခံကြတုန်းပါပဲ။ ဘယ်သူမှ သတင်းပို့ပြီး တိုင်မှာ မဟုတ်ဘူး။ တောင်ကိုရီးယားမှာလည်း ဒါမျိုးတွေ တပ်ထဲမှာ ရှိပါတယ်"

လီဆိုးယွန်းက တောင်ကိုရီးယား နယ်စပ်နားက အချက်ပြ တပ်စု တခုမှာ တပ်ကြပ် အဖြစ် တာဝန်ကျခဲ့ပါတယ်။ အသက် ၂၈ နှစ်မှာ တပ်က ထွက် ခဲ့ပါတယ်။ မိသားစုနဲ့ ပိုအချိန်ပေးနိုင်လို့ စိတ်ချမ်းသာပေမယ့် တပ်သား လူထွက် အနေနဲ့ ဘဝကို ရုန်းကန်ဖို့ အသင့် မရှိလို့ စိတ်ပူရပြန်ပါတယ်။

၂ဝဝ၈ မှာပဲ တောင်ကိုရီးယားကို ပြေးဖို့ သူဆုံးဖြတ်ပါတယ်။

ပထမ တခါ တရုတ်နယ်စပ်မှာ မိလို့ ထောင်စခန်းကို တနှစ် အပို့ခံရပါတယ်။

နောက်တခါတော့ တူးမန် မြစ်ကို ဖြတ်ပြီး တရုတ်ပြည်ထဲ ပြေးပါတယ်။ နောက် နယ်စပ်ကနေ ပွဲစားနဲ့ တောင်ကိုရီးယားထဲ ထွက်ပြေးခဲ့ပါတယ်။

ဆက်စပ် အကြောင်းအရာများ