ပင်လုံနဲ့အတူ ပေါ်ပေါက်ခဲ့တဲ့ ရှမ်းအမျိုးသားနေ့

ဓာတ်ပုံ မူပိုင် Zaai Seng Zawn Mao Facebook
Image caption ရှမ်းပြည်အလံနဲ့ ရှမ်းအမျိုးသားနေ့ ဖျော်ဖြေပွဲတရပ်ကိုတွေ့ရစဉ်

ဒီနေ့ခေတ် လူတွေသိနေကြတဲ့ ရှမ်းပြည်နယ်နေ့ဆိုတာ ပြည်နယ်နေ့ မဟုတ်ဘဲ ပြည်ထောင်စုကြီးထဲက ပြည်ထောင်စု သေးလေးဖြစ်တဲ့ ရှမ်းပြည်ထောင်စုနေ့ Federated Shan State National Day ဖြစ်ကြောင်း ကွယ်လွန်သူ ဝါရင့် ရှမ်းနိုင်ငံရေးသမားကြီး ဦးရွှေအုန်းက ပြောခဲ့ဖူးပါတယ်။ နှစ်ပေါင်း ရာနဲ့ချီတဲ့ ကာလအတွင်း ရှမ်းပြည်အတွင်းက ပြည်သူတွေနဲ့ နိုင်ငံရေး၊ အုပ်ချုပ်သူ အင်အားစုတွေဟာ အကြမ်းမဖက်တဲ့ နည်းနဲ့ အဲဒီနေ့မှာ ညီညွတ်မှု ရခဲ့တာလို့ ဦးရွှေအုန်းက ဆိုခဲ့တာပါ။

သူကိုယ်တိုင်ကတော့ တောင်တန်း-ပြည်မ လွတ်လပ်ရေးရယူဖို့အတွက် အဓိကကျတဲ့ စာချုပ်ဖြစ်တဲ့ ပင်လုံစာချုပ်ချုပ်ဆိုဖို့အရေးမှာ အဓိကကြားဝင် ဆောင်ရွက်ပေးခဲ့တဲ့ ရှမ်းပြည်လွတ်လပ်ရေးအဖွဲ့ချုပ် (ရပလ) က ဖြစ်ပါတယ်။ ဒီအဖွဲ့က ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်ခဲ့တဲ့ ဖဆပလရဲ့ မဟာမိတ်အဖွဲ့လည်း ဖြစ်ပါတယ်။

ရှမ်းပြည် လဲချားစော်ဘွား အုပ်ချုပ်တဲ့နယ်က ပင်လုံမှာ ပင်လုံညီလာခံရဲ့ ရှေ့ပြေးအကြို အစည်းအဝေးတွေအဖြစ် ရှမ်း၊ ကချင်၊ ချင်း ဒေသတွေက ကိုယ်စားလှယ်တွေဟာ ပင်လုံကို ဗိုလ်ချုပ်အောင်ဆန်း မရောက်လာခင် ၁၉၄၇ ခုနစ် ဖေဖော်ဝါရီလ ၆ ရက် ကတည်းက စတင်ဆွေးနွေးနေခဲ့ကြတာဖြစ်ပါတယ်။ ဒီကိုယ်စားလှယ်တွေရဲ့ တောင်တန်း စည်းလုံးညီညွတ်ရေး ဦးစီးအမှုဆောင်ကောင်စီ အစည်းအဝေး သဘောတူညီချက်ရခဲ့တဲ့ သမိုင်းဝင်နေ့ဖြစ်တဲ့ ဖေဖော်ဝါရီလ ၇ ရက်ကို ရှမ်းအမျိုးသားနေ့ အဖြစ်သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းဟာ ပင်လုံညီလာခံတက်ဖို့ ဖေဖော်ဝါရီ ၈ ရက်မှာမှ ပင်လုံကို ရောက်လာခဲ့တာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်က လွတ်လပ်ရေးအတွက် တိုက်တွန်း

ဗိုလ်ချုပ်အောင်ဆန်းဟာ ပင်လုံညီလာခံမတက်ခင် လပိုင်းအလိုကလည်း တောင်ကြီးမြို့မှာ လွတ်လပ်ရေး ပူးတွဲရယူဖို့အတွက် တိုက်တွန်းခဲ့ပါတယ်။

''ကျူပ်တို့တော့ တစ်နှစ်အတွင်း လွတ်လပ်ရေးရအောင်ယူမှာပဲ လွတ်လပ်ရေးပေးရင်ပေး ၊ မပေးရင်ချမှာပဲ ၊ ကျူပ်တို့နဲ့အတူ လွတ်လပ်ရေး ယူစေချင်တယ်။ တောင်တန်းပြည်မ လွတ်လပ်ရေး အတူရနိုင် မရနိုင်ဆိုတဲ့ အခြေအနေကို ဖန်တီးမယ့်နေရာက ရှမ်းပြည်ဖြစ်တယ်။ အရေးကြီးတာက ရှမ်းစော်ဘွားတွေနဲ့ ရှမ်းပြည်လူထုရဲ့ ဆန္ဒဖြစ်တယ်'' လို့ ဗိုလ်ချုပ်အောင်ဆန်းက အင်္ဂလန်ကိုသွားပြီး လွတ်လပ်ရေးမတောင်းခင် ၁၉၄၆ ခုနစ် ဒီဇင်ဘာလ ၂၃ ရက်နေ့က တောင်ကြီးမြို့မှာ ပြောဆိုခဲ့တာပါ။

အဲဒီ ခရီးစဉ်ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပထမဆုံး ရှမ်းပြည် ခရီးစဉ်လည်း ဖြစ်သလို ခရီးစဉ်အတွင်း ညောင်ရွှေဟော်မှာ နောက်ပိုင်း သမ္မတ ဖြစ်လာမယ့် စော်ဘွား စဝ်ရွှေသိုက်နဲ့ တွေ့ဆုံခဲ့ပြီး ဆွေးနွေးတဲ့အထဲမှာ ရှမ်းပြည်နဲ့ ဗမာပြည်မ ပူးပေါင်းရေးနဲ့ တနှစ်အတွင်း လွတ်လပ်ရေး ပူးတွဲ ရယူဖို့အရေးတွေ ပါဝင်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Sai Tun Aung Lwin/BBC
Image caption မြန်မာနိုင်ငံရဲ့ ပထမဆုံး သမ္မတ ဖြစ်လာသူ စဝ်ရွှေသိုက်

ဗြိတိသျှလက်အောက်တုန်းက ဖက်ဒရယ်ရှမ်းပြည်

အင်္ဂလိပ်ခေတ်မှာ လက်ရှိမြန်မာပြည်မြေပုံထဲက ဒေသတွေကို ကြည့်မယ်ဆိုရင် ရှမ်းပြည် ဒေသ တခုတည်းကိုသာ ၁၉၂၂ ခုနှစ်က စလို့ ဖက်ဒရိတ်ပြည်နယ်အဆင့် သတ်မှတ်ထားခဲ့တာဖြစ်ပါတယ်။ အာရှတိုက်တတိုက်လုံးနဲ့ ကြည့်ရင် ဖက်ဒရယ်နာမည်နဲ့ စတင်သတ်မှတ် သုံးစွဲခွင့်ရတဲ့ ဒေသလည်းဖြစ်ပါတယ်။

အဲဒီတုန်းက ရှမ်းပြည်ရဲ့ အခြေအနေကလည်း စော်ဘွားနယ် ၃၃ နယ်နဲ့အတူ ထူးခြားလှပါတယ်။ ရှမ်းအပြင် အခြား ပလောင် ၊ ပအိုဝ်း ၊ ဓနုစတဲ့ တိုင်းရင်းသားတွေကလည်း သူ့ဒေသ သူ့စော်ဘွားနဲ့သူ အုပ်ချုပ်ခဲ့တာ ဖြစ်ပါတယ်။ ၁၈၉၅ ခုနှစ်မှာ ကိုးကန့်ဒေသဟာ ဗြိတိသျှပိုင်နက် ဖြစ်လာတော့ ကိုးကန့်နယ်ဟာ သိန္နီ ရှမ်းစော်ဘွားအောက်က လက်အောက်ခံ စော်ဘွားနယ်ဖြစ်လာခဲ့သလို ဒုတိယကမ္ဘာစစ်မှာ ကိုးကန့်တပ်တွေဟာ ဂျပန်ကို တိုက်ခဲ့ပြီးနောက် မှာတော့ ကိုးကန့်နယ်ဟာ သီးခြားစော်ဘွားအဆင့်နဲ့ အုပ်ချုပ်တဲ့ ဒေသဖြစ်လာခဲ့ပါတယ်။

အင်္ဂလိပ်ခေတ်တလျှောက် ဗမာပြည် ဥပဒေပြုကောင်စီနဲ့ ဝန်ကြီးအဖွဲ့တွေ လက်နဲ့မှ မတို့နိုင်ဘဲ ဘုရင်ခံက အတိုင်ပင်ခံဝန်ကြီးနဲ့ တိုက်ရိုက်အုပ်ချုပ်ခဲ့တဲ့ နယ်မြေတွေက (၁) ရှမ်းပြည် Federated Shan State ( ၂ ) ချင်းတွင်းနဲ့ မြစ်ကြီးနားခရိုင်အတွင်းက ရှမ်းဒေသ ၊ (၃) ချင်းတောင်တန်းခရိုင် (ချင်းတောင်တန်း ဥပဒေနဲ့ အုပ်ချုပ် ) ၊ ကချင် တောင်တန်း ဒေသ ( ကချင်တောင်တန်း လူမျိုးစုများ ဥပဒေနဲ့ အုပ်ချုပ်) ၊ နာဂတောင်တန်း ၊ ဟူးကောင်းမြစ်ဝှမ်း ၊ တြိဂံဒေသနဲ့ ဘားအံမြို့ဖြစ်လာခဲ့တဲ့ သံလွင်ခရိုင်ဒေသတွေပဲ ဖြစ်ပါတယ်။

အင်္ဂလိပ်တွေ သိမ်းပြီးနောက် စော်ဘွားတွေရဲ့ အုပ်ချုပ်ရေးခေတ်ကို ပြန်ကြည့်မယ်ဆိုရင် အင်္ဂလိပ်ကော်မရှင်နာက အထက်မှာရှိသလို သူ့ရဲ့အောက်မှာ နယ်ပိုင်ဝန်ထောက်တွေလည်း ရှိပါတယ်။ စော်ဘွားတွေအနေနဲ့ မိမိရဲ့ အုပ်ချုပ်ရတဲ့ နယ်ပယ်ပိုင်နက်ပေါ်မူတည်ပြီး အခွန်တော်ကို ၁၅ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းအထိ ကောက်ခံခွင့်လည်းရပါတယ်။ လုပ်ပိုင်ခွင့်တွေလည်း ရပါတယ်။စော်ဘွားတွေမှာ သူတို့ ထိန်းချုပ်ထားတဲ့ ရဲလို လက်နက်ကိုင် အဖွဲ့တွေလည်း ရှိပါတယ်။ ဒါပေမဲ့ ကရင်တွေလို အင်္ဂလိပ်လက်အောက်မှာ စစ်သားတွေနဲ့ တပ်ရင်းအများအပြားနဲ့ ရှိတာမျိုးမဟုတ်ပါ။ အင်္ဂလိပ်ခေတ် တခေတ်လုံး ရှမ်းပြည်မှာ တပ်ရင်း ၂ ရင်းသာ ရှိခဲ့တာဖြစ်ပါတယ်။ ( စကားချပ်။ ။ မျက်မှောက်ခေတ်မှာတော့ တိုင်းစစ်ဌာနချုပ် ၄ ခုနဲ့ လေတပ်တွေအပါဝင် အခြေစိုက်တပ်မတွေပါ ရှိနေခဲ့ပြီဖြစ်ပြီး စစ်ရေးတာဝန်နဲ့လာတဲ့ အခြားဒေသက တပ်မတွေလည်း အမြောက်အမြား ရှမ်းပြည်မှာ ရှိနေပါပြီ။ )

အင်္ဂလိပ်အစိုးရလက်အောက်က ရှမ်းပြည်အနေနဲ့ လုပ်ပိုင်ခွင့်တွေရပေမယ့် စော်ဘွားတွေက ဒီမိုကရေစီနည်းကျ ရွေးချယ်ထားတဲ့ လူထုခေါင်းဆောင်တွေ မဖြစ်ဘဲ သားစဉ်မြေးဆက် ပဒေသရာဇ်တွေသာ ဖြစ်ခဲ့တဲ့အတွက် ရှမ်းပြည်အတွင်းက ရှမ်းပြည်သူတွေအနေနဲ့ နိုင်ငံရေးအရ မလှုပ်သာ မလူးလွန့်သာ ရွေးချယ်ခွင့်မရှိတဲ့ အခြေအနေပါ။

နှစ် ၆၀ အကျော်မှာ နိုင်ငံရေးနိုးကြားလာ

ရှမ်းပြည်မှာ ဒုတိယ ကမ္ဘာစစ်မဖြစ်ပွားမီ အချိန်ကာလအထိ လူထုလှုပ်ရှားမှုတွေမရှိခဲ့ပေမယ့် ရန်ကုန်ကို ကျောင်းသွားတက်တဲ့ ကျောင်းသားတွေက တဆင့် ရှမ်းပညာတတ် လူငယ်တွေအကြားမှာ နိုင်ငံရေးနိုးကြားမှုတွေ ရှိလာခဲ့ပါတယ်။ အဲဒီအထဲမှာ ဦးထွန်းမြင့် ၊ ဦးတင်အေး၊ ဦးဘဇံ ၊ ဦးရွှေအုန်းတို့လို ရှမ်းကျောင်းသားတွေ ပင်လုံစာချုပ်မှာ လူထုကိုယ်စားလှယ်အဖြစ် လက်မှတ်ထိုးခဲ့သူတွေ ပါသလို အာဇာနည် ခေါင်းဆောင် ဖြစ်လာမယ့် မိုင်းပွန်စော်ဘွား စဝ်စံထွန်း၊ ပထမကမ္ဘာစစ်မှာ စစ်မှုထမ်းခဲ့သလို နိုင်ငံတကာကိုရောက်ခဲ့ပြီး ခေတ်အမြင်ရှိတဲ့ စဝ်ရွှေသိုက်တို့လို ပုဂ္ဂိုလ်တွေ ပါဝင်ခဲ့ပါတယ်။ ရန်ကုန်မှာပိုအနေများတဲ့ စဝ်စံထွန်းဟာ ဗိုလ်ချုပ်အောင်ဆန်း နဲ့ အစောပိုင်းကတည်းက ဆက်သွယ်မိခဲ့သူပါ။

ဓာတ်ပုံ မူပိုင် Sai Tun Aung Lwin/BBC
Image caption အာဇာနည်ခေါင်းဆောင်ကြီး မိုင်းပွန်စော်ဘွား စဝ်စံထွန်း

ရန်ကုန်မှာ ကျောင်းသွားနေခဲ့ရတဲ့သူအများစုဟာ ဖဆပလရဲ့ မဟာမိတ်ဖြစ်တဲ့ ရှမ်းပြည်လွတ်လပ်ရေးအဖွဲ့ချုပ်ကို ထူထောင်ခဲ့ကြပါတယ်။ ၁၉၄၆ ခုနှစ် သြဂုတ်လ ၂၀ ရက်မှာပါ။ ပဒေသရာဇ် ဆန့်ကျင်ရေး ၊ လွတ်လပ်ရေး၊ ဗမာပြည်မနဲ့ ပေါင်းစည်းရေး ၊ ဒီမိုကရေစီအရေးတို့ဟာ ရပလ အဖွဲ့ချုပ်ရဲ့ ဆောင်ပုဒ်တွေဖြစ်ခဲ့ပါတယ်။ ဗမာပြည်မနဲ့ ပေါင်းစည်းရေးဆိုတဲ့ ရပလရဲ့ မူဟာ တန်းတန်ရည်တူမှု ၊ ပြည်ထောင်စုစနစ်ကျင့်သုံးမှု ၊ ရှမ်းပြည်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ၊ခွဲထွက်လိုက ခွဲထွက်ခွင့် ဆိုတဲ့အချက်တွေကို အခြေခံတာဖြစ်တယ်ဆိုတာ ရပလ ခေါင်းဆောင် ဦးတင်ဧရဲ့ အထုပ္ပတ္တိမှာ ဖော်ပြထားပါတယ်။ ဒါကလည်း မဖွံ့ဖြိုးသေးတဲ့ တောင်တန်းဒေသတွေဟာ ဗမာပြည်မနဲ့ ပေါင်းစည်းခြင်းဖြင့် အပြန်အလှန်အကျိုးရှိစေဖို့ ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်။

စစ်အပြီး ပြန်ဝင်လာတဲ့ အင်္ဂလိပ် ဘုရင်ခံရဲ့ ဆင်းမလား စက္ကူဖြူ စီမံကိန်းအရ အနာဂတ်မြန်မာပြည်ကို ဘယ်လို ထူထောင်အုပ်ချုပ်မလဲဆိုတဲ့ ကိစ္စမှာ ဗမာပြည်ကို တဆင့်ချင်းစီတိုးပြီး နောက်ဆုံး ဒိုမီနီယံ အုပ်ချုပ်ရေး ပေးတဲ့ အခါမှာ ရှမ်းပြည်နဲ့ လူနည်းစုနေထိုင်ရာ နယ်ခြားဒေသတွေကို နယ်ခြားဥပဒေရေးဆွဲပြီး ဘုရင်ခံ အုပ်ချုပ်မှုအောက်မှာ ဆက်ထားမယ်ဆိုပြီးပါလာသလို စစ်မဖြစ်မီက အစုစုခွဲအုပ်ချုပ်ခဲ့တဲ့ တောင်တန်းဒေသတွေကို အားလုံးပေါင်းပြီး အုပ်ချုပ်မယ်ဆိုပြီး ပါဝင်ပါတယ်။ ဥပမာအားဖြင့် စော်ဘွား ၊ ငွေခွန်မှူး ၊ မြို့စား ၊စော်ကဲ ၊ ဒူဝါ ၊ ထောင်အုပ် ၊ စတဲ့ ပဒေသရာဇ် အကြီးအကဲတွေကို တပုံစံတည်းပြုလုပ်ပေးပြီး အဆင့်အတန်းသတ်မှတ်ဖို့ ရည်ရွယ်ထားတာပါ။ အုပ်ချုပ်ရေးတိုးတက်ပေးတယ်ဆိုပေမဲ့တိုက်နယ်အလိုက် ကောင်စီတွေဖွဲ့ပြီး ခန့်အပ်အုပ်ချုပ်စေမှာဖြစ်ပြီး ကာကွယ်ရေးအတိုင်ပင်ခံ ဝန်ကြီးအောက်မှာတော့ နယ်စပ်ဒေသများ အုပ်ချုပ်ရေးဌာနတခုဖွင့်လှစ်ပြီး တောင်တန်းညွှန်မှူးတဦးနဲ့ လက်ထောက် ညွှန်မှူး ၂ ဦးကို တွဲကာ အုပ်ချုပ်စေမှာ ဖြစ်ပါတယ်။

အုပ်ချုပ်ရေးတိုးတက်လာသလို ရှိပေမဲ့ ကိုလိုနီလက်အောက်မှာ တောင်တန်းကို ချန်ထားချင်ခဲ့တဲ့ သဘောလည်း ဆောင်တယ်လို့ ထင်ရှားတဲ့ ရပလ ခေါင်းဆောင်တဦးဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်း ၊ သခင်ဗဟိန်းတို့နဲ့ လုပ်ဖော်ကိုင်ဘက်ဖြစ်ခဲ့တဲ့ ဖက်ဒရယ်ရှမ်းမူ ရေးသားခဲ့တဲ့ ဦးထွန်းမြင့် တောင်ကြီးက မှတ်ချက်ပြုထားပါတယ်။( မှတ်ချက် ။ ။ သူက၁၉၂၃ ဒိုင်အာခီ ၊ ၁၉၃၇ ၉၁ ဌာန အုပ်ချုပ်ရေးပြည်မကို ပေးစဉ်က တောင်တန်းဒေသတွေကို ချန်လှပ်ခဲ့တာကို သူက အဓိက ထောက်ပြထား )

ဒါပေမဲ့လည်း ဗိုလ်ချုပ်အောင်ဆန်းနဲ့ စဝ်ရွှေသိုက် ညောင်ရွှေမှာတွေ့တဲ့ အချိန်အထိ ရှမ်းစော်ဘွားတွေဘက်က ဗမာပြည်မနဲ့ ပေါင်းမဲ့ ကိစ္စ ယတိပြတ်မရှိသလို တောင်ပိုင်စော်ဘွား ခွန်ပန်းစိန်ရဲ့ ၁၉၄၇ ဇန်နဝါရီလ ၂၁ ရက်နေ့က ဗြိတိသျှ နန်းရင်းဝန် အက်တလီဆီ ပေးတဲ့ ပေးစာမှာ ဆိုရင် ' ရှမ်းနယ်တွေဟာ ရှေးခေတ်ကတည်းက ဗမာဘုရင်ရဲ့ လက်အောက်ခံ မဟုတ်ဘဲ ပဏ္ဏာဆက် အဆင့်မျိုးရှိခဲ့ပြီး သမိုင်းတလျှောက် တန်းတူရည်တူ ဆက်ဆံမှုသာ ရှိခဲ့တဲ့အကြောင်း၊ မြန်မာတွေကို တန်းတူအခွင့်အရေးပေးပါက ရှမ်းပြည်ကိုလည်း တန်းတူ အခွင့်အရေးပေးသင့်ကြောင်း၊ ရှမ်းစော်ဘွားတွေကလည်း ခေတ်နဲ့အညီ ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်လျက် ရှိနေသလို ပြည်သူ့ကိုယ်စားလှယ်တွေကိုလည်း အာဏာခွဲဝေပေးဖို့ ဆောင်ရွက်နေကြောင်း၊ မြန်မာတွေနဲ့ ပူးပေါင်းဖို့ အချိန်မကျသေးသလို နယ်ခြားဒေသ စီမံကိန်းဘောင်တွေအတွင်း မြန်မာတွေနဲ့အတူ ပူးတွဲနေလိုပြီး နောက်တချိန်မှာ တန်းတူရည်တူဖြစ်မှု၊ နိုင်ငံရေးအရ ညီမျှမှု၊ ပြည်တွင်းရေး လွတ်လပ်မှု၊ ခွဲထွက်လိုက ခွဲထွက်ပိုင်ခွင့်တို့ကို ပေးအပ်ထားရမှာ ဖြစ်ကြောင်း၊ ဓနသဟာယ နိုင်ငံတွေထဲမှာ နေလိုတဲ့ ဆန္ဒရှိကြောင်း စသဖြင့် ဖော်ပြထားပါတယ်။

ဓာတ်ပုံ မူပိုင် Sai Tun Aung Lwin/BBC
Image caption ရှမ်းပြည်လွတ်လပ်ရေးအဖွဲ့ချုပ်ခေါင်းဆောင် ဦးတင်ဧ

အင်္ဂလိပ်ကို အာခံကြခြင်း

၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်မှာ အောင်ဆန်း အက်တလီ စာချုပ်လက်မှတ် ရေးထိုးခဲ့ပါတယ်။ အဲဒီစာချုပ်မှာပဲ ပင်လုံကွန်းဖရင့်မှာ ကြားကာလအတွက် ဆုံးဖြတ်ဖို့၊ တောင်တန်းနဲ့ပြည်မ ပူးပေါင်းရေးအတွက် တောင်တန်းသားတွေ ရဲ့ သဘောထား ရယူဖို့ ကိစ္စတွေ ပါဝင်လာတာပါ။

ရှမ်းစော်ဘွားတွေဟာ နယ်ခြားဒေသက အခြားလူမျိုးတွေနဲ့ ပူးပေါင်းရေးကို လက်ခံ လိုက်ကြပေမယ့် ဗိုလ်ချုပ်အောင်ဆန်း ဘိလပ် (ယနေ့အခေါ် ဗြိတိန်) သွားချိန်အထိ ဗမာပြည်မနဲ့ ပူးပေါင်းဖို့ စော်ဘွားတွေက အင်တင်တင် ဖြစ်နေပါတယ်။ ဒါ့အပြင် ကမ္ဘောဇ ပဒေသရာဇ်ကောင်စီ အစည်းအဝေးကိုလည်း ခေါ်ယူဖို့ ဘုရင်ခံဘက်က စီစဉ်လာသလို ဒါဟာ စနစ်ဟောင်းကို ဆက်လက်တမ်းတိုးမယ့် ခြေလှမ်းတွေလို့ စော်ဘွားတွေနဲ့ ရှမ်းပြည်က နိုင်ငံရေး အင်အားစုတွေ ဘက်က ယူဆလာခဲ့ပါတယ်။

ပင်လုံညီလာခံအပြီးမှာပဲ ပဒေသရာဇ်ကောင်စီ အစည်းအဝေးလုပ်မယ်လို့ ဘုရင်ခံက ထုတ်ပြန်လိုက်ပါတယ်။ စော်ဘွားတွေဟာ ဗမာနဲ့ပေါင်းဖို့ အင်တင်တင်ဖြစ်ပေမယ့် ဗမာတွေ တစ်နှစ်အတွင်း လွတ်လပ်ရေး တောင်းနေချိန် မှာ အင်္ဂလိပ်ကြီးစိုးပြီး လုပ်ပိုင်ခွင့်မရှိတဲ့ ယခင် ပဒေသရာဇ်ကောင်စီကို ဆက်အသက်သွင်းတာမျိုး စော်ဘွားတွေက မလိုလားကြပါဘူး။ ဒါကြောင့် စော်ဘွားတွေဟာ ပင်လုံညီလာခံနဲ့ ကပ်နေတဲ့ အဲဒီ အစည်းအဝေးကို ရွှေ့ဆိုင်း ပေးဖို့ သူတို့အနေနဲ့ ဆုံးဖြတ်တောင်းဆိုကြောင်း ကြေးနန်းပြန်ကြားစာ အမှတ် (၆၀၉) ကို ပို့လိုက်ပါတယ်။ အဲဒီပြန်ကြားစာဟာ နှစ်ပေါင်းများစွာအတွင်းမှာ ပထမဆုံးအကြိမ် ရှမ်းစော်ဘွားတွေ အနေနဲ့ အင်္ဂလိပ်ကို အာခံခြင်း ဖြစ်သလို လုပ်ပိုင်ခွင့်နည်းတဲ့ ကမ္ဘောဇ ပဒေသရာဇ်ကောင်စီကို ကျောခိုင်းပြီး ပိုမိုလုပ်ပိုင်ခွင့်ရှိတဲ့ ရှမ်းစဝ်ဖလုံများ ကောင်စီ တနည်းအားဖြင့် ရှမ်းဖက်ဒရယ်ကောင်စီကို ဦးတည်ခြင်း ဖြစ်တယ်လို့ ဦးရွှေအုံး ရေးသားတဲ့ ဦးတင်ဧ ( သို့မဟုတ် ) ပင်လုံ ဗိသုကာ ဆိုတဲ့ စာအုပ်မှာ ဖော်ပြထားပါတယ်။

ဓာတ်ပုံ မူပိုင် Tai History Facebook
Image caption ၁၉၄၇ ပင်လုံညီလာခံ ဖိတ်စာ

ပင်လုံမှာရတဲ့ ရှမ်းပြည် ညီညွတ်ရေး

အဲဒီနောက် ၁၉၄၇ ဖေဖော်ဝါရီလ ၆ ရက်မှာပဲ စော်ဘွား ၇ ဦးပါတဲ့ စဝ်ဖလုံကောင်စီနဲ့ ယခင်ကတည်း စော်ဘွားတွေအကြား သဘောတူညီချက်အရ အဲဒီကောင်စီမှာ လူထုကိုယ်စားလှယ် ပါရမယ်လို့ ဆုံးဖြတ် ထားတာကြောင့် လူထု ကိုယ်စားလှယ်တွေနဲ့ တိုင်ပင်ပြီး ရှမ်းပြည်ဒေသစုံဖြစ်တဲ့ ရှမ်းမြောက် ကချင် ကိုယ်စားလှယ်၊ ဓနု၊ အင်း စတဲ့သူတွေပါဝင်တဲ့ လူထုကိုယ်စားလှယ် ၇ ဦးကို ရွေးချယ်လိုက်ကြပါတယ်။ အဲဒီကောင်စီ ဟာ ရှမ်းဖက်ဒရယ် ပြည်ကောင်စီ၊ ရှမ်းအစိုးရအဖြစ် ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ (စကားချပ်။ ။ အဲဒီ စော်ဘွားနဲ့ လူထုကိုယ်စားလှယ် ၇ ဦးစီပါ စုစုပေါင်း ၁၄ ဦးပါ ရှမ်းပြည်ကောင်စီ အဖွဲ့ဝင်တွေဟာ ဖေဖော်ဝါရီလ ၁၂ ရက် ပင်လုံစာချုပ် လက်မှတ်ရေးထိုးမှုမှာ ပါဝင်သူတွေ ဖြစ်လာပါတယ်။ လူထုကိုယ်စားလှယ် အများစုဟာ ရှမ်းပြည်လွတ်လပ်ရေးအဖွဲ့ချုပ် အဖွဲ့ဝင်တွေ ဖြစ်ပါတယ်။)

ဓာတ်ပုံ မူပိုင် Sai Tun Aung Lwin/BBC
Image caption လင်းခေးဒေသ လူထုကိုယ်စားလှယ်ဖြစ်ပြီး ပင်လုံစာချုပ်မှာ လက်မှတ်ရေးထိုးခဲ့တဲ့ ဦးထွန်းမြင့်

အဲဒီနေ့မှာပဲ ကောင်စီက အဖွဲ့ဝင်တွေနဲ့ ကချင်ကိုယ်စားလှယ်တွေ ပင်လုံမှာ စဆွေးနွေးကြပါတယ်။ ကချင်နဲ့ရှမ်း ဆွေးနွေးပွဲမှာ ကချင်ပြည်နယ်အရေး၊ ဒီမိုကရေစီအရ ဗမာနဲ့ အားလုံး တန်းတူအခွင့်အရေးရရေး ကိစ္စတွေကို သဘောတူကြသလို ခွဲထွက်လိုက ခွဲထွက်ခွင့်ကိုလည်း သဘောတူကြပါတယ်။ ဖေဖော်ဝါရီ ၇ ရက်မနက်အစောပိုင်း ချင်းကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးပွဲမှာတော့ ချင်းဒေသအတွက် ဘဏ္ဍာရေးအစီအစဉ်တွေ ထပ်ဖြည့်သလို ရှမ်း၊ ချင်း၊ ကချင် ပူးပေါင်းပြီး တောင်တန်း ညီညွတ်ရေးဦးစီးအမှုဆောင်ကော်မတီ ဖွဲ့ဖို့၊ အဲဒီကော်မတီက အဆုံးအဖြတ်ပေးနိုင်တဲ့ အာဏာရှိဖို့ သဘောတူကြပါတယ်။

ဓာတ်ပုံ မူပိုင် Sai Tun Aung Lwin/BBC
Image caption ကချင်ကိုယ်စားလှယ် ဒူဝါဇော်ရစ်

အဲဒီနေ့မှာပဲ နယ်ခြားဒေသ အုပ်ချုပ်ရေးဌာန ညွှန်ကြားရေးမှူးကတဆင့် ဘုရင်ခံ အမိန့်နဲ့ကြေးနန်းအမှတ် (၃၆) ဟာ ပင်လုံဆွေးနွေးပွဲထဲက ရှမ်းစဝ်ဖလုံကောင်စီ ဥက္ကဋ္ဌဆီကို ရောက်လာတဲ့အတွက် စဝ်ဖလုံ အဖွဲ့ဝင်တွေဟာ ကြေးနန်းဖတ်ပြီး ခြေမကိုင်မိလက်မကိုင်မိ ဖြစ်ကုန်ပါတယ်။ လူထုကိုယ်စားလှယ်တွေ ရွေးပြီးမှသာ ဖက်ဒရယ်ကောင်စီ ဖွဲ့စည်းမှုတွေကို ဆက်လုပ်ဖို့နဲ့ နယ်ခြားဥပဒေမှာ ဖက်ဒရယ် ကောင်စီအတွက် ဥပဒေမရှိသေးတဲ့အကြောင်း ညွန်ကြားစာ ဖြစ်ပါတယ်။ ချက်ခြင်း ကြေးနန်းစာနဲ့ အကြောင်းပြန်ဖို့လည်း ညွှန်ကြားထားပါတယ်။ ညီလာခံကို ရောက်လာခဲ့တဲ့ ချင်းနဲ့ ကချင် ကိုယ်စားလှယ်တွေလည်း တုန်လှုပ်ကုန်ပါတယ်။ သူတို့ရဲ့ အင်္ဂလိပ်ခေတ်က အုပ်ချုပ်ရေး အဆင့်အတန်းဟာ ရှမ်းလောက်မရခဲ့တဲ့အတွက် ရှမ်းကို အခြေပြုပြီး သဘောတူညီချက် ရယူထားကာမှ သူတို့နဲ့ သဘောတူ စာချုပ်ချုပ်လိုက်တဲ့ ဒေသက ကိုယ်စားလှယ်တွေဟာ မရေရာမှုတွေ ကြုံတွေ့လာရတာကြောင့် ဖြစ်ပါတယ်။

ရှမ်းစော်ဘွားတွေဘက်က အလျှော့ပေးရမလား ၊ ဥပဒေစည်းမျဉ်း လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ရင် လိုချင်တာ ရနိုင် မရနိုင် မသေချာဖြစ်နေတဲ့ အပြင် ဥပဒေဘောင်အတွင်းမှ အရေးဆိုဖို့ လမ်းကုန်သလောက် ဖြစ်နေတဲ့ အတွက် ရပလ ခေါင်းဆောင် ဦးထွန်းမြင့်ရဲ့ အကြံပေးချက်ကို လက်ခံလိုက်ကြပါတယ်။ သူ့ရဲ့ အကြံပေးချက်ကတော့ စော်ဘွားတွေကို အင်္ဂလိပ်တွေက စော်ကားဝံ့တာဟာ နယ်ရှင်စော်ဘွားတွေရဲ့ အပြစ်ဖြစ်ပြီး နယ်ခြားဥပဒေကို မကြိုက်နှစ် သက်တာကို အင်္ဂလိပ်ကို မပြောပဲ ကြိတ်ခံနေခဲ့တဲ့အတွက် ဖြစ်တဲ့အပြင် စော်ဘွားတွေ နောက်မှာ လူထုမရှိတဲ့အတွက် ဖြစ်ကြောင်း လူထုဆန္ဒပြပြီး အရေးဆိုသင့်တယ်လို့ အကြံပေးမှုအပေါ် စော်ဘွားတွေက လက်ခံလိုက်ကြပါတယ်။ ( မှတ်ချက်။ ။ ဒီ ဦးထွန်းမြင့်ဟာ တောင်ကြီးဦးထွန်းမြင့် ဖြစ်ပြီး နောက်ပိုင်းမှာ နာမည်ကျော်လာတဲ့ ဖက်ဒရယ်ရှမ်းမူဆိုတဲ့ စာတမ်းကို ရေးသားခဲ့သူ ဖြစ်ပါတယ်။ )

စော်ဘွားခေတ်က ရှမ်းပြည်ထုံးစံအတိုင်း အစည်းအဝေးနဲ့အတူ လုပ်နေတဲ့ ပွဲခင်းထဲရောက်နေတဲ့ အနယ်နယ် အရပ်ရပ်က ထောင်နဲ့ချီတဲ့ လူထုပရိသတ်တွေကို အစည်းအဝေးနေရာကို ခေါ်ယူခဲ့ကြပါတယ်။ အဲဒီနောက် နယ်ရှင် စော်ဘွားတွေနဲ့ လူထုကိုယ်စားလှယ်တွေပါဝင်ပြီး လုပ်ပိုင်ခွင့် အာဏာရှိတဲ့ ရှမ်းစဝ်ဖလုံတွေနဲ့ လူထုကိုယ်စားလှယ်တွေ ပေါင်းထားတဲ့ ရှမ်းပြည်ကောင်စီ တောင်းဆိုချက် ကြေးနန်းအကြောင်းနဲ့ လူထု ကိုယ်စားလှယ် အဖြစ် ရွေးထားသူတွေကို လက်ခံမခံ စတဲ့ အချက်တွေကို လူထုကိုရှင်းပြပြီး သဘောဆန္ဒ ကောက်ခံခဲ့ရာမှာ အားလုံးက ထောက်ခံတဲ့အတွက် လူထု သဘောတူညီမှုနဲ့အတူ ကြေးနန်းနှစ်စောင်ကို ပေးပို့ခဲ့ကြပါတယ်။

အဲဒီသဘောတူညီချက် ကြောင့်ပဲ ရှမ်းပြည်မှာ အင်္ဂလိပ်တန်ခိုးနဲ့ ယခင်က တန်ခိုးထွားခဲ့တဲ့ ကမ္ဘောဇပဒေသရာဇ် ကောင်စီဟာ လုံးဝဇီဝိန်ချုပ်ခဲ့ရတာဖြစ်ပြီး လူထုကိုယ်စားလှယ်တွေနဲ့ စော်ဘွားတွေ ပါဝင်တဲ့ ရှမ်းပြည်ကောင်စီ ဆိုတာ ပေါ်လာတာ ဖြစ်ပါတယ်။

ရန်ကုန်မှာတော့ ဖေဖော်ဝါရီ ၇ ရက် မနက်ပိုင်းမှာ ဘော့တွမ်မလေနဲ့ ဗိုလ်ချုပ်အောင်ဆန်း တို့ဟာ ပင်လုံအတွက် ဆွေးနွေးခဲ့ကြပြီး ဗိုလ်ချုပ်က ခွဲထွက်လိုက ခွဲထွက်ခွင့်နဲ့ ပြည်မနဲ့ ပေါင်းရင် တောင်တန်းသားတွေရဲ့ နယ်တွင်း အုပ်ချုပ်ရေးကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးမှာ ဖြစ်တဲ့အကြောင်း၊ ဗြိတိသျှ အရာရှိတွေမပါဘဲ စည်းရုံးခွင့်ရချင်ကြောင်း ပြောဆိုထားတာပါ။

ဓာတ်ပုံ မူပိုင် Tin E Biography Book
Image caption ပင်လုံညီလာခံရောက် ဖဆပလ ကိုယ်စားလှယ် ဗိုလ်ချုပ်အောင်ဆန်း

ပင်လုံက လူထုဆန္ဒနဲ့ ရလဒ်တွေကို တအာင်းပလောင်နယ် စော်ဘွားဖြစ်တဲ့ တောင်ပိုင်စော်ဘွား ခွန်ပန်းစိန်က ညတွင်းချင်း မြန်မာ့အသံကို ကြေးနန်းနဲ့ ပေးပို့ခဲ့တာကြောင့် ၈ ရက် မနက်ပိုင်းမှာ သတင်းကြေညာ နိုင်ခဲ့ပါတယ်။ ဗိုလ်ချုပ်နဲ့ ဘော့တွမ်မလေတို့ ၈ ရက် မနက်ပိုင်း လေဆိပ်ကို ဆင်းလာတော့ မစ္စတာ ဘော့တွမ်မလေက ' ဒီသတင်းအတိုင်းဆိုရင် ကျူပ်တို့ ပင်လုံသွားဖို့တောင် မလိုတော့ဘူးထင်တယ်' လို့ လေဆိပ်မှာ ဗိုလ်ချုပ်အောင်ဆန်းကို ပြောဆိုခဲ့ပါတယ်။ ဘော့တွမ်မလေရဲ့ ပြောဆိုချက်ဟာ တောင်တန်းသား တွေကို ဗိုလ်ချုပ်စည်းရုံးနိုင်ဖို့ အလေးသာသွားပြီ၊ ရာသီဥတုက ဖဆပလ ဘက်မှာ ရှိသွားပြီဆိုတဲ့ သဘောဆိုလိုတာပါ။

ဓာတ်ပုံ မူပိုင် Managar Journal
Image caption စော်ဘွားကောင်စီ ဥက္ကဌ ၊ ရှမ်းပြည်ကောင်စီ ဥက္ကဌနဲ့ ပင်လုံစာချုပ်လက်မှတ်ရေးထိုးသူ တအာင်း ပလောင်စော်ဘွား ခွန်ပန်းစိန်

ရှမ်းစဝ်ဖလုံတွေ၊ လူထုကိုယ်စားလှယ်တွေ တိုင်ပင်ခဲ့ပြီး တခါမှ မဆန့်ကျင်ခဲ့ဖူးတဲ့ အင်္ဂလိပ် ဘုရင်ခံ အမိန့်ကို ဆန့်ကျင်တဲ့ ဖေဖော်ဝါရီလ ၇ ရက်ကို ရှမ်းပြည်အမျိုးသားနေ့ အဖြစ် သတ်မှတ်ဖို့ ဆုံးဖြတ်ခဲ့ကြသလို ဖေဖော်ဝါရီလ ၈ ရက်မှာပဲ ပင်လုံပွဲလာ လူထုကလည်း သဘောတူခဲ့ကြတဲ့အတွက် ရှမ်းအမျိုးသားနေ့ ဖြစ်လာခဲ့ပါတယ်။

ဒေါက်တာ ဘဉာဏ် ဦးဆောင်တဲ့ အဖွဲ့ငယ်က တင်ပြခဲ့တဲ့ ရှမ်းအမျိုးသားနေ့ အလံနဲ့ အမျိုးသားသီချင်းကိုလည်း ဖေဖော်ဝါရီလ ၁၁ ရက်မှာ အတည်ပြုခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းပါ ပါဝင် အလေးပြုခဲ့ပါတယ်။

၁၉၄၇ မတိုင်ခင် ကာလတချို့မှာ ရှမ်းအမျိုးသားနေ့အဖြစ် စက်တင်ဘာလ ၇ ရက်ကို သတ်မှတ်ခဲ့ဖူးပြီး အဲဒီနေ့ဟာ အင်္ဂလိပ်လက်အောက်မှာ စော်ဘွားတွေအနေနဲ့ အင်္ဂလိပ် အစိုးရအစည်းအဝေး သွားတက်ခွင့်ရခဲ့တဲ့နေ့ ကို သတ်မှတ်ထားတာကြောင့် ဖေဖော်ဝါရီ ၇ ရက်အနေနဲ့ မူလ အမျိုးသားနေ့ အဖြစ် သတ်မှတ်ထားတဲ့ စက်တင်ဘာလ ၇ ရက်ကို ချေဖျက်နိုင်ခဲ့တာဖြစ်ပါတယ်။

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်ဟာ နှစ်ပေါင်း ရာနဲ့ချီတဲ့ကာလအတွင်း ရှမ်းပြည်သားတွေ ပထမဆုံးအကြိမ် စုစည်းကြတဲ့နေ့လည်း ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Tin E Biography Book
Image caption ပင်လုံရောက် ဗိုလ်ချုပ်အောင်ဆန်း ရှမ်းပြည်အလံတော်အား အလေးပြုနေစဉ်

၁၉၇၀ ပြည့်လွန်နှစ်တွေမှာတော့ ဆိုရှယ်လစ်အစိုးရက ရှမ်းပြည်ကို ပြည်နယ်အဆင့် သတ်မှတ်ခဲ့ပြီး ရှမ်းအမျိုးသားနေ့ကို ရှမ်းပြည်နယ်နေ့အဖြစ် ခေါ်ဝေါ်သတ်မှတ်ခဲ့ပါတယ်။

ဒီနေ့ခေတ်မှာတော့ ရှမ်းပြည်နယ်နေ့အပြင် မူလ ကိုယ်စားလှယ်တွေ သတ်မှတ်ခဲ့တဲ့ ရှမ်းအမျိုးသားနေ့ လို့လည်း ခေါ်ဝေါ်ကြပါတယ်။ ရှမ်းပြည်အမျိုးသားနေ့အဖြစ် ခေါ်ဝေါ်သူလည်း ရှိပါတယ်။

ဘာပဲဖြစ်ဖြစ် သမိုင်းဝင် ပင်လုံအစည်းအဝေးကနေ အခြေပြု ပေါ်ပေါက်လာခဲ့တဲ့ ဒီသမိုင်းဝင်နေ့ရဲ့ မူလတန်ဖိုးကတော့ ကိုလိုနီစနစ်ကို အံတုမှု၊ ဖက်ဒရယ်နဲ့ တန်းတူညီမျှမှု၊ ကိုယ်ပိုင်အုပ်ချုပ်ရေး၊ ဒီမိုကရေစီတို့လို ကိစ္စရပ်တွေအပေါ် အခြေခံခဲ့တာ ဖြစ်ပါတယ်။

ကိုးကား- ဦးတင်ဧ ( သို့မဟုတ် ) ပင်လုံဗိသုကာတဦး- ဦးရွှေအုန်း

The Shan of Burma: Memoirs of a Shan Exile- Chao Tzang Yawnghwe

ပင်လုံစစ်တမ်း- ဦးအုန်းဖေ

တိုင်းရင်းသားလူမျိုးများအရေးနဲ့ ၁၉၄၇ ခုနစ် အခြေခံဥပဒေ

ဖက်ဒရယ်မူဆိုတာဘာလဲ - ဦးထွန်းမြင့် ( တောင်ကြီး )