အပစ်ရပ်တဲ့ မွန်ပြည်သစ်ကို သတိပေးတဲ့ မွန်ခေါင်းဆောင်

ဓာတ်ပုံ မူပိုင် Min Min Nwe
Image caption မွန်တော်လှန်ရေးနေ့ အခမ်းအနားမှာတွေ့ရတဲ့ မွန်ပြည်သစ် စစ်သည်တွေ

အန်စီအေ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စဲရေးစာချုပ်ကို လက်မှတ်ရေးထိုးတာဟာ ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့အစ ဖြစ်သလို နိုင်ငံရေးဆွေးနွေးပွဲတွေရဲ့ အစဖြစ်တယ်၊ လက်နက်ကိုင် ပဋိပက္ခလျှော့ချခြင်းရဲ့ အစဖြစ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ပြုလုပ်တဲ့ မွန်ပြည်သစ်နဲ့ လားဟူ ဒီမိုကရက်တစ်ပါတီတို့ရဲ့ အန်စီအေ စာချုပ်မှာ လက်မှတ်ရေးထိုးမှု အခမ်းအနားမှာ ပြောဆိုပါတယ်။

မွန်ပြည်သစ်နဲ့ လားဟူ အပစ်ရပ်လက်မှတ်ထိုး

လက်မှတ်ထိုး အဖွဲ့တိုးလို့ ငြိမ်းချမ်းရေး နီးပြီလား

မွန်နဲ့လားဟူ ဘာကြောင့် NCA စာချုပ် လက်မှတ်ထိုးတာလဲ

မွန်ဒေသက အဓိက လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်တဲ့ မွန်ပြည်သစ်ပါတီ အဖို့ကတော့ မွန်လက်နက်ကိုင် လှုပ်ရှားမှု သမိုင်းတလျှောက် စတုတ္ထ အကြိမ်မြောက် အစိုးရနဲ့ အပစ်အခတ်ရပ်စဲတဲ့ အဖွဲ့ ဖြစ်လာပါတယ်။ မွန်ပြည်သစ်ဟာ စစ်အစိုးရ လက်ထက်က စစ်အစိုးရနဲ့ အပစ်ခတ်ရပ်စဲပြီး အမျိုးသားညီလာခံကို တက်ရောက်ခဲ့ဖူးသလို သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်မှာ တဖွဲ့ချင်း အပစ်အခတ်ရပ်စဲခဲ့ပြီး အန်အယ်လ်ဒီ အစိုးရ လက်ထက်မှာတော့ နိုင်ငံရေးဆွေးနွေးပွဲ တက်ရောက်ခွင့်ရရှိရေးအတွက် အန်စီအေ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စဲရေး စာချုပ်မှာ လက်မှတ်ရေးထိုးလာတာဖြစ်ပါတယ်။

မွန်ဝါရင့် နိုင်ငံရေးသမားနဲ့ တော်လှန်ရေးသမားဟောင်း သဘောထား

မွန်ပြည်သစ် လက်မှတ်ရေးထိုးမှုအပေါ် နိုင်ထောမွန် ဦးဆောင်တဲ့ မွန်ပြည်သစ်က ဒီအချိန်မှာ အန်စီအေ စာချုပ်ကို လက်မှတ်ထိုးတာဟာ မကောင်းဘူးလို့ ဝါရင့်မွန်နိုင်ငံရေးသမားဖြစ်ပြီး မွန်ပြည်နယ်ရရှိရေးအတွက် ဖဆပလ အစိုးရကို အာခံ တိုက်ခိုက်ခဲ့တဲ့ နိုင်ငွေသိမ်းက ပြောပါတယ်။

ဒီအချိန်မှာ လက်မှတ်ထိုးတာဟာ လက်နက်ချခြင်းပဲ လို့သူက ဆိုပါတယ်။

နိုင်ငံရေးအရ ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေပြီ၊ ငြိမ်းချမ်းရေးဖြစ်စဉ် တန့်နေချိန်မှာ လက်မှတ်ထိုးတာဟာ အခန့်မသင့်ရင် နိုင်ငံရေးအရ သဘောမတူသေးဘဲ လက်နက်ဖြုတ် နိုင်ငံရေးပါတီ ထောင်ဖို့အထိ ကြုံတွေ့ရနိုင်ခြေ များတယ်လို့လည်း သူက အတိတ်က မွန်လက်နက်ကိုင်တွေ ကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေကို ဥပမာပေးပြီး သတိပေး ပြောဆိုပါတယ်။

နိုင်ငွေသိမ်းဆိုတာက

ဦးနိုင်ငွေသိမ်းဟာ လွန်ခဲ့တဲ့ နှစ် ၆ဝ က မွန်ကာကွယ်ရေး တပ်ဦးနဲ့ ဦးနုရဲ့ ဖဆပလတို့အကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာ မွန်ကာကွယ်ရေးတပ်ဦး (မွန်ပြည်သူ့တပ်ဦး MNDO ) ကို ဦးဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။ အဲဒီတုန်းကတော့ မွန်ပြည်နယ် ရရှိရေးအတွက် ဦးဆောင်သူအဖြစ် သူပါဝင်နေတဲ့ မွန်ကာကွယ်ရေးတပ်ဦးနဲ့ ဖဆပလ ဦးနုအစိုးရတို့အကြား မွန်ပြည်နယ်သတ်မှတ်ပေးရေးနဲ့ လက်နက်ဖြုတ်သိမ်း ငြိမ်းချမ်းရေး ရယူတဲ့ ဆွေးနွေးပွဲတွေမှာ သူက မွန်ဘက်ကနေ ဦးဆောင်ခဲ့သူပါ။

ဦးနုက မွန်နဲ့ ရခိုင် ပြည်နယ် သတ်မှတ်ပေးတဲ့အတွက် ကျွန်တော်တို့လည်း လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်ခဲ့ရတယ် လို့ သူက အတိတ်ကို ပြန်ပြောပြပါတယ်။

မွန်ပြည်နယ်ရခဲ့တဲ့အတွက် တော်လှန်ရေးရည်မှန်းချက် အောင်မြင်သလား တိုင်းရင်းသားအခွင့်အရေးကော ရခဲ့သလားဆိုတဲ့ မေးခွန်းကိုတော့သူက " မရခဲ့ဘူး ၊ မရခဲ့လို့ မွန်ပြည်သစ်ပေါ်လာသလို ၊ ကျွန်တော်လည်း မွန်အမျိုးသားရေးအတွက် ခေတ်အဆက်ဆက် ဆက်ပြီး လှုပ်ရှားခဲ့ရတာပေါ့ ' လို့ အသက် ၉၆ နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ နိုင်ငွေသိမ်းက ပြောပါတယ်။

၂၁ ပင်လုံမှာ ဆွေးနွေးဖို့ ၂ ဖွဲ့ လက်မှတ်ထိုးမယ်

အားလုံးပါဝင်ရေးမူကို ဖျက်ဆီးလိုသူရှိလို့ UNFC ပြော

ပန်ခမ်း ညီလာခံကို မွန်ပြည်သစ် မတက်ရောက်

မွန်ပြည်သစ်နဲ့ UNFC သဘောကွဲမှုမရှိလို့ DPN ပြော

ဓာတ်ပုံ မူပိုင် Min Min Nwe
Image caption မွန်တော်လှန်ရေးစတင်တဲ့ ဇာသပြင်မှာလုပ်တဲ့ မွန်အမျိုးသားနေ့ အခမ်းအနား

၁၉၂၃ ခုနှစ်မှာ မွေးဖွားခဲ့တဲ့သူဟာ တက္ကသိုလ်ကျောင်းသားဘဝမှာ နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သလို ဂျပန်တော်လှန်ရေး ခေတ်မှာလည်း ပြောက်ကျားတပ်ဖွဲ့ဝင် အဖြစ်ပါဝင်ခဲ့သူပါ။ ၁၉၄၅ခုနစ်မှာတော့ ရာမညတိုင်း မွန်အဖွဲ့ချုပ်မှာ အမှုဆောင် တာဝန်ယူခဲ့ပါတယ်။ နိုင်ငွေသိမ်းဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့လည်း တွေ့ဆုံခဲ့ဖူးသူဖြစ်ပါတယ်။

မွန်လူမျိုးရေးရာ အဖွဲ့ချုပ် ကိုယ်စားလှယ်အနေနဲ့လည်း ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံးရဲ့ ညီလာခံကို တက်ရောက်ခဲ့သလို ကရင်တော်လှန်ရေး စတင်တဲ့ ကာလအစပိုင်းဖြစ်တဲ့ ၁၉၄၈ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့ မှာတော့ ဇာသပြင်ရဲစခန်းကို မွန်တွေဝင်တိုက်တဲ့ တိုက်ပွဲမှာ ပါဝင်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်တဲ့နေ့ကို မွန်တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ထားတာပါ။

မွန်ပြည်သစ်ပါတီက NCA စာချူပ် လက်မှတ်ထိုးမယ်

NCA ထဲ နောက်ထပ် ၅ ဖွဲ့ ပါလာမှာလား

မွန်အမျိုးသားနေ့မှာ စစ်ရေးပြ အခမ်းအနား မလုပ်ဖို့ တားမြစ်

ဓာတ်ပုံ မူပိုင် Pine Land
Image caption ၂ဝ၁၃ က ပြုလုပ်တဲ့ သက်ကြီးတိုင်းရင်းသား နိုင်ငံရေးခေါင်းဆောင်များ ဂါရဝပြုပွဲမှာ တွေ့ရတဲ့ နိုင်ငွေသိမ်း

အဲဒီတိုက်ခိုက်မှုအပြီးမှာ သူဟာ အဖမ်းခံခဲ့ရပြီး ကေအန်ယူ တပ်ဖွဲ့တွေ မော်လမြိုင်ကို ဝင်ရောက်သိမ်းပိုက်တော့ သူဟာ မော်လမြိုင်အကျဉ်းထောင်က လွတ်မြောက်လာခဲ့ပါတယ်။ အဲဒီနောက် မွန် ၊ ကရင်ပူးတွဲအုပ်ချုပ်တဲ့ သဘောတူ စာချုပ်ကို ကရင်ခေါင်းဆောင် စောဘဦးကြီးနဲ့ လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဲဒီအချိန်အထိ မွန်စစ်သည်တွေကို ဦးဆောင်နေပေမဲ့ မွန်တပ်တွေဟာ သီးသန့်နာမည်တော် မမှည့်ရသေးပါဘူး။

ထိုင်းနိုင်ငံရောက်မွန်တွေကိုလည်း မွန်အမျိုးသားလှုပ်ရှားမှုနဲ့ တော်လှန်ရေးမှာ ပါဝင်ဖို့ သူက စည်းရုံးခဲ့ပြီးနောက် ၁၉၅၂ ခုနစ်မှာ ဖွဲ့စည်းတဲ့ မွန်အမျိုးသား ညီညွတ်ရေးတပ်ပေါင်းစု ဖွဲ့စည်းရာမှာတော့ သူက ဥက္ကဋ္ဌ ဖြစ်လာ ပါတယ်။ မွန်ပြည်သူ့တပ်ဦး MNDO ဖွဲ့တော့ ဗဟိုအလုပ်အမှုဆောင် ကော်မတီ တာဝန်ယူခဲ့ခဲ့ပြီး ၁၉၅၈ ခုနှစ်မှာတော့ ဦးနုအစိုးရနဲ့ ဆွေးနွေးပြီး လက်နက်ကိုင် လမ်းစဉ်ကို သူစွန့်လွှတ်ခဲ့တာဖြစ်ပါတယ်။ သူ ဦးနုနဲ့ သွားဆွေးနွေး နေတုန်းမှာ မွန်တပ်ဦးရဲ့ အခြား ခေါင်းဆောင် တဦးဖြစ်တဲ့ နိုင်ရွှေကျင်ဟာ ပဲခူးရိုးမက ဗကပ စခန်းကိုရောက်နေခဲ့ပြီး ပြန်ထွက်လာလို့ မရခဲ့ပါဘူး။ အဲဒီတုန်းက မွန်တပ်ဦးရဲ့ ဥက္ကဋ္ဌဖြစ်သူက နိုင်အောင်ထွန်း ဖြစ်ပါတယ်။

မွန်တပ်ဦး ငြိမ်းချမ်းရေး ရယူလိုက်ချိန်မှာတော့ နိုင်ရွှေကျင်ဟာ မွန်ဒေသဘက်ကို ပြန်ရောက်လာခဲ့ပြီး ပြည်နယ်ရပေမဲ့ တန်းတူ အခွင့်အရေးမရတဲ့ အခြေအနေကို သိမြင်ပြီး ရှိတဲ့ လူအနည်းငယ်နဲ့ မွန်လက်နက်ကိုင် လှုပ်ရှားမှုကို ဆက်လုပ်ခဲ့ကာ မွန်ပြည်သစ်ပါတီကို ထူထောင်ခဲ့တာ ဖြစ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
မွန်နဲ့ လားဟူ အဖွဲ့တွေ အပစ်ရပ်စာချုပ် လက်မှတ်ထိုး

နိုင်ငွေသိမ်းကတော့ လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်တယ်ဆိုပေမဲ့လည်း တိုင်းရင်းသား အခွင့်အရေးက ခက်ခဲနေဆဲ ဆိုတာကို သိတဲ့အတွက် မြေပေါ်နိုင်ငံရေး လှုပ်ရှားမှုတွေ ဆက်လုပ်ခဲ့ပါတယ်။ ၁၉၆၁ ခုနှစ် တောင်ကြီးမှာ ကျင်းပတဲ့ ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေရေးဆွဲရေးဆိုင်ရာ ပြည်နယ်များ ညီညွတ်ရေးအဖွဲ့ညီလာခံမှာ မွန်ကိုယ်စားလှယ် အဖြစ် တက်ရောက်ခဲ့ပါတယ်။ ဦးနေဝင်း အာဏာမသိမ်းခင် ၁၉၆၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက် မြန်မာ့အသံမှာ ပြုလုပ်တဲ့ ဖွဲ့စည်းပုံရေးဆွဲရေးဆိုင်ရာ ညီလာခံကို တက်ရောက်ခဲ့ပြီး မတ်လ ၂ ရက် အာဏာသိမ်းတော့ အဖမ်းမခံရဘဲ ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။

' အဲဒီတုန်းက ကွန်မြူနစ်တွေနဲ့ ဆက်သွယ်ဖို့ တောစပ်တောင်ရောက်နေပြီ ၊ မြို့ပေါ်နိုင်ငံရေးကလည်း လူထုလှုပ်ရှားမှုတွေဖြစ်လာခဲ့ရင် အခြေအနေအရ လိုအပ်ဦးမှာပဲဆိုတဲ့ အတွေးဝင်လာလို့ အဘက ပြန်လာခဲ့တာ ' လို့ ဦးနိုင်ငွေသိမ်းနဲ့ ရင်းနှီးတဲ့ မင်းလွင် ( ရှမ်းပြည် ) က ပြောပါတယ်။

၁၉၆၃ ပြည်တွင်းငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရေးအတွက် ကော်မတီဖွဲ့တော့ တနင်္သာရီတိုင်းအတွက် နိုင်ငွေသိမ်းက တာဝန်ယူခဲ့သလို အဲဒီနောက်မှာတော့ ဖမ်းဆီးခံခဲ့ရပါတယ်။ ဒါ့အပြင် မွန်ကာကွယ်ရေးတပ်ဦးရဲ့ အခြား ခေါင်းဆောင် တော်တော်များများလည်း အဖမ်းခံခဲ့ရတာပါ။

မွန်ပြည်သစ်နဲ့ ကေအင်ယူ မကြာခင် တွေ့ဆုံမယ်

၇၁ နှစ်မြောက် မွန်အမျိုးသားနေ့ မြင်ကွင်းစုံ

ဓာတ်ပုံ မူပိုင် NH Ag
Image caption ၈၉ နှစ်ပြည့် မွေးနေ့တုန်းက

၁၉၆၅ ခုနှစ် အကျဉ်းထောင်က လွတ်လာတော့ ဦးနေဝင်း အစိုးရရဲ့ အမိန့် အရ ရန်ကုန် အပြင်မထွက်ရ ၂ နှစ် ခြေချုပ်နဲ့ နေခဲ့ရပါတယ်။ ၈ လေးလုံးအရေးအခင်း ဖြစ်တော့လည်း ပါဝင်ခဲ့သလို ၁၉၉ဝ ရွေးကောက်ပွဲအတွက် ၁၉၈၉ ခုနှစ်မှာ ဖွဲ့စည်းတဲ့ မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှာ ဒုတိယ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့ပါတယ်။ ၁၉၉ဝ ရွေးကောက်ပွဲမှာ သူတို့ပါတီဟာ မွန်ပြည်နယ်က နေရာ တော်တော်များများမှာ နိုင်ခဲ့သလို ၁၉၉၁ ခုနစ်မှာတော့ သူ့ရဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေကြောင့် နဝတ စစ်အစိုးရက သူ့ကို ထောင်ဒဏ် ၂၁ နှစ်ချမှတ်ခဲ့ပါတယ်။ လက်နက်ကိုင် လမ်းစဉ်ကို သူစွန့်ခွာခဲ့ပေမဲ့ သူ့နိုင်ငံရေး လှုပ်ရှားမှုတွေကို လက်နက်ကိုင် လမ်းစဉ် ဆက်လက်လုပ်ကိုင်နေတဲ့ မွန်ပြည်သစ်ပါတီက အသိအမှတ်ပြုခဲ့ပါတယ်။

ဒါ့ကြောင့်ပဲ နဝတ စစ်အစိုးရနဲ့ မွန်ပြည်သစ် အကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာ သူ့ကို လွှတ်ပေးဖို့ မွန်ပြည်သစ်က တောင်းဆိုခဲ့ပြီး ထောင်ကနေ လွတ်လာခဲ့ပါတယ်။ ဒါပေမဲ့လည်း လွှတ်တော်ခေါ်ယူရေး ကိုယ်စားပြု ကော်မတီလို အဖွဲ့မှာ ပါဝင်ခဲ့သလို ၁၉၉၈ ခုနှစ်မှာ မွန်ပြည်သစ်ကို ပေးပို့တဲ့ သူ့ရဲ့ အကြံပြုစာမှာ မွန်ပြည်သစ်တို့လို စစ်အုပ်စုနဲ့ အပစ်ရပ်စဲပြီး အဖြေမထွက်တဲ့ အမျိုးသား ညီလာခံကို တက်တဲ့ အဖွဲ့တွေကြောင့် စစ်အာဏာရှင် စနစ် သက်ဆိုးရှည် နေရတယ် ဆိုတဲ့ အချက် ပါဝင်ခဲ့ပါတယ်။အဲဒီစာကြောင့်ပဲ ဦးနိုင်ငွေသိမ်းဟာ ထောင်ဒဏ် ၇ နှစ် ချမှတ်ခံရပြန်ပါတယ်။

မွန်နိုင်ငံရေး လေ့လာသူ ကိုမင်းလတ်ကတော့ နိုင်ငွေသိမ်းရဲ့ အတွေ့အကြုံနဲ့ ဖြတ်သန်းမှုတွေကို ကြည့်ရင် သူဟာ အမြဲတမ်း မဟာဗျူဟာ ကျတဲ့ နေရာမှာ ရှိနေတတ်ပြီး အိုင်ဒီယိုလိုဂျီ အရ သူ့ထက် သာတဲ့လူ ရှိပေမယ့်လည်း သူနဲ့ ခေတ်ပြိုင်နိုင်ငံရေးသမားတွေ ထဲမှာတော့ မဟာဗျုဟာအရ စဉ်းစားရင် သူ့ကို ကျော်နိုင်တဲ့လူ မွန်မှာ များများစားစား မရှိဘူးလို့ နိုင်ငွေသိမ်းရဲ့ မွန်နိုင်ငံရေးမှာ ရပ်တည်နေမှုအပေါ် မှတ်ချက်ပြု ပြောဆိုပါတယ်။

နိုင်ငွေသိမ်းဟာ အယူအဆ ခိုင်မာရှင်းလင်း ပြတ်သားသလို ငြိမ်းချမ်းရေးနဲ့ ပတ်သက်ရင်လည်း သူဟာမွန်မှာ ပထမဆုံး အတွေ့အကြုံရှိသူ ဖြစ်တဲ့အတွက် သူ့ရဲ့ သတိပေးချက်တွေဟာ သတိထားသင့်တဲ့အချက်တွေလည်း ဖြစ်တယ်လို့ နိုင်ငွေသိမ်းရဲ့ အဲဒီခေတ်က မွန်ပြည်သစ် အပေါ် သတိပေးချက်ကို ကိုမင်းလတ်က ပြန်ပြောင်းပြောပြပါတယ်။

အမျိုးသား ညီလာခံတက်ခဲ့တဲ့ မွန်ပြည်သစ်ကတော့ ညီလာခံမှာ နိုင်ငံရေး အဖြေမထွက်မှုတွေနဲ့ ကြုံခဲ့ရသလို နယ်ခြားစောင့်ရေးတပ်ဖွဲ့ရေးအတွက် ဖိအားပေးမှုတွေနဲ့လည်း ရင်ဆိုင်ခဲ့ရတာပါ။

ဓာတ်ပုံ မူပိုင် Min Min Nwe
Image caption မွန်ပြည်သစ်ပါတီ လက်ရှိဥက္ကဋ္ဌ နိုင်ထောမွန်

၂၀ဝ၄ ခုနစ်မှာ နိုင်ငွေသိမ်း ထောင်ကပြန်လွတ်လာတော့ ၉၀ ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားပါတီတွေနဲ့ ဖွဲ့ထားတဲ့ ယူအန်အေ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့မှာ သဘာပတိ အဖြစ် တာဝန်ယူခဲ့ပြီး အသက်အရွယ်မငှဲ့ပဲ နိုင်ငံရေး ဆက်လုပ်ခဲ့သူဖြစ်ပါတယ်။ ၂၁ ရာစုမှာ နိုင်ငံရေးအဖြေရှာဖို့အတွက် ပင်လုံညီလာခံကို ညီလာခံတရပ်ကို ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သူက ဦးဆောင်ဖို့ တိုက်တွန်းခဲ့သူထဲမှာ ထင်ရှားသူတွေကတော့ ဇိုမီးခေါင်းဆောင် ပူးလ်ကျင်ရှင့်ထန်နဲ့ နိုင်ငွေသိမ်းတို့ဖြစ်ပါတယ်။

အခုတော့ ၂၁ ပင်လုံဆိုတဲ့ ခေါင်းစဉ်နဲ့ သမ္မတ ဦးသိန်းစိန် လက်ထက်ကလုပ်ခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ပြီး ဆက်လက်ကျင်းပနေခဲ့တာ ဖြစ်ပါတယ်။

၂၁ ရာစု ပင်လုံညီလာခံကို ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ဖို့ ကျွန်တော် တိုက်တွန်းခဲ့တာမှန်ပေမယ့် ဒီလို အဖြေမထွက် တန်းတူရည်တူမရှိတဲ့ ညီလာခံမျိုးကို ဆိုလိုတာ မဟုတ်ပါဘူး လို့ သူက လက်ကျင်းပနေတဲ့ ၂၁ ပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ အစည်းအဝေးတွေကိုလည်း ဝေဖန်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ သူမရဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ အားလုံး သဘောတူ လက်ခံနိုင်တဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် ၂၁ ပင်လုံလမ်းကြောင်းကို မမှိတ်မသုန် ဆက်လက် လျှောက်လှမ်းဖို့ သန္နိဌာန် ချမှတ်ထားပြီးဖြစ်တယ်လို့ မွန်ပြည်သစ် အန်စီအေ လက်မှတ်ထိုးတဲ့နေ့မှာပဲ ပြောဆိုခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Pine Land
Image caption နအဖ စစ်အစိုးရခေတ်က သခင်သိန်းဖေ ၊ သခင်ချန်ထွန်းတို့နဲ အတူတွေ့ရတဲ့ နိုင်ငွေသိမ်း

သမိုင်းထဲက အတွေ့အကြုံကြောင့် စိုးရိမ်တာလား

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကတော့ ဒီမိုကရေစီရဲ့ ဆန့်ကျင်ဘက် ဖြစ်တဲ့ လက်နက်ကိုင်ပြီး မိမိတို့ဆန္ဒတွေကို တောင်းလို့မရဘူးလို့မွန်ပြည်သစ်အန်စီအေ လက်မှတ်ထိုးတဲ့နေ့မှာ ပြောဆိုပါတယ်။ ဒါ့အပြင် အန်စီအေ ထိုးတာဟာ တပ်မတော်နဲ့ အစိုးရအပေါ် အလျှော့ပေးခြင်းဆိုတဲ့ သံသယ မထားကြဖို့နဲ့ အန်စီအေနဲ့ တပ်မတော်ရဲ့ ငြိမ်းချမ်းရေး မူဝါဒ ၆ ရပ်ဟာ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်လာအောင် လမ်းခင်းပေးထားခြင်း ဖြစ်တယ်လို့ တပ်ချုပ်က ဆိုထားတာပါ။ အချိန်ကာလသတ်မှတ်ပြီး လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း လုပ်ငန်းတွေ လုပ်ဖို့ကိုလည်း တပ်ချုပ်ကတိုက်တွန်းထားပါတယ်။

အခုအခါ အသက် ၉၆ နှစ်ပြည့်တော့မှာ ဖြစ်တဲ့ နိုင်ငွေသိမ်းဦးဆောင်ခဲ့တဲ့ မွန်ကာကွယ်ရေးတပ်ဦး MNDO နဲ့ ဦးနုရဲ့ ဖဆပလ အစိုးရတို့အကြား လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်ခဲ့တာ ၂၀၁၈ ခုနစ်ဆိုရင် နှစ် ၆၀ ပြည့်ပြီဖြစ်ပါတယ်။

အခုလိုနှစ် ၆၀ ပြည့်တဲ့အချိန်မှာပဲ မွန်ကာကွယ်ရေးတပ်ဦးရဲ့ နောက်ဆက်တွဲ လက်နက်ကိုင် တပ်ဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီကလည်း အန်စီအေ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးစာချုပ်မှာ လက်မှတ် ရေးထိုးခဲ့ပြီဖြစ်ပါတယ်။

မွန်ပြည်သစ်အနေနဲ့ ဒီလိုလက်မှတ်ရေးထိုးခဲ့မှု အပေါ် အတိတ်သင်ခန်းစာတွေကို အခြေခံပြီး ထပ်မံ အလိမ်မခံရအောင် သတိထားသင့်တယ် လို့ မွန်အမျိုးသားခေါင်းဆောင် တယောက်က သတိပေးလိုက်ပါတယ်။

ဓာတ်ပုံ မူပိုင် Banyar Aung
Image caption မွန်တော်လှန်ရေးနေ့မှာ မွန်အာဇာနည်တွေကို ဂါရဝပြုနေသူတွေ