ဂဠုန်ဦးစော ကွယ်လွန်ခြင်း အနှစ် ၇ဝ

ဓာတ်ပုံ မူပိုင် Keystone
Image caption လုပ်ကြံသူ ဂဠုန်ဦးစောနဲ့ လုပ်ကြံခံရသူ ဗိုလ်ချုပ်အောင်ဆန်း

၁၉၄၈ ခုနှစ် မေလ ၈ ရက် အင်းစိန်ထောင်မှာ ဂဠုန်ဦးစောကို ကြိုးပေးခဲ့တာ အနှစ် ၇ဝ ရှိသွားပါပြီ။

ဦးစောကို ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဝန်ကြီးအဖွဲ့ကို လုပ်ကြံသူအဖြစ် မြန်မာ့သမိုင်းမှာ လူသိများပါတယ်။

ဒါပေမဲ့ ဦးစောရဲ့ နောက်ခံအကြောင်းတွေကို သိသူနည်းလှပြီး သမိုင်းမှာ သူ့အကြောင်း ပြောဆိုရေးသားမှုတွေ ရှားတာ တွေ့ရပါတယ်။

သာယာဝတီနယ် အုတ်ဖို ဇာတိ ဦးစောဟာ ငယ်စဉ်ကတည်းက ကိုယ့်ဒူးကိုယ်ချွန် ကြိုးစားပြီး တတိယတန်း ရှေ့နေဘဝက နိုင်ငံရေးနယ်ကို ဝင်လာခဲ့ပါတယ်။

ကာလကတ္တားမှာ သင်ကြားခဲ့ပေမယ့် ဘွဲ့မရခဲ့ဘူးလို့လည်း သိရပါတယ်။

၁၉၂၈ လွှတ်တော်ရွေးကောက်ပွဲမှာ နိုင်ခဲ့ပေမယ့် ၁၉၃၃ မှာ ရှုံးနိမ့်ခဲ့ပါတယ်။

ဆရာစံ သူပုန်အမှုမှာ လယ်သမား သူပုန်တွေဘက်က လိုက်ပါ ဆောင်ရွက်ပေးရင်း နိုင်ငံရေးမှာ ဂဠုန်ဦးစောလို့ ထင်ရှားလာပါတယ်။

ဓာတ်ပုံ မူပိုင် Ludu
Image caption မျိုးချစ်ခေါင်းဆောင်ကြီး ဦးစော

ဦးဘဘေရဲ့ လက်ထောက် အဖြစ် လွှတ်တော်မှာ ဆာအော်စကာဒီဂလင်ဗီးကို ဖြုတ်ချပြီး ဦးချစ်လှိုင်ကို လွှတ်တော် ဥက္ကဋ္ဌ ဖြစ်အောင် တင်မြှောက်ခဲ့ပါတယ်။

ဦးစော အစိုးရ လက်ထက်မှာလည်း အုပ်ချုပ်ရေး ရာထူးကြီးတွေမှာ မြန်မာ လူမျိုးတွေ တိုးတက် ခန့်ထားနိုင်အောင် ကြိုးစားခဲ့ပါတယ်။

၁၉၃၅ မှာ ဂျပန်၊ကိုရီးယားနဲ့ မန်ချူးရီယားကို လေ့လာရေး သွားခဲ့ပါတယ်။

Image caption ဂျပန်မှာ ဂျပန့်ရင်သွေး ရုပ်ရှင်ရိုက်ကူး

သူနဲ့အတူ လိုက်ပါသွားသူတွေက အေဝမ်းရုပ်ရှင်က ဒါရိုက်တာ ဦးညီပုနဲ့ ရုပ်ရှင်မင်းသား မောင်မောင်စိုးတို့ ညီအစ်ကို ဖြစ်ပါတယ်။

ဦးညီပုတို့ ညီအစ်ကိုက ဂျပန်မှာ ဂျပန့်ရင်သွေး ရုပ်ရှင်ရိုက်ကူးခဲ့သလို ဦးစောကလည်း အပြန်မှာ ဂျပန်ပြည်သွားမှတ်တမ်းကို ရေးပါတယ်။

ဂျပန်ပြည်မှာ အာဏာရှင် စနစ်နဲ့ ကြီးပွားတိုးတက်နေတာတွေကို သူအားကျလာခဲ့ပါတယ်။

၁၉၃၇ ခုနှစ်မှာ ရန်ကုန်က ဂျပန် ကောင်စစ်ဝန်က သူ့ကို မော်တော်ကား တစင်း ဝယ်ပေးတဲ့အပြင် သူ ရှယ်ယာပါတဲ့ သူရိယ သတင်းစာကိုလည်း ထောက်ပံ့ခဲ့လို့ ဦးစောကို ဂျပန်လူလို့ ယူဆခဲ့ကြပါတယ်။

ဓာတ်ပုံ မူပိုင် Thein Maung
Image caption သူရိယ သတင်းစာကြီးကို ဝယ်ယူပြီး အုပ်ချုပ်နိုင်တဲ့အထိ နိုင်ငံရေး သြဇာကြီးလာ

နောက် ၁၉၃၈ မှာ သူရိယ သတင်းစာကြီးကို ဦးစော ဝယ်ယူပြီး အုပ်ချုပ်နိုင်တဲ့အထိ နိုင်ငံရေး သြဇာကြီးလာပါတယ်။

မျိုးချစ်ပါတီကို ၁၉၃၈ မှာ တည်ထောင်ခဲ့ပြီးနောက် ဂဠုန်တပ်ကိုလည်း ဖွဲ့စည်းခဲ့ပါတယ်။

ဂဠုန်တွေကို သခင်တွေက သံပုန်းတီးထုတ်တဲ့အခါ ဂဠန်တွေက သံတုတ်နဲ့ ပြန်ရိုက်လို့ ဝါးရင်းတုတ် တပ်လို့လည်း ခေါ်ကြပါတယ်။

မျိုးချစ်ပါတီမှာ မြန်မာ မြေရှင် အရင်းရှင်တွေ အများအပြား ပါဝင်ပြီး အိန္ဒိယနဲ့ ဗြိတိသျှ လွှမ်းမိုးတဲ့ မြန်မာ့ စီးပွားရေးကို ပြန်လည် အရယူဖို့ ဦးစောက မဲဆွယ်ခဲ့ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ကျောင်းသားဘဝတုန်းက ဦးစောရဲ့ အပြောအဆို ကောင်းပုံ၊ တက္ကသိုလ် မတက်ခဲ့ပေမယ့် ဒေါက်တာဘမော်လို နိုင်ငံခြားပြန်တွေနဲ့ ယှဉ်ပြိုင် ပြောရဲပုံတွေကို ချီးကျူးခဲ့တယ်လို့ ဆိုပါတယ်။

၁၉၃၈ ခုနှစ်မှာ ဖြစ်တဲ့ ၁၃ဝဝ ပြည့်အရေးတော်ပုံ မှာ ဒေါက်တာဘမော် အစိုးရ ပြုတ်ကျအောင် သူကြိုးစားခဲ့ပြီး တက်လာတဲ့ ဦးပုအစိုးရမှာ ဦးစော သစ်တောရေး ဝန်ကြီးချုပ် ဖြစ်လာပါတယ်။

ဒေါက်တာဘမော် ကို ဖြုတ်ချရာမှာ ဂျပန်ထောက်ပံ့ကြေးယူပြီး သခင်နဲ့ ကျောင်းသား အတိုက်အခံတွေကို သူစည်းရုံးခဲ့တယ်လို့လည်း အနောက်တိုင်း ပညာရှင်တချို့က ရေးသားပါတယ်။

ဒီငွေနဲ့ အိန္ဒိယ လုပ်ငန်းရှင်တွေသြဇာမခံဘဲ မြန်မာ ကြီးစိုးရေးတွေ လုပ်ပြီး သူ့သြဇာကို ထူထောင်တယ်လို့လည်း ဆိုပါတယ်။

သူပိုင်တဲ့ သူရိယကနေ အိန္ဒိယ ဆန့်ကျင်ရေး ဆောင်းပါးတွေ ရေးပြီး လူမျိုးရေး အဓိကရုဏ်းမှာ မီးမွှေးခဲ့ပါတယ်။

နောက် ၁၉၄ဝ မှာ သူကိုယ်တိုင် နန်းရင်းဝန် ရာထူးကို ယူပြီး အစိုးရဖွဲ့ပါတယ်။

မဖွဲ့ခင်မှာ ရန်ကုန်ရောက် ဂျပန် သတင်းထောက် ဆူဇူကီးနဲ့ တွေ့ပြီး မြန်မာ လွတ်လပ်ရေးအတွက် ဂျပန်ဆီက လက်နက်နဲ့ လေယာဉ် အကူအညီ တောင်းပါတယ်။

ဆူဇူကီးက ကောင်စစ်ဝန်နဲ့ ဆွေးနွေးသင့်ကြောင်းပြောပြီး ငြင်းပယ်ခဲ့ပါတယ်။

သူ့လက်ထက်မှာ ဂဠုန်စစ်သူကြီးဝတ်စုံနဲ့ လယ်ထွန်မင်္ဂလာဆင်တာတွေ၊ အလောင်းဘုရားရဲ့ ဂူကို ပြန်ဆောက်တာတွေလုပ်သလို အိန္ဒိယနဲ့ ခွဲပြီးနောက် မြန်မာနဲ့ နှစ်နိုင်ငံကြား လူဝင်လူထွက်ကိစ္စ အတွက် စာချုပ်ချုပ်တာ လုပ်ခဲ့ပါတယ်။

ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးများ ထိမ်းမြားလက်ထပ်ခြင်းဥပဒေကိုလည်း သူ့လက်ထက်မှာ ပြဋ္ဌာန်းခဲ့ပါတယ်။

တဘက်မှာလည်း အတိုက်အခံတွေ ဖမ်းတာနဲ့ သတင်းစာတွေကို ဖိနှိပ်တာတွေ လုပ်ပါတယ်။ ဒီထဲမှာ သခင်တွေလည်း ဖမ်းဆီး ဖိနှိပ်ခံရပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဦးစောနဲ့တွေ့ခဲ့ကြသူ နှစ်ယောက်၊ ချာချီနဲ့ ရူးစဗဲ့

သူ့လက်ထက်မှာ မြန်မာ စီးပွားရေးလုပ်ငန်းတွေ တိုးတက်အောင် အားပေး ကူညီတာတွေလည်း လုပ်ပါတယ်။

တရုတ် ဗမာ လမ်းမကြီးက တရုတ်ပြည်ကို ပို့တဲ့ ကုန်စည်တွေကို အခွန်ကောက်လို့ တရုတ်ကို စစ်အကူအညီတွေ ပို့နေတဲ့ အမေရိကန်နဲ့ တရုတ် အစိုးရတွေက ကန့်ကွက်ခဲ့ပါတယ်။

၁၉၄၁ မှာ မြန်မာပြည်ကို ဒိုမီနီယံ အဆင့်အတန်းပေးဖို့ လန်ဒန်ကို သွားပြီး ဝန်ကြီးချုပ် ချာချီနဲ့ တွေ့ပါတယ်။

ဒါကလည်း လူမျိုးတိုင်း ကိုယ့်ကြမ္မာ ဖန်တီးခွင့်ရှိရမယ်လို့ ချာချီနဲ့ ရူးစဗဲ့တို့ အတ္တလန္တိတ် ကြေညာစာတမ်းမှာ သဘောတူခဲ့ကြလို့ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Reg Speller
Image caption လန်ဒန် အိန္ဒိယရုံးက ထွက်လာတဲ့ ဦးစော

ချာချီနဲ့ ညှိတာ အဆင်မပြေလို့ ဝါရှင်တန်သွားပြီး အမေရိကန် သမ္မတ ရူးစဗဲ့နဲ့ တွေ့ပါတယ်။

သူ့ခရီးကို စာရေးဆရာ သိန်းဖေမြင့်က မြန်မာ့အလင်း သတင်းစာမှာ တကောင်ကြွက် ကလောင်အမည်နဲ့ ဂဠုန်ဦးစော ဘိလပ်သွားပြဇာတ် ဆိုပြီး သရော်စာရေးခဲ့ပါတယ်။

ပြဇာတ်ထဲမှာ ရူးစဗဲ့ကို တွေ့ဖို့လာတဲ့ ဦးစောကို မစ်ကီရွန်နီနဲ့ ဂျူဒီဂါးလန်း ကလေးဇာတ်လိုက်တွေက ရုပ်ရှင်ကြည့်ဖို့ ခေါ်သွားကြလို့ ဦးစော ကျန်နေခဲ့တယ် ဆိုပြီး ဟာသထုတ်ပါတယ်။

ဦးစော အမေရိကန်က အပြန်မှာ ဒုတိယ ကမ္ဘာစစ် အာရှကို ကူးလာလို့ ပေါ်တူဂီက လှည့်အပြန် ပါလက်စတိုင်းမှာ အဖမ်းခံရပါတယ်။

အကြောင်းက လစ်စဘွန်းမှာ ဂျပန် ကောင်စစ်ဝန်နဲ့တွေ့လို့ ဖြစ်ပါတယ်။

စစ်အတွင်း ယူဂန်ဒါမှာ ချုပ်ထားပြီး စစ်ပြီးမှ မြန်မာပြည်ကို ပြန်ပို့ပေးပါတယ်။

ဓာတ်ပုံ မူပိုင် Fox Photos
Image caption အောင်ဆန်း အက်တလီစာချုပ်ကို ဦးစောနဲ့ သခင်ဗစိန်ကန့်ကွက်

ဦးစောကို ဖဆပလမှာ ပါဝင်ဖို့ ဗိုလ်ချုပ်အောင်ဆန်းက စည်းရုံးပေမယ့် မပါဘဲ မျိုးချစ်ပါတီကို ပြန်စည်းရုံးပါတယ်။

ဒီအတွင်း သူ့ကို လမ်းမှာ ဂျစ်ကားနဲ့ လူတစုက လိုက်ပစ်တာ မသေဘဲ မျက်လုံးရှပ်မှန်သွားခဲ့ပါတယ်။

ဒါကို ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပြည်သူ့ရဲဘော်တွေက လုပ်ကြံတာလို့ သူက ယူဆပြီး ဗိုလ်ချုပ်ကို ရန်ငြိုးထားပါတယ်။

၁၉၄၆ ဗိုလ်ချုပ်အောင်ဆန်း အစိုးရမှာ ဝန်ကြီး ဖြစ်လာပေမယ့် ၁၉၄၇ ဇန်နဝါရီမှာ လန်ဒန်မှာ လွတ်လပ်ရေး ဆွေးနွေးဖို့ သွားချိန်မှာ ဦးစောနဲ့ သခင်ဗစိန်တို့က အောင်ဆန်း အက်တလီ စာချုပ်ကို ကန့်ကွက်ပြီး ဝန်ကြီးအဖွဲ့က ထွက်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းက ဗြိတိသျှကို လိုက်လျောစေ့စပ်တာ များလွန်းတယ် ဆိုပြီး ကန့်ကွက်ခဲ့တာပါ။

ဓာတ်ပုံ မူပိုင် Keystone
Image caption ဗိုလ်ချုပ်နဲ့ အစိုးရဝန်ကြီးတွေ ရေတိမ်နစ်

၁၉၄၇ ဧပြီမှာ လုပ်တဲ့ ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ သူဆော်သြခဲ့ပေမယ့် ဖဆပလက အများစု နိုင်ပြီး ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်ကာ တိုင်းပြည်ပြု လွှတ်တော်ခေါ်ပြီး အခြေခံဥပဒေ ဆွဲပါတယ်။

ဒီနောက် ၁၉၄၇ ဇူလိုင်လထဲမှာ ဗြိတိသျှ စစ်တပ်က လက်နက်ပျောက်တာတွေ ဖြစ်ပြီး မကြာခင် ၁၉ ရက်မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အစိုးရ လုပ်ကြံခံရပါတယ်။

မြန်အောင်မှာ ဗိုလ်ချုပ်ရုပ်တု အဖျက်ခံရ

ဝန်ကြီး ၇ ယောက် သေဆုံးပြီး အနည်းငယ်ပဲ လွတ်မြောက်ခဲ့ပါတယ်။

ဒီအတွက် ဦးစောနဲ့ နောက်လိုက်တွေကို ရှာဖွေဖမ်းဆီးခဲ့ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
အာဇာနည် လုပ်ကြံမှု ခုံရုံးတရားသူကြီးတယောက် အကြောင်း
ဓာတ်ပုံ မူပိုင် Ludu
Image caption လက်နက်တွေ သိမ်းဆည်း

သူ့အိမ်အနားတဝိုက်မှာ လက်နက်တွေ မြှုပ်ထားတာ ရှာတွေ့သလို နယ်တွေမှာ ခွဲပြီး မြှုပ်ထားတာတွေကိုလည်း ရှာသိမ်းရပါတယ်။

လိုက်ဖမ်းရင်း ပဲခူးဘက်မှာ ဂဠုန်ဗိုလ်ချုပ် စောရန်နောင်ဆိုသူ ထွက်ပြေးလို့ ဆိုပြီး ပစ်သတ်ခံရပါတယ်။

ဓာတ်ပုံ မူပိုင် Ludu
Image caption ဂဠုန်ဗိုလ်ချုပ် စောရန်နောင်
ဓာတ်ပုံ မူပိုင် Ludu
Image caption တရားခွင်ရောက် ဦးစော

ဦးစော လုပ်ကြံမှုမှာ ပါဝင်တဲ့ ဗြိတိသျှ စစ်ဗိုလ်တွေပါ ဖမ်းဆီးခံရပါတယ်။

ဂဠုန်ဦးစော လွတ်မြောက်ရေး အတွက် လန်ဒန်က သူ့ညီ ဦးမောင်မောင်ကြီး ခေါ် ဦးမောင်မောင်ဂျိုင်းက ဘုရင့် ပရီဗီကောင်စီထိ တင်ဖို့ ကြိုးစားခဲ့ပါတယ်။

ဒါပေမဲ့ မလွတ်ဘဲ သူနဲ့ အပေါင်းပါတွေကို ကြိုးမိန့်ပေးခဲ့ပါတယ်။

တရားခံတွေ လွတ်မသွားဖို့ ဖဆပလ အစိုးရက ကြိုးစား ကာကွယ်ခဲ့ပြီး လွတ်လပ်ရေးရပြီးနောက် ဗိုလ်ချုပ်နဲ့ ခေါင်းဆောင်တွေကို အာဇာနည်ကုန်းမှာ သင်္ဂြိုဟ်ပြီးမှ ကြိုးပေးခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Ludu
Image caption အစောင့်အကြပ်တွေနဲ့ ထိန်းသိမ်းစစ်ဆေးခဲ့ရ

ဆက်စပ် အကြောင်းအရာများ