ဗီယက်နမ်-မြောက်ကိုရီးယား အချစ်ဇာတ်လမ်း

ဓာတ်ပုံ မူပိုင် Pham Ngoc Canh
Image caption Ri Yong-hui နဲ့ Pham Ngoc Canh တို့ နှစ်ဦး ငယ်စဉ်က

မြောက်ကိုရီးယားအမျိုးသမီး Ri Yong-hui ဟာ သူ့ ခင်ပွန်းဖြစ်လာမယ့် ဗီယက်နမ်လူမျိုး Pham Ngoc Canh ကို ၁၉၆၇ ခုနှစ်မှာ ပထမဆုံး စတွေ့ခဲ့ပါတယ်။ အဲဒီ တုန်းက ခန်း ဟာ အသက် ၁၈ နှစ်ပဲ ရှိသေးတဲ့ ဓာတုဗေဒ ကျောင်းသားလေး တစ်ယောက်ဖြစ်ပါတယ်။ သူ ဟမ်ဟွန်းမြို့ကို သွားလည်နေတုန်း တွေ့ခဲ့ကြတာ ဖြစ်ပါတယ်။

Image caption ဟနွိုင်က တိုက်ခန်းမှာ တွေ့ရတဲ့ ချစ်သူနှစ်ယောက်

တွေ့တွေ့ချင်း သူတို့နှစ်ယောက် မေတ္တာသက်ဝင်ခဲ့ကြပြီး ၁၉၇၁ ခုနှစ်မှာ ထပ်တွေ့ခဲ့ကြပါတယ်။ ဒါပေမဲ့ တကယ်တမ်း လက်ထပ်နိုင်ခဲ့ကြတာက ၂၀၀၂ ခုနှစ်ကျမှ ဖြစ်ပါတယ်။ နှစ်ပေါင်း ၃၀ ကြာ ကွဲကွာနေခဲ့၊ စောင့်စား နေခဲ့ကြတဲ့ သူတို့ရဲ့ အချစ်ဇာတ်လမ်းက ဗီယက်နမ် မီဒီယာတွေ ထဲမှာတော့ ကျော်ကြားခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။

မစ္စရီဟာ အခုလို ဗီယက်နမ် အမျိုးသား တစ်ယောက်ကို လက်ထပ်ဖို့ မြောက်ကိုရီးယား ထိပ်ဆုံးအာဏာပိုင်တွေ ကိုယ်တိုင် ခွင့်ပြုခဲ့တဲ့ တစ်ဦးတည်းသော မြောက်ကိုရီးယား အမျိုးသမီး ဖြစ်ပါတယ်။

၂ဝ၁၈ ဗယ်လင်တိုင်းနေ့ မတိုင်ခင်လေးမှာပဲ ဘီဘီစီက ဟနွိုင်မြို့က သူတို့ နေအိမ်မှာ မစ္စရီကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ ဗီယက်နမ်မှာ လာနေနေပြီဖြစ်တဲ့ မစ္စရီက ဗီယက်နမ်နဲ့ ပတ်သက်လို့ ခုလို ပြောပြပါတယ်။

ဗီယက်နမ်မှာ ဆိုတော့ အားလုံးကို ဗီယက်နမ် ပုံစံအတိုင်းပဲ လုပ်ကြတယ်။ နိုင်ငံတစ်နိုင်ငံမှာနေရင် အဲဒီနိုင်ငံရဲ့ ဓလေ့ထုံးတမ်းတွေ အတိုင်း လိုက်နာရမှာပေါ့။ ဒီမှာတော့ ကျွန်မက တစ်ယောက်ထဲ ဆိုတော့ ကိုရီးယားပုံစံ ဆိုတာ မရှိပါဘူး။

ဒီကို ရောက်လာခဲ့ပြီးတဲ့နောက် မစ္စရီဟာ ဗီယက်နမ်ဘာသာစကားကို စပြီး လေ့လာခဲ့တာ အခုဆို စျေးဝယ်ဖို့၊ သူ့ ခင်ပွန်းရဲ့ ဆွေမျိုးတွေနဲ့ ဆက်သွယ်စကားပြောဖို့ အဆင်ပြေစ ပြုလာပါပြီ။

အခုတော့ ရွာထဲက ကျွန်မနဲ့ ရွယ်တူ အမျိုးသမီးတွေနဲ့ စကားပြောလို့ရလာတယ်၊ ဒါပေမဲ့ ကျွန်မက စကား သိပ်မတတ်သေးလို့ အခက်အခဲတော့ ရှိပါတယ်။ အဲဒီအခါမျိုးမှာ ကျွန်မနိုင်ငံကို သိပ်သတိရတယ်၊ ပြန်လည်း ပြန်ချင်တယ်။ ကျွန်မ ခင်ပွန်းကိုလည်း ထားခဲ့ဖို့ ခက်ပါတယ်။

အခုလို တောင်ကိုရီးယားမှာ ဆောင်းရာသီ အိုလံပစ်ပွဲတွေ ကျင်းပချိန်မှာတော့ မြောက်ကိုရီးယား အားကစားသမားတွေ၊ မြောက်ကိုရီးယား သီချင်းသံတွေနဲ့ ချီတက် ဖျော်ဖြေကြတဲ့ မြင်ကွင်းတွေကို နိုင်ငံတကာ ရုပ်သံလိုင်း တွေ ကနေ တိုက်ရိုက် ကြည့်ရှုခွင့်ရချိန်လည်း ဖြစ်ပါတယ်။

Image caption ယောင်နောက်ဆံထုံးပါ ဟနွိုင်ရောက်လာတဲ့ ချစ်သူ နှစ်ယောက်

မစ္စရီဟာ သူရဲ့ မွေးရပ်မြေ ဟမ်ဟွန်းမြို့လေးက ထွက်ခွာလာချိန်ကစလို့ နှစ်ကြိမ်ပဲ အိမ်ပြန်ခဲ့ဖူးပါတယ်။ ဒါကြောင့် အခုလို ဇာတိမြေက သီချင်းသံတွေ ရုပ်မြင်သံကြားကနေ ကြားရတာ သူ့အတွက်တော့ သိပ် စိတ်ချမ်းမြေ့ စရာပါပဲ။

ဒီကို ရောက်လာပြီးကတည်းက အာရီရန်းတေးသံ ကိုရီးယားရိုးရာသီချင်း ကြားရတဲ့အခါတိုင်း ကျွန်မ မျက်ရည်လည်ရတယ် ကျွန်မ ဇာတိကို သတိရတယ်။ အိုလံပစ်ပွဲမှာတီးတဲ့ အာရီရန်းတေးသံကို ဗီယက်နမ်ရုပ်မြင်သံကြားပေါ်မှာ ကြားလိုက်ရချိန်မှာ အရမ်းပဲ စိတ်လှုပ်ရှားမိပါတယ်။

ဆယ်စုနှစ်ကြာဝေးနေလည်း နှလုံးသားတွေ နွေးနေဆဲ

Pham Ngoc Canh ဟာ ဟမ်ဟွန်းမြို့ကို ရောက်နေတုန်းမှာပဲ ပွင့်နေတဲ့ ဓာတ်ခွဲခန်း တံခါးချပ်လေးကြားက မစ္စရီကို စတွေ့မိလိုက်ချိန်မှာပဲ ချစ်ခဲ့မိတာပါ။ အဲဒီအချိန်ကတည်းက တစ်ရက်မှာ ဒီမိန်းကလေးဟာ သူ့ဇနီး ဖြစ်လာပါစေလို့ ဆုတောင်းခဲ့ပါတယ်။

ဒါပေမဲ့ သူ ဟနွိုင်ကို ၁၉၇၃ မှာ ပြန်ရပြီးနောက် သူတို့ ဆုံစည်းခွင့် မရတော့ပါဘူး။ မြောက်ကိုရီးယား က သူ့နိုင်ငံသားတွေ ပြည်ပထွက်တာ၊ နိုင်ငံခြားနဲ့ ဆက်သွယ်တာတွေကို လုံးဝပိတ်ပင် လိုက်တာပါ။

ရီက သူတို့ စဆုံစည်းကြပုံကို ပြောပြပါတယ်။

သူ့မျက်လုံးတွေ ရွှန်းလဲ့နေတာ ကျွန်မ မြင်ရတယ်၊ သူ ကျွန်မကို ချစ်နေပြီ ဆိုတာလည်း ချက်ချင်း သိလိုက်တယ်။ ကျွန်မလည်း သူ့ကို မြင်မြင်ချင်းပဲ ချစ်မိလိုက်တယ်။

သူ့အရင်က ဘယ်သူနဲ့မှ ကျွန်မ မကြိုက်ဖူးဘူး။ သူကလေ သိပ်ကြည့်ကောင်းတာပဲ၊ ကျွန်မကိုလည်း သိပ်ကြင်နာတာပဲ။ ကျွန်မလည်း သူ့ကို သဘောကျတယ်။

ဒါပေမဲ့ သူတို့နှစ်ယောက် လက်ထပ်ဖို့အထိ ရီက မျှော်လင့်မထားခဲ့ပါဘူး။

သူ ဗီယက်နမ်ပြန်တဲ့အချိန် ဟိုမှာ စစ်ဖြစ်နေတုန်း။ သူက ကျွန်မကို စောင့်နေဖို့နဲ့ သူ ပြန်လာမယ် ဆိုတာ ပြောတယ်။ ဒါပေမဲ့ သူ့ကို ကျွန်မ မယုံပါဘူး။

တကယ်ပဲ ၁၉၇၈ မှာ ခန်း မြောက်ကိုရီးယားကို ပြန်လာပါတယ်။ အလုပ်ကိစ္စနဲ့ ရက်ပိုင်းလေး လာရတာပါ။ တွေ့တဲ့အခါမှာ ခန်းက ရီကို ပြောပါတယ်။ ဒို့ တရက် ဆုံစည်းရမှာပါ၊ အဲဒီချိန်ထိ စောင့်ပါအုံး လို့ ဆိုပါတယ်။

ရီက ကျွန်မ သူ့ကို ပြောလိုက်တယ်၊ ဘယ်တော့လဲ၊ အဲဒီအချိန်ဆို ကျွန်မ အဖွားကြီး ဖြစ်နေပြီ ဆိုတော့ သူက ပြန်ပြောတယ်၊ မင်း အသက် ဘယ်လောက် ကြီးကြီး မင်းဟာ ကိုယ့်ရဲ့ ယုံဟီးပဲ ဖြစ်နေမှာပါတဲ့။

နောက် နှစ် ၃ဝ ကြာတဲ့အထိ ခန်း သူ့ဆီကို စာတွေပဲ ပို့နိုင်ခဲ့ပါတယ်။ တချို့စာတွေကို စကားပြန်နဲ့ ပို့ရပြီး ဘာပြန်စာမှလည်း မရပါဘူး။

ဓာတ်ပုံ မူပိုင် Pham Ngoc Canh
Image caption ၂ဝဝ၂ မှာ ဟနွိုင်မှာ လက်ထပ်ခဲ့

မြောက်ကိုရီးယားကို စကားပြန် အနေနဲ့ ခဏခဏ လာတိုင်း ခန်းက ရီအကြောင်း မေးပါတယ်။ တစ်ခါတော့ ရီ အိမ်ထောင်ပြုသွားပြီလို့ ကြားရသလို နောက်တစ်ခါ ကျတော့ သူသေသွားပြီလို့ ကြားရပြန်ပါတယ်။ ဒါပေမဲ့ ခန်း စိတ်ကို မလျှော့ပါဘူး။

နောက်ဆုံးတော့ ၂ဝဝ၁ ခုနှစ်မှာ ဗီယက်နမ် ခေါင်းဆောင်တွေ ကင်ဂျုံအီး ဆီကို လာရင်း ဒီအကြောင်း ပြောဆိုပေးလို့ မြောက်ကိုရီးယား အစိုးရက ရီယုံဟီးကို ဗီယက်နမ်မှာ သူ့ချစ်သူနဲ့ လက်ထပ်ခွင့် ပေးလိုက်ပါတယ်။

သူတို့ နှစ်ယောက် ဟနွိုင်မှာ ၂ဝဝ၂ ဒီဇင်ဘာလမှာ ရိုးရိုးလေးပဲ လက်ထပ်ခဲ့ကြပါတယ်။ အဲဒီအချိန်မှာ ရီက ၅၅ နှစ် ရှိနေပြီ၊ ရိုးရာ ကိုရီးယား ဝတ်စုံနဲ့ မင်္ဂလာဆောင်တဲ့ ရီမှာ မိသားစု တစ်ယောက်မှ လိုက်မလာနိုင် ကြပါဘူး။ ခန်းဘက်ကတော့ သူငယ်ချင်းတွေနဲ့ မိသားစုတွေ တက်ကြပါတယ်။

အဲဒီနောက် သူတို့နှစ်ယောက် ဟနွိုင်မှာ အတူနေပြီး ရီက ကိုရီးယား စကား သင်တဲ့ ဆရာမ လုပ်ပါတယ်။

Image caption ဟနွိုင်က ရေကန်ကြီးနား နှစ်ယောက်တွဲ လမ်းလျှောက်ကြ

ဖန်နော့ခန်းက အင်ဂျင်နီယာအလုပ်က အနားယူ လိုက်ပြီ ဖြစ်ပေမယ့် အားကစား လှုပ်ရှားမှုတွေကြောင့် သူ့ကို လူသိများပါတယ်။ နောက်ပြီး ဟနွိုင် စက်ဘီးစီး အသင်းမှာ သူက တည်ထောင်သူ တစ်ယောက် ဖြစ်ပါတယ်။

ရီရဲ့ဘဝဟာ မြောက်ကိုရီးယားမှာ ထက် စာရင် ပိုကောင်းလာပြီ ဆိုနိုင်ပေမယ့် ဇိမ်ကျတဲ့ ဘဝတော့ မဟုတ်ပါဘူး။

တန်ကွန် ရပ်ကွက်ထဲက တိုက်ခန်းတွဲကြီး တစ်ခုမှာ သူတို့ တိုက်ခန်းသေးလေး တစ်ခု ရပါတယ်။ ဒီအခန်းတဝက်ကိုတော့ ခန်းရဲ့ ပင်စင်နဲ့ မလောက်လို့ ငှားစားရပါတယ်။ ခန်းက တစ်လမှ ဒေါ်လာ ၁၇ဝ လောက်ပဲ ပင်စင်ရတာပါ။

ဗီယက်နမ်မှာ နေရတာ ဘာသာစကားနဲ့ ယဉ်ကျေးမှု အရံအတားတွေကြောင့် ခုထိ အခက်အခဲ ရှိတုန်းပဲလို့ ရီက ဝန်ခံပါတယ်။ နောက်ပြီး သူတို့နေရတဲ့ အဆင့်အတန်းကလည်း သိပ်မြင့်လှတာ မဟုတ်ပါဘူး။

ခု လောလောဆယ် အခက်အခဲလေးတွေ ရှိပေမယ့် ကျော်လွှားနိုင်မှာပါ၊ အရင်ကလည်း ကျွန်မတို့ ဒီလိုပဲ ဖြတ်သန်းခဲ့ကြတာပဲ လို့လည်း ရီက ဆိုပါတယ်။

သူတို့စုံတွဲ တစ်ယောက်နဲ့ တစ်ယောက် ပျော်ပျော်ရွှင်ရွှင်နဲ့ ချစ်ကြတဲ့ အရှိန်ကတော့ ၁၉၆၇ မှာ စတွေ့ကတည်းက ခုထိ ပြောင်းလဲသေးပုံ မရပါဘူး။