အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခရဲ့ အဓိက အချက် ၁၀ ချက်

ဓာတ်ပုံ မူပိုင် Getty Images
Image caption ၂၀၁၄ ခုနှစ်ကစလို့ အခုအကြိမ်ဟာ အဆိုးဆုံး ထိခိုက်သေဆုံးရမှုကြီးပါ။

အစ္စရေး ပါလက်စတိုင်း အုံကြွတိုက်ခိုက်မှုတွေမှာ အခု ၂ဝ၁၈ မေလမှာ ဖြစ်တဲ့ အကြမ်းဖက်မှုတွေကတော့ ၂၀၁၄ ခုနှစ်နောက်ပိုင်းမှာ အဆိုးဝါးဆုံးပါ။ ဆန္ဒပြနေကြတဲ့ ပါလက်စတိုင်း လူအုပ်စုတွေအထဲကို အစ္စရေးတပ်ဖွဲ့တွေက ပစ်ခတ်လို့ လူ ၅၈ ယောက်သေဆုံးပြီး ၃ဝဝဝ လောက်အထိ ဒဏ်ရာရခဲ့တယ်လို့ ပါလက်စတိုင်းတွေဘက်က ပြောပါတယ်။

အခုနောက်ဆုံး သွေးထွက်သံယိုမှုတွေဟာ ပါလက်စတိုင်းတွေက နာ့ကဘာလို့ခေါ်ပြီး ကပ်ဆိုးကြီးလို့ အဓိပ္ပာယ်ထွက်တဲ့ ဖြစ်ရပ်ရဲ့ နှစ် ၇၀ မြောက် နေ့နဲ့လည်း တိုက်ဆိုင်နေပါတယ်။ အဲဒီဖြစ်ရပ်ဆိုတာကတော့ ၁၉၄၈ ခုနှစ်မှာ အစ္စရေးနိုင်ငံထူထောင်ခဲ့ပြီး ပါလက်စတိုင်းတွေ အစုလိုက် အပြုံလိုက် နေရပ်ပျောက်ခဲ့ရတဲ့ ဖြစ်ရပ်ပါ။

မေလ ၁၄ ရက်မှာပဲ အမေရိကန်တွေကလည်း သူတို့ရဲ့ သံရုံးကို တယ်လဗီးမြို့ကနေ ဂေျရုဆလင်ကို ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါတယ်။ ဒီလုပ်ရပ်က ပါလက်စတိုင်း အများစုကြီးကို အမျက်ဒေါသထွက်စေခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption အစ္စရေးတို့ရဲ့ အကြမ်းဖက် နှိမ်နင်းမှုကို ကမ္ဘာတဝန်းမှာ ကန့်ကွက်ဆန္ဒပြပွဲတွေ ဖြစ်ခဲ့ပါတယ်။ အာဂျင်တီးနားမှာဆိုလည်း ဗျူနိုအေးရီးစ်မြို့က အမေရိကန်သံရုံးရှေ့မှာ လူတွေက ဆန္ဒပြခဲ့ပါတယ်။

ပါလက်စတိုင်းတွေက အရှေ့ဂျေရုဆလင်ကို သူတို့ရဲ့ အနာဂတ်နိုင်ငံတော်ရဲ့ မြို့တော်အဖြစ် ယူဆ သတ်မှတ်ထားခဲ့တာ ဖြစ်ပြီး အခုလို ဂျေရုဆလင်ကို သံရုံးရွှေ့လိုက်တာဟာ အစ္စရေးတို့က ဂျေရုဆလင်တစ်မြို့လုံး သူတို့ အပိုင်ပါလို့ ပြောထားတာကို ထောက်ခံပေးလိုက်တဲ့ လုပ်ရပ်အဖြစ် ဒေါသထွက်ခဲ့ကြတာ ဖြစ်ပါတယ်။ အစ္စရေးကတော့ ဂျေရုဆလင်ဟာ သူတို့ရဲ့ မခွဲခြားနိုင်တဲ့ မြို့တော်လို့ပဲ အခိုင်အမာ စွဲကိုင်ထားပါတယ်။

အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခအကြောင်းပိုပြီး သိနားလည်နိုင်အောင် အဓိကကျတဲ့ မေးခွန်းကြီး ဆယ်ခုရဲ့ အဖြေတွေကို ကြည့်ရအောင်ပါ။

၁။ ပဋိပက္ခ ဘယ်လိုစတင်ခဲ့ပါသလဲ။

၂၀ ရာစု အစောပိုင်းက ဥရောပဂျူးတွေ ခံစားခဲ့ရတဲ့ ဂျူးဆန့်ကျင်ရေး အနိဋ္ဌာရုံတွေကို ကျော်လွန်ဖို့ ဥရောပပြင်ပမှာ ဂျူးနိုင်ငံတော် တစ်ခုထူထောင်ဖို့ ဇီယွန်ဝါဒီလှုပ်ရှားမှုဆိုတာကို ဥရောပဂျူးတွေက စတင်ခဲ့ကြပါတယ်။

အဲဒီအချိန်ကတော့ ပါလက်စတိုင်းလို့ ခေါ်တဲ့ဒေသဟာ အော်တိုမန်အင်ပိုင်ယာထဲမှာ ရှိခဲ့ပါတယ်။ ပါလက်စတိုင်းဒေသကို မွတ်ဆလင်၊ ဂျူးနဲ့ ခရစ်ယာန်တွေ အာလုံးက အထွတ်အမြတ်ဒေသအဖြစ် မှတ်ယူ ထားခဲ့ကြပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဂျေရုဆလင်မြို့ဟောင်းမှာ ဂျုး၊ မွတ်ဆလင်နဲ့ ခရစ်ယာန်ဘာသာဝင်တွေရဲ့ အထွတ်အမြတ်နေရာတွေ ရှိကြပါတယ်။

ဂျူးတွေ စုပြုံပြောင်းရွှေ့ဝင်ရောက်လာတာကို အဲဒီဒေသမှာ အများစုဖြစ်ကြတဲ့ အာရပ်တွေနဲ့ တခြား မွတ်ဆလင်အုပ်စုတွေက ဆန့်ကျင်တော်လှန်ခဲ့ကြပါတယ်။

ပထမကမ္ဘာစစ်အပြီး အော်တိုမန်အင်ပိုင်ယာပြိုကွဲခဲ့ချိန်မှာ ကုလသမဂ္ဂဖြစ်မလာခင် ရှေ့ပြေးအဖွဲ့ဖြစ်တဲ့ နိုင်ငံပေါင်းချုပ်အသင်းကြီးက ပါလက်စတိုင်းဒေသကို အုပ်ချုပ်ဖို့ ဗြိတိန်ကို အာဏာအပ်နှင်းခဲ့ပါတယ်။

စစ်ပွဲအတွင်းတုန်းက ဗြိတိသျှတွေက အာရပ်တွေကိုရော ဂျူးတွေကိုပါ ကတိတွေအမျိုးမျိုးပေးခဲ့ပေမယ့်လည်း တော်တော်များများကို လုပ်မပေးခဲ့ပါဘူး။

အဲဒီလိုဖြစ်ရတဲ့ အကြောင်းတစ်ချက်ကတော့ အရှေ့အလယ်ပိုင်းဒေသကို ဗြိတိသျှတွေနဲ့ ပြင်သစ်တွေက ပိုင်းခြားရယူပြီး သူတို့ပိုင်ဒေသတွေအဖြစ် သတ်မှတ်လို့ သီးခြား သြဇာထူထောင်ခဲ့ကြလို့ ဖြစ်ပါတယ်။

အာရပ်အမျိုးသားရေးဝါဒီတွေနဲ့ ဇီယွန်ဝါဒီတွေအကြားက အငြင်းပွားမှု ပဋိပက္ခတွေဟာ ဂျူးနဲ့ အာရပ် လက်နက်ကိုင်အဖွဲ့တွေရဲ့ တိုက်ပွဲတွေအဖြစ် တစတစ အသွင်ပြောင်းလာခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဂေျရုဆလင်မြို့ဟောင်းမှာ တွေ့ရတဲ့ အာရပ် အကျဉ်းသားများ၊ အဲဒီအချိန်က ပါလက်စတိုင်းဒေသကို ဗြိတိသျှတွေက အုပ်ချုပ်နေခဲ့တာ ဖြစ်ပါတယ်။

ဟော်လိုကော့စ်လို့ခေါ်တဲ့ ဥရောပမှာ ဂျူးတွေ အစုလိုက် အသတ်ခံခဲ့ရတာတွေ ဖြစ်ခဲ့ပြီး ဒုတိယကမ္ဘာစစ်ပြီးခဲ့ချိန်မှာတော့ ဂျူးနိုင်ငံတော်ထူထောင်ရေး လှုပ်ရှားမှုတွေ ပိုအားကောင်းလာပါတယ်။

ဒါကြောင့် ဗြိတိသျှတွေ အုပ်စိုးထားတဲ့ ပါလက်စတိုင်းနယ်မြေကို ပိုင်းခြားကာရံလို့ ပါလက်စတိုင်းနဲ့ ဂျူးဘက်ခြမ်းဆိုပြီး ခွဲခြားခဲ့ရာက ၁၉၄၈ ခု မေလ ၁၄ ရက်မှာ အစ္စရေးနိုင်ငံဆိုတာ မွေးဖွားလာခဲ့ပါတယ်။

နောက်တစ်နေ့မှာပဲ အီဂျစ်၊ ဂျော်ဒန်၊ ဆီးရီးယား နဲ့ အီရတ် စုပေါင်းတပ်တွေက အစ္စရေးနိုင်ငံသစ်ကို ဝင်တိုက်ခဲ့လို့ ပထမဆုံး အာရပ်-အစ္စရေးစစ်ပွဲ စဖြစ်ခဲ့ပါတယ်။ အဲဒီ စစ်ပွဲကို အစ္စရေးတို့က လွတ်လပ်ရေးစစ်ပွဲ ဒါမှ မဟုတ် လွတ်မြောက်ရေးစစ်ပွဲလို့ ခေါ်ခဲ့ကြပါတယ်။

ဒီစစ်ပွဲ အပြီးမှာပဲ ကုလသမဂ္ဂက ပါလက်စတိုင်း အာရပ်နိုင်ငံတစ်ခုအဖြစ် ရည်ရွယ်ထားခဲ့တဲ့ နယ်မြေဟာ နှစ်ပိုင်း နှစ်ခြမ်း ဖြစ်သွားခဲ့ပါတော့တယ်။

ပါလက်စတိုင်းတွေ အတွက်တော့ နာ့ကဘာလို့ခေါ်တဲ့ တမျိုးသားလုံးဆိုင်ရာ ကပ်ဘေးကြီးဆိုတာ အဲဒီကနေ အစပြုခဲ့တာပါပဲ။ ပါလက်စတိုင်း လူမျိုး ခုနစ်သိန်းခွဲလောက် အိမ်နီးချင်းနိုင်ငံတွေထဲကို ထွက်ပြေးသူက ထွက်ပြေး၊ ကျန်နေသူတွေကိုလည်း အစ္စရေးက သူတို့ နယ်မြေထဲက နှင်ထုတ်တာ ခံလိုက်ရပါတယ်။

ဒါပေမယ့် ၁၉၄၈ ခုနှစ် စစ်ပွဲဟာ အာရပ်တွေနဲ့ ဂျူးတွေအကြားက နောက်ဆုံး ပဋိပက္ခတော့ မဟုတ်ခဲ့ပါဘူး။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဒီနှစ်မတိုင်ခင် နောက်ဆုံးဖြစ်ခဲ့တဲ့ ပဋိပက္ခကြီးကတော့ ၂ဝ၁၄ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ဘ ဂါဇာစစ်ပွဲပါ၊ ရက် ၅ဝ ကြာ တိုက်ပွဲတွေအတွင်း လူပေါင်း ၂ဝဝဝ ကျော်သေဆုံးခဲ့ပါတယ်။ ပါလက်စတိုင်းတွေက အများစုပါ။

၁၉၅၆ ခုနှစ်မှာတော့ ဆူးအက်တူးမြောင်းအရေးအခင်းနဲ့ပတ်သက်ပြီး အီဂျစ်နဲ့ အစ္စရေးတို့ စစ်ပွဲဖြစ်ခဲ့ပါတယ်။ ဒီ စစ်ပွဲမှာတော့ ဘယ်ဘက်ကမှ စစ်ရေးအရ အပြတ်အနိုင်မရခဲ့ပါဘူး၊ နိုင်ငံတကာ ဖိအားကြောင့် အစ္စရေး၊ ပြင်သစ်နဲ့ ဗြိတိန်တို့က ဆက်မတိုက်ဘဲ စစ်ကို ရပ်ဆိုင်းပေးလိုက်ကြပါတယ်။

ဒါပေမယ့် ၁၉၆၇ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ ကမ္ဘာကျော် ခြောက်ရက် စစ်ပွဲကတော့ အနိုင်အရှုံးကို စစ်မြေပြင်မှာ အဆုံးအဖြတ်ပေးခဲ့ပါတယ်။ ဇွန်လ ၅ ရက်က ၁ဝ ရက်အထိ ဖြစ်ခဲ့တဲ့ စစ်ပွဲက အနာဂတ်အထိ အကျိုးဆက်ကြီး တွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။

ဒီစစ်ပွဲမှာ ပြတ်ပြတ်သားသား အနိုင်ရလိုက်တဲ့ အစ္စရေးက ၁၉၄၈ ခုနှစ်ကတည်းက အီဂျစ်တို့ ပိုင်ထားတဲ့ ဂါဇာကမ်းမြောင်ဒေသနဲ့ ဆိုင်းနိုင်းကျွန်းဆွယ်၊ ဂျော်ဒန်ဆီက အရှေ့ဂျေရုဆလင် အပါအဝင်ဖြစ်တဲ့ အနောက်ဘက်ကမ်း ဒေသနဲ့ ဆီးရီးယားဆီက ဂိုလန်ကုန်းမြင့်တို့ကို သိမ်းပိုက်ခဲ့ပါတယ်။ ပါလက်စတိုင်း ငါးသိန်းလောက်လည်း ထွက်ပြေးခဲ့ရပါတယ်။

တခါ ၁၉၇၃ ခုနှစ် အောက်တိုဘာမှာ ဖြစ်ခဲ့တဲ့ ယွမ်ကစ်ပူးစစ်ပွဲမှာတော့ အစ္စရေးက ဆီးရီးယား၊ အီဂျစ်တို့နဲ့ တိုက်ခဲ့ပြီး အီဂျစ်တွေက ဆိုင်းနိုင်းဒေသက နယ်မြေတချို့ကို ပြန်ရသွားခဲ့ပါတယ်။ ဒါပေမယ့် နယ်မြေ အကုန်ပြန်ရတာ မဟုတ်ဘဲ ၁၉၈၂ ခုနှစ်ကျမှ အစ္စရေးတွေက အပြီးသပ် ပြန်လွှဲပေးခဲ့တာဖြစ်ပါတယ်။ ယွမ်ကစ်ပူးစစ်ပွဲမှာ ဂါဇာနဲ့ ဆီးရီးယားရဲ့ ဂိုလန်ကုန်းမြင့်တွေကိုတော့ အစ္စရေးကပဲ ဆက်ထိမ်းထားနိုင်ခဲ့ပါတယ်။

ခြောက်နှစ်အကြာမှာတော့ အီဂျစ်ဟာ အာရပ်နိုင်ငံတွေထဲမှာ အစ္စရေးနဲ့ ပထမဆုံး ငြိမ်းချမ်းရေး စာချုပ်ချုပ်တဲ့ နိုင်ငံ ဖြစ်လာပါတယ်။ အဲဒီနောက်မှာ ဂျော်ဒန်တစ်နိုင်ငံပဲ ထပ် ချုပ်ဆိုပါသေးတယ်။

၁၉၉၄ ခုနှစ်ကစလို့ တစ်ဆင့်ချင်း ပါလက်စတိုင်းတွေကို ပြန်ပေးခဲ့တဲ့ ဂါဇာကမ်းမြောင်ဒေသကတော့ နောက်ထပ် နှစ်ပေါင်းများစွာမှာ အစ္စရေးနဲ့ ပါလက်စတိုင်းစစ်ပွဲတွေ ဆက်တိုက် ဖြစ်ပွားလာခဲ့တဲ့ ဒေသတစ်ခု အဖြစ် တွေ့မြင်လာရပါတယ်။

၂။ အစ္စရေးနိုင်ငံကို အရှေ့အလယ်ပိုင်းမှာ ဘာလို့ တည်ထောင်ခဲ့တာလဲ။

ဂျူးတို့ရဲ့ အစ႕ဉ်အလာ ယုံကြည်ချက်အရ အစ္စရေးနိုင်ငံထူထောင်ခဲ့တဲ့ နယ်မြေဟာ သမ္မာကျမ်းစာပါ မူလ သူတော်စင်သုံးပါးထဲက အေဗရာဟမ်နဲ့ သူ့ဆီက ဆင်းသက်လာသူတွေကို ပေးအပ်ထားတဲ့တဲ့ နယ်မြေလို့ ယူဆ ယုံကြည်ထားကြတာ ဖြစ်ပါတယ်။

အဲဒီနယ်မြေကို ရှေးဟောင်းကာလတွေတုန်းက အဘစ်ဆီးရီးယန်းမျိုးနွယ်တွေ၊ ဘေဘီလိုးနီးယန်းတွေ၊ ပါရှင်တွေ၊ မက်ဆီဒိုးနီးယန်းတွေနဲ့ ရောမလူမျိုးတွေကပါ အကြိမ်ကြိမ် ကျူးကျော်ဝင်ရောက်သိမ်းပိုက်ခဲ့ကြပြီး ဂျုဒေးယားလို့ ခေါ်တဲ့ နယ်မြေတစ်ခုကို တည်ထောင်ခဲ့ကြပါတယ်။

အဲဒီနယ်မြေက ဒေသခံ ဂျူးလူမျိုးတွေကလည်း ကျူးကျော်ဝင်ရောက်သူတွေကို အကြိမ်ကြိမ် ခုခံတော်လှန်ခဲ့ကြပါတယ်။ အေဒီ ၁၃၅ အရောက်မှာတော့ ဧကရာဇ်ဘုရင် ဟာဒီယာဟာ ဂျူးတွေရဲ့ လွတ်လပ်ရေးလှုပ်ရှားမှုကို နှိမ်နင်းပြီး ရောမဆီးရီးယားနဲ့ ရောမ ဂျုဒေးယားဒေသနှစ်ခုကို ပေါင်းလို့ ဆီးရီးယား ပါလက်စတိုင်းဆိုတဲ့ အမည်နဲ့ နယ်မြေသစ်တစ်ခုကို တည်ထောင်လိုက်ပါတယ်။

အဲဒီ စစ်ပွဲတွေအတွင်းမှာ ဒေသခံ ဂျူးလူမျိုးတွေဟာ အသတ်ခံရ၊ ပြည်နှင်ခံရ၊ ကျွန်အဖြစ်ရောင်းစား ခံရတာတွေကြောင့် ဂျူးလူဦးရေ အများကြီးလျော့နည်းသွားခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဂျူးတွေအတွက်တော့ ရှေးဟောင်း ပါလက်စတိုင်းနယ်မြေကို ပြန်ရောက်ရတာဟာ သူတို့အတွက် ဗျာဒိတ်ရ နယ်မြေကို ပြန်လာရလိုက်သလိုပါပဲ။

အေဒီ ၇ ရာစုမှာ အစ္စလာမ်ဘာသာ ထွန်းကားလာခဲ့ပြီးတဲ့နောက်မှာ ပါလက်စတိုင်းကို အာရပ်တွေက သိမ်းပိုက်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဥရောပသားတွေကလည်း ဝင်ရောက် သိမ်းပိုက်ခဲ့ပြန်ပါတယ်။ ၁၅၁၆ ခုနှစ်က စလို့တော့ တူရကီတွေက အဲဒီဒေသကို လွှမ်းမိုးထားခဲ့ပြီး တူရကီရဲ့ စိုးမိုးမှုဟာ ပထမကမ္ဘာစစ်ဖြစ်တဲ့အချိန်အထိ ရှည်ကြာခဲ့ပါတယ်။

စစ်ကြီးအပြီးမှာ နိုင်ငံပေါင်းချုပ်အသင်းကြီးက ပါလက်စတိုင်းဒေသကို အုပ်ချုပ်ဖို့ ဗြိတိသျှတွေကို အာဏာလွှဲပေးလိုက်ပြီး ၁၉၄၈ ခုနှစ်အထိ ဗြိတိသျှတွေက အုပ်စိုးခဲ့ပါတယ်။ဒုတိယကမ္ဘာစစ်အတွင်း နာဇီတွေက ဥရောပက ဂျူးတွေကို သန်းနဲ့ ချီပြီး သတ်ဖြတ်ခဲ့တဲ့ ဟော်လိုကော့စ်သတ်ဖြတ်မှုကြီး ဖြစ်ခဲ့အပြီးမှာတော့ နိုင်ငံတကာမှာ ဂျူးနိုင်ငံတော်တစ်ခု ဖွဲ့စည်းတည်ထောင်ပေးဖို့ ဖိအားတွေ ပိုတိုးလာခဲ့ပါတယ်။

ဗြိတိသျှအစိုးရအနေနဲ့လည်း အာရပ်အမျိုးသားရေးဝါဒီတွေနဲ့ ဇီယွန်ဝါဒီတွေအကြေားက ပြဿနာတွေကို မရှင်းနိုင်တဲ့အတွက် ကုလသမဂ္ဂကို အကူအညီတောင်းခဲ့ရပါတယ်။ ကုလသမဂ္ဂကလည်း အထူးကော်မရှင်တစ်ခု ဖွဲ့စည်းပြီး အခြေအနေကို လေ့လာသုံးသပ်စေခဲ့ပါတယ်။

၁၉၄၇ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့ မှာတော့ အထွေထွေညီလာခံက ပါလက်စတိုင်းနယ်မြေကို ပိုင်းခြားပြီး လွတ်လပ်တဲ့ အာရပ်နိုင်ငံတစ်ခုထူထောင်ဖို့၊ ဂျူးနိုင်ငံတစ်ခုထူထောင်ဖို့နဲ့ ဂျေရုဆလင်မြို့ကို အထူးသီးသန့်ထား စဉ်းစားဖို့ဆိုပြီး အစီအစဉ်တစ်ခုကို ချမှတ်ပေးခဲ့ပါတယ်။

အဲဒီ အစီအစဉ်ကို အစ္စရေးတွေက လက်ခံပေမယ့် သူတို့နယ်မြေဆုံးရှုံးရတယ်လို့ ယူဆတဲ့ အာရပ်တွေက လက်မခံခဲ့တဲ့အတွက် အကောင်အထည်မဖော်နိုင်ခဲ့ပါဘူး။

ဓာတ်ပုံ မူပိုင် AFP
Image caption အစ္စရေးနိုင်ငံကို ၁၉၄၈ ခုနှစ် မေလ ၁၄ ရက်နေ့မှာ တရားဝင် တည်ထောင်ခဲ့ပါတယ်။

ဒါပေမယ့် ဗြိတိသျှတွေကို ပေးထားတဲ့ အုပ်ချုပ်ခွင့်အာဏာ သက်တမ်းမကုန်ခင် တစ်ရက်အလိုမှာပဲ ၁၉၄၈ ခုနှစ် မေလ ၁၄ ရက်နေ့မှာ အစ္စရေးနိုင်ငံတော် တည်ထောင်လိုက်ကြောင်း ဂျူးတွေက ကြေညာလိုက်ပါတယ်။

နောက်တစ်နေ့မှာပဲ အစ္စရေးနိုင်ငံက ကုလသမဂ္ဂအဖွဲ့ဝင် အဖြစ်လျှောက်ထားလိုက်ပြီး နောက်တစ်နှစ်အကြာမှာ အဖွဲ့ဝင် ဖြစ်လာပါတယ်။ ဒီကနေ့အထိ ကုလသမဂ္ဂအဖွဲ့ဝင် စုစုပေါင်းရဲ့ ၈၃ ရာခိုင်နှုန်း (၁၉၂ နိုင်ငံထဲမှာ ၁၆၀) က အစ္စရေးကို အသိအမှတ်ပြုထားပါတယ်။

၃။ ပါလက်စတိုင်းနယ်မြေ နှစ်ခု ဘာလို့ ရှိနေတာပါလဲ။

၁၉၄၇ ခုနှစ်မှာ ပါလက်စတိုင်းဆိုင်ရာ ကုလသမဂ္ဂ အထူးကော်မရှင်က အာရပ်နိုင်ငံနယ်မြေဟာ ဆမာရီးယားနဲ့ ဂျူဒီးယားဒေသတွေရဲ့ တောင်ထူထပ်တဲ့ အနောက်ဖက် ဂါလေလီဒေသကနေ ဂျရုဆလင်မပါဝင်ပဲ အီဂျစ်နဲ့ နယ်စပ်အထိရောက်တဲ့ အီစဒုကမ်းရိုးတန်းဒေသအထိပါဝင်စေသင့်ကြောင်း အဆိုပြုခဲ့ပါတယ်။

ဒါပေမယ့် တကယ်တမ်း နယ်မြေကို ပိုင်းခြားခဲ့တာကတော့ ၁၉၄၉ ခုနှစ် အာရပ် အစ္စရေးစစ်ပွဲအပြီး သတ်မှတ်ခဲ့တဲ့ နယ်သပ်မျဉ်းကို အခြေပြုပြီး လုပ်ခဲ့တာ ဖြစ်ပါတယ်။

Image caption အစ္စရေး ပါလက်စတိုင်းနယ်မြေများ

ပါလက်စတိုင်း ဒေသနှစ်ခုဆိုတာကတော့ အနောက်ဘက်ကမ်းဒေသနဲ့ ဂါဇာကမ်းမြောင်ဒေသဖြစ်ပါတယ်။ အဲဒီဒေသနှစ်ခုအကြားမှာ အနီးဆုံးနေရာက ကီလိုမီတာ ၄၀ လောက် ဝေးကွာပါတယ်။

အနောက်ဘက်ကမ်းဒေသလို့ ခေါ်ရတာက ဂျော်ဒန်မြစ်နဲ့ ပင်လယ်သေတို့ရဲ့ အနောက်ဘက်ခြမ်းမှာရှိလို့ ဖြစ်ပါတယ်။ အဲဒီ အနောက်ဘက်ကမ်းဒေသဟာ ဂျေရုဆလင်မြို့အထိ ရောက်ပါတယ်။ ဂျေရုဆလင်ကိုတော့ ပါလက်စတိုင်းတွေရော၊ ဂျူးတွေကပါ သူတို့ရဲ့ မြို့တော်အဖြစ် သတ်မှတ်ထားခဲ့ကြပါတယ်။

အနောက်ဘက်ကမ်းဒေသကိုတော့ နိုင်ငံတကာ အသိအမှတ်ပြု အစိုးရအဖွဲ့ဖြစ်တဲ့ ပါလက်စတိုင်း အာဏာပိုင် အဖွဲ့က ထိန်းချုပ်ထားပါတယ်။ အစိုးရရဲ့ အဓိက အင်အားစုကတော့ ဘာသာရေး အခြေမခံတဲ့ ဖာတားအဖွဲ့ ဖြစ်ပါတယ်။

ဂါဇာကတော့ အစ္စရေးနဲ့ နယ်စပ်ချင်း ၅၁ ကီလိုမီတာ ဆက်နေပြီး အီဂျစ်နဲ့ ၇ ကီလိုမီတာ၊ မြေထဲပင်လယ်နဲ့ ၄၀ ကီလိုမီတာ ဆက်စပ်နေပါတယ်။

ဂါဇာကို ထိန်းချုပ်ထားတာကတော့ ပါလက်စတိုင်း အစ္စလာမ္မစ် လှုပ်ရှားမှုအဖွဲ့ ဖြစ်တဲ့ ဟားမတ်စ်က ထိန်းချုပ်ထားပါတယ်။ ဟားမတ်စ်ဟာ အစ္စရေးနဲ့ တခြားပါလက်စတိုင်း အုပ်စုတွေအကြား ချုပ်ဆိုတဲ့ စာချုပ်တွေ၊ သဘောတူညီချက်တွေကို အသိအမှတ်မပြုပါဘူး။

၄။ အစ္စရေးနဲ့ ပါလက်စတိုင်းတွေ ငြိမ်းချမ်းရေးစာချုပ် ချုပ်ခဲ့ဖူးကြလား။

အစ္စရေးနိုင်ငံထူထောင်ပြီးစအချိန် လူပေါင်းများစွာ အိုးအိမ်တွေ စွန်ခွာထွက်ပြေး ဆုံးရှုံးကြရချိန်မှာတော့ ပါလက်စတိုင်း အမျိုးသားရေးလှုပ်ရှားမှုတစ်ခုဟာ အီဂျစ်တွေ ထိန်းချုပ်ထားတဲ့ ဂါဇာနဲ့ ဂျော်ဒန်လက်အောက်မှာ ရှိတဲ့ အနောက်ဘက်ကမ်းဒေသမှာ စတင်လာခဲ့ပါတယ်။ အဲဒီ လှုပ်ရှားမှုဟာ တခြား အာရပ်နိုင်ငံတွေမှာ စတင်ပေါ်လာနေပြီဖြစ်တဲ့ ဒုက္ခသည်စခန်းတွေကိုလည်း ပြန့်နှံ့သွားပါတယ်။

၁၉၆၇ ခုနှစ် စစ်ပွဲ မစခင်ကလေးမှာပဲ ဖာတားအပါအဝင် အဖွဲ့တွေ စုပေါင်းပြီး ပီအယ်အိုလို့ ခေါ်တဲ့ ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့ကို ထူထောင်လို့ အစ္စရေးကို တိုက်ခိုက်မှုတွေ စတင်ပြုလုပ်လာပါတယ်။ ပထမတော့ ဂျော်ဒန်ကနေ တိုက်ခိုက်မှုတွေလုပ်ပြီး နောက်တော့ လက်ဘနွန်ကပါ တိုက်ခိုက်မှုတွေ လုပ်လာပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ၁၉၉၃ မှာ ရေးထိုးခဲ့တဲ့ အော်စလို သဘောတူညီချက်ဟာ အစ္စရေးနဲ့ ပါလက်စတိုင်းတွေအကြား ပထမဆုံး ရခဲ့တဲ့ သဘောတူညီချက်တစ်ခုဖြစ်ပါတယ်။

အဲဒီလို တိုက်ခိုက်မှုတွေဟာ ဥရောပတလွှားက ဂျူးပစ်မှတ်တွေကိုပါ ဦးတည်လာခဲ့ပါတယ်။ လေယာဉ်တွေ၊ သံရုံးတွေနဲ့ အားကစားသမားတွေကိုပါ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ပါလက်စတိုင်းတွေက ဒီလိုတိုက်ခိုက်မှုတွေလုပ်၊ အစ္စရေး လုံခြုံရေးတပ်တွေကလည်း ပါလက်စတိုင်း ခေါင်းဆောင်တွေကို ပစ်မှတ်ထား လုပ်ကြံသတ်ဖြတ်တာတွေ နှစ်ပေါင်းများစွာ ဖြစ်လာခဲ့ပြီးတဲ့နောက်မှာတော့ ၁၉၉၃ မှာတော့ အော်စလိုသဘောတူညီချက်လို့ ခေါ်တဲ့ သဘောတူညီချက်တစ်ခုကို အစ္စရေးနဲ့ ပီအယ်အိုတို့ လက်မှတ်ထိုးခဲ့ပါတယ်။ အဲဒီ သဘောတူညီချက်ထဲမှာ ပီအယ်အိုက အကြမ်းဖက်မှုနဲ့ အကြမ်းဖက်တိုက်ခိုက်မှုကို စွန့်လွှတ်ဖို့နဲ့ အစ္စရေးနိုင်ငံရဲ့ ငြိမ်းချမ်း လုံခြုံစွာ တည်ရှိမှုကို အသိအမှတ်ပြုကြောင်း ဖော်ပြခဲ့ပါတယ်။ ဟားမတ်စ်အဖွဲ့ကတော့ အစ္စရေးနိုင်ငံတည်ရှိမှုကို ဘယ်တုန်းကမှ လက်မခံခဲ့ပါဘူး။

အစ္စရေးဘက်ကတော့ သူတို့ သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းနဲ့ ဂါဇာဒေသကနေ တဖြေးဖြေးချင်း ဆုတ်ခွာပေးဖို့ သေဘာတူခဲ့ပါတယ်။ အဲဒီ သိမ်းပိုက်ဒေသတွေမှာ အစ္စရေးက ဂျူး အခြေချအိမ်ရာတွေ အများကြီး ဆောက်ပြီး ဂျူးတွေဝင်နေထိုင်နေကြပါပြီ။ အော်စလို သဘောတူညီချက်က ပါလက်စတိုင်းတွေလည်း နိုင်ငံတစ်ခု ထူထောင်လာနိုင်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ ဒါပေမယ့် အော်စလို သဘောတူညီချက် ကိုလည်း အကောင်အထည်ဖော်နိုင်တဲ့ အဆင့်ကို မရောက်ခဲ့ပါဘူး။

ဒီလိုသဘောတူညီချက်တွေကနေ နိုင်ငံတကာမှာ ရှိတဲ့ ပါလက်စတိုင်းလူမျိုး အားလုံးကို ကိုယ်စားပြုမယ့် ပါလက်စတိုင်း အမျိုးသားအာဏာပိုင်အဖွဲ့ ဆိုတာကို ဖွဲ့စည်း တည်ထောင်ဖြစ်ခဲ့ပါတယ်။

အဖွဲ့ရဲ့ ဥက္ကဋ္ဌက သမ္မတရာထူးကို ရပြီး သူကပဲ ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင်တွေကို ရွေးချယ်ပါတယ်။

ဂျေရုဆလင်အရေး ကိစ္စဟာ အငြင်းပွားစရာ အဖြစ်ဆုံး ကိစ္စတစ်ခုဖြစ်ပေမယ့် အစ္စရေး ပါလက်စတိုင်း သဘောတူညီချက်တွေထဲမှာတော့ ဂျေရုဆလင်အရေးကို ထည့်မထားပါဘူး။ ပါလက်စတိုင်းတွေကလည်း အရှေ့ဂျေရုဆလင်ဟာ သူတို့ရဲ့ သမိုင်းကြောင်းအရ ခွဲခြားမရနိုင်တဲ့ မြို့တော်လို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဂျေရုဆလင်ဟာ ဂျူးတွေရော အစ္စရေးအတွက်ပါ အထွတ်အမြတ်ထားရာ မြို့တစ်ခုပါ။

၂၀၁၅ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့မှာတော့ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ ခေါင်းဆောင် မာမွတ် အာဘတ်စ်က အကြိမ် ၇၀ မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ မိန့်ခွန်းပြောကြားတဲ့အချိန်မှာ အစ္စရေးဘက်က အော်စလို သဘောတူညီချက်တွေကို လိုက်နာတာမရှိတဲ့အတွက် သူ့အစိုးရအဖွဲ့ အနေနဲ့ လည်း ဒီသဘောတူညီချက်တွေရဲ့ စည်းနှောင်မှုကို ခံတော့မှာ မဟုတ်ကြောင်း ပြောခဲ့ပါတယ်။

၅။ ပါလက်စတိုင်းနဲ့ အစ္စရေးတွေအကြားက အဓိက ပြဿနာတွေက ဘာတွေပါလဲ။

လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေးနှောင့်နှေးနေတာ၊ အနောက်ဘက်ကမ်းဒေသမှာ ဂျူးအိမ်ရာတွေ ဆောက်နေတာ၊ ဂျူးနဲ့ အစ္စရေးနယ်မြေတွေအကြား တံတိုင်းကာထားတာတွေက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပိုပြီး ရှုပ်ထွေးပါတယ်။ အစ္စရေးက ဆောက်လုပ်ခဲ့တဲ့ အဲဒီတံတိုင်းကို အပြည်ပြည်ဆိုင်ရာတရားရုံးကလည်း ရှုတ်ချထားပါတယ်။

အမေရိကန်တွေက ကြားဝင်စေ့စပ်ပေးပြီး နှစ်ဘက်ခေါင်းဆောင်တွေကို ညှိနှိုင်းပေးဖို့ကြိုပမ်းချက်တွေလည်း မအောင်မြင်ခဲ့ပါဘူး။ ၂ဝဝဝ ခုနှစ်မှာ သမ္မတ ဘီလ်ကလင်တန်က ယာဆာအာရာဖတ်နဲ့ အစ္စရေးဝန်ကြီးချုပ် အီဟွတ်ဘာရက် တို့ကို ဒေးဗစ်စခန်းကို ခေါ်ပြီး စကားပြောစေခဲ့ပေမယ့်လည်း အဆင်မပြေခဲ့ပါဘူး။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ပါလက်စတိုင်းခေါင်းဆောင် မာမွတ်အာဘတ်စ်က အစ္စရေးနဲ့ ချုပ်ဆိုထားတဲ့ အော်စလိုသဘောတူညီချက်ကို လိုက်နာစရာမလိုတော့ဘူးလို့ ၂၀၁၅ မှာ ပြောခဲ့တယ်။

နောက်ထပ် အဆင်မပြေစရာ အရေးတွေကတော့

ဂျေရုဆလင် - ဂျူး၊ မွတ်ဆလင်နဲ့ ခရစ်ယာန်တွေအားလုံးအတွက် ဘာသာရေးအရ အထွတ်အမြတ်ထားရာ ဒီမြို့ကို အစ္စရေးတွေက သူတို့အပိုင်လို့ ယူဆထားပြီး ၁၉၆၇ ခုနှစ်မှာ အရှေ့ဂျေရုဆလင်ကို သိမ်းလိုက်ချိန်မှာတော့ ဂျေရုဆလင်ကို မြို့တော်အဖြစ် အစ္စရေးတွေက သတ်မှတ်ခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံတကာမှာတော့ ဒါကို တညီတညာထဲ အသိအမှတ်ပြုမထားသေးပါဘူး။ ပါလက်စတိုင်းတွေကလည်း အရှေ့ ဂျေရုဆလင်ကို သူတို့ မြို့တော်အဖြစ် သတ်မှတ်ချင်ပါတယ်။

နယ်စပ်နဲ့ နယ်မြေများ - ပါလက်စတိုင်းတွေကတော့ သူတို့နယ်မြေကို ၁၉၆၇ ခုနှစ် ခြောက်ရက်စစ်ပွဲ မတိုင်ခင်က အတိုင်း သတ်မှတ်စေချင်ပါတယ်။ အစ္စရေးကတော့ လက်မခံပါဘူး။

ဂျူးအခြေချအိမ်ရာများ - ဒါကတော့ ၁၉၆၇ ခုနှစ်စစ်ပွဲအပြီး အစ္စရေးက သိမ်းပိုက်ခဲ့တဲ့ နယ်မြေတွေမှာ ဂျူးအိမ်ရာတွေဆောက်ပြီး အစိုးရက ဂျူးတွေကို နေရာချပေးနေပါတယ်။ ဒီလုပ်ရပ်ဟာ နိုင်ငံတကာဥပဒေနဲ့ မညီဘူးဆိုပြီး ကန့်ကွက်မှုတွေ ရှိပါတယ်။ အနောက်ဘက်ကန်းဒေသနဲ့ ဂါဇာမှာ ဂျူးအခြေချနေသူပေါင်း ငါးသိန်းလောက် ရှိနေပါပြီ။

ပါလက်စတိုင်း ဒုက္ခသည်များ - ပါလက်စတိုင်းတွေဘက်ကတော့ အစ္စရေးတွေ ဝင်သိမ်းထားလို့ အဲဒီနေရာတွေက ထွက်ပြေးခဲ့ရတဲ့ ပါလက်စတိုင်း ဒုက္ခသည်တွေ သူတို့နေရာ သူတို့ ပြန်လာခွင့်ရှိရမယ်လို့ ဆိုနေပါတယ်။ အဲဒီလို နေရပ်စွန့် ထွက်ပြေးခဲ့ရသူပေါင်း ၁၀ သန်းကျော်ရှိတယ်လို့ ပီအယ်အိုက ပြောပါတယ်။ သူတို့အထဲက တဝက်ကျော်က ကုလသမဂ္ဂဆီမှာ ဒုက္ခသည်အဖြစ် မှတ်ပုံတင်ထားကြပါတယ်။ ဒါပေမယ့် အစ္စရေး အတွက်တော့ ဒီလောက်များတဲ့ အရေအတွက်ကို တံခါးဖွင့်ပေးလိုက်ရင် ဂျူးနိုင်ငံလို့ သူတို့သတ်မှတ်ထားသလို မဖြစ်နိုင်တော့မှာကို စိုးရိမ်ကြပါတယ်။

၆။ ပါလက်စတိုင်းဟာ နိုင်ငံတစ်ခုလား။

၂ဝ၁၂ နိုဝင်ဘာလ ၂၉ ရက်နေ့မှာတော့ ကုလသမဂ္ဂအထွေထွ ညီလာခံက ပါလက်စတိုင်းကို အဖွဲ့ဝင်မဟုတ်သေးတဲ့ လေ့လာသူနိုင်ငံအဖြစ် အဆင့်တိုးမြှင့် သတ်မှတ်ပေးဖို့ မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီအပြောင်းအလဲကြောင့် ပါလက်စတိုင်းဟာ အထွေထွေညီလာခံဆွေးနွေးပွဲတွေမှာ ပါဝင်ပြောဆိုနိုင်ခွင့်ရသွားပြီး ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ အေဂျင်စီတွေမှာ အဖွဲ့ဝင်အဖြစ်ပါဝင်ဖို့ အခွင့်အလမ်းအများကြီး ကောင်းသွားပါတယ်။

ပါလက်စတိုင်းဟာ ၂ဝ၁၁ ခုနှစ်တုန်းကလည်း ကုလသမဂ္ဂရဲ့ တင်းပြည့်အဖွဲ့ဝင်နိုင်ငံတစ်ခု ဖြစ်လာဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် လုံခြုံရေးကောင်စီအဖွဲ့အတွင်းမှာ လုံလောက်တဲ့ ထောက်ခံမှုမရခဲ့တာကြောင့် မအောင်မြင်ခဲ့ပါဘူး။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ၂၀၁၅ ခုနှစ်ကစပြီး ပါလက်စတိုင်းအလံ ကုလသမဂ္ဂဌာနချုပ်မှာ လွှင့်ထူထားပြီ ဖြစ်ပါတယ်။

ကုလသမဂ္ဂမှာ တင်းပြည့်အဖွဲ့ဝင်မဖြစ်ရသေးပေမယ့် အထွေထွညီလာခံမှာတော့ အဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ ၇၀ ရာခိုင်နှုန်းနီးပါး (၁၉၂ နိုင်ငံမှာ ၁၃၄ နိုင်ငံ)က ပါလက်စတိုင်းကို နိုင်ငံတစ်ခု အဖြစ် အသိအမှတ်ပြုထားကြပါတယ်။

၂၀၁၅ စက်တင်ဘာလမှာလည်း ပါလက်စတိုင်းအလံကို ကုလသမဂ္ဂဌာနချုပ်ရှေ့မှာ လွှင့်ထူဖို့ကို အဖွဲ့ဝင်နိုင်ငံအများစုက မဲခွဲသဘောတူခဲ့ကြပါတယ်။

၇။ အမေရိကန်က အစ္စရေးရဲ့ အဓိက မဟာမိတ် ဘာကြောင့်ဖြစ်နေရတာပါလဲ။ ပါလက်စတိုင်းတွေကို ဘယ်သူတွေက ထောက်ခံနေပါသလဲ။

အမေရိကန်မှာ အစ္စရေးကို ထောက်ခံတဲ့၊ အင်အားစုကြီးတစ်ခုခု အင်နဲ့အားနဲ့ ရှိနေပါတယ်။ ပြည်သူတွေကြားမှာလည်း အစ္စရေးကိုထောက်ခံသူတွေ များပါတယ်။ ဒါကြောင့် ဘယ်သမ္မတပဲ တက်လာလာ အစ္စရေးကို မထောက်ခံဘဲ နေဖို့က သိပ်ခက်ပါတယ်။

၂၀၁၃ ခုနှစ်က ဘီဘီစီလုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုမှာ အနောက်နိုင်ငံ ပြည်သူတွေအထဲမှာ အစ္စရေးကို သဘောကျထောက်ခံသူများတာ အမေရိကန်တစ်နိုင်ငံထဲ ရှိပါတယ်။

နောက်တစ်ချက်ကတော့ အမေရိကန်နဲ့ အစ္စရေးဟာ စစ်ရေးမဟာမိတ်တွေလည်း ဖြစ်ကြပါတယ်။ အစ္စရေးဟာ အမေရိကန်ရဲ့ ပြည်အထောက်အပံ့အများဆုံးရတဲ့ နိုင်ငံလည်းဖြစ်ပြီး အဲဒီထောက်ပံ့ငွေတွေမှာ အများစုက လက်နက်တွေဝယ်ဖို့ ထောက်ပံ့ငွေတွေဖြစ်ကြပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption အမေရိကန်သံရုံး ဂျေရုဆလင်မှာ ဖွင့်လှစ်လိုက်တဲ့ အထိမ်းအမှတ်အဖြစ် မြို့ဟောင်းအပိုင်းမှာ မီးရောင်စုံအလံတွေနဲ့ အလှဆင်ထားတာ တွေ့ရစဉ်

ပါလက်စတိုင်းကိုတော့ ဘယ် ကမ္ဘာ့အင်အားကြီး နိုင်ငံတစ်ခုခုကမှ ပွင့်ပွင့်လင်းလင်းထောက်ခံတာ မရှိပါဘူး။

ဟားမတ်စ်ဟာ အီဂျစ်က မွတ်ဆလင်ညီနောင်များအဖွဲ့နဲ့ နီးစပ်ပေမယ့် အီဂျစ်မှာ အစ္စလာမ္မစ်သမ္မတ မိုဟာမက်မော်စီကို စစ်တပ်က ဖြုတ်ချလိုက်ပြီးတဲ့နောက်မှာ အီဂျစ်က ပါလက်စတိုင်းအဖွဲ့ကို ထောက်ခံမှုတွေလည်း ရပ်ဆိုင်းလိုက်ပါတယ်။

ဆီးရီးယား၊ အီရန်နဲ့ လက်ဘနွန်အုပ်စု ဟက်ဇဘိုလာတို့ကတော့ ပါလက်စတိုင်းတွေကို အဓိက ကျောထောက် နောက်ခံပေးနေသူတွေပါ။ ပါလက်စတိုင်းတွေကို ကရုဏာသက်တဲ့ နိုင်ငံတွေလည်း အများကြီး ရှိနိုင်ပါတယ်။

အခုနောက်ဆုံး အစ္စရေးနဲ့ ပါလက်စတိုင်းပဋိပက္ခဖြစ်လာတဲ့ အခြေအနေကြောင့်လည်း ကမ္ဘာ့နိုင်ငံအသီးသီးမှာ သဘောထားတွေ အမျိုးမျိုး ကွဲပြားကြပြန်ပါတယ်။

၈။ အခုနောက်ဆုံး အကြမ်းဖက်မှုတွေက ဘယ်လို စ ဖြစ်လာတာပါလဲ။

ပြီးခဲတဲ့ တစ်လခွဲလောက်အတွင်း ပါလက်စတိုင်းဆန္ဒပြသူတွေနဲ့ အစ္စရေး လုံခြုံရေးတပ်ဖွဲ့ဝင်တွေအကြား ဖြစ်လာတဲ့ ပြဿနာတွေကြောင့် လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် ဆန္ဒပြသူ စုစုပေါင်း ၁ဝဝ ကျော် သေဆုံးခဲ့ပြီး ထောင်နဲ့ချီ ဒဏ်ရာရသွားပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ၂၀၁၈ မေလ ၁၄ ရက်နေ့မှာ ပါလက်စတိုင်းဆန္ဒပြသူတွေနဲ့ အစ္စရေးတပ်ဖွဲ့တွေထိပ်တိုက်တွေ့

မေလ ၁၄ ရက်ဟာ အစ္စရေးနိုင်ငံတော်ထူထောင်တဲ့ နှစ်ပတ်လည်နေ့ဖြစ်ပြီး နောက်တစ်ရက်ကတော့ ပါလက်စတိုင်း ခုနှစ်သိန်းလောက်နေရပ်စွန့်ခွာထွက်ပြေးခဲ့ရလို့ ပါလက်စတိုင်းတွေက ကပ်ဆိုးကြီးကျတဲ့နေ့လို့ သတ်မှတ်ထားတဲ့နေ့ဖြစ်ပါတယ်။ မေလ ၁၄ ရက် တနင်္လာနေ့မှာပဲ အမေရိကန်က သူ့ သံရုံးကို ဂျေရုဆလင်ကို ပြောင်းရွှေ့ဖွင့်လှစ်လိုက်တာကလည်း ပါလက်စတိုင်းတွေကို ဒေါသအမျက်ထွက်စေခဲ့ပါတယ်။

ပါလက်စတိုင်းတွေက အရှေ့ဂျေရုဆလင်ကို သူတို့ရဲ့ အနာဂတ်နိုင်ငံရဲ့ မြို့တော်အဖြစ် သတ်မှတ်ထားတာဖြစ်တဲ့ အတွက် အမေရိကန်တွေက ဂျေရုဆလင်ကို သူတို့ သံရုံးရွှေ့တာဟာ အစ္စရေးတွေက ဂျေရုဆလင်ကို သူတို့ ပိုင်တယ်လို့ ဆိုနေတာကို အမေရိကန်က ထောက်ခံပေးတယ်လို့ ယူဆစရာ ဖြစ်ခဲ့ပါတယ်။

အမေရိကန်ရဲ့ လုပ်ရပ်ကို ကန့်ကွက်တဲ့အနေနဲ့ မေလ ၁၅ ရက်မှာတော့ ပါလက်စတိုင်း သမ္မတ မာမွတ်အာဘတ်စ်က သူတို့ရဲ့ သံတမန် ဆာယက်အာရာကတ်ကို ဝါရှင်တန်ကနေပြန်ခေါ်လိုက်ပါတယ်။

၉။ အင်တီဖာဒါလို့ခေါ်တဲ့ စစ်ပွဲကြီးတစ်ခုဖြစ်လာတော့မှာလား။

၁၉၈၇ ခုနှစ်က ပထမအကြိမ် ပါလက်စတိုင်းအုံကြွမှု အင်တီဖာဒါးဖြစ်ချိန်က ပါလက်စတိုင်းတွေမှာ အများစုကြီးက လက်နက်မရှိကြပါဘူး။ ဒါကြောင့် အများဆုံးတွေ့ခဲ့ရတဲ့ ပုံရိပ်ကတော့ ပါလက်စတိုင်း လူငယ်လေးတွေက အစ္စရေးတပ်ဖွဲ့တွေကို ခဲတွေ တုတ်တွေနဲ့ ပစ်ပေါက်နေတဲ့ ပုံရိပ်တွေပဲ ဖြစ်ပါတယ်။

၂ဝဝဝ ကနေ ၂ဝဝ၅ အထိ ဖြစ်ခဲ့တဲ့ ဒုတိယ အင်တီဖာဒါးကတော့ သွေးထွက်သံယိုအများကြီး ဖြစ်ခဲ့ပါတယ်။ ပါလက်စတိုင်း ၃ဝဝဝ လောက်အသက်ဆုံးပြီး အစ္စရေး ၁ဝဝဝ လောက် သေဆုံးခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ၂ဝ၁၇ ခုနှစ်က ပဋိပက္ခမှာ ပါလက်စတိုင်းလူငယ်တွေက အစ္စရေးတပ်တွေကို ခဲတွေနဲ့ ပစ်ပေါက်

ပြီးခဲ့တဲ့အပတ်တွေမှာတွေ့ခဲ့ရတဲ့ ပါလက်စတိုင်းတွေရဲ့ တိုက်ခိုက်မှုတွေက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေရဲ့ ရလဒ် ဘာမှ ဖြစ်မလာတဲ့အပေါ်မှာ စိတ်ပျက် ဒေါသထွက်နေကြတာတွေကို ပြနေတာလို့လည်း ဆိုနိုင်ပါတယ်။

အခုတော့ ပါလက်စတိုင်းတွေ ရာနဲ့ချီပြီး အသက်ဆုံးခဲ့ရတာကနေ အနောက်ဘက်ကမ်းဒေသအထိ ပြန့်နှံ့သွားမယ့် တတိယအကြိမ်မြောက် ပါလက်စတိုင်း အုံကြွမှုကြီးတစ်ခု ဖြစ်လာနိုင်မှာလားဆိုတဲ့ စိုးရိမ်စရာ အခြေအနေကိုလည်း ဖြစ်လာစေပါတယ်။

၁၀။ ခိုင်မာတဲ့ ငြိမ်းချမ်းရေးရဖို့ဆိုရင် ဘာဖြစ်ဖို့လိုမှာပါလဲ။

ပါလက်စတိုင်းတွေရဲ့ အလိုအရဆိုရင် အစ္စရေးအနေနဲ့ ဟားမတ်စ်အပါအဝင်ဖြစ်တဲ့ ပါလက်စတိုင်း အချုပ်အချာအာဏာပိုင် နိုင်ငံကို အသိအမှတ်ပြုဖို့၊ ဂါဇာကို ပိတ်ဆို့ထားတာကို ဖယ်ရှားပေးဖို့နဲ့ အနောက်ဘက်ကမ်းနဲ့ ဂျေရုဆလင်မှာ ပါလက်စတိုင်းတွေ အသွားအလာ ကန့်သတ်ထားတာတွေကို ရုပ်သိမ်းပေးဖို့ တို့ ဖြစ်စေချင်ပါတယ်။

အစ္စရေးဘက်ကတော့ ပါလက်စတိုင်းအုပ်စု အားလုံးဟာ အကြမ်းဖက်မှုကို စွန့်လွှတ်ပြီး အစ္စရေးနိုင်ငံကို အသိအမှတ်ပြုတာကို လိုချင်ပါတယ်။

နှစ်ဘက်စလုံးအနေနဲ့လည်း နယ်မြေအပိုင်းအခြား၊ ဂျူးအိမ်ရာတွေ၊ နောက် ဒုက္ခသည်တွေပြန်လာရေး ကိစ္စတွေမှာ သဘောတူညီချက် ရဖို့လိုပါသေးတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption အစ္စရေးနဲ့ ပါလက်စတိုင်း အမျိုးသမီး ငြိမ်းချမ်းရေးလှုပ်ရှားသူတွေ ဂျေရုဆလင်မြို့လယ်မှာ ချီတက်

တကယ်တမ်း ကျတော့လည်း ၁၉၄၈ ခုနှစ် အစ္စရေးနိုင်ငံ ထူထောင်ပြီးချိန်ကစကြည့်ရင် အာရပ်နဲ့ အစ္စရေးစစ်ပွဲတွေ အကြိမ်ကြိမ်ဖြစ်ခဲ့ပြီး အငြင်းပွားနေတဲ့ နယ်မြေတွေ အပါအဝင် အပြောင်းအလဲတွေ အမျိုးမျိုး ကြုံခဲ့ကြရပြီး ဖြစ်ပါတယ်။

အစ္စရေးက နယ်မြေ သတ်မှတ်တာကို လက်ရှိရှိနေတဲ့ အနေအထားအတိုင်း ဖြစ်စေချင်ပေမယ့် ပါလက်စတိုင်းတွေကျတော့လည်း နယ်မြေအပိုင်းအခြားဟာ ၁၉၆၇ ခုနှစ်က စစ်ပွဲမတိုင်ခင်က အတိုင်းပဲ ဖြစ်ဖို့ လိုလားပါတယ်။

နောက်တစ်ခါ အနောက်ဘက်ကမ်းဒေသမှာပဲ အစ္စရေးက ဂျူးအိမ်ရာတွေ ဆက်ဆောက်နေတာဟာ ပါလက်စတိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေကို ပိုပြီး ကျုံ့သွား ကျပ်သွားစေပါတယ်။

အခက်အခဲဆုံး ပြဿနာတစ်ခုကတော့ ဂျေရုဆလင်ပါပဲ။ ၁၉၆၇ ခုနှစ် စစ်ပွဲမှာ အစ္စရေးက ဂျေရုဆလင်ကို သိမ်းလိုက်ပေမယ့် အနောက်ဘက်ကမ်းမှာ အုပ်ချုပ်နေတဲ့ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ကရော၊ ဂါဇာကို ထိန်းချုပ်ထားတဲ့ ဟားမတ်စ်အဖွဲ့ကပါ အရှေ့ဂျေရုဆလင်ဟာ ပါလက်စတိုင်းမြို့တော်ဖြစ်ရမယ်လို့ ခံယူထားတာပါပဲ။

ဂေျရုဆလင်ကိစ္စကို မရှင်းပဲနဲ့ အစ္စရေး-ပါလက်စတိုင်း အပြီးသတ် သဘောတူညီချက် ဘယ်လိုမှ ရနိုင်မှာ မဟုတ်ပါဘူး၊ ဒါပေမယ့် နှစ်ဘက်စလုံးကလည်း ဂျေရုဆလင်နဲ့ ပတ်သက်လာရင် ဘယ်လိုမှ အလျော့ပေးကြမှာ မဟုတ်ပြန်ပါဘူး။

အခုလောလောဆယ်အခြေအနေမှာလည်း ရပ်တန့်နေတဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ကို ပြန်စနိုင်မယ့် လမ်းစ တစ်ခုမှ မတွေ့ရသေးပါဘူး။

ပြောရရင်တော့ ပြဿနာကို ဖြေရှင်းဖို့ ကြိုးပမ်းချက်မျိုးကို အရင်တုန်းကလောက်တောင် လုပ်တာမျိုး လုံးဝမတွေ့ရတာ ကြာပြီ ဖြစ်ပါတယ်။

ပါလက်စတိုင်းသမ္မတ မာမွတ်အာဘတ်စ်နဲ့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နက်တာညာဟုတို့ နှစ်ယောက်စလုံးကလည်း အလျော့ပေး စေ့စပ်ညှိနှိုင်းဖို့ အဆင်သင့်ရှိကြတဲ့ ပုံမျိုး လုံးဝ မတွေ့ရသေးပါဘူး။