ဗိုလ်တထောင် အယ်ဒီတာချုပ်ဟောင်း ဗိုလ်ထိန်လင်း ကွယ်လွန်

ဓာတ်ပုံ မူပိုင် Lin San Tyna
Image caption ကွန်မြူနစ် ခေါင်းဆောင်တစု စစ်ပြီးစက တွေ့ရစဉ်

ဗိုလ်တထောင် သတင်းစာ အယ်ဒီတာချုပ်ဟောင်း ဦးထိန်လင်း အသက် ၉၇ နှစ် အရွယ် ရန်ကုန်မှာ ကွယ်လွန်သွားပါတယ်။

မေလ ၁၃ ရက်က ဆုံးသွားတဲ့ ဦးထိန်လင်းဟာ အလံနီ ကွန်မြူနစ် ပါတီက ခေါင်းဆောင်ဟောင်း တယောက် ဖြစ်သလို ကွန်မြူနစ် ခေါင်းဆောင်ဟောင်း သခင်ဗဟိန်းနဲ့ သခင်စိုးတို့ဆီမှာ သဘောတရားရေးတွေ သင်ယူခဲ့တယ် လို့လည်း ရန်ကုန်က စာရေးဆရာ လင်းအေးက ဆိုပါတယ်။

ဗိုလ်ထိန်လင်းကြီး လို့ နိုင်ငံရေး လောကမှာ သိကြတဲ့ ဦးထိန်လင်းဟာ ငယ်စဉ်က ရေကျော် မက်သဒစ်ကျောင်းမှာ ရဲနီကျော်ဝင်း စတဲ့ အလံနီ ခေါင်းဆောင်တွေနဲ့ ခေတ်ပြိုင် ပညာ ဆည်းပူးခဲ့သူ ဖြစ်ပါတယ်။

နာမည်ရင်းက ချစ်လှိုင်လို့လည်း သိရပါတယ်။

သူတို့ထက် စောတဲ့ ရေကျော် မက်သဒစ် ကျောင်းထွက်က စာရေးဆရာ ဒဂုန်တာရာ ဖြစ်ပါတယ်။

လွတ်လပ်ရေး လွန် နှစ် ၇ဝ

Image caption လက်ဝဲသဘောတရားရေးဆရာ သခင်စိုး

သခင်စိုး မြင်းခြံထောင်တွင်းမှာ ရေးတဲ့ အင်းစိန် စစ်တမ်းကို ဖတ်ပြီး ကွန်မြူနစ် ဝါဒ စိတ်ဝင်စားလာကြတဲ့ လူငယ်တွေထဲမှာ သူနဲ့ ရဲနီကျော်ဝင်း၊ ဗမာ့ခေတ် အယ်ဒီတာ ဖြစ်လာမယ့် ဦးမြသွင် စတဲ့သူတွေ ပါပါတယ်။

စစ်အတွင်း ဖက်ဆစ် တော်လှန်ရေး လှုပ်ရှားမှုတွေမှာ ပါခဲ့တဲ့ ဦးထိန်လင်းဟာ စစ်ပြီးနောက်ပိုင်း ၁၉၄၆ ခုနှစ် ကွန်မြူနစ်ပါတီ နှစ်ခြမ်းကွဲချိန်မှာ သခင်စိုးရဲ့ အလံနီ ပါတီဘက်ကို လိုက်ပါသွားခဲ့ပါတယ်။

မြန်မာပြည်နဲ့ လက်ဝဲနှစ်တရာ

အလံနီ ပါတီ မတရားသင်း ကြေညာခံရပြီးနောက် တောခိုချိန်မှာလည်း ဦးထိန်လင်း တောထဲလိုက်သွားပြီး တောထဲမှာတင် ဒေါ်စောမြနဲ့ လက်ထပ်ခဲ့ပါတယ်။

ဒေါ်စောမြဟာ စစ်အတွင်း အမျိုးသမီးတပ်ဖွဲ့ဖို့ သခင်စိုးက ဗိုလ်ချုပ်အောင်ဆန်းဆီ စေလွှတ်ခံရသူဖြစ်ပြီး ပထမဆုံး အမျိုးသမီးတပ်မှာ ဗိုလ်အဖြစ် ထမ်းဆောင်ခဲ့ပါတယ်။

သူ့ကို နိုင်ငံရေးထဲ ခေါ်လာသူက အိန္ဒိယကို ခြေကျင်သွားခဲ့တဲ့ လေထီး ဒေါ်မြရီလို့ ဆိုကြပါတယ်။

ကျောက်ဆည် ဒေါ်မြရီ ရာပြည့်

ဓာတ်ပုံ မူပိုင် Zizawa
Image caption တော်လှန်ရေး အမျိုးသမီးတွေ ရန်ကုန်မှာ ပြန်စု

ဒေါ်စောမြကို စစ်ပြီး ကွန်မြူနစ်ပါတီရဲ့ ဗဟိုကော်မတီ အဖြစ် အရွေးခံခဲ့ရပြီး သခင်စိုးနဲ့အတူ ပါတီက ခွဲထွက်ခဲ့တဲ့အခါမှာတော့ သခင်ဗဟိန်း လက်မှတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။

တောထဲမှာ အလံနီနဲ့ ဗကပ ပြည်သူ့ရဲဘော် သုံးပါတီ မဟာမိတ် လုပ်ရာက ပြိုကွဲချိန်မှာ ဝေဖန်ရာကနေ သခင်စိုးနဲ့ ထူးစိန်ပါတီ အကွဲအပြဲ ဖြစ်ပါတယ်။

မြသန်းတင့်ရဲ့ နိုင်ငံရေး ဘဝ

ဒီမှာ ဦးထိန်လင်းနဲ့ ဒေါ်စောမြတို့က သခင်စိုးကို မထောက်ခံတဲ့အတွက် သူတို့ အဆင်မပြေ ဖြစ်ပြီး အလင်းပြန်ဝင်ခဲ့ပါတယ်။

သူတို့ တောထဲမှာ ရှိစဉ် မွေးဖွားခဲ့တဲ့ ကလေးတွေကို မြို့ပြန်ရောက်မှ ပြန်ရှာယူရတယ်လို့လည်း ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Tun Win Nyein
Image caption ကွန်မြူနစ်ပါတီ လူအပြောင်းအလဲ

၁၉၆၂ အာဏာသိမ်းပြီးနောက်ပိုင်း သူတို့ ဇနီးမောင်နှံနဲ့ ဗိုလ်ချုပ်ကြီး နေဝင်းတို့ ၁၉၆၂ ဇူလိုင်လ ၇ ရက်မှာ တွေ့ဆုံပြီးနောက် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ကို ထောက်ခံဖို့ သူတို့ သဘောတူခဲ့ကြပါတယ်။

အနှစ် ၃ဝ က မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ

ဒေါ်စောမြက အလုပ်သမား အစည်းအရုံး မှာ ပါဝင်ခဲ့သလို ဦးထိန်လင်းကလည်း ၁၉၇ဝ ကျော်မှာ ဗိုလ်တထောင် သတင်းစာ အယ်ဒီတာချုပ် ဖြစ်လာခဲ့ပါတယ်။

အဲဒီခေတ်က အစိုးရ သတင်းစာတွေမှာ တောပြန် သူပုန်ဟောင်း ကွန်မြူနစ်ဟောင်းတွေ အယ်ဒီတာ လုပ်တဲ့သူတွေ များလို့ တန်ပြော တောပြန်လို့ အဆိုရှိကြောင်း စာရေးဆရာ မြင့်သန်းက ရေးခဲ့ဖူးပါတယ်။

အလံနီရဲ့ ဆင်စွယ်ရွာ လူသတ်မှု ကိစ္စကို မြဝတီ မဂ္ဂဇင်းမှာ ဦးထိန်လင်း ရေးခဲ့တယ် လို့လည်း သိရပါတယ်။

ဒေါ်စောမြ က ၁၉၇၄ ဖွဲ့စည်းပုံ မူကြမ်းရေးဆွဲရေး ကော်မတီမှာအထိ ပါခဲ့ပါတယ်။

၁၉၇၇ လမ်းစဉ်ပါတီ သန့်စင်ရေးအတွင်း ဗိုလ်ရဲထွဋ်၊ သခင်တင်မြ စတဲ့ တောပြန် ကွန်မြူနစ်တွေ ဖယ်ရှားခံရပေမယ့် ဦးထိန်လင်းကတော့ ၁၉၈၈ ထိ ပါတီ ဗဟိုကော်မတီဝင်အဖြစ် ကျန်ရစ်ခဲ့ပါတယ်။

Image caption ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ပြန်လာတဲ့ သခင်စိုး ကိုယ်တော်မှိုင်းကို လာတွေ့

၁၉၆၃ က အလံနီနဲ့ အစိုးရ ဆွေးနွေးပွဲ မအောင်မြင်ခဲ့ပေမယ့် သခင်စိုးကိုယ်တိုင် ၁၉၇၁ မှာ ငြိမ်းချမ်းရေး ကမ်းလှမ်းဖို့ အဖမ်းခံခဲ့ပါတယ်။

သခင်စိုးကို သေဒဏ်က တသက်တကျွန်းဒဏ် ပြောင်းပေးခဲ့ပြီးနောက် ၁၉၈ဝ မှာ လွတ်ငြိမ်းချမ်းသာခွင့်ရပြီး ပြန်လွတ်လာခဲ့ပါတယ်။

သခင်စိုးနဲ့ ဒေါ်စောမြတို့ နိုင်ငံ့ဂုဏ်ရည် ပထမဆင့် ရခဲ့ပြီး ဦးထိန်လင်းကိုတော့ လမ်းစဉ်ပါတီ အစိုးရက ဒုတိယအဆင့် ပေးခဲ့ပါတယ်။

Image caption သခင်စိုးရဲ့ ဇနီးဟောင်း ဒေါ်နှင်းမေ

ဆက်စပ် အကြောင်းအရာများ