တယောက်တည်းသော အရပ်သား စစ်သေနာပတိချုပ်

ဓာတ်ပုံ မူပိုင် Ba Maw
Image caption ဒေါက်တာ ဘမော်ကို စစ်ဝတ်စုံနဲ့ တွေ့ရပုံ

ဒေါက်တာ ဘမော်ဟာ မြန်မာပြည်မှာ အစောဆုံး နိုင်ငံခြား ပါရဂူ ဘွဲ့ရသူတွေထဲက တယောက် ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ အနှစ် ၉ဝ ကျော် ကတည်းက ပြင်သစ်ကနေ ဒဿနိက ဗေဒ ပါရဂူဘွဲ့ယူခဲ့တဲ့ ဒေါက်တာကြီးဟာ မြန်မာ နိုင်ငံရဲ့ ပထမဆုံး နန်းရင်းဝန် ဝန်ကြီးချုပ် ဖြစ်ခဲ့သလို ဂျပန်ခေတ် မြန်မာ အစိုးရရဲ့ အဓိပတိနဲ့ စစ်သေနာပတိချုပ် လည်း ဖြစ်ခဲ့ပါတယ်။

မြန်မာပြည်မှာ အစိုးရ ခေါင်းဆောင်ပုံနဲ့ ငွေစက္ကူထုတ်တာလည်း သူက အစဖြစ်ပါတယ်။

ဒေါက်တာ ဘမော်ကို လွန်ခဲ့တဲ့ ၁၂၅ နှစ်က အောက်မြန်မာပြည်မှာ မွေးဖွားခဲ့ပြီး ဖခင် က ကင်းဝန်မင်းကြီးနဲ့ ပြည်ပ ခရီးတွေ လိုက်ပါခဲ့တဲ့ နန်းတွင်းသား မောင်မောင်ကျေး ဖြစ်ပါတယ်။

ဗြိတိန်မှာ လမ်းစပျောက်နေတဲ့ ငမောက်ပတ္တမြားကြီး

ဗြိတိသျှကို ပုန်ကန်မှုနဲ့ ဖခင် ပြည်နှင်ဒဏ် ခံခဲ့ရတဲ့အတွက် ဒေါက်တာ ဘမော်ဟာ ငယ်ကတည်းက ဗြိတိသျှ အုပ်စိုးမှု မလိုလားစိတ် ပြင်းထန်သူလို့ ဆိုကြပါတယ်။

ဒါပေမဲ့ အနောက်တိုင်း ပညာရေးရဲ့ အကောင်းဆုံး နေရာဌာနတွေမှာ သင်ကြားနိုင်အောင် သူကြိုးစားသလို အသက် ၄ဝ အရွယ်မှာ နိုင်ငံရေးထဲ ဝင်လာခဲ့ပါတယ်။

မြန်မာပြည်ရဲ့ အမြုတေ ရတနာ

၁၉၃ဝ က ဆရာစံ သူပုန် ကိစ္စမှာ ရှေ့နေလိုက်ရင်း နာမည်ကြီးလာတဲ့ ဒေါက်တာ ဘမော်ဟာ ဆင်းရဲသား တွေ အတွက် တယောက် လယ် ၅ ဧကစီ ပိုင်ရမယ် ဆိုတဲ့ ဆင်းရဲသား လက်ဝဲဝါဒကို မြန်မာပြည်မှာ ပထမဆုံး ဖော်ထုတ်ခဲ့ပါတယ်။

အဲဒီကနေ အိန္ဒိယက မြန်မာကို ခွဲထုတ်ပြီးနောက်မှာတော့ ပထမဆုံး နန်းရင်းဝန် ဖြစ်လာပြီး ၂ နှစ်မကြာခင်မှာပဲ ဗိုလ်အောင်ကျော် နဲ့ မန္တလေး အာဇာနည် အရေးအခင်းတွေ ကြောင့် သူ့အစိုးရ ပြုတ်ကျ ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Ludu
Image caption မန္တလေး အာဇာနည် ၁၇ ဦး ကျဆုံးမှုကြောင့် မျိုးချစ်စိတ် အရှိန်ပြင်းထန်လာ

မြန်မာပြည်နဲ့ လက်ဝဲနှစ်တရာ

ဒါပေမဲ့လည်း သူ့ကို ဆန္ဒပြခဲ့တဲ့ သခင်ခေါင်းဆောင်တွေနဲ့ ဒေါက်တာ ဘမော်တို့ ပူးပေါင်းပြီး ဗမာ့ ထွက်ရပ်ဂိုဏ်း အမည်နဲ့ နိုင်ငံရေး လှုပ်ရှားမှုကို ၁၉၄ဝ မှာ စခဲ့ပါတယ်။

ဒီ ထွက်ရပ်ဂိုဏ်း အကူအညီနဲ့ပဲ သခင်အောင်ဆန်းတို့ ဂျပန်နဲ့ ချိတ်မိပြီး တပ်မတော် ထူထောင်ဖို့ ဖြစ်လာပါတယ်။

ဒါကြောင့် ဂျပန် ဝင်လာပြီးစမှာပဲ အင်္ဂလိပ် ဖမ်းထားလို့ မိုးကုတ်ထောင်ထဲ ရောက်နေတဲ့ ဒေါက်တာ ဘမော်ကို ကယ်ထုတ်လာပြီး အစိုးရ ဖွဲ့စေပါတယ်။

၁၉၄၃ မြန်မာပြည်ကို လွတ်လပ်ရေး ပေးပြီးနောက် နာမည်ပြောင်းလိုက်တဲ့ ဗမာ့ အမျိုးသား တပ်မှာလည်း သူဟာ ရာထူးအရ စစ်သေနာပတိချုပ် ဖြစ်လာပါတယ်။

စစ်သေနာပတိအနေနဲ့ ဗမာ့တပ်မတော်နေ့ကို ၁၉၄၅ ဇန်နဝါရီလ ၂ ရက်မှာ ကျင်းပခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Ba Maw
Image caption ဒေါက်တာ ဘမော်နဲ့ ကြင်ယာတော် ခင်မမမော်

သူ့ကို အဓိပတိ အရှင်မင်းကြီး ခေါ်တာတွေ ရှိပေမယ့် သူနဲ့ နိုင်ငံရေး ရန်သူ တွေကို ဂျပန် အားကိုးနဲ့ အနိုင်ကျင့်တာ မရှိခဲ့ဘူးလို့ ဆိုကြပါတယ်။

ဒါကြောင့် တခြား ဖက်ဆစ်အောက် ရောက်တဲ့ နိုင်ငံတွေမှာလောက် ဖက်ဆစ် ဆန့်ကျင်တဲ့ နိုင်ငံရေး ခေါင်းဆောင်တွေ နှိပ်ကွပ်ခံရတာမျိုး မရှိဘဲ ဂျပန် သူလျှို စာအုပ်ကို ပြန်ဆိုတဲ့ လက်ပံတန်း ဦးဘတင် တယောက်သာ ညှဉ်းပန်းစစ်ဆေးမှုကြောင့် သေဆုံးခဲ့ပါတယ်။

မဟာမိတ်တပ်က လေထီးနဲ့ မြန်မာပြည်ထဲ ဝင်လာတာက ဖမ်းမိတဲ့ စတန်လီချို ကိုလည်း ဒေါက်တာ ဘမော်ပဲ ကယ်ဆယ်ခဲ့ပါတယ်။

ဒိုရာသန်းဧ နှစ် ၁၁ဝ

ဓာတ်ပုံ မူပိုင် Ba Maw
Image caption ဂျပန်ခေတ် မြန်မာ အစိုးရရဲ့ အဓိပတိ

လွတ်လပ်ရေး လွန် နှစ် ၇ဝ

အနှစ် ၃ဝ က မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ

ဂျပန်ခေတ်မှာလည်း ဂျပန် အုပ်စိုးမှုကို အညံ့မခံဘဲ ပြောင်ပြောင်တင်းတင်း အာခံခဲ့တယ်လို့ သိရပါတယ်။

ဖဆပလ ခေါင်းဆောင်တွေရဲ့ တော်လှန်ရေး အကြံအစည်တွေကိုလည်း ကူညီ ဖုံးဖိပေးထားခဲ့ပါတယ်။

ဒါကြောင့် စစ်အတွင်းက ဒေါက်တာ ဘမော် ဆီက တော်လှန်ရေး ကိစ္စ ပေါက်ကြားတယ်လို့ ၁၉၇ဝ လောက်က ဗိုလ်မှူးကြီး ခင်ညို စွပ်စွဲ ရာမှာ ဒေါက်တာက ငါသာ သစ္စာမရှိရင် မင်းတို့ ခေါင်းတွေ ပြုတ်ကုန်တာ ကြာပြီလို့ တုံ့ပြန် ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Bandoola U Sein
Image caption ဒေါက်တာဘမော်ကို လုပ်ကြံမှုကို ဖွင့်ဟ

တဘက်မှာလည်း စစ်အတွင်းက ဒေါက်တာ ဘမော်ကို ဂျပန် စစ်တပ်က လုပ်ကြံရန် ကြံရာမှာ ဗိုလ်ချုပ် အောင်ဆန်းနဲ့ တိုင်ပင်ပြီးမှ လုပ်ကြံဖို့ ကြိုးစားတယ် ဆိုပြီး ဒေါက်တာ ဘမော်ရဲ့ ဝါဒဖြန့်ချိရေး ၀န်ကြီးဟောင်း ဗန္ဓုလ ဦးစိန်က ကျွန်ုပ်တို့ အတွင်းရေး စာအုပ်မှာ ရေးသားခဲ့ပါတယ်။

ဒီအတွက် ဖမ်းမိတဲ့ ဗမာတွေထဲမှာ ဖဆပလခေတ်မှာ ဝန်ကြီး ဖြစ်လာတဲ့ ဦးကျော်မြင့်ကလေး ပါဝင်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Ba Maw
Image caption စစ်အတွင်း ဂျပန်ရောက် ဒေါက်တာဘမော်နဲ့ ဗိုလ်ချုပ်အောင်ဆန်း

တော်လှန်ရေး အစမှာတော့ ဒေါက်တာ ဘမော် ဟာ စစ်ရှုံးတဲ့ ဂျပန်တပ်နဲ့အတူ ဂျပန်အထိ ပါသွားပြီး ဂျပန်မှာ မဟာမိတ်တွေ အဖမ်းခံရပေမယ့် ပြန်လွတ်လာပါတယ်။

သူနဲ့ ခေတ်ပြိုင် တခြား နိုင်ငံတွေက ဂျပန် ရုပ်သေး အစိုးရ ခေါင်းဆောင် တချို့ ပြစ်ဒဏ်ချခံရပေမယ့် မြန်မာ အစိုးရ ခေါင်းဆောင်တွေ ကိုတော့ စစ်ဆေးစီရင်ခံရတာတွေ မရှိခဲ့ပါဘူး။

ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် စစ်မထွက်ခင်မှာ မိုင်ဒီးယား အဓိပတိကြီး အစချီပြီး ဒေါက်တာ ဘမော်ကို နှုတ်ဆက် ခဲ့ပေမယ့် သူတို့ စစ်ပြီးမှာတော့ နိုင်ငံရေး အရ ပြန်လက်တွဲတာ မရှိတော့ပါဘူး။

ဓာတ်ပုံ မူပိုင် Wiki
Image caption ဂျပန်နဲ့ မဟာမိတ် ခေါင်းဆောင်များ

ဗိုလ်ချုပ်နဲ့ ဆန့်ကျင်ဘက် ဂဠုန်ဦးစော၊ သခင်ဗစိန်တို့နဲ့ ပေါင်းပြီး ဒေါက်တာ ဘမော်တို့ စောစိန်မော် အုပ်စု ဆိုပြီး ဆန့်ကျင်လာပါတယ်။

ဒါကြောင့် ဗိုလ်ချုပ် လုပ်ကြံခံရပြီးနောက် လွတ်လပ်ရေး ရစမှာ ဒေါက်တာ ဘမော်နဲ့ သမက် ရဲဘော် သုံးကျိပ်ဝင် ဗိုလ်ရန်နိုင်တို့ ဖမ်းဆီးခံခဲ့ရပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
အာဇာနည် လုပ်ကြံမှု ခုံရုံးတရားသူကြီးတယောက် အကြောင်း

ဒေါက်တာဘမော်ကို ဖမ်းဆီးခဲ့သူတွေက တချိန်က သူ့အောက်မှာ နိုင်ငံခြားရေး ဝန်ကြီးနဲ့ အတွင်းဝန် လုပ်ခဲ့တဲ့ ဦးနုနဲ့ ဦးကျော်ငြိမ်းတို့ ဖြစ်ကြပါတယ်။

ဗိုလ်ချုပ်ကြီး နေဝင်း လက်ထက်မှာလည်း သမက်တွေ အဖမ်းခံရသလို သမီးပါ ထိန်းသိမ်းခံခဲ့ရပါတယ်။

သားဖြစ်သူ ရန်ကုန် တက္ကသိုလ် ဥပဒေ ကထိက ဇာလီမော်လည်း ဦးနု တောခိုရာမှာ လိုက်ပါသွားပါတယ်။

ဒေါက်တာဘမော် အာဏာရ သက်တမ်း တိုတောင်းပေမယ့် မြန်မာစာကို ရုံးသုံးဘာသာ ပြုတာ၊ အမျိုးသားနေ့ကို ရုံးပိတ်ရက် သတ်မှတ်တာနဲ့ စစ်ပြီးခေတ် ပညာရေး လောကကို အကျိုးပြုမယ့် ပညာတော်သင်တွေ သူ့လက်ထက်မှာ စေလွှတ်ခဲ့တာတွေတော့ ရှိခဲ့ပါတယ်။

တချိန်က ဆင်းရဲသား ပါတီ အဖြစ် လက်ဝဲဝါဒကို ဖော်ထုတ်ခဲ့တဲ့ ဒေါက်တာ ဘမော်ဟာ စစ်အပြီးမှာ မဟာဗမာပါတီ ခေါင်းဆောင် အဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။

ကိုယ်ပိုင် စစ်ဝတ်စုံနဲ့ ဗမာ့ခေတ်သစ် ဝတ်စုံ တီထွင်ချုပ်လုပ်ခဲ့တဲ့ ဒေါက်တာ ဘမော်ရဲ့ တီထွင်မှုမျိုးကို တခြား မြန်မာ ခေါင်းဆောင်တွေ လိုက်မမီသေးပါဘူး။

ဓာတ်ပုံ မူပိုင် Ba Maw
Image caption ဂျပန်ခေတ် လွတ်လပ်ရေး ကြေညာစဉ်

ဆက်စပ် အကြောင်းအရာများ