မန္တလေး သီးခြားတက္ကသိုလ် နှစ် ၆ဝ

  • ဘိုဘို
  • ဘီဘီစီမြန်မာပိုင်း
burma

ဓာတ်ပုံ ရင်းမြစ်, Khin Mg Than

ဓာတ်ပုံ ပုံစာ,

သီးခြားတက္ကသိုလ်ဖွင့်ပွဲ ဖိတ်စာ

မြန်မာနိုင်ငံရဲ့ ပထမဆုံး တက္ကသိုလ် ဖြစ်တဲ့ ရန်ကုန် တက္ကသိုလ် ရာပြည့်ဖို့ ၂ နှစ်ပဲ လိုပါတော့တယ်။

ဒုတိယ သက်တမ်းအရှည်ဆုံး တက္ကသိုလ်ကြီးကတော့ သီးခြား တည်ထောင်တာ အနှစ် ၆ဝ ပြည့်ခဲ့ပါပြီ။

မန္တလေးမှာ တက္ကသိုလ် ကောလိပ် ဖွင့်ဖို့ သီပေါမင်း လက်ထက်ကတည်းက စဉ်းစားခဲ့ကြတယ် ဆိုပေမယ့် တကယ် ဖွင့်နိုင်တာက ၁၉၂၅ မှ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Mandalay University

ဓာတ်ပုံ ပုံစာ,

စိုက်ပျိုးရေး ကောလိပ်ကို ၁၉၂၁ က အုတ်မြစ်ချ

ဒါကလည်း မင်းတုန်းမင်း လက်ထက်က ပြည်ပမှာ ဘွဲ့ယူ သင်ကြားလာတဲ့ ရွှေပြည်မောင်မောင်လေးနဲ့ တော်စိန်ခို ၊ ရသေ့ကြီး ဦးခန္တီစတဲ့ မြို့လူကြီးတွေ တိုက်တွန်းမှုနဲ့ စိုက်ပျိုးရေး ကောလိပ်အသစ်ရဲ့ ဝင်းထဲမှာ ဖွင့်ရတာ ဖြစ်ပါတယ်။

၁၉၂၅ က စတဲ့ မန္တလေး ဥပစာကောလိပ်ကို အကုန်အကျများလို့ ဆိုပြီး ၁၉၃ဝ ကျော်မှာ ဗြိတိသျှ အစိုးရက ပိတ်ဖို့ စဉ်းစားတဲ့အခါ ဒေါ်အုန်း၊ ဦးကျော်ငြိမ်း၊ ဦးသိန်းဖေမြင့်စတဲ့ ကျောင်းသားကြီးတွေ ဆူပူကန့်ကွက် ကြလို့ ပြန်နောက်ဆုတ် သွားခဲ့ပါတယ်။

စိုက်ပျိုးရေးကျောင်းဝင်းထဲက အဆောက်အဦလေးမှာ ကပ်ဖွင့်ရတဲ့ ဒီကောလိပ်ကလေးဟာ အဲဒီအချိန်က မြန်မာပြည်မှာ ရန်ကုန်မြို့ပြင်မှာ ရှိတဲ့ ရှားရှားပါးပါး ကောလိပ်ကျောင်းလေး ဖြစ်ပါတယ်။

ကျောင်းခန်းထဲကို ဖွတ်လေးတွေ ဝင်လာတဲ့အခါ ကျောင်းသားတွေက ဘွတ်ဖိနပ်နဲ့ လိုက်နင်းကြတယ်လို့ အဲဒီကျောင်းမှာ တက်ခဲ့တဲ့ ကျောင်းသူဟောင်း လူထု ဒေါ်အမာက အမှတ်တရ ရေးဖူးပါတယ်။

ဒီကျောင်းဟာ ရန်ကုန်ထိ သွားပြီး စာမသင်နိုင်တဲ့ အညာက ကျောင်းသားတွေအတွက် အားထားရာ ဖြစ်ပေမယ့် ဘွဲ့မပေးနိုင်ပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Ludu

ဓာတ်ပုံ ပုံစာ,

ဥပစာကောလိပ်ကျောင်းသူဟောင်း ဒေါ်အမာ ကောလိပ်မှာ စကားချေတင် ပြောစဉ်က

ဒါကြောင့် စစ်ပြီးခေတ်မှာ တက္ကသိုလ် ဖွင့်နိုင်ဖို့ တောင်းဆိုမှုတွေ ပိုများလာပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း အစိုးရမှာ ပညာရေး ဝန်ကြီး ဖြစ်လာတဲ့ မန္တလေး ဗဟို အမျိုးသား ကျောင်းအုပ်ကြီးဟောင်း ဦးရာဇတ် ကလည်း အညာမှာ ပညာရေးက ရန်ကုန်ထက် အနှစ် ၈ဝ၊ ၆ဝ လောက် နောက်ကျနေလို့ ၄ နှစ်အတွင်း ဒီဂရီ ကောလိပ် ဖြစ်ရမယ်၊ အနည်းဆုံး ၁ဝ နှစ်အတွင်း တက္ကသိုလ် သီးခြားဖြစ်ရမယ် ဆိုပြီး စီစဉ် ဦးဆောင်ခဲ့ပါတယ်။

ဒီလို ဖွင့်နိုင်ဖို့ အတိုက်အခံကန့်ကွက်မှုတွေကြားက ဘက်ဂျက်တိုးရဖို့ စီစဉ်ခဲ့ရတာ ဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ် စစ်အပြီးမှာ ပြန်လည်ထူထောင်ရေး လုပ်နေချိန်မှာ တက္ကသိုလ်အသစ် ဖွင့်ဖို့ စီစဉ်ရတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Aung Kyaw Myint

ဓာတ်ပုံ ပုံစာ,

တက္ကသိုလ် ဖခင် ပညာရေး ဝန်ကြီး အမှတ်တရ ကြေးရုပ်နဲ့ ခန်းမ

ဒီအတွက် တက္ကသိုလ် ကျောင်းအုပ်ခန့်ရာမှာလည်း အညာအကြောင်း နားလည်တဲ့ အညာကလူကိုပဲ ခန့်မယ် ဆိုပြီး စစ်ကိုင်းသား ဦးကိုလေးကို ခန့်ပါတယ်။

ဇေယျာမောင်လို့ လူသိများတဲ့ ဦးကိုလေးဟာ စစ်အတွင်းက လန်ဒန်မှာ ဓာတုဗေဒ မဟာသိပ္ပံဘွဲ့ သင်ယူခဲ့ပြီး မန္တလေး ဥပစာ ကောလိပ်ကျောင်းသားဟောင်းလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Aung Mon

ဓာတ်ပုံ ပုံစာ,

တက္ကသိုလ် ဒုတိယအဓိပတိ ဇေယျာမောင်

၁၉၄၈ မှာ ဒီဂရီအထိ သင်နိုင်တဲ့ ယူနီဗာစီတီ ကောလိပ်အဆင့် ရောက်ချိန်မှာတော့ ဦးရာဇတ် မရှိတော့ဘဲ ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ လုပ်ကြံခံခဲ့ရပြီ ဖြစ်ပါတယ်။

ဒါကြောင့် မန္တလေး တက္ကသိုလ်ထဲက စာကြည့်တိုက် ခန်းမကြီးကို ရာဇက် ခန်းမဆောင်လို့ မှည့်ခေါ်ခဲ့ပါတယ်။

ဦးရာဇတ် မရှိပေမယ့် သူ့တပည့်ရင်း မန္တလေး အမျိုးသား ကျောင်းထွက် အမ်အေဒေါ်အုန်းက ပါဠိ ဌာနမှူးနဲ့ ရွှေမန်းဆောင်မှူး အဖြစ် အမျိုးသမီး ကျောင်းသူတွေကို အုပ်ချုပ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Cho Htwe

ဓာတ်ပုံ ပုံစာ,

ပထမဆုံး အမျိုးသမီး ဒုတိယအဓိပတိ တာဝန် ခေတ္တယူရသူ ဒေါ်အုန်း

ဓာတ်ပုံ ရင်းမြစ်, Hero Writter

ဓာတ်ပုံ ပုံစာ,

ရွှေမန်းဆောင်က ကျောင်းသူတွေ

လွတ်လပ်ရေး ရစမှာပဲ တက္ကသိုလ်ကောလိပ် ဖြစ်လာပေမယ့် ရန်ကုန် တက္ကသိုလ် အစမှာလို အေးချမ်းတဲ့ ကာလတွေနဲ့ မန္တလေး တက္ကသိုလ် မကြုံခဲ့ရပါဘူး။

ပြည်တွင်းစစ်နဲ့ တည့်တည့်တိုးလို့ ကျောင်းသားတွေ တောခိုတာ စစ်ထဲဝင်တာတွေ ဖြစ်သလို ဆရာတချို့လည်း တပ်ထဲရောက်သွားပါတယ်။

ဒီထဲက ထင်ရှားသူက ဗိုလ်မှူးဘသောင်း ဖြစ်လာမယ့် မောင်သုတ ကလောင်အမည်ခံနဲ့ မြန်မာစာဆရာပါ။

ပထမဆုံး မန္တလေး တက္ကသိုလ် သမဂ္ဂ ဥက္ကဋ္ဌ ကိုလှမောင်လည်း တောခိုရင်း ပြည်သူ့ရဲဘော်တွေ သတ်ဖြတ်လို့ သေဆုံးခဲ့ပါတယ်။

နောက်ဆုံး ၁၉၄၉ မှာ မန္တလေးမြို့ကို ကရင်လက်နက်ကိုင်တွေ သိမ်းချိန်မှာ တက္ကသိုလ် ခေတ္တ ပိတ်ခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, History Flashbacks

ဓာတ်ပုံ ပုံစာ,

မန်းသမဂ္ဂရဲ့ ရေပက်ခံကား တက္ကသိုလ်မောင်

နိုင်ငံအခြေအနေ ပြန်ငြိမ်လာတဲ့ နောက်ပိုင်း ပြည်ပကို တက္ကသိုလ်ဆရာငယ်တွေ စေလွှတ်ပြီး တက္ကသိုလ် အဆင့်မြှင့်ဖို့ ကြိုးစားသလို ပြည်ပ ဆရာတွေ ငှားရမ်း သင်ကြားခဲ့ပါတယ်။

မြန်မာ့ ယဉ်ကျေးမှု အမြုတေ မြို့ ဖြစ်တဲ့အတွက် စာပေ သမိုင်း အနုပညာ သုတေသနတွေ တိုးချဲ့လုပ်ဖို့ စီစဉ်ခဲ့သလို ပညာရပ် ဟောပြောပွဲတွေနဲ့ ပြတိုက် ထူထောင်တာ၊ သုတေသန စာစဉ် ထုတ်ဝေတာတွေကို တက္ကသိုလ် ဖြစ်စမှာပဲ အားထုတ် လုပ်ဆောင်ခဲ့ကြပါတယ်။

ဓာတ်ပုံ ပုံစာ,

တက္ကသိုလ်ကောလိပ်အုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ စည်သူမောင်မောင်ကျော်

မြန်မာစာ သုတေသနမှာ ထင်ရှားတဲ့ ဆန်းထွန်း မန်းတက္ကသိုလ်နဲ့ ကထိက ဦးမောင်မောင်တင်တို့ မန္တလေးမှာ ထင်ရှားသလို သင်္ချာ၊ သမိုင်း၊ ပထဝီ ၊ အင်္ဂလိပ်စာ စတဲ့ ပညာရပ်တွေမှာ ပြည်ပ ပါရဂူဘွဲ့ရ ပါမောက္ခတွေလည်း ရှိလာပါတယ်။

မြန်မာ အာဏာရှင်စနစ်ရဲ့ ရင်းမြစ်များ စာအုပ်ကို ပြုစုတဲ့ ဒေါက်တာ မောင်မောင်ကြီးဟာ မန္တလေးမှာ ရာဇဝင်နဲ့ နိုင်ငံရေး သိပ္ပံပါမောက္ခလုပ်ရင်း မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ကို ဝေဖန်လို့ ထုတ်ပယ်ခံခဲ့ရပါတယ်။

၁၉၆ဝ နောက်ပိုင်းမှာပဲ မန္တလေး တက္ကသိုလ်မှာ အင်္ဂလိပ်အမျိုးသမီး စာပေ ပါမောက္ခတယောက် ရှိလာပြီး ဒေါက်တာ ကက်သလင်းသန်းထွန်းလို့ သိကြပါတယ်။

၁၉၅၈ ဇွန်လ ၁ ရက်မှာ တက္ကသိုလ်ကို ရန်ကုန် အောက်က ခွဲထွက်ပြီး သီးခြား ထူထောင်နိုင်ခဲ့ပြီး ဒီထဲမှာ ပင်မ တက္ကသိုလ် အပြင် ဆေးကောလိပ်နဲ့ စိုက်ပျိုးရေး ကောလိပ်၊ မကွေး၊ တောင်ကြီး ကောလိပ်တွေ ပါပါတယ်။

တောင်ကြီး ဥပစာ ကောလိပ်ရဲ့ ပထမဆုံး ကျောင်းအုပ်ကြီးက မန္တလေးက ဒေါ်အုန်းမေ ဖြစ်ပါတယ်။ ဒါဟာ ပထမဆုံး အမျိုးသမီး ကောလိပ် ကျောင်းအုပ် ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Ludu

ဓာတ်ပုံ ပုံစာ,

မန္တလေး တက္ကသိုလ် ဘွဲ့နှင်းသဘင်က ကောင်စီဝင်များ

ဥပဒေ မဟာဌာနကို တိုးချဲ့ဖွင့်ဖို့လည်း စီစဉ်ခဲ့ပါတယ်။

တက္ကသိုလ်ဖွင့်စမှာ မန္တလေးက ပေးတဲ့ဘွဲ့ကို နိုင်ငံတကာ အသိအမှတ်မပြုမှာ စိုးလို့ မန္တလေး ဆေးကျောင်းက အများအပြား ရန်ကုန် ပြောင်းသွားပါတယ်။

ဒါပေမဲ့ မန္တလေး ဆေးကျောင်းကိုလည်း မကြာခင်မှာ ဗြိတိန်က အသိအမှတ်ပြုခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Ludu

ဓာတ်ပုံ ပုံစာ,

တင်မိုးရဲ့ ဖန်မီးအိမ် စာပေဆုရ

တက္ကသိုလ်ဖွင့်စမှာပဲ တက္ကသိုလ်ထွက် စာရေးဆရာတွေ အစီအရီ စာပေဆုတွေ ရခဲ့ရာမှာ ထင်ရှားသူတွေက တင်မိုး၊ ကြည်အောင်၊ မောင်သိန်းနိုင်၊ မောင်စွမ်းရည်၊ ကိုလေး အင်းဝဂုဏ်ရည် စတဲ့သူတွေ ဖြစ်ပါတယ်။

ဥပစာ ကောလိပ်ခေတ်က ကျောင်းသားဟောင်းတွေ ဖြစ်တဲ့ ဒေါက်တာထွန်းရွှေ၊ လူထုဒေါ်အမာ တို့လည်း ဆုရကြပါတယ်။

ဂီတဘက်မှာတော့ စိတ္တဗေဒဌာန ကထိက တက္ကသိုလ်ဘုန်းနိုင်ရဲ့ တက္ကသိုလ်နန်းသီချင်းကို သီဆိုတဲ့ သန်းသန်းရှိန် ထင်ရှားလာပါတယ်။

ဓာတ်ပုံ ပုံစာ,

မန်းတက္ကသိုလ်ထွက် ကိုဝင်းဖေရဲ့ ကာတွန်း

၁၉၆ဝ ကျော်မှာတော့ မန္တလေး တက္ကသိုလ် ပါမောက္ခချုပ် ဦးကျော်ရင်နဲ့ ဒေါက်တာ သန်းထွန်းတို့ လူထုဦးလှ၊ မောင်သာနိုးတို့နဲ့အတူ စကားပြောသလို စာရေးဖို့ လှုံ့ဆော်တာတွေလည်း ဖြစ်လာခဲ့ပါတယ်။

၁၉၈ဝ ကျော် ရောက်တဲ့အခါ မန္တလေး တက္ကသိုလ်ထွက် နုနုရည်၊ ညီပုလေး၊ ဆူးငှက်၊ ခင်ခင်ထူး စတဲ့ စာရေးဆရာ လူငယ်တွေ ပေါ်လာသလို မြောက်ဘက်က မန္တလေး ဆေးတက္ကသိုလ်ကလည်း ဂျူး၊ ကျော်စွာထက်၊ စုထား၊ နိုင်ဇော် စတဲ့ စာရေးဆရာတွေ အများအပြား ထင်ရှားလာပါတယ်။

၁၉၇ဝ ကျော်က မန္တလေး တက္ကသိုလ် ဂီတဆည်းဆာမှာ စိုင်းထီးဆိုင် နာမည်ကြီးလာသလို နောက်ပိုင်းမှာတော့ လေးဖြူ၊ အငဲ စတဲ့ အနုပညာရှင်တွေ ထပ်မံ ထွန်းကားခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Aungmyint Oo

ဓာတ်ပုံ ပုံစာ,

အပြောင်းအလဲများ ဒုအဓိပတိတွေထဲက တယောက်

၁၉၅၈ တက္ကသိုလ်ဖွင့်စမှာ နိုင်ငံရေး အပြောင်းအလဲကြောင့် တနှစ်ထဲမှာ တက္ကသိုလ် အဓိပတိ ဒုဝန်ကြီးချုပ် သုံးယောက် ပြောင်းခဲ့သလို ၁၉၆၁ မှာတော့ ကျောင်းတွင်း ဆန္ဒပြပွဲတွေကြောင့် တက္ကသိုလ်ကို အုပ်ချုပ်တဲ့ ဒုတိယ အဓိပတိ ခုနစ်ဆက် ဖြစ်ခဲ့ပါတယ်။

ဦးကိုလေး လက်ကနေ တိုင်းမင်းကြီး သုံးယောက်၊ စိုက်ပျိုးရေး မဟာဌာနမှူး၊ အတွင်းဝန်ဟောင်းတယောက်နဲ့ နောက်ဆုံး တက္ကသိုလ် ပါမောက္ခ ဒေါက်တာကိုကိုလေးလက်ရောက်မှ ဒုအဓိပတိခုံဟာ ငြိမ်သွားခဲ့ပါတယ်။

၁၉၆၂ အာဏာသိမ်းပြီးနောက်မှာတော့ တက္ကသိုလ်တွေ ခွဲထုတ်လိုက်တဲ့အတွက် ပင်မတက္ကသိုလ်တခုသာ မန္တလေးတက္ကသိုလ်အမည်နဲ့ ကျန်ရစ်ပါတယ်။

တက္ကသိုလ်ထွက် ကျောင်းသားတွေထဲမှာ နိုင်ငံရေး တက်ကြွသူ၊ လူမျိုးစု လက်နက်ကိုင် ခေါင်းဆောင်နဲ့ စစ်တပ် အရာရှိ အများအပြား ပါသလို သံဃာ့မဟာနာယက အဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်လည်း ပါပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Myanmarnet

ဓာတ်ပုံ ပုံစာ,

ဝိဇ္ဇာဘွဲ့ရ ဗန်းမော်ဆရာတော်

တမာ တက္ကသိုလ်၊ ရေနီမြောင်းဘေးက အညာ တက္ကသိုလ် စသဖြင့် ချစ်စနိုးခေါ်ကြတဲ့ မန်းတက္ကသိုလ်ဟာ အနှစ် ၆ဝ၊ ၇ဝ ကျော်ပေမယ့် အထက်မြန်မာနိုင်ငံရဲ့ သင်ကြားရေး ဗဟိုဌာနတခု အဖြစ် ထီးထီးမားမား ရပ်တည်နေဆဲ ဖြစ်ပါတယ်။

ဗုဒ္ဓစာပေ သင်ကြားရေးမှာ နာမည်ကြီးတဲ့ ထောင်သောင်းချီတဲ့ ရဟန်းတော်တွေနဲ့ စာသင်တိုက်တွေကို အစဉ်လှူဒါန်းနေကျ မန္တလေးမြို့ကလည်း တက္ကသိုလ်တွေကို ဒီထက်ပိုပြီး ချီးမြှင့်ထောက်ပံ့မှုတွေ ပေးဖို့လိုနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, San Nyein Oo

ဓာတ်ပုံ ပုံစာ,

၁၉၈၈ အရေးအခင်းအတွင်း မန္တလေးတက္ကသိုလ် ဆန္ဒပြပွဲတခု