အနောက်နိုင်ငံတွေရဲ့ စစ်ဆင်ရေး ဘယ်လောက် အောင်မြင်နိုင်မလဲ

ဓာတ်ပုံ မူပိုင် YOUSSEF BADAWI
Image caption ဒမတ်စကတ်မှာ ဆန္ဒပြနေပြီ

တကယ်တော့ ဆီးရီးယားကို စစ်ရေးအရအရေးယူမယ်၊ အစိုးရရဲ့ စစ်ဘက်ပစ်မှတ်တွေကို တိုက်မယ်လို့ အမေရိကန်နဲ့ အနောက်နိုင်ငံမဟာမိတ်တွေက ကြုံးဝါးနေ၊ စီစဉ်နေကတည်းက စစ်ပွဲတစ်ခုမှာ အရေးကြီးလှတဲ့ အလစ်အငိုက် ဝင်တိုက်ပြီး လက်ဦးမှု ရဖို့ဆိုတဲ့အချက်က ပျက်သွားပါပြီ။

ဆီးရီးယားတပ်တွေဟာ သူတို့ရဲ့ လေယာဉ်တွေနဲ့ တခြားစစ်လက်နက်ကိရိယာတွေကို လာတာကီးယား၊ တာတပ်စ် နဲ့ ခမေမင်မြို့တွေမှာရှိတဲ့ ရုရှားစစ်စခန်းတွေဆီကို ပြောင်းရွှေ့ထားဖို့ အချိန်ရခဲ့ပါတယ်။

အဲဒီစခန်းတွေထဲမှာ ရောက်သွားရင်တော့ ရုရှားရဲ့ အဆင့်မြင့် မြေပြင်က ဝေဟင်ပစ် S-400 ဒုံးပျံတွေရဲ့ အကာအကွယ် ရသွားပါပြီ။

အနောက်နိုင်ငံတွေက ဒုံးပျံနဲ့ တိုက်လာမှာကို ကြိုတင်မျှော်လင့်ထားပြီးသား ဖြစ်နေတဲ့ ဆီးရီးယားတပ်တွေဟာ သူတို့ရဲ့ ခြေလျင်တပ်ရင်းတွေကို တစ်နေရာထဲ စုမထားတော့ဘဲ တပ်ဖွဲ့ဝင်တွေ ကိုလည်း တတ်နိုင်သမျှ ဖြန့်ချထားလိုက်ပါပြီ။

Image caption ဆီးရီးယား စစ်မြေပြင်

ရုရှားတွေကလည်း ဆီးရီးယားမှာ ရှိတဲ့ သူတို့ရဲ့ စစ်စခန်းတွေကို တိုးပြီး အကာအကွယ်တွေချထားမှာ ဖြစ်ပါတယ်။ ဒါကြောင့် အနောက်နိုင်ငံတွေက ဒုံးပျံတွေသာ ရုရှားစခန်းတွေကို တိုက်ရိုက်ထိလာခဲ့ရင် လက်တုံ့ပြန်မှုတွေ ဖြစ်လာနိုင်ပြီး စူပါပါဝါတွေ ထိပ်တိုက်တွေ့လာနိုင်တဲ့ အန္တရာယ် အကြီးကြီးရှိနေပါတယ်။

ဒီတော့ အနောက်နိုင်ငံတွေက စစ်ဆင်ရေးစီမံကိန်းဆွဲသူတွေအတွက် အခုအချိန်မှာ အရေးအကြီးဆုံး မေးခွန်းနှစ်ခုက စစ်ရေးအရ ဘာတွေအောင်မြင်ရရှိနိုင်မလဲ ဆိုတာနဲ့ မဟာဗျူဟာအရ ဘာတွေပြောင်းလဲအောင် လုပ်နိုင်မလဲ ဆိုတာပါပဲ။

ဆီးရီးယားတပ်တွေက ကြိုတင်ကာကွယ် ရှောင်တိမ်းနေနိုင်သွားပြီး တချို့လည်း ရုရှားတပ်စခန်းတွေထဲ အကာအကွယ်ယူထားပြီဆိုရင် အနောက်နိုင်ငံတွေက ပစ်မှတ်ထားနိုင်တဲ့ နေရာတွေက ဆီးရီးယားတပ်တွေရဲ့ မရွှေ့မပြောင်းနိုင်တဲ့ စစ်ဘက်အဆောက်အဦ တွေပဲ ဖြစ်ပါတယ်။ လေယာဉ်ပြေးလမ်းတွေကို ဗုံးကြဲပစ်တာ၊ စစ်ဘက် ကိရိယာတွေ သိုမှီးထားရာ အဓိကအဆောက်အဦတွေကို တိုက်တာတို့ လုပ်ပါလိမ့်မယ်။

ဓာတ်ပုံ မူပိုင် JALAA MAREY
Image caption အစ္စရေး ဒုံးခွင်းစနစ် အသင့်ပြင်

နောက်ပြီး ဆီးရီးယား စစ်တပ်ရဲ့ အမိန့်ပေးကွပ်ကဲနေတဲ့ စနစ်ကိုလည်း ပျက်အောင် လုပ်ပါလိမ့်မယ်။ မြေအောက်မှာ ရှိတဲ့ ထိန်းချုပ်ညွှန်ကြားနေတဲ့ စခန်းတွေကို မြေအောက်ဘန်ကာဖျက်ဗုံးတွေ၊ အကာအရံတွေကို ဟိုးအောက်အထိ ထိုးဖောက်နိုင်တဲ့ ဒုံးတွေနဲ့ တိုက်နိုင်ပါတယ်။ အဲဒီစစ်ရေးရည်မှန်းချက်ကတော့ ဆီးရီးယားအစိုးရ ၂ဝ၁၅ ခုနှစ်ကစလို့ ပြန်ပြီး တည်ဆောက်ထားနိုင်တဲ့ စစ်ဘက်ကွပ်ကဲရေး စနစ်ကို ဖြိုဖျက်ဖို့ပါပဲ။

ဒီထက်ပိုတဲ့ စစ်ရေးရည်မှန်းချက်အရဆိုရင်တော့ အမေရိကန်က အဲဒီ ပစ်မှတ်တွေကို ရေရှည်တိုက်သွားမယ်လို့ ကြေညာပြီး မကြာမကြာ ဗုံးကြဲနေဖို့ပါ။ ဒီလိုနည်းနဲ့ ဆီးရီးယားတပ်တွေ၊ လေယာဉ်တွေဟာ ရုရှား စစ်စခန်းတွေထဲမှာပဲ ပိတ်မိနေပြီး ထွက်မရ သုံးမရ ဖြစ်နိုင်ပါတယ်။ အမေရိကန်တွေက ဒီလိုနည်းနဲ့ ဆီးရီးယားနိုင်ငံထဲက တချို့နေရာတွေကို လေယာဉ်မပျံနိုင်တဲ့ ဇုန်မျိုးဖြစ်အောင်လုပ်ထားလို့ ရနိုင်ပါတယ်။ ဒါပေမဲ့ ဒီဗျူဟာက အန္တရာယ်တော့ မကင်းပါဘူး။

မနှစ်က ဧပြီလတုန်းကလည်း ခန်ရှိတ်ခွန်ဒေသမှာ ဆီးရီးယားအစိုးရက အရပ်သားတွေကို ဓာတုလက်နက်သုံး တိုက်ခိုက်ခဲ့တယ်ဆိုပြီး အမေရိကန်လေယာဉ်တွေက သမ္မတအာဆတ်ရဲ့ ရှေရတ်လေတပ်စခန်းကို ဒုံးပျံတွေနဲ့ တိုက်ခဲ့ပါတယ်။ ဒါပေမယ့် ဆီးရီးယားလေတပ်က နောက်တစ်နေ့မှာပဲ သူတို့လေယာဉ်တွေကို အဲဒီစခန်းကနေ ပျံတက်ပြခဲ့ပါတယ်။ ဒီတစ်ခေါက်မှာတော့ အဲဒီလို မဖြစ်ဖို့ အမေရိကန်တွေက စိတ်ပိုင်းဖြတ်ထားပုံရပါတယ်။ ဒါကြောင့် ဒီတစ်ခါ တိုက်ရင် လေကြောင်းက တိုက်ခိုက်မှုတွေ အချိန်ပိုကြာပြီး အဓိက ပစ်မှတ်တွေကို အကြိမ်ကြိမ် ပြန်တိုက်တာမျိုး တွေ့ရလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ဓာတ်ပုံ မူပိုင် KIRILL KUDRYAVTSEV
Image caption ရုရှား စစ်ဘက် သတင်းစာရှင်းပွဲ

အဲဒီလို တိုက်တာက မဟာဗျူဟာအရ ဘာတွေရနိုင်မှာပါလဲ။

အစိုးရကရော၊ များပြားလှတဲ့ အမျိုးမျိုးသော သူပုန်အုပ်စုတွေရဲ့ နှိပ်စက် ရက်စက် ညှဉ်းပမ်းတာကို ခံနေရတာကြာပြီ ဖြစ်တဲ့ အရပ်သားလူထုအတွက်တော့ အနောက်နိုင်ငံတွေရဲ့ လေကြောင်းတိုက်ခိုက်မှုမှာ ထူးပြီး ပိုပြီး ခံစားရစရာ ချက်ချင်းမဖြစ်နိုင်ပါဘူး။

သမ္မတအာဆတ်အနေနဲ့လည်း သူ့အာဏာကို ပိုခိုင်မာအောင် လုပ်ထား လုပ်နေတာကို ဖြေလျှော့သွားမယ့် အလားအလာ မတွေ့ရပါဘူး။

ဒါဆို ရုရှားနဲ့ပါ ထိပ်တိုက်တွေ့လာပြီး မရည်ရွယ်တဲ့ အကျိုးဆက်ကြီးတွေ ဖြစ်လာနိုင်မယ့် လမ်းကြောင်းကို ဘာလို့ ရွေးချယ်ကြမှာပါလဲ။

စစ်ရေးအင်အားသုံးတယ်ဆိုတာ သူ့ချည်းသက်သက်ဆို အကျိုးဖြစ်ဖို့က အများကြီး မရှိလှပါဘူး။ နိုင်ငံရေးအရ မဟာဗျူဟာပါ တွဲပြီး ချထားရမှာပါ။ အခုကိစ္စမှာဆိုလည်း ဆီးရီးယား တစ်နိုင်ငံထဲအတွင်းကို ကြည့်လို့မရပါဘူး၊ ဒီလို ဗျူဟာတွေပါ တွဲပါလာရင်တော့ ဆီးရီးယား ပြည်သူတွေအတွက် ရေရှည်မှာ မျှော်လင့်ချက်ကောင်းတွေ ရှိလာနိုင်ပါတယ်။

ပထမဆုံးတစ်ချက်ကတော့ ဘယ်လိုစစ်ပဲ ဖြစ်ဖြစ် စစ်ပွဲတွေမှာ ဓာတုလက်နက်တွေသုံးလို့ရတယ်၊ သုံးနိုင်တယ်ဆိုတဲ့ အယူအဆ အလေ့အထကို ဟန့်တား ရပ်ဆိုင်းအောင် လုပ်နိုင်ဖို့ ဖြစ်ပါတယ်။

ဓာတုလက်နက်သုံးတာကို ဆန့်ကျင်မှုဟာ ပထမကမ္ဘာစစ် အပြီးကတည်းက တော်တော်လေး ပြင်းပြင်းထန်ထန်ရှိခဲ့ပါတယ်။ ၁၉၉၃ ခုနှစ် ဓာတုလက်နက်ဆန့်ကျင်ရေးစာချုပ်က ထိရောက်တဲ့ အဟန့်အတားဖြစ်ပြီး ဆီးရီးယားကိုယ်တိုင်လည်း ပါဝင်လက်မှတ်ထိုးထားတာပါ။

ဓာတ်ပုံ မူပိုင် HANDOUT
Image caption ပြင်သစ်က ပစ်တဲ့ ဒုံးကျည်

၂ဝ၁၃ မှာတုန်းက သမ္မတ အိုဘားမားက ဓာတုလက်နက်သုံးစွဲမှုဟာ လုံးဝမကျော်ဖြတ်ရတဲ့ စည်းဖြစ်ပြီး ကျော်ဖြတ်ရင် အရေးယူမယ်လို့ ပြောခဲ့ပေမယ့် တကယ်တမ်းကျတော့ ဘာမှမလုပ်ခဲ့ပါဘူး။ သမ္မတအာဆတ်အစိုးရက ဘယ်လောက်ပဲ အခိုင်အမာ ငြင်းနေပါစေ၊ သူ့တပ်ဖွဲ့တွေဟာ ရုရှားတွေရဲ့ အလိုတူအလိုပါ သဘောထားနဲ့ ဆီးရီးယား ပြည်သူတွေအပေါ် ဓာတုလက်နက်နဲ့ တိုက်ခိုက်မှုတွေကို ပုံမှန်လိုလို လုပ်နေခဲ့တာကို သက်သေအထောက်အထားတွေလည်း အများကြီး ရှိထားခဲ့ပြီ ဖြစ်ပါတယ်။

အခုတော့ အနောက်နိုင်ငံက ခေါင်းဆောင် တော်တော်များများက ဒီအရေးမှာ ဒီအတိုင်းကြည့်နေလို့ မရတော့ဘူးလို့ ခံယူလာကြပါတယ်။ အပြည်ပြည်ဆိုင်ရာ တရားဥပဒေစိုးမိုးရေးကို စိမ်ခေါ်နေတဲ့ ဒီလို ကိစ္စမျိုးကို လျစ်လျူရှုထားရင် သူတို့တာဝန်ပျက်ကွက်တယ်ဆိုတဲ့ အဖြစ်မျိုးကိုလည်း လက်မခံနိုင်တော့ပဲ ဖြစ်လာပါတယ်။

နောက်တစ်ခုကတော့ စစ်ရေးအရ ထိထိရောက်ရောက် လုပ်နိုင်ခဲ့ရင် အင်အားကြီး အနောက်နိုင်ငံတွေဟာ အရှေ့အလယ်ပိုင်းအရေးမှာ နိုင်ငံရေးအရလည်း ပြန်လည်ပါဝင်လာတာကို ပြလိုက်နိုင်မယ်လို့ သုံးသပ်သူတချို့က ယူဆပါတယ်။

အစ္စလာမ်မစ်နိုင်ငံအဖွဲ့ အိုင်အက်စ် ကို တိုက်ခိုက်ချေမှုန်းတဲ့ နေရာမှာလည်း လက်ဘနွန်ကနေ ယီမင်အထိ ဖြစ်နေတာတွေကို ကြည့်ရင် အနောက်အုပ်စုနိုင်ငံတွေရဲ့ ဩဇာဟာ ဘာမှ သိပ်ထိထိရောက်ရောက် မရှိလှတာတွေ့ရပါတယ်။

ဓာတ်ပုံ မူပိုင် SANA / HANDOUT
Image caption ဒမတ်စကတ်ရဲ့ ကောင်းကင်ယံ

ဒီလို ဒေသတွေမှာ ဖြစ်နေတာတွေဟာ ငါတို့နဲ့ အဝေးကြီးပဲ၊ ဘာမှ ဝင်ပါနေစရာမလိုဘူး၊ သူတို့ အရှုပ်ဇာတ်နဲ့ သူတို့ ရှိပါလေစေဆိုပြီး ယူဆချင်စရာ ရှိကြောင်းရှိပါမယ်။ ဒါပေမဲ့ အနောက်နိုင်ငံတွေက အိုင်အက်စ်ကို တိုက်ရင်း အလုပ်များနေချိန်၊ ပြန်မကြည့်နိုင်ချိန်မျိုးမှာ အရှေ့အလယ်ပိုင်းဒေသရဲ့ အနာဂတ်အရေးကို အီရန်၊ ရုရှားနဲ့ အခုနောက်ပိုင်း တူရကီတို့ကပါ ဝင်ပြီး အဆုံးအဖြတ်ပေးတာမျိုးတွေ တွေ့လာနေရပါပြီ။

အခုအချိန်မှာ အနောက်နိုင်ငံတွေ ချိန်ဆတွက်ချက်နေရတာကတော့ စစ်ရေးအရပဲ ဖြစ်ဖြစ် နိုင်ငံရေးအရပဲ ဖြစ်ဖြစ် အရှေ့အလယ်ပိုင်းအရေးမှာ ပါဝင်ပတ်သက်တာက ရေရှည်အတွက် အနောက်နိုင်ငံတွေရဲ့ အကျိုးစီးပွား ဖြစ်စေမလား ဆိုတဲ့အချက်ပါပဲ။ သူတို့ မျက်စိလွှဲထားချိန်မှာ ရုရှားလို နိုင်ငံတွေက အင်အားစု၊ ဩဇာထူထောင်ပြီး အခြေအနေတွေက ထိန်းမနိုင်ဖြစ်လာနေပါပြီ။

ဆီးရီးယား ပြည်သူလူထုအတွက် မျှော်လင့်ချက်တစ်ခုကတော့ အနောက်နိုင်ငံတွေရဲ့ စစ်ရေးအရ ထိထိရောက်ရောက် တိုက်ခိုက်မှုတွေဖြစ်လာရင် သမ္မတအာဆတ်အစိုးရကို ဆွေးနွေးညှိနှိုင်းမှု စားပွဲဆီကို ပြန်ခေါ်လာနိုင်ပြီး အခု တစ်နိုင်ငံလုံးမှာ ဖြစ်နေတဲ့ စစ်မီးတွေလည်း ငြိမ်းသွားနိုင်မလားဆိုတာပါပဲ။

စစ်ရေးအင်အားသုံးတယ်ဆိုတာ တွက်ချက်စဉ်းစားရမှုတွေ အများကြီးလိုပါတယ်။ တကယ်တမ်း ထိရောက်ဖို့ ဆိုရင်လည်း ဆီလျော်တဲ့ လက်တွေ့ကျတဲ့ နိုင်ငံရေးမဟာဗျူဟာတွေလည်း တွဲလျက်ပါဖို့ လိုမှာ ဖြစ်ပါတယ်။