ဦးနုရဲ့ခေါင်းဆောင်မှု အကောင်းနဲ့အဆိုး ၉ ချက်

ဓာတ်ပုံ မူပိုင် ဦးနု ချစ်မြတ်နိုးသူများ
Image caption ဝန်ကြီးချုပ်ဟောင်းဦးနုနဲ့ ဒေါ်မြရီ

ဝန်ကြီးချုပ်ဟောင်းဦးနု ကွယ်လွန်တာ အနှစ် ၂ဝ ကျော်ပါပြီ။ အာဏာမရှိတာတော့ အနှစ် ၅ဝ ကျော်ခဲ့ပါပြီ။ ဒါပေမဲ့ ဦးနုခေတ် ဆိုတဲ့ စကားတလုံးက မြန်မာ့နိုင်ငံရေးမှာ ခုထိ ပြောစမှတ် ရှိပါတယ်။

အဆိုးအကောင်း ဝေဖန်စရာတွေပေါတဲ့ ဦးနုခေတ်ကို ကနေ့လူတွေက ဘယ်လိုမှတ်မိနေကြပါသလဲ။

ဦးနု ဟာ မြန်မာပြည်မှာ နောက်ဆုံး ဒီမိုကရေစီ နည်းကျ ရွေးကောက်ခံရတဲ့ နိုင်ငံခေါင်းဆောင် ဖြစ်ပါတယ်။ ၂ဝ၁၅ ရွေးကောက်ပွဲမှာ NLD အာဏာရလာတယ် ဆိုပေမယ့် တပ်မတော်နဲ့ ဖက်စပ် အာဏာခွဲရတဲ့ အနေအထားမျိုး ဦးနုခေတ်မှာ တရားဝင် မရှိခဲ့ပါဘူး။

၂ဝဝ၈ ဖွဲ့စည်းပုံနဲ့ မြန်မာ့ နိုင်ငံရေး

ဒီတချက်က သူ့ကို လူတွေ အမှတ်မိဆုံး ဖြစ်တဲ့ အချက်ပါ။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ၁၃ နှစ်နီးပါး ခေါင်းဆောင်မှု ပေးခဲ့သူ သတိုးသီရိသုဓမ္မ ဦးနု

နောက် သိကြတဲ့ အချက်တွေကတော့ လွတ်လပ်ရေးကို နောက်ဆုံးအဆင့်မှာ ပဲ့ကိုင်ရယူခဲ့တဲ့ ခေါင်းဆောင်၊ ပြည်တွင်းစစ်ကြားမှာ နိုင်ငံမပြိုကွဲအောင် ထိန်းနိုင်ခဲ့တဲ့ခေါင်းဆောင်နဲ့ လူမှုဖူလုံရေးနဲ့ ကျန်းမာရေး ပညာရေး မြှင့်တင်မှုတွေ စတင်အကောင်အထည်ဖော်ခဲ့တဲ့ ခေါင်းဆောင် ဖြစ်ပါတယ်။

ပြောစရာတွေ ရှိပေမယ့် သူ့ရဲ့ ထင်ရှားတဲ့ လုပ်ဆောင်ချက်တွေကတော့ ဆဋ္ဌသင်္ဂါယနာတင်တာနဲ့ ဖက်ဒရယ်မူဆွေးနွေးပွဲတွေ ခွင့်ပြုခဲ့တာပါ။

ဘန်ဒေါင်းညီလာခံက မူကြီး ၅ ရပ်နဲ့ ဘက်မလိုက်လှုပ်ရှားမှု တွေကလည်း သူ့ကို ကမ္ဘာထိ ထင်ရှားစေခဲ့ပါတယ်။

လွတ်လပ်ရေး လွန် နှစ် ၇ဝ

ဓာတ်ပုံ မူပိုင် Ludu Daw Ahmar
Image caption ၁၉၃၆ သပိတ်ခေါင်းဆောင် ကိုကြီးနုနဲ့ သပိတ်ခေါင်းဆောင်တစု
  • လွတ်လပ်ရေး ခေါင်းဆောင်

သမိုင်းမှတ်တမ်းတွေအရ ဦးနုကို စာရေးဆရာ သခင်နိုင်ငံရေး သမားအဖြစ် စစ်ကြီးမဖြစ်ခင်မှာ တွေ့ရပါတယ်။ ပထမဆုံး ထင်ရှားလာတာက ၁၉၃၆ ခုနှစ်မှာ သမဂ္ဂ ဥက္ကဋ္ဌ ကိုနုနဲ့ အိုးဝေ အယ်ဒီတာ ကိုအောင်ဆန်း ကျောင်းထုတ်ခံရမှုကြောင့် တက္ကသိုလ် သပိတ်ကြီး ဖြစ်တဲ့ အတွက်ပါ။

မြန်မာပြည်ရဲ့ အမြုတေ ရတနာ

နောက် ဒို့ဗမာ အစည်းအရုံးရဲ့ အရေးကြီးတဲ့ သခင်ခေါင်းဆောင် တယောက် ဖြစ်လာပြီး စစ်ဖြစ်ခါနီးမှာ ထိန်းသိမ်းခံရပါတယ်။ စစ်အတွင်းမှာ မြန်မာပြည်ရဲ့ ပထမဆုံး နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာပြီး စစ်အပြီးမှာ ဖဆပလထဲကို ဗိုလ်ချုပ်အောင်ဆန်းက ခေါ်တဲ့အတွက် ဆက်ပါခဲ့ပါတယ်။

ဗိုလ်ချုပ်တို့ကျချိန်မှာ တိုင်းပြည်ပြု လွှတ်တော်ဥက္ကဋ္ဌဘဝကနေ နန်းရင်းဝန် ရာထူးကို လက်ခံပြီး တိုင်းပြည် အခြေအနေ ထိန်းသိမ်းခဲ့ရပါတယ်။

နု အက်တလီ စာချုပ်နဲ့ လွတ်လပ်ရေးကို ချီတက်ခဲ့ရတာပါ။

Image caption ဦးနုအကြောင်း ပြည်ပမှာ ရေးတဲ့ စာအုပ်
  • စာပေ ခေါင်းဆောင်

တခြား နိုင်ငံခေါင်းဆောင်တွေထက် ပိုထူးခြားချက်က ဦးနုဟာ စာပေဖွံ့ဖြိုးရေးအတွက် ခေတ်အဆက်ဆက် ကြိုးစားခဲ့တာပါ။

အင်္ဂလိပ်ခေတ်မှာ နဂါးနီ စာအုပ်တိုက်ကို သခင်စိုး၊ ဦးအုန်းခင်တို့နဲ့ တည်ထောင်ပြီး မြန်မာပြည်ကို လက်ဝဲစာပေ နဲ့ မျိုးချစ် တော်လှန်ရေးစာပေတွေ ဖြန့်ဖြူးရာမှာ အထူးအောင်မြင်ပါတယ်။ လူမွဲတို့ရဲ့ ထွက်ရပ်လမ်းဟာ ဒီကာလမှာ သူ ဘာသာပြန်ခဲ့တာပါ။

စစ်ပြီးမှာလည်း အမှောင်ခွင်း၍ အလင်းဆောင်အံ့ ဆိုပြီး ဘာသာပြန် စာပေအသင်းနဲ့ စာပေဗိမာန်ကို ထူထောင်ပါတယ်။

မြန်မာပြည်နဲ့ လက်ဝဲနှစ်တရာ

Image caption ဦးနုနဲ့ စာပေဗိမာန်အသင်းလူကြီးများ

စာပေဗိမာန်က ထွက်တဲ့ စွယ်စုံကျမ်းနဲ့ တခြားစာစဉ်တွေ ဘာသာပြန် စာအုပ်တွေအပြင် စာပေဆုတွေကလည်း လက်ရှိအချိန်ထိ မြန်မာစာပေမှာ အရှိန်အဝါ ထင်ကျန်ခဲ့ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
စွယ်စုံကျမ်းသစ် ရိုဟင်ဂျာကြောင်း ပါမလား

အာဏာသိမ်းပြီးနောက်ပိုင်း ဦးနုတောခိုကာ ပြန်လာတဲ့အခါမှာလည်း ပိဋကတ် ဘာသာပြန်အလုပ်တွေကို တခြား ပညာရှင်တွေနဲ့အတူ အားထုတ်ခဲ့ပါတယ်။

ဦးနုကိုယ်တိုင် ရေးတဲ့အထဲမှာ လူအသိဆုံးက လူထုအောင်သံ ပြဇာတ်ဖြစ်ပြီး အမေရိကန်က ရုပ်ရှင်လာရိုက်ကာ ကွန်မြူနစ် ဆန့်ကျင်ရေးလုပ်လို့ ထင်ရှားပါတယ်။

အပြောင်မြောက်ဆုံးလို့ ယူဆကြတဲ့ သူ့လက်ရာကတော့ ရက်စက်ပါပေ့ကွယ် ဝတ္ထုနဲ့ တာတေစနေသား အတ္ထုပ္ပတ္တိတွေပါ။

စာပေဗိမာန် ပြန်ဖွဲ့ဖို့ ပြင်ဆင်

ဓာတ်ပုံ မူပိုင် Yan Naung Oo
Image caption လူပေါ်လူဇော်လုပ်နည်းလို့ ကျော်ကြားတဲ့ ဦးနုရဲ့ဘာသာပြန်လက်ရာ

အင်္ဂလိပ်ခေတ်က ထောင်ကျ အကျဉ်းသားတွေဘဝကို ဖော်ပြတဲ့ ရက်စက်ပါပေ့ကွယ်ကို တချိန်တုန်းက မြန်မာစာပေမှာ အကောင်းဆုံး ဝတ္ထု ၅ အုပ် အဖြစ် သခင်ကိုယ်တော်မှိုင်းရဲ့ မှာတော်ပုံ၊ သိန်းဖေမြင့်ရဲ့ အရှေ့က နေဝန်း ထွက်သည့်ပမာ ၊ ဂျာနယ်ကျော် မမလေးရဲ့ မုန်း၍မဟူ တို့နဲ့ ယှဉ်တွဲ ချီးကျူးခဲ့ကြပါတယ်။

တာတေစနေသားမှာတော့ မြန်မာ စာပေမှာ တွေ့ခဲတဲ့ ကိုယ်လုပ်ခဲ့တဲ့ မကောင်းမှု တွေကို ပွင့်ပွင့်လင်းလင်း အာဝဇ္ဇန်း ရွှင်ရွှင်နဲ့ ရေးပြီး နိုင်ငံရေး အတွင်းရေးတွေပါတဲ့ အတွက် လူကြိုက်များပါတယ်။ မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၄ဝ ကျော်မှ တရားဝင် ထုတ်နိုင်တဲ့ စာအုပ်လည်း ဖြစ်ပါတယ်။

စာဆိုတော်နေ့နဲ့ မြန်မာစာပေ

Image caption ဆဋ္ဌသင်္ဂါယနာကို ကြည်ညိုကြသူများ
  • ဘာသာရေး ခေါင်းဆောင်

ဦးနုကို ဝေဖန်သူအများစု ထောက်ပြလေ့ရှိတာက ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ လုပ်ခဲ့တာနဲ့ ဆဋ္ဌသင်္ဂါယနာ တင်တာတွေ ဖြစ်ပါတယ်။

ဒီလုပ်ရပ်တွေကြောင့် မြန်မာ အများစုရဲ့ ဘာသာရေး ကိုးစားမှုကို နိုင်ငံရေးမှာ အသုံးချတယ်၊ ကချင် ပုန်ကန်မှုနဲ့ တခြား ဘာသာရေး ပဋိပက္ခတွေ ပေါ်စေတယ်လို့ ဆိုကြပါတယ်။

ဒါပေမဲ့ ဦးနုဟာ နှစ်ပေါင်း ၆ဝ ကျော် ပျောက်ကွယ်နေတဲ့ ဘာသာရေး ခေါင်းဆောင် အုပ်ချုပ်သူ ကဏ္ဍကို ပြန်လည် ဖော်ဆောင်တာ ဖြစ်ပြီး စစ်ဒဏ်တွေကြောင့် နိုင်ငံမှာ စာရိတ္တပျက်ပြားနေတာကို ဘာသာရေးနဲ့ ကုစားတဲ့ သဘောလို့ ယူဆ နိုင်ပါတယ်။

မြန်မာနိုင်ငံနဲ့ သမ္မတများ

ဓာတ်ပုံ မူပိုင် Getty Images
Image caption နိုင်ငံရေးတက်ကြွတဲ့ သံဃာတွေက မြန်မာနိုင်ငံရေးမှာ ကြီးစိုး

မင်္ဂလာနေ့ နဲ့ မင်္ဂလာပါအစ

ပိဋကတ် သုံးပုံ အာဂုံဆောင်နိုင်တဲ့ ဆရာတော်တွေ ပေါ်ထွန်းလာတာ၊ ပါဠိတက္ကသိုလ်တွေ ထူထောင်လာကြတာနဲ့ ကမ္မဋ္ဌာန်းရိပ်သာတွေ ထွန်းကားလာတာဟာလည်း ဦးနုနဲ့ ဆာဦးသွင်၊ တရားဝန်ကြီးချုပ် ဦးသိမ်းမောင် စတဲ့ အဲဒီခေတ် ခေါင်းဆောင်တွေရဲ့ အားထုတ်မှုကြောင့် ဖြစ်ပါတယ်။

  • ပြည်ထောင်စု ခေါင်းဆောင်

ဦးနုလက်ထက်မှာ ပြည်တွင်းဆူပူမှုတွေကြောင့် ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အသေအချာ မကျင့်သုံးနိုင်ပါဘူး။ ဒီအပြင် ၁၉၄၇ ဖွဲ့စည်းပုံအရ ဖက်ဒရယ်စနစ်နဲ့ အုပ်ချုပ်လို့လည်း အဆင်မပြေပါဘူး။

ဒါကြောင့် ဦးဇန်ထားဆင်ရဲ့ ဒီမိုကရေစီပြောင်းပြန်လို ကချင် ဝန်ကြီးချုပ် ရွေးချယ်မှု ပြဿနာအကြောင်း စာအုပ် ပေါ်ထွက်ခဲ့တာပါ။

ဒါပေမဲ့ ဖွဲ့စည်းပုံအရ ခွဲထွက်ခွင့်ကို ၁ဝ နှစ်အကျော်မှာ ခွင့်ပြုထားလို့ ပြည်ထောင်စု ဖွဲ့စည်းပုံ ပြန်ဆွဲဖို့ ကြိုးစားမှုကို ဦးနု လက်ခံခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Wiki
Image caption ၁၉၄၈ ပထမအလံ

ဒါပေမဲ့လည်း မမြင်ရတဲ့ အကြောင်းတရားတွေနဲ့ စစ်အေးကာလ ရှုပ်ထွေးမှုတွေကြောင့် ပြည်ထောင်စု ပုံစံမှန်မှန်ကန်ကန်ထိ မသွားနိုင်ခဲ့ကြဘဲ အာဏာသိမ်းမှုနဲ့ စခန်းရပ်ခဲ့ရပါတယ်။

မဲဆွယ်တယ် ပြောပြော မွန်နဲ့ ရခိုင် ပြည်နယ်ပေးရေးကိုလည်း သူသဘောတူခဲ့သလို ရိုဟင်ဂျာဘာသာနဲ့ အသံလွှင့်တာကိုလည်း မြန်မာ့အသံမှာ ခွင့်ပြုခဲ့ပါတယ်။

ရိုဟင်ဂျာ တိုင်းရင်းသား မဟုတ်

ဦးနုခေတ် ပုံစံ အာဏာအပေါ်ယံခွဲဝေမှု ပေးတဲ့ ပြည်ထောင်စု ပုံစံကိုတော့ ၂ဝ၁ဝ နောက်ပိုင်း ပြန်ပေါ်လာတာ တွေ့ရပေမယ့် ဦးနုခေတ်လောက် လူမျိုးစု ခေါင်းဆောင်တွေရဲ့ အသံကို အာဏာခွဲဝေမှုမှာ မကြားရဘဲ သြဇာညောင်းသူတစုကို ပွဲထုတ်တာမျိုးသာ တွေ့ရပါတယ်။

တကယ်က ပင်လုံ ပထမ ညီလာခံမှာ ဗိုလ်ချုပ်အောင်ဆန်း အစား ဦးနုခေါင်းဆောင်တက်ခဲ့တာကို လူတော်တော်များများက မေ့နေကြပါတယ်။ သူ နောက်ဆုံးအာဏာရစဉ် ဖွဲ့စည်းတဲ့ ပါတီ နာမည်ကလည်း ပြည်ထောင်စု ပါတီ ဖြစ်ပါတယ်။

စော်ဘွား သို့မဟုတ် နေဝင်သွားသော ဘုရင်များ

ဓာတ်ပုံ မူပိုင် ဦးနု ချစ်မြတ်နိုးသူများ
Image caption အမေရိကန် ဒုသမ္မတ နစ်ဆင်နဲ့ ဦးနု၊ ဦးသန့်
  • ဘက်မလိုက် ခေါင်းဆောင်

ဦးနုနဲ့ နေရူး၊ ဆူကာနို၊ နာဆာ၊ တီးတိုး စတဲ့ တတိယ ကမ္ဘာက လွတ်လပ်စ ခေါင်းဆောင်တွေ တည်ထောင်ခဲ့တဲ့ ဘက်မလိုက် နိုင်ငံ အုပ်စုနဲ့ ဘန်ဒေါင်းမူကြီးတွေဟာ ကနေ့ထိ နိုင်ငံတကာ ဆက်ဆံရေးမှာ ထင်ရှားပါတယ်။

အခုလို ကမ္ဘာ့ နိုင်ငံကြီးတွေ အုပ်စုဖွဲ့ အာဏာပြိုင်တာတွေ ရှိတဲ့ ကာလမျိုးမှာ ဒီမူတွေက ပိုပြီး အဓိပ္ပာယ်ရှိနေပါတယ်။

ကုလသမဂ္ဂနဲ့ မြန်မာ နှစ် ၇ဝ

၁၉၅၄ ခုနှစ် ဒီမူတွေကို အစပျိုးခဲ့ချိန်က ကမ္ဘာမှာ ဝါဒအုပ်စုကြီး နှစ်ခု အပြိုင် စည်းရုံးနေကြတဲ့ အချိန် ဖြစ်ပါတယ်။

ဦးနုလို နိုင်ငံတွင်းမှာ ကွန်မြူနစ် ပုန်ကန်မှုနဲ့ တရုတ်ဖြူ ကျူးကျော်မှု၊ လူမျိုးစု လက်နက်ကိုင်တွေကို ရင်ဆိုင်နေရတဲ့ ခေါင်းဆောင်တယောက် အဖို့ ဒီမူတွေဟာ ပြည်တွင်း ပြည်ပ နိုင်ငံရေး နှစ်ခုလုံး အတွက် ခိုင်မာတဲ့ အခြေခံ စခန်း တခု ဖြစ်ပါတယ်။

နှစ်ဘက်စလုံးရဲ့ တိုက်ခိုက်မှုတွေကြားက ကြားနေရေး မူတွေကို ဦးနုက ရှေ့ဆောင် စည်းရုံးပေးသွားခဲ့ပါတယ်။

နောက်ပိုင်း မြန်မာပြည် နိုင်ငံခြားရေးမှာ နိုင်ငံကြီးတွေကို အမှီပြုရတဲ့ အချိန်တွေ ရှိခဲ့တော့ ဦးနု ချသွားတဲ့ လမ်းစဉ်ရဲ့ အတိမ်အနက်နဲ့ ကောင်းကျိုးတွေကို ပိုပြီး နှိုင်းယှဉ် သုံးသပ်လာနိုင်ကြပါတယ်။

အနီးခေတ် တရုတ်-မြန်မာ ဆက်ဆံရေး ၁

ဓာတ်ပုံ မူပိုင် Keystone
Image caption ပြည်တွင်းစစ်အစ မြန်မာတပ်သားတချို့
  • ပြည်တွင်းစစ် တရားခံလား

ဦးနုကို ၁၉၄၈ ပြည်တွင်းစစ် ဖြစ်ရာမှာ အဓိက တရားခံတယောက် အဖြစ် ကွန်မြူနစ်နဲ့ ဆိုရှယ်လစ် ခေါင်းဆောင်တွေနဲ့ ပူးတွဲ ဖော်ပြတတ်ကြပါတယ်။

ဒါပေမဲ့ ဒီစစ်ဟာ ဗိုလ်ချုပ်အောင်ဆန်းတောင်မှ တားလို့ ရပါ့မလား သံသယရှိသူတွေလည်း ရှိပါတယ်။

ပြည်တွင်းစစ် အနှစ် ၇ဝ

မြန်မာပြည်ရဲ့ နိုင်ငံရေး စစ်ရေး ရှုပ်ထွေးမှုတွေကြား ဦးနုလို ပါတီ နောက်ခံ ကောင်းကောင်းမရှိတဲ့ ခေါင်းဆောင် တယောက်အဖို့ ရပ်တည် နိုင်ဖို့ဟာ တလိမ့်ခေါက်ကွေး မကျဖို့ ကာကွယ်ရတဲ့ အနေအထားတွေ များခဲ့ပါတယ်။ ဆုံးဖြတ်ချက် မှားတာ၊ ကမူးရှူးထိုးလုပ်တာတွေ ရှိခဲ့ပေမယ့် အာဃာတတရားနဲ့ အုပ်စုတစုကို ဖိနှိပ် ချေမှုန်းတာတွေ သူလုပ်တယ်လို့ ပြောနိုင်ဖို့ ခက်ပါတယ်။

ဒါကြောင့် သူ့လက်ထက်မှာ တောတွင်းရောက်နေသူတွေ ပြန်လာဖို့ အမျိုးစုံ ကြိုးစားခဲ့ပါတယ်။

ခက်တာက သူဟာ တပ်ကို အုပ်ချုပ်ညွှန်ကြားနိုင်တဲ့ စစ်ခေါင်းဆောင်တယောက် မဟုတ်တာပါဘဲ။

စာရေးဆရာ ဒဂုန်တာရာ တင်စားရေးခဲ့သလိုပဲ ဦးနုဟာ မုန်တိုင်းကြားက သစ်ရွက်တရွက်သာ ဖြစ်ပါတယ်။ မုန်တိုင်းကို ဖန်တီးနိုင်တဲ့ တန်ခိုးရှင်တော့ မဟုတ်ပါဘူး။

ဗိုလ်မှူးကြီး ချစ်မြိုင် ကွယ်လွန်

Image caption ရန်ကုန်ဘဆွေရဲ့ မင်းသားကိုကြီးကောင်း
  • ဘဝရှင်မင်းတရားကြီး

နောက် စွပ်စွဲချက်တခုက အာဏာရှင်ဆန်တယ် ဆိုတာပါ။

ဦးနုဟာ သူထင်သလို ဆုံးဖြတ်တယ်၊ အစိုးရ အဖွဲ့ကိုလည်း ဂရုမထားဘဲ ထင်ရာစိုင်းတယ်၊ ဘဝရှင် မင်းတရားကြီး ဖြစ်နေပြီ ဆိုတဲ့ စကားတွေ ပြောပြီး အစိုးရက ထွက်သူက ပြန်ကြားရေး ဝန်ကြီးနဲ့ သတင်းစာ ဆရာ ဦးထွန်းဖေ ဖြစ်ပါတယ်။

ဒါပေမယ့် ဦးထွန်းဖေ အဲဒီလို ပြောလို့ ဖမ်းတာ ဆီးတာ မရှိပါဘူး။

ဗိုလ်ချုပ်ကြီး နေဝင်း လက်ထက်မှာ ဦးထွန်းဖေကို ရာထူးဝန်ခန့်ပေမယ့် သူ့ရဲ့ ထွန်းနေ့စဉ်ကတော့ ရပ်သွားခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီးကိုတော့ အာဏာရှင်ဆန်ကြောင်း ဦးထွန်းဖေ ဝေဖန်တာလည်း မတွေ့ရပါဘူး။

ဦးနုကို အာဏာရှိစဉ်မှာရော မဲ့စဉ်မှာပါ ဝေဖန်တိုက်ခိုက်သူတွေ ပေါပေမယ့် အရေးယူ တုံ့ပြန်တာ မရှိပါဘူး။

သတင်းစာကိုတောင် မဖတ်ဘူးလို့ ဦးနုက ကြွေးကြော်သူ ဖြစ်ပါတယ်။

အနှစ် ၃ဝ က မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ

Image caption ဗိုလ်နေဝင်းနဲ့ ဗိုလ်အောင်ဆန်း ပျဉ်းမနားမှာဆုံစဉ်
  • စစ်တပ်ကို မတားနိုင်ခဲ့သူ

ဦးနုဟာ စစ်အာဏာသိမ်းမှုကို နှစ်ကြိမ် ကြုံခဲ့ရပါတယ်။ ဝင်ဒါမီယာအိမ်ကို တင့်ကားနဲ့ ခြိမ်းခြောက်တာမျိုး တပ်ဘက်က ဖိအားပေးခံခဲ့ရသလို ဒုတိယအကြိမ်မှာလည်း အလွယ်တကူ ဖမ်းဆီးသွားပါတယ်။

ဒါပေမဲ့ ဒါတွေကို သူမတားဆီး မခုခံဘဲ လုံးလုံး အလျှော့ပေးခဲ့တာတော့ မဟုတ်ပါဘူး။

ဗိုလ်မှူးချုပ်အောင်ရွှေ (၁၉၁၈-၂ဝ၁၇)

ပထမအကြိမ် အာဏာသိမ်းခံရစဉ်မှာ အခြေခံဥပဒေနဲ့အညီ ပါလီမန် မဖျက်ဘဲ အာဏာလွှဲယူခဲ့ရတဲ့အတွက် ဗိုလ်ချုပ်ကြီး နေဝင်းက အင်မတန် စိတ်ဆိုးတယ် ဆိုတဲ့ ရေးသားမှုတွေ ရှိပါတယ်။

အိမ်စောင့်အစိုးရ လက်ထက်မှာလည်း ဦးနုရဲ့ ဒီမိုကရေစီကို ကာကွယ်ကြ စတဲ့ မိန့်ခွန်းပြောကြားချက်တွေကနေ လူထုရဲ့ စစ်တပ် အာဏာသိမ်းမှုကို ခုခံဆန့်ကျင်စိတ်တွေကို နှိုးဆွပေးနိုင်ခဲ့ပါတယ်။

၁၉၆၂ နောက်တကြိမ် မသိမ်းခင်မှာလည်း တပ်ဦးစီးချုပ် အသစ် ခန့်နိုင်ဖို့ ဦးနုနဲ့ ဦးသန့် စတဲ့ ခေါင်းဆောင်တွေ ကြိုးစားပေမယ့် ကျန်တဲ့ ဗိုလ်မှူးချုပ်တွေကို အစားထိုးဖို့ ခက်ခဲပြီး ဗိုလ်ချုပ်ကြီး နေဝင်းကို ပင်စင် မပေးနိုင်ခင်မှာ အာဏာသိမ်းခံရတာ ဖြစ်ပါတယ်။

၁၉၃ဝ ကျော် နယ်ချဲ့ဆန့်ကျင်တဲ့ လှုပ်ရှားမှုက လာတဲ့ စစ်တပ်ဟာ နိုင်ငံရေးကို နိုင်ငံရေး သမားတွေလက်က ယူဖို့ အားထုတ်တာကို ဘယ်သူမှ တားနိုင်မှာတော့ မဟုတ်ပါဘူး။

ခုချိန်ထိလည်း တပ်ကို နိုင်ငံရေးက ထွက်ဖို့ ကြိုးစားမှုတွေက မအောင်မြင်သေးတာကို တွေ့ရပါတယ်။

ဓာတ်ပုံ မူပိုင် Yan Naung Oo
Image caption ဦးနုရဲ့ ပြည်ပြေး လှုပ်ရှားမှုကို လမ်းစဉ်ပါတီအစိုးရတိုက်ခိုက်
  • ရာသက်ပန် ဝန်ကြီးချုပ်

၁၉၈၈ တပ်က အာဏာပြန်မသိမ်းခင်မှာ ဦးနုက သူ့ကို အာဏာပြန်ပေးဖို့ တောင်းဆိုတဲ့ ကြားဖြတ် အစိုးရ ဖွဲ့တဲ့ လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး သူ့ကို လက်မခံသူ များပါတယ်။

အဲဒီအချိန်မှာ လမ်းစဉ်ပါတီဘက်က ယိမ်းယိုင်လာလို့ အာဏာလွှဲပေးဖို့ အရပ်ဘက် ခေါင်းဆောင်တွေကို ကမ်းလှမ်းတာ မယူရဲဘူးဆိုတဲ့ ပြောဆိုမှုတွေလည်း ရှိခဲ့တော့ ဦးနုရဲ့ လုပ်ရပ်က ကြားဖြတ် အစိုးရအဆင့်နဲ့ အာဏာကို လက်ခံယူဖို့ ပြင်ဆင်တဲ့ ပုံစံမျိုး ပိုဖြစ်နိုင်ပါတယ်။

ဒါပေမဲ့လည်း ၁၉၆၂ နောက်ပိုင်း သူ့ရဲ့ မအောင်မြင်တဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေနဲ့ သူ့ရဲ့တွက်ဆမှု လွဲတာတွေကြောင့် လူတွေက သူ့ကို မထောက်ခံတဲ့အခါ သူ့ရဲ့ အကြံအစည်တွေ ပျက်ပြီး အကျယ်ချုပ် ကျခဲ့ပါတယ်။

၁၉၈၈ တတိယ စစ်အာဏာသိမ်းမှု ၂၉ နှစ်ပြည့်

ဦးနုဟာ မအောင်မြင်မှုတွေများပေမယ့် လုံးဝရှုံးနိမ့်တဲ့ ခေါင်းဆောင် မဟုတ်ပါဘူး။

လွတ်လပ်စ နိုင်ငံတွေမှာ ကြုံရတဲ့ လူကြိုက်များပြီး အာဏာသိမ်းခံရတဲ့ ခေါင်းဆောင်တွေ စာရင်းမှာ သူနဲ့အတူ အင်ဒိုနီးရှားက ဆူကာနို၊ ကမ္ဘောဒီးယားက သီဟာနု၊ အီသီယိုးပီးယားက ဟိုင်လီ ဆီလက်ဆီ ဘုရင် တို့လည်း ပါပါတယ်။

ဓာတ်ပုံ မူပိုင် Yan Lwin
Image caption ဦးနုနဲ့ အမေရိကန်ရောက် မြန်မာကျောင်းသူကျောင်းသားများ

ဆက်စပ် အကြောင်းအရာများ