အသစ်မြင် ဒေါက်တာသန်းထွန်း

  • ဘိုဘို
  • ဘီဘီစီမြန်မာပိုင်း
ဓာတ်ပုံ ပုံစာ,

ပြဒါးလင်းဂူမှာ လေ့လာနေတဲ့ ဒေါက်တာသန်းထွန်းတို့ အဖွဲ့

မအအောင် သမိုင်းသင်ရတယ် ဆိုတဲ့ နာမည်ကြီး စကားတခွန်းကို ပြောခဲ့သူ သမိုင်းပါမောက္ခ ဒေါက်တာ သန်းထွန်း ရှိသေးရင် ဧပြီလ ၆ ရက်မှာ ၉၅ နှစ် ပြည့်ပြီ ဖြစ်ပါတယ်။

အသက် ၈ဝ ကျော်မှာ ကွယ်လွန်တဲ့အထိ ဒေါက်တာ သန်းထွန်းဟာ ဘဝတလျှောက်လုံး သမိုင်းသုတေသနတွေ တစိုက်မတ်မတ် ဆောင်ရွက်သွားသူ ဖြစ်ပါတယ်။

နောက်ပြီး သူ့အမြင်ကို ပြတ်ပြတ်သားသား ပြောတတ်လို့ ဆင်ဖြူလည်း တိရစ္ဆာန်ပဲ၊ မယုံရင် အနင်းခံကြည့်လို့ ဆင်ဖြူ ကိုးကွယ်မှုကို သူက ပြက်ရယ် ပြုခဲ့ပါတယ်။

ဓာတ်ပုံ ပုံစာ,

ဒေါက်တာ သန်းထွန်းအကြောင်း ဝတ္ထု

သူဟာ တက္ကသိုလ် ကျောင်းသားဘဝမှာ ဗကသ ဥက္ကဋ္ဌ၊ မြို့နယ် ဖဆပလ ဥက္ကဋ္ဌနဲ့ ကွန်မြူနစ် ကလာပ်စည်း ခေါင်းဆောင်တာဝန်တွေ ထမ်းဆောင်ခဲ့ပေမယ့် ရာဇဝင်ဆရာ အဖြစ် ဆောင်ရွက်ပြီး နောက် နိုင်ငံရေးမှာ မပါဘဲ နေခဲ့ပါတယ်။

ဒါပေမဲ့ လမ်းစဉ်ပါတီခေတ်မှာ ပါတီမဝင်တဲ့ အနည်းငယ်သော ပါမောက္ခတွေထဲမှာ ပါခဲ့ပါတယ်။

လန်ဒန်မှာ ပါရဂူဘွဲ့ယူရာမှာ ပုဂံခေတ် သာသနာဝင်အကြောင်း ကျမ်းပြုခဲ့ပါတယ်။

ဓာတ်ပုံ ပုံစာ,

ဒေါက်တာသန်းထွန်း (ယာစွန်)နဲ့ သမိုင်းပညာရှင်တစု

သူ့အရင်က ဒေါက်တာ ကျော်သက်၊ ဒေါက်တာ မသောင်း စတဲ့ မြန်မာ သမိုင်းပါရဂူတွေ ရှိပြီးသား ဖြစ်ပေမယ့် ဒေါက်တာ သန်းထွန်းဟာ သုတေသန ပြုရာမှာ ပိုပြီး ထုတ်လုပ်မှု ကောင်းပါတယ်။

သမိုင်းကို ချဉ်းကပ်ရာမှာ ခံစားမှုနောက် မလိုက်ဘဲ တွေ့တဲ့အတိုင်း ရေးလေ့ရှိလို့ သူ့လက်ရာတွေဟာ အစမှာ လူကြိုက်နည်းပေမယ့် အနှစ် ၅ဝ ကျော် ကြာတဲ့အခါမှာ လူငယ် ပရိသတ်တွေကြား စိတ်ဝင်စားမှု ရလာခဲ့ပါတယ်။

"စိတ်ကူးများရင် သမိုင်းမဟုတ်၊ သမိုင်းဟုတ်ရင် စိတ်ကူးမပါ၊ မှန်နန်းထဲမှာပဲ ရုပ်ရှင်ရိုက်ဖို့ ဇာတ်ညွှန်းက ရေးပြီးသား ပါနေတယ်။ ဒါမျိုး ငါတို့ မသုံး" စတဲ့ သူ့ရဲ့ အယူအဆတွေဟာ ပြောစမှတ် ဖြစ်ခဲ့ပါတယ်။

ဓာတ်ပုံ ပုံစာ,

ဒေါက်တာသန်းထွန်းနဲ့ မြန်မာမှု ပညာရှင်တစု

၁၉၆ဝ က ရန်ကုန် တက္ကသိုလ် ရာဇဝင် ကထိက ရာထူးကို ဗိုလ်မှူး ဘရှင်နဲ့ ယှဉ်ပြိုင် အရွေးခံရာမှာ အနိုင်ရခဲ့တဲ့အတွက် သတင်းစာတွေမှာ လူစိတ်ဝင်စားခဲ့ဖူးပါတယ်။

နောက် မန္တလေး တက္ကသိုလ်မှာ သမိုင်းနဲ့ နိုင်ငံရေး သိပ္ပံ ပါမောက္ခ ဒေါက်တာ မောင်မောင်ကြီး မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ကို ဝေဖန်လို့ ဖယ်ရှားခံရပြီးနောက် သူ ရောက်လာပြီး သမိုင်းသုတေသနတွေ အဆက်မပြတ် ဆောင်ရွက်ခဲ့ပါတယ်။

လူထုဦးလှ၊ ပါမောက္ခချုပ် ဦးကျော်ရင်တို့နဲ့အတူ စကားပြောသလို စာရေးဖို့ လှုံ့ဆော်သူတွေထဲမှာ သူ ခေါင်းဆောင်ခဲ့ပါတယ်။

အသံဖိုင် ပုံစာ,

မင်းတုန်းမင်းမြစ်တော် ထိပ်စုဘုရားကြီးနဲ့ ထိုင်းဘုရင်လောင်း

ဓာတ်ပုံ ပုံစာ,

သန်းထွန်းရဲ့ ခေတ်ဟောင်း မြန်မာရာဇဝင်

ခေတ်ဟောင်း မြန်မာရာဇဝင်၊ နယ်လှဲ့ရာဇဝင်၊ အသစ်မြင် ဗမာ့သမိုင်း စတဲ့ စာအုပ်တွေဟာ အရင်က မြန်မာပြည်မှာ ရေးလေ့ မရှိတဲ့ ဘွင်းဘွင်းနဲ့ အထောက်အထား အဓိကထား ရေးတဲ့ စာအုပ်တွေ ဖြစ်ပါတယ်။

ဒါကြောင့် မန္တလေးအကြောင်း မဟုတ်တာတွေ ရေးရင် သိမယ် ဆိုတဲ့ ခြိမ်းခြောက်မှုမျိုး ရခဲ့ဖူးပါတယ်။

ဒေါက်တာလုစ် ခြေရာကို လိုက်တယ် ဆိုနိုင်ပေမယ့် သူ့လက်ထက်မှာ သမိုင်းလေ့လာမှုဟာ လွတ်လပ်ရေး ရပြီး နိုင်ငံ တည်ထောင်ရေး အလုပ်တွေနဲ့ အတူ လူစိတ်ဝင်စားမှု ပိုကြီးလာပါတယ်။

သမိုင်းကို မျိုးချစ်စိတ်နဲ့ရေးတဲ့ ပြည်တွင်းဆရာ၊ မြန်မာကို နှိမ့်ချရေးတဲ့ ပြည်ပဆရာတွေနဲ့ မတူဘဲ သမိုင်းကို ဘက်မလိုက်ဘဲ အပိုအကဲ မပါတဲ့ သမိုင်းကိုရေးဖို့ စတင် လှုံ့ဆော်သူတွေထဲမှာ ဒေါက်တာ သန်းထွန်းလည်း ပါပါတယ်။

ဓာတ်ပုံ ပုံစာ,

မြန်မာမင်း အမိန့်တော်ပေါင်းချုပ် စာအုပ်နဲ့ ပါရဂူဘွဲ့ ထပ်ရ

ဂျပန်မှာ မြန်မာမင်း အမိန့်တော် ပေါင်းချုပ် ပြုစုပြီး လန်ဒန်တက္ကသိုလ်က စာပေ ပါရဂူဘွဲ့ ထပ်ရခဲ့ပါတယ်။

ပုဂံလက်သစ်နဲ့ ပုဂံအနုပညာ တန်ဖိုး ထိန်းသိမ်းရန် စာတမ်းတွေနဲ့ ပုဂံ ဘုရားတွေကို နှောင်းလူတွေ ပြင်လို့ လက်ရာ အမွေအနှစ် ဆုံးရှုံးတာကို သတိပေးခဲ့ပါတယ်။

ဒီစာတွေ ရေးခဲ့တဲ့ အချိန်ဟာ စစ်အစိုးရက ပုဂံ ဘုရားတွေ ပြုပြင်ဖို့ လှုံ့ဆော်နေချိန်လည်း ဖြစ်ပါတယ်။

ဓာတ်ပုံ ပုံစာ,

အာရှယဉ်ကျေးမှုဆုရ ဒေါက်တာသန်းထွန်း

သမိုင်း ဆောင်းပါးတွေကို စာပေ မဂ္ဂဇင်းတွေမှာ အဆက်မပြတ် ရေးသားပြီး ပရိသတ်ကို အသိပညာတွေ ပေးခဲ့ပါတယ်။ တဘက်ကလည်း

ရှင်တော်ဘုရားက

အယုတ်ဆုံး အရိုင်းဆုံးဆိုရင်

ချက်ခြင်းတွေ့၊ ရအောင်ချွတ်

အောင်ခြင်းကိုးပါး လာမယ်လေ

မင်းမမီမှာ ငါစိုးတယ် .. ။

ဆိုတဲ့ ကဗျာမျိုးတွေ ရေးသလို ငါပြောချင်သမျှ ငါ့အကြောင်းနဲ့ ငါထပ်ပြောချင်သမျှ ငါ့အကြောင်း ကိုယ်ရေး မှတ်တမ်းတွေ ရေးပါတယ်။

ဒုတိယအုပ်ကို စစ်အစိုးရခေတ် စာနယ်ဇင်းတွေမှာ ဖော်ပြခွင့် မပြုခဲ့ဘဲ အပြည့်အစုံကို ပြည်ပမှာ အင်္ဂလိပ်လို ထုတ်ဝေခဲ့ရပါတယ်။

ဓာတ်ပုံ ပုံစာ,

ဒေါက်တာ သန်းထွန်းရဲ့ လက်ရေးမူ

ဒေါက်တာသန်းထွန်းဟာ ပုဂံနဲ့ ရှေးဟောင်း မြန်မာသမိုင်း စိတ်ဝင်စားသူတွေ အတွက် အားကိုးရာ ဖြစ်သလို ပညာရေး ပြုပြင်မှုမှာလည်း သူ့ရဲ့ မြင်သမျှလူ ပါရဂူ စတဲ့ စကားတွေက လူတွေကြားမှာ ပြောစမှတ် ဖြစ်ခဲ့ပါတယ်။

သမိုင်း နိုင်ငံရေး ဆိုင်ရာတွေမှာ မကြောက်မရွံ့ ပြောဆို ဝေဖန်တတ်တဲ့ ပညာရှင် တယောက် အဖြစ် သူ့ကို မှတ်မိနေကြမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ ပုံစာ,

သန်းထွန်း(၁၉၂၃-၂ဝဝ၅)