တကျော့ပြန် ကချင်စစ်ပွဲ ဘာလို့ တာရှည် နေရသလဲ

Image caption စစ်ဘေးရှောင် ၁၆ဝဝ ကျော် ရှိလာ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဦးဆောင်တဲ့ အစိုးရ တက်လာတဲ့ အခါမှာ အပစ် မရပ်သေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ အပစ်အခတ် ရပ်စဲရေး စာချုပ်မှာ ပါဝင် လက်မှတ်ထိုးလာပြီး တိုင်းရင်းသား ဒေသတွေမှာ သေနတ် သံတွေ တိတ်သွားလိမ့်မယ် ဆိုတဲ့ သုံးသပ်ချက်တွေနဲ့ မျှော်လင့်ချက်တွေ ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့ပါတယ်။

ဒါပေမယ့် တိုင်းရင်းသား ဒေသတွေထဲ အရှိန်မြင့် တက်လာတဲ့ စစ်ပွဲတွေကြောင့် မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဘဲ ဆန့်ကျင်ဘက် ဖြစ်နေ ပါတယ်။

အခုဆိုရင် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ် အသီးသီးမှာ ရှိနေတဲ့ တိုက်ပွဲတွေကြောင့် အရပ်သား ရွာသား တစ်သောင်းကျော် ဘေးလွတ်ရာ ထွက်ပြေး ပုန်းရှောင် နေကြရတယ်လို့ ရန်ကုန် အခြေစိုက် ဥရောပ သမဂ္ဂသံရုံးက ထုတ်ပြန်ပါတယ်။

ကချင်ပြည်နယ် တနိုင်းမြို့ထဲမှာတင် စစ်ဘေးရှောင် ၁၆ဝဝ ကျော် ရှိလာပါပြီ။

အစိုးရ သက်တမ်း နှစ်နှစ်တာ ကာလအတွင်း မြန်မာ့တပ်မတော်နဲ့ ကချင် လွတ်လပ်ရေးတပ်ဖွဲ့ ကေအိုင်အေတို့ အကြား တစ်နေ့ကို ပျမ်းမျှ တိုက်ပွဲ ၃ ကြိမ် ဖြစ်ခဲ့တယ်လို့ ကေအိုင်အေက ပြုစုထားတဲ့ စာရင်းဇယား အချက်အလက်တွေ အရ သိရပါတယ်။

အစိုးရက ငြိမ်းချမ်းရေးနှစ်လို့ သတ်မှတ်ခဲ့တဲ့ ၂၀၁၇ ခုနှစ် ထဲမှာကိုပဲ ကချင်ပြည်နယ်တွင်း တိုက်ပွဲပေါင်း ၃၅၀ ကျော် ဖြစ်ခဲ့တယ်လို့ လည်း ဆိုပါတယ်။

Image caption တစ်နေ့ ပျမ်းမျှ တိုက်ပွဲ ၃ ကြိမ် ဖြစ်
Image caption ကချင်ပြည်နယ် စစ်ပွဲဟာ အချိန် ကြာနိုင်သလို အထိအခိုက်လည်း များနိုင်

ဒီလို လစဉ် တိုက်ပွဲတွေ ဖြစ်ပွားနေတာကို လျှော့ချဖို့ မြန်မာ့တပ်မတော်နဲ့ ကေအိုင်အေ အဖွဲ့တို့ဟာ ဖေဖော်ဝါရီလ ထဲက တရုတ်နိုင်ငံမှာ ဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွေးပွဲအပြီး တိုက်ပွဲအရှိန်ဟာ အကျဘက် ကို ဦးတည် လာခဲ့ပေမယ့်လည်း ဧပြီလက စလို့ တိုက်ပွဲတွေ ပြန်လည် ဖြစ်လာခဲ့ပြီး ဒုက္ခသည်တွေလည်း ထောင်နဲ့ချီ ထပ်မံ တိုးလာပါတယ်။

အခုနှစ်အတွင်း တိုက်ပွဲဖြစ်တဲ့ နေရာ အများစုကို ကြည့်ရင် KIA အဖွဲ့အတွက် စီးပွားရေးအရ အဓိကကျတဲ့ နေရာတွေမှာ အဖြစ်များနေတာ တွေ့ရပါတယ်။

ဒါ့ကြောင့်လည်း ကချင်ပြည်နယ် စစ်ပွဲ ဟာ အချိန် ကြာမြင့်နိုင်သလို အထိအခိုက်လည်း များနိုင်တယ်လို့ သုံးသပ်ကြပါတယ်။

အခြေအနေ အခုထက် ဆိုးလာရင် ကချင်လူထုအနေနဲ့ အစိုးရအပေါ် ယုံကြည်မှု လျော့လာနိုင်ပါတယ်။

Image caption မြစ်ကြီးနားကို ရောက်လာတဲ့ ဒုက္ခသည်တွေ

၁၉၉ဝ နဲ့၂ဝ၁၅ ရွေးကောက်ပွဲတွေကို ကြည့်ရင်တော့ ကချင်လူထုအနေနဲ့ NLD ပါတီကို မဲအများဆုံး ပေးခဲ့ပါတယ်။

KIO/KIA အဖွဲ့ ဟာ တပ်မတော်အစိုးရ လက်ထက်က ငြိမ်းချမ်းရေး ရယူခဲ့ပြီး တပ်မတော် ခေါင်းဆောင် အချို့နဲ့လည်း ကောင်းမွန်တဲ့ ဆက်ဆံရေး ထူထောင် နိုင်ခဲ့တယ် ဆိုတဲ့ သမိုင်းကြောင်းလည်း ရှိခဲ့ပါတယ်။

ဒါပေမယ့် KIA ကို နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းရေး ဆိုတဲ့ မြန်မာ့တပ်မတော်က လိုလားတဲ့ကိစ္စ အဆင်မပြေ ဖြစ်ခဲ့ရာကနေ ၂ဝ၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့က စပြီး တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားလာခဲ့ပါတယ်။

အထူးသဖြင့် အဲဒီအချိန်က ကချင်ပြည်နယ် အရှေ့ခြမ်း KIO ဌာနချုပ် လိုင်ဇာ အနီးတဝိုက်မှာ ဖြစ်ခဲ့တာပါ။

နယ်မြေ စိုးမိုးရေးအတွက် အဓိက တိုက်ခဲ့ကြတာဖြစ်ပါတယ်။ အဲဒီ တိုက်ပွဲတွေမှာ နှစ်ဘက် အကျအဆုံး များခဲ့ပါတယ်။

ဦးသိန်းစိန်အစိုးရ လက်ထက် ၂ဝ၁၄ ခုနှစ်မှာတော့ အစိုးရ တပ်မတော်နဲ့ ကေအိုင်အေ အဖွဲ့တို့ တွေ့ဆုံ ဆွေးနွေး နိုင်ခဲ့ပြီး တိုက်ပွဲတွေ လျှော့ချနိုင်ခဲ့ပါတယ်။

Image caption မြစ်ကြီးနား တွေ့ဆုံပွဲ

ဒါပေမယ့်လည်း KIA အဖွဲ့ NCA စာချုပ်ထဲ ပါဝင် လက်မှတ်ရေးထိုးတဲ့ အခြေအနေထိ မရောက်ခဲ့တာကြောင့် တိုက်ပွဲတွေကတော့ ဆက်လက် ရှိနေခဲ့ပါတယ်။

၂ဝ၁၅ ရွေးကောက်ပွဲပြီးစ ကာလ တဝိုက်မှာတော့ မြန်မာ့တပ်မတော်နဲ့ KIO/KIA တို့ကြား ထိတွေ့ တိုက်ပွဲဖြစ်တဲ့ အကြိမ်ရေ သိသိသာသာ လျော့နည်း သွားခဲ့ပါသေးတယ်။

ဒါပေမယ့် သိပ်မကြာခင်မှာပဲ တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားခဲ့ပါတယ် ။ တိုက်ပွဲတွေ လျှော့ချနိုင်ရေး အတွက် အစိုးရ တပ်မတော်နဲ့ KIO အဖွဲ့ဟာ ၂ဝ၁၇ မေလထဲ တွေ့ဖို့ ကြိုးစားခဲ့ ပေမယ့် အဆင်မပြေခဲ့ပါဘူး။

၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီ လဆန်းကျမှပဲ တပ်မတော်နဲ့ KIO အဖွဲ့တို့ တွေ့ဆုံ နိုင်ခဲ့ပါတယ်။

Image caption ဗိုလ်ချုပ်ဂွမ်မော်နဲ့ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးတို့ရဲ့ မြစ်ကြီးနား ဆွေးနွေးပွဲ ၂ဝ၁၃

အဲဒီ တွေ့ဆုံပွဲမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ အထူးကိုယ်စားလှယ်အဖြစ် စစ်ဆင်ရေးအထူးအဖွဲ့မှူး ၁ ( ကစထ ၁ ) ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ဦးဆောင် ခဲ့ပြီး KIO/KIA ဘက်က ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ နဲ့ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်တို့ တက်ရောက်ခဲ့ပါတယ်။

ဒီတွေ့ဆုံရေး ဖြစ်မြောက်ဖို့ တရုတ်အစိုးရ အထူးကိုယ်စားလှယ်က စီစဉ်ပေးပြီး တရုတ်နိုင်ငံထဲမှာ တွေ့ဆုံ ခဲ့တာပါ။

အဲဒီ တွေ့ဆုံပွဲမှာ တပ်မတော်က အဓိက တောင်းဆိုတာကတော့ KIA တပ်ရင်း ၁၄ ကို ရှိလက်စ နေရာတွေကနေ ဖယ်ရှား ပေးဖို့နဲ့ အင်းတော်ကြီး တဝိုက်ကနေလည်း တပ်တွေ ရုပ်ပေးဖို့ ဖြစ်ပါတယ်။

ဒါ့အပြင် KIA တပ်ရင်း ဌာနချုပ်တွေ တည်ရှိတဲ့ နေရာတွေကို အသိပေးရမယ် ဆိုတဲ့ အဆိုပြုချက်တွေလည်း တပ်မတော်ဘက်က ပြုလုပ် ခဲ့တယ်လို့ ကေအိုင်အေ သတင်းရင်းမြစ် တွေက ဆိုပါတယ်။

Image caption လီဒို

တပ်မတော်က ဖယ်ရှားခိုင်တဲ့ KIA တပ်ရင်း ၁၄ နေရာဟာ တနိုင်းမြို့နယ်ထဲမှာ တည်ရှိပြီး လီဒို လမ်း မကြီးရဲ့ အနောက်ခြမ်းမှာ ရှိပါတယ်။

တပ်ရင်း ၁၄ ရဲ့ ထိန်းချုပ်နယ်မြေအတွင်း ရွှေနဲ့ပယင်း တူးဖော်တဲ့ မိုင်းတွင်း လုပ်ငန်းတွေ ရှိပြီး KIA အတွက် ဝင်ငွေများစွာ ရရှိနေတဲ့ နေရာ ဖြစ်ပါတယ်။ တစ်လကို ကျပ်သိန်းပေါင်း ထောင်ချီ ရနေတဲ့နေရာ ဖြစ်ပါတယ်။

တပ်ရင်း ၁၄ ကိုရွှေ့ပေးဖို့ တပ်မတော်ဘက်က တောင်းဆိုတဲ့ အခါ အကြောင်းပြချက် ကတော့ ရွှေနဲ့ပယင်း မှော်တွေကြောင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီး နေတာကို ပြန်လည် ထိန်းသိမ်းဖို့ အတွက်လို့ ဆိုခဲ့ပါတယ်။

Image caption ပယင်းမှော်နယ်မြေတွေထဲက ထွက်ပြေးရ

အင်းတော်ကြီး ဒေသမှာလည်း သဘာဝ အခြေပြု ခရီးသွားလုပ်ငန်း လုပ်ဆောင်ဖို့အတွက် ဆိုပြီး အဲဒီ နေရာမှာ ရှိတဲ့ KIA တပ်တွေကို ရွှေ့ပေးဖို့ တပ်မတော်က တောင်းဆို ခဲ့ပါတယ်။

အင်းတော်ကြီးတဝိုက်မှာ ရှိနေတဲ့ KIO တပ်တွေဟာ ဖားကန့် ကျောက်စိမ်း လုပ်ကွက်တွေကို ဟန့်တားနိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။

တပ်မတော်ရဲ့ အဆိုပြုချက်တွေကို KIA က သဘောမတူခဲ့ပါဘူး။

ပျက်စီးနေတဲ့ သဘာဝ ပတ်ဝန်းကျင်ကို ပြန်လည် ထိန်းသိမ်းဖို့ ဆိုရင် တခြားနည်း လမ်းတွေ ရှာဖွေ လုပ်ပါ ဆိုပြီး KIA က တုံ့ပြန် ခဲ့ပါတယ်။

Image caption ပိတ်မိနေတဲ့ စစ်ရှောင်တွေ

အဲဒီ ဆွေးနွေးပွဲမှာ KIO ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက နှစ်ဘက်စလုံးက တပ်တွေ့ ရွှေ့ ပေးဖို့ ဆွေးနွေးခဲ့သလို တပ်မတော်ဘက်က ထိုးစစ်တွေ ရပ်တန့်ပါလို့လည်း တောင်းဆို ခဲ့တယ်လို့ ကိုယ်တိုင် ရှိနေခဲ့သူ တချို့က ဘီဘီစီကို ပြောပါတယ်။

အဲဒီ ဆွေးနွေးပွဲ မတိုင်ခင်မှာပဲ တနိုင်းဒေသမှာရှိတဲ့ ပယင်းမှော် တချို့ကို တပ်မတော်က ထိန်းချုပ်ထားပြီး ဖြစ်ပါတယ်။

နှစ်ဘက် အဆိုပြုချက်တွေ အပေါ် နောက်တစ်ကြိမ် ပြန်လည် ဆွေးနွေးဖို့ ရှိနေချိန်မှာပဲ ဖားကန့်သွားတဲ့ လမ်းအနီး တံတားညီနောင် ဒေသမှာ ဧပြီလဆန်းက KIA နဲ့ တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားပြီး တပ်မတော်ဘက်က အထိအခိုက် များခဲ့ပါတယ်။

Image caption မြစ်ကြီးနား ဘုရားကျောင်းထဲက ဝတ်ပြုဆုတောင်းပွဲ

အဲဒီ နောက်ပိုင်းမှာတော့ တပ်မတော်နဲ့ KIO/KIA အဖွဲ့ကြား တိုက်ပွဲတွေ ပြင်းထန် လာခဲ့ပါတယ်။

အထူးသဖြင့် တနိုင်းမြို့နယ်၊ ဝိုင်းမော်မြို့နယ်၊ မြစ်ကြီးနားမြို့နယ် ကဆုန်ဒေသ၊ မန်စီမြို့နယ်နဲ့ မိုးကောင်း၊ မိုးညှင်းဒေသ တို့မှာဖြစ်ပါတယ်။

ဒီတကြိမ် တိုက်ပွဲ ပြန်ဖြစ်တဲ့အခါမှာတော့ KIO/KIA အနေနဲ့ ထိန်းချုပ် စခန်းတချို့ ဆုံးရှုံး ခဲ့ပါတယ်။

ဥပမာ တနိုင်း မြို့နယ်ထဲက KIA ထိန်းချုပ်မှုအောက်က အောင်လွတ် ဆိုတဲ့ စျေး၊ စာသင်ကျောင်းနဲ့ တရားရုံးတွေ ရှိနေတဲ့ ရွာကြီးကို တပ်မတော် စစ်ကြောင်း ဝင်လာတဲ့ အခါအပြင်းအထန် ခုခံတာ မလုပ်ပဲ အရေးကြီးတဲ့ အဆောက်အဦ တချို့ကို မီးရှို့ပြီး KIA အဖွဲ့ဝင်တွေ ထွက်သွားခဲ့တယ်လို့ KIA သတင်းရင်းမြစ်တွေက ဆိုပါတယ်။

အဲဒီရွာမှာ နေထိုင်သူတွေလည် တနိုင်းမြို့ပေါ်ကို ပြေးလာ ခဲ့ကြပါတယ်။

Image caption ထွက်ပြေးကြရတဲ့ တနိုင်းကသူတွေ

"ကျွန်တော်တို့ကတော့ပြော ထားပြီးသား၊ ဒီနေရာကိုတည် ငြိမ်အေးချမ်းပြီး တရားဥပဒေစိုး မိုးမှုရှိအောင် လုပ်မယ်၊ ဒီတော့ ဒါကို တားဆီးနေတဲ့ ဥစ္စာဆိုရင် တော့ ဖယ်ထုတ်ရမှာပဲ၊ ပုံမှန်အ တိုင်းဖြစ်လာဖို့ KIA က NCA လမ်း ကြောင်းပေါ် တက်လာမှပဲရမယ်၊ တက်မလာဘူးဆိုရင် နိုင်ငံတော် အစိုးရကို လက်နက်ကိုင်ပြီး တော်လှန်ပုန်ကန်နေသူတွေအဖြစ် သတ်မှတ်ပြီး အစွမ်းကုန်ရှင်းမှာ ပဲ'' ဆိုပြီး မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ်တေဇကျော်က မကြာသေးခင် ရက်ပိုင်းကပဲ မြစ်ကြီးနားမြို့မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

အမှန်တကယ်ကတော့ KIO အဖွဲ့ဟာ NCA စာချုပ် ပေါ်ပေါက် လာစေတဲ့ ကနဦး ဆွေးနွေးပွဲတွေမှာ ဟိုးအစောပိုင်းကတည်းက ပါဝင်ခဲ့တဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။

လက်ရှိ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ရေးဆွဲတဲ့ ညောင်နှစ်ပင် ညီလာခံကိုလည်း KIO ကိုယ်စားလှယ် တချို့ တက်ရောက်ခဲ့ပါတယ်။

ဒါ့အပြင် NLD အစိုးရလက်ထက် ပထမဆုံးအကြိမ် ကျင်းပတဲ့ ၂၁ ရာစုပင်လုံညီလာခံရဲ့ ပထမ အကြိမ် အစည်းအဝေးကိုလည်း တက်ရောက်ခဲ့ပါတယ်။

Image caption ပင်လုံမှာ မိန့်ခွန်းပြောတဲ့ ကေအိုင်အို လက်ရှိ ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ

KIA အနေနဲ့ NCA စာချုပ်ထဲ ဝင်ရောက် လက်မှတ် မရေးထိုးသေးတာဟာ စာချုပ်ပါ အချက်အလက်တွေကို သဘော မတူလို့ မဟုတ်ပဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အားလုံးပါဝင်ရေးမူတဲ့ မကိုက်ညီလို့သာ ဖြစ်တယ်လို့ KIA ခေါင်းဆောင်တွေက ပြောထားပါတယ်။

ရခိုင်တပ် AA၊ တအာင်းပလောင် TNLA နဲ့ ကိုးကန့် MNDAA တို့ကို NCA ထဲ ပါဝင်ခွင့် တပ်မတော်က သဘောမတူပါဘူး။

ရှမ်းပြည်နယ် မြောက်ပိုင်းက မြို့နယ် တချို့မှာ ဆိုရင် KIA နဲ့TNLA အဖွဲ့တွေ အကြား နယ်မြေ ထိစပ်မှုတွေ ရှိနေတဲ့ အတွက်လည်း လက်နက်ကိုင်အဖွဲ့အားလုံးနဲ့ တပ်မတော်ကြား အပစ်အခတ် ရပ်စဲ နိုင်မှသာ တကယ်တမ်း သေနပ်သံ တိတ်သွားနိုင်မယ်လို့ KIA က ဆိုပါတယ်။

လက်ရှိ တိုက်ပွဲတွေကို ကြည့်ရင် နှစ်ဘက်စလုံး အနေနဲ့ ထိတွေ့မှု အဆုံးစွန် အခြေအနေထိ ဖြစ်မလာအောင် အတိုင်းအတာ တစ်ခုအထိ ထိန်းထိန်းသိမ်းသိမ်း ရှိနေကြသေးတယ် ဆိုတာကို ညွှန်ပြနေတဲ့ အချက်တချို့ တွေ့ရပါတယ်။

Image caption လိုင်ဇာဌာနချူပ်

ကားလမ်းမပေါ် တွေမှာ မတိုက်ခိုက်ဖို့ KIO တာဝန်ရှိသူတွေက သူတို့ရဲ့ တပ်ဖွဲ့ဝင်တွေကို ညွှန်ကြားထား သလို မြန်မာ့တပ်မတော်ကလည်း ကေအိုင်အေဌာနချုပ် လိုင်ဇာကို တိုက်တာမျိုး မရှိသေးပါဘူး။

ဒါပေမယ့် ကေအိုင်အေလို အဖွဲ့ကြီး တစ်ခုနဲ့ တပ်မတော်အကြား အပစ် မရပ်နိုင်သေးပဲ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ် ဆိုတဲ့ အချက်ဟာ ကျန်တဲ့ လက်နက်ကိုင်အဖွဲ့တွေ အတွက်လည်း စိုးရိမ်မှုတွေ၊ သံသယတွေ ပိုတိုးလာစေပါတယ်။

ဒီကချင်ပြည်နယ် လက်တွေ့ မြေပြင် အခြေအနေကြောင့် အခု မေလ အကုန်လောက်မှာ ပြန်လည် ကျင်းပနိုင်ဖို့ ကြိုးပမ်း နေတယ်ဆိုပြီး နားလည်ရတဲ့ ၂၁ ရာစု ပင် လုံညီလာခံ အပေါ် ထိခိုက် လာနိုင်ပါတယ်။

တခါ၊ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး နေရရတဲ့ အရပ်သား ဒုက္ခသည်တွေ တိုးလာနေသရွေ့တော့ အစိုးရရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ်မှာ လူထုရဲ့ အထူးသဖြင့် ကချင်ပြည်သူတွေရဲ့ ယုံကြည်မှု တဖြည်းဖြည်းလျော့ပါး သွားနိုင်ပါတယ်။

ဆက်စပ် အကြောင်းအရာများ