မြန်မာ ဘင်္ဂလားဒေ့ရှ်နယ်ခြားမျဉ်းပေါ်က ဇာတ်လမ်း

ဓာတ်ပုံ မူပိုင် YE AUNG THU
Image caption ဒုက္ခသည် ၄ဝဝဝ ခန့် ကျန်သေး

နှစ်လအတွင်း ရခိုင်ပြည်နယ် မြောက်ပိုင်းသို့ နှစ်ခေါက်ရောက်ခဲ့သည်။ ပြန်ကြားရေးဝန်ကြီးဌာနက စီစဉ်ပေးသည့် ခရီးစဉ် ဒီတကြိမ်မှာ တော့ အရင်အခေါက် တွေက အစိုးရ ပို့မပေးခဲ့သည့် နယ်ခြားဒေသကိုရောက်ခဲ့သည်။ ထိုနေရာကို ဒေသခံတွေက မိုင်တိုင်အမှတ် ၃၄ နဲ့ ၃၅ ဟုခေါ်ဆိုကြသည်။ တရားဝင် သတ်မှတ် ထားသည်မှာ မိုင်တိုင်အမှတ် BP-32 ဖြစ်သည်။

အဲဒီနေရာတွင် မွတ်ဆလင်ဒုက္ခသည် ၅ဝဝဝ ခန့် မြန်မာနိုင်ငံ ခြံစည်းရိုးရဲ့ တဘက်မှာ နေထိုင်ကြသည်။ လွန်ခဲ့သည့် လေးလခန့်က သူတို့ဒီနေရာကို ရောက်ရှိလာကြပြီး စုစုပေါင်း လူဦးရေ ၆ဝဝဝ ခန့်ရှိသည်။ လက်ရှိမှာတော့ ၄ဝဝဝ ခန့်သာ ကျန်တော့သည် ဟုလည်း အဲဒီစခန်းမှာ နေထိုင်သူတဦးက ပြောသည်။

စားရေး ခက်လို့ ပြန်လာတာလို့ ဒုက္ခသည်ပြော

ဘင်္ဂလားဒေ့ရှ်နယ်စပ်က ရိုဟင်ဂျာ ဒုက္ခသည်တွေကို UEHRD ဝန်ကြီးသွားတွေ့

ဓာတ်ပုံ မူပိုင် Aung Thura
Image caption မြန်မာ ပိုင်နက် နယ်မြေထဲ ခြံစည်းရိုး ခတ်

" ဘင်္ဂလားဒေ့ရှ်က ကျွန်တော့်နိုင်ငံ မဟုတ်ဘူး၊ လောလောဆယ် ဒီကို ရောက်လာတာက အသက်ကယ်ဖို့ ရောက်လာတာ၊ ဟိုမှာအေးချမ်းသွားရင် ကိုယ့်အိမ်ကို ပြန်ရောက်ဖို့ အဲဒီစိတ်ကူးနဲ့ စောင့်နေတာပါ၊ ကျွန်တော်တို့ တောင်းဆိုချက်ကို နည်းနည်းပါးပါးမှ လိုက်လျောမှုမရှိလို့ စောင့်နေတာပါ" လို့ မဲဒီကျေးရွာတွင် နေထိုင်ခဲ့သူ ဦးဒဲမွန်က အဲဒီနေရာမှာ ရောက်နေသူတွေ ကိုယ်စား ရှင်းပြသည်။

အသက် ၆ဝ ကျော်အရွယ် ဦးဒဲမွန်သည် ယခင် တပ်မတော်အစိုးရ လက်ထက် ကလည်း ထောက်လှမ်းရေး အဖွဲ့အစည်းတွေ အပါအဝင် ဒေသခံအာဏာပိုင်တွေ အတွက် စကားပြန် လုပ်ပေးသူ ဖြစ်သည်ဟု ကျွန်တော်တို့နဲ့ ပါလာသူ မောင်တော မြို့ခံတဦးက ဆိုသည်။

ဓာတ်ပုံ မူပိုင် YE AUNG THU
Image caption ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းကို မသွားဘဲ နယ်ခြားမှာ နေထိုင်နေ

သူတို့အများစုက မောင်တောမြို့နယ် မြောက်ပိုင်းက ကျေးရွာတွေမှာ နေထိုင်ခဲ့သူတွေ ဖြစ်သည်။ မနှစ် ဩဂုတ်လ ၂၄ ရက်ညက ARSA အဖွဲ့က မောင်တောမြို့နယ် အတွင်းက ရဲစခန်းတွေနဲ့ တပ်ရင်း တပ်ဖွဲ့စခန်း တွေကို တိုက်ခိုက်ခဲ့သည်။ အဲဒီနောက်ပိုင်းမှာတော့ မြန်မာ့တပ်မတော်က နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်ခဲ့သဖြင့် မောင်တောမြို့နယ် အတွင်း နေထိုင်သော မွတ်ဆလင် အများစု ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေး တိမ်းရှောင် ခဲ့ကြသည်။ သို့သော် ဦးဒဲမွန်တို့ ဒုက္ခသည်အုပ်စုကတော့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းကို မသွားဘဲ နယ်ခြားဒေသမှာ နေထိုင်နေကြသည်။

လက်ရှိ သူတို့ နေထိုင်ရာသည် မြန်မာနိုင်ငံ ခြံစည်းရိုး အပြင်မှာ ရှိသော်လည်း ထိုနေရာသည် မြန်မာပိုင်နက် နယ်မြေ ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ် နယ်စပ် နေရပ်စွန့်ခွာသူ ၅ ဦး မြန်မာဘက်သို့ပြန်လာ

ရိုဟင်ဂျာမိန်းကလေးတချို့ လူကုန်ကူးခံရ

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်ကြား သဘောတူညီချက်အရ နှစ်နိုင်ငံ နယ်ခြားမျဉ်းပေါ်တွင် မရွှေ့မပြောင်းနိုင်သော အဆောက်အဦများ ဆောက်လုပ်မည် ဆိုပါက နှစ်နိုင်ငံ သဘောတူရမည် ဖြစ်သည်။ မြန်မာ နိုင်ငံက နယ်ခြားမျဉ်း ပေါ်တွင် ခြံစည်းရိုး ခတ်မည့် ကိစ္စကို ဘင်္ဂလားဒေ့ရှ်က သဘောမတူခဲ့ပေ။ ထို့ကြောင့် နိုင်ငံတကာ လုပ်ထုံးလုပ်နည်း အရ နယ်စပ်မျဉ်းက ကိုက် ၅ဝ အကွာ မြန်မာ ပိုင်နက် နယ်မြေထဲ ခြံစည်းရိုး ခတ်ခဲ့သည်။

လက်ရှိ မွတ်ဆလင် ဒုက္ခသည်တွေ နေသည့် နေရာသည် နှစ်နိုင်ငံ နယ်စပ်မျဉ်းနှင့် ခြံစည်းရိုးကြား ဖြစ်သဖြင့် ထိုနေရာသည် မြန်မာပိုင်နက်နယ်မြေ ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံကြား ကိုတော့ ချောင်း တခုဖြင့် ခြားထားသည်။

ဓာတ်ပုံ မူပိုင် YE AUNG THU
Image caption ကိုယ့်အိမ်ကိုသာ ပြန်ခွင့်ပေးရန် တောင်းဆို

ဒီနေရာမှာ နေထိုင်ကြသူတွေက မြန်မာအစိုးရကို တောင်းဆိုထားသည့် အချက် ၃ ချက် ရှိသည်။ သူတို့ကို နိုင်ငံသားဖြစ်ခွင့် စိစစ်ရေး NVC ကဒ်မကိုင်ဘဲ နိုင်ငံသားကဒ်သာ ထုတ်ပေးရန်၊ သူတို့ကို အစိုးရက တစ်ဘက်နိုင်ငံက ပြန်ဝင်လာသူတွေကို ယာယီလက်ခံထားမည့် လှဖိုးခေါင်စခန်းကို မပို့ဘဲ ကိုယ့်အိမ်ကိုသာ ပြန်ခွင့်ပေးရန် နဲ့ လုံခြုံရေး အာမခံချက်ပေးရန်တို့ ဖြစ်သည်။

သူတို့ ပြန်လာရန် ဒေသခံအာဏာပိုင်အဖွဲ့က သုံးကြိမ်တိုင်တိုင် သွားရောက် ညှိနှိုင်းခဲ့သော်လည်း အဆင်မပြေခဲ့ပေ။ အစိုးရ အဖွဲ့အနေဖြင့် NVC ကဒ်ထုတ်ပေးရသည်မှာ နိုင်ငံသား ဟုတ်မဟုတ် စစ်ဆေးရန် ဖြစ်သည်။ လှဖိုးခေါင်စခန်း မှာ ယာယီ နေထိုင်ဖို့ စခန်းဖြစ်ပြီး ဒုက္ခသည်တွေကို တလထားရှိပြီးနောက် အစိုးရက စီစဉ် ထားသည့် ရွာများသို့ ပြောင်းပေးမည် ဖြစ်သည်။ သို့သော်လည်း နှစ်ဘက် ညှိနှိုင်းမှုက အခုထက်ထိ အဆင်မပြေသေးပေ။

လုံခြုံရေးကောင်စီအဖွဲ့ ဒုက္ခသည်စခန်းထဲထိသွား

ပူလစ်ဇာဆုရ ဓာတ်ပုံများ

ဘာသာရေး အဖွဲ့တွေနဲ့ ပူးပေါင်းခဲ့ပေမယ့် NVC ကဒ်ထုတ်သူနည်းပါး

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရိုဟင်ဂျာစာအုပ်အကြောင်း သမိုင်းပညာရှင် ဒေါက်တာမြင့်သိန်းနဲ့ မေးမြန်း

သူတို့လက်ရှိနေထိုင်သည့် နေရာသည် တောင်နှစ်လုံးကြား အနိမ့်ထဲတွင် ရှိသဖြင့် မိုးတွင်းကာလတွင် အခက်အခဲ ရှိနိုင်ပါသည်။ မောင်တော မြို့သည် တနှစ်ကို မိုးရေချိန် လက်မ ၁၅ဝ ခန့် ပျမ်းမျှ ရွာသွန်းပြီး တနေ့တည်း ၁၈ လက်မခန့် ရွာသွန်းလေ့ ရှိသည်။ သူတို့နေသည့် တဲအိမ်များမှာ မိုးကာဖျင်များဖြင့် ဆောက်ထားဖြင့် မိုးတွင်းကာလ လေပြင်းတိုက်လျှင် သူတို့တဲအိမ်တွေ လဲသွားနိုင်သည်။

သူတို့နေထိုင်သည့် နေရာသည် တောတောင်ထူထပ်သဖြင့် တောင်ကျရေ အန္တရာယ် ရှိနိုင်သည်။ ထို့အပြင် ထိုနေရာသည် နတ်မြစ်ရဲ့ မြစ်ဖျားခံရာ ဖြစ်သဖြင့် ရေလုပ်ငန်း လုပ်ကိုင်ရန် ခက်ခဲသလို လယ်ယာမြေ မရှိသဖြင့် စိုက်ပျိုးစားရန် မလွယ်ပေ။ လောလောဆယ်မှာ သူတို့အဖွဲ့ကို နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ အိုင်စီအာစီက ထောက်ပံ့ ပေးထားသည်။

ဓာတ်ပုံ မူပိုင် YE AUNG THU
Image caption မိုးတွင်းကာလ လေပြင်းတိုက်လျှင် တဲအိမ်တွေ လဲသွားနိုင်

သူတို့အတွက် ဒီနေရာမှာ နေထိုင်ရတာ အခက်အခဲ ရှိသလို မြန်မာနိုင်ငံအတွက်လည်း ပြဿနာ ရှိနိုင်သည်။ ဘင်္ဂလားဒေရှ် နိုင်ငံ ဒုက္ခသည်စခန်းကို မသွားဘဲ ဒီနေရာမှာ နေထိုင်နေသည်ကလည်း တခြားအကြောင်း ရှိနိုင် သည်ဟု ဒေသခံအချို့က ပြောသည်။ ARSA အကြမ်းဖက်သမားများရဲ့ စာရင်းကို မြန်မာအစိုးရက ဘင်္ဂလားဒေ့ရှ် အစိုးရထံ ပို့ထားသည်။ ထို့ကြောင့် အကြမ်းဖက်သမားများ ဒုက္ခသည်စခန်းကို သွားပါက အထိန်းသိမ်း ခံရတာမျိုး ဖြစ်နိုင်သည်။

အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးလိုကြောင်း အာဆာ ထုတ်ပြန်

အိမ်မပြန်နိုင်တဲ့ အိန္ဒိယ မြန်မာများ

ဒုက္ခသည် မဟုတ်သူတွေနဲ့ အယောင်ပြတယ်လို့ ဘင်္ဂလားဒေ့ရှ် စွပ်စွဲ

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရိုဟင်ဂျာ ကိစ္စနဲ့ မြန်မာခေါင်းဆောင်တွေ ရုံးတင်ခံရနိုင်

ထို့ကြောင့် ဒီနေရာမှာ နေထိုင်သူများထဲတွင် အကြမ်းဖက်သမားအချို့ ပါဝင်နေနိုင်ကြောင်း သုံးသပ်နေကြသည်။ ဒါ့အပြင် ဒီနေရာကနေ မြန်မာနိုင်ငံအတွင်း ဝင်ရောက်တာ ပြန်ထွက်တာ လွယ်ကူသလို လုံခြုံရေး အဖွဲ့တွေရဲ့ လှုပ်ရှားမှု ကို အနီးကပ် စောင့်ကြည့် နေနိုင်သည်။

ထို့ကြောင့် ဒီနေရာတွင် ရေရှည် ဆက်နေထိုင်ရေးမှာ သူတို့အတွက် အခက်အခဲ ရှိသလို ဒေသခံတွေ အတွက် စိုးရိမ်စရာ ဖြစ်သည်။ လောလောဆယ် ပြဿနာကို ပြေလည်အောင် ဖြေရှင်းဖို့ နည်းလမ်း မတွေ့သေးပါ။ မိုးတွင်း ရောက်လာလျှင် တမျိုးတဖုံ ပြောင်းလဲသွားမည်လားဆိုတာကိုလည်း အတတ်ပြောလို့ မရနိုင်သေးပါ။