ဆွေးနွေးရေးစားပွဲဝိုင်းထဲရောက်အောင် ကချင်ကို ဗုံးကြဲနေလို့မရပါဘူး

Image caption မြန်မာနိုင်ငံဆိုင်ရာ အီးယူ သံအမတ် ခရစ္စရှန် ရှမစ် နဲ့ တွေ့ဆုံမေးမြန်းချက်

ပြီးခဲ့တဲ့ နှစ်က ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ နယ်မြေ ရှင်းလင်းမှုတွေ အပြီးမှာလည်း အီးယူက မြန်မာ နိုင်ငံကို လက်နက်ရောင်းချမှု ပိတ်ဆို့တာကို သက်တမ်း ထပ်တိုးထားပါတယ်။ အီးယူရဲ့ မြန်မာအပေါ် ထားတဲ့ မူဝါဒတွေ ပြောင်းလဲနေပြီလား။ မြန်မာနိုင်ငံဆိုင်ရာ အီးယူ သံအမတ်ကြီး ခရစ္စရှန် ရှမစ်ကို ဘီဘီစီ အကြီးတန်း သတင်းထောက် ကိုစောရန်နိုင်က တွေ့ဆုံ မေးမြန်း ထားပါတယ်။

မေး ။ ။ မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးမှာ ဘယ်နေရာမှာ အားရကျေနပ်ပြီး ဘယ်နေရာမှာ အားနည်း နေသေးတယ်လို့ ထင်ပါသလဲ။

အစိုးရအနေနဲ့ မှန်ကန်တဲ့လုပ်ရပ်တွေ လုပ်ကိုင်ဆောင်ရွက်နေပါတယ်။ လူထုရဲ့ အားပေးထောက်ခံမှုလည်း ရရှိထားပါတယ်။ အစိုးရအနေနဲ့ ဒီမိုကရေစီအရေး၊ ငြိမ်းချမ်းရေး၊ စီးပွားရေး၊ လူထုဘဝမြှင့်တင်ရေးစတာတွေကို လုပ်ဆောင်ပေးဖို့ လူထုတွေက အများကြီး မျှော်လင့်ထား ပါတယ်။ ဒါတွေအတွက် တပြိုင်တည်း အများကြီးလုပ်ဆောင်ရမယ့်ကိစ္စပါ။ အစိုးရအနေနဲ့လည်း ဒီတိုးတက် ပြောင်းလဲမှုအတွက် ဆောင်ရွက်နေတယ်လို့ ကျွန်တော် ထင်တယ်။ ဒါဟာ လွယ်တဲ့ အလုပ်တော့ မဟုတ်ပါဘူး။

သံအမတ်အနေနဲ့ ကချင်ပြည်နယ်က တိုက်ပွဲတွေကို စောင့်ကြည့် လေ့လာနေတယ်။ တိုင်းရင်းသား နယ်မြေက တိုက်ပွဲတွေကြောင့် အရပ်သား တသောင်းကျော် အိုးအိမ်စွန့်ထွက်ပြေး ပုန်းရှောင် နေထိုင်ရတယ်လို့ အီးယူကလည်း သတင်းထုတ်ပြန်ထားတယ်။ ဒါနဲ့ပတ်သက်ပြီးသံအမတ်အနေနဲ့ ဘယ်လိုစိုးရိမ်မှုတွေရှိနေလဲ၊ တိုက်ပွဲကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာရော ဘယ်လိုထိခိုက်နိုင်လဲ။

ဒေသခံပြည်သူတွေ ကျန်းကျန်းမာမာရှိဖို့ လူသားချင်း အကူအညီရရှိဖို့က ကျွန်တော်တို့ရဲ့ အဓိက စိုးရိမ်မှုပါ။ သူတို့တွေဟာ အိမ်ကထွက်ပြေးရတယ်။ စစ်ဘေးရှောင်စခန်းနားမှာ တိုက်ပွဲတွေဖြစ်နေတယ်။ အရပ်သားတွေက ပိတ်မိနေတယ်။ ဆိုတော့ အိမ်ကထွက်ပြေးပြီး ဒုက္ခရောက်နေတဲ့ ပြည်သူတွေအတွက် စိုးရိမ်တယ်။ နောက်ပြီး သူတို့ကို သွားရောက် ကူညီမယ့် ဒေသခံအဖွဲ့အစည်းတွေကို ခွင့်မပြုတာတွေဟာ စိုးရိမ်စရာပါ။ နောက်စိုးရိမ်စရာ ကောင်းတာက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက်ပါ။ စစ်ရေးနဲ့ အဖြေရှာလို့ မရပါဘူး။ ဒါဟာ နိုင်ငံနှစ်နိုင်ငံကြားမှာ ဖြစ်တဲ့စစ်ပွဲမဟုတ်ပါဘူး။ မြန်မာပြည် နယ်နိမိတ်အတွင်းမှာ နှစ်ပေါင်း ၆ဝ ကျော် ဖြစ်ပွားတဲ့ စစ်ပွဲပါ။ တွေ့ဆုံညှိနှိုင်းပြီး အဖြေရှာရမှာပါ။ တွေ့ဆုံညှိနှိုင်းဖို့ စားပွဲဝိုင်းထဲ ရောက်လာအောင် ကချင်ကိုဗုံးကြဲလို့လည်းမရပါဘူး။ တရားဝင် အသိအမှတ်ပြုခံရဖို့အတွက် လက်နက်ကိုင်ပြီး တိုက်ယူလို့မရပါဘူ။ ဆိုတော့ တွေ့ဆုံညှိနှိုင်းမှု လုပ်ရပါမယ်။

မေး။ ။ ရခိုင်ပြည်နယ်အရေးကြောင့် မြန်မာအစိုးရကို နိုင်ငံတကာက ဖိအားပေးနေပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ မေလ ၈ ရက်မှာ အီးယူက မြန်မာနိုင်ငံရဲ့ပညာရေးအတွက်ဆိုပြီး ယူရိုသန်း ၂ဝဝ ကျော်ထောက်ပံ့မယ်လို့ ကြေညာခဲ့တယ်။ ဘာဖြစ်လို့အရေးကြီးတဲ့ မဟာဗျူဟာတစ်ခုလို့ ထင်လဲ။

ခင်ဗျားက ဖိအားလို့ခေါ်တယ်။ ကျွန်တော်ကတော့ အားပေးထောက်ခံမှုလို့ ခေါ်ပါတယ်။ မြန်မာဟာ နိုင်ငံတကာမှာ လေးစားခံရတဲ့နိုင်ငံတခုဖြစ်လာဖို့ အားကျဖို့ ကောင်းတဲ့နိုင်ငံတခုပါ။ ဥရောပသမဂ္ဂ က မြန်မာရဲ့မိတ်ဆွေ ဖြစ်တယ်။ မြန်မာကို ထောက်ခံအားပေးနေမယ်။ ဒါပေမဲ့ မြန်မာပြည်မှာ နေထိုင်တဲ့ ပြည်သူတွေအတွက် မျှတမှုရှိရမယ်။ လုံခြုံရေးတပ်ဖွဲ့တွေ အမှန်တကယ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်ခဲ့ရင် တာဝန်ယူ တာဝန်ခံမှုရှိရပါတယ်။

လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ် လို့လည်း ကျွန်တော်တို့ယုံကြည်တယ်။ တချိန်ထဲမှာပဲ ဒီလိုထောက်ပြတာတွေ လုပ်သလို တဖက်မှာလည်း ကျွန်တော်တို့ ထောက်ပံ့ကူညီတာတွေလည်းလုပ်ပါတယ်။ မြန်မာပြည်ရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ပံ့ပိုးကူညီတယ်ဆိုတာ ရှင်းရှင်းလင်းလင်း ပြောထားပြီးသားပါ။ ကျွန်တော်တို့တွေ မိတ်ဆွေကောင်းမှန်ရင် ခင်ဗျားအကူညီလိုတဲ့အချိန်၊ အခက်အခဲနဲ့ရင်ဆိုင်နေ ရတဲ့အချိန်မှာ ကျွန်တော်တို့ ရှိနေပါတယ်။

ဒါကြောင့် ဥရောပသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ်ဒီမိုကရေစီအတွက် အရေးကြီးဆုံး အခန်းကဏ္ဍတခုလို့ယုံကြည်ထားတဲ့ ပညာရေးကဏ္ဍမှာ ရင်းနှီးမြုပ်နှံဖို့ ဆုံးဖြတ်လိုက်တာပါ။ အဲဒီအတွက် ယူရိုငွေသန်း ၂၂၀ ကို ပညာရေးမှာ ထောက်ပံ့ကူညီဖို့ ဥရောပသမဂ္ဂနိုင်ငံတွေအားလုံး သဘောတူ ဆုံးဖြတ်လိုက်ပါတယ်။ ဒီပမာဏဟာ ဥရောပမှာတော့ ဘယ်လောက် တန်ဖိုးရှိလဲ ဆိုတာ အတိအကျမပြောနိုင်ပေမယ့် အဲဒီငွေနဲ့ တိုက်လေယာဉ် ၆ စီးလောက် ဝယ်လို့ရတယ်။ နောက်ပြီး ဒါကအလူငွေတွေပါ၊ ချေးငွေတွေမဟုတ်ဘူး။ ဆိုတော့ မျိုးဆက်သစ်လူငယ်တွေအတွက်အကျိုးရှိမယ့်ပညာရေးနဲ့ တိုက်လေယာဉ် ၆ စီးဟာ ဘယ်ဟာကပိုအရေးကြီးတယ်ဆိုတာ ခင်ဗျားကို ကျွန်တော်မေးချင် ပါတယ်။

မေး။ ။ လက်နက်အရောင်းအဝယ်ပိတ်ဆို့မှုအပြင် ဥရောပသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကိုအားပေးကူညီတဲ့နေရာမှာ တခြားဘာတွေလုပ်နိုင်မလဲ။

နည်းလမ်းအများကြီး ရှိပါတယ်။ ကျွန်တော့်အနေနဲ့တော့ ပြစ်ဒဏ်ပေးတဲ့ နည်းလမ်းထက် စာရင် မက်လုံးပေးတဲ့ နည်းလမ်းကိုပိုပြီး အသားပေးချင်ပါတယ်။ ဒါဟာ အပြုသဘောဆောင်တဲ့ နည်းလမ်းတခုပါ။ ခင်ဗျားလည်း သိမှာပါ၊ မြန်မာနိုင်ငံအနေနဲ့ ဥရောပဈေးကွက်ကို ပို့ကုန်တင်သွင်းခွင့် အပြည့်အဝရှိပါတယ်။ ဥရောပဈေးကွက်ဝင်ရောက်ခွင့်ရှိတဲ့အတွက် မြန်မာပြည်က အထည်ချုပ်လုပ်ငန်းမှာ အလုပ်သမား လေးသိန်းငါးသောင်းကျော် လောက် အလုပ်အကိုင် ဖန်တီးပေးနိုင်ခဲ့တယ်။ အများစုက အမျိုးသမီးတွေပါ။

ဒါက ဥရောပရဲ့ ရင်းနှီးမြုပ်နှံမှုနဲ့ စီးပွားရေးကဏ္ဍမှာ အပြုသဘောဆောင်တဲ့ နည်းလမ်းပါ။ နောက်ပြီး မြန်မာအစိုးရက သူတို့အနေနဲ့ လူ့အခွင့်အရေးကို အလေးထားပြီး နိုင်ငံကိုဖွင့်ထားရင် မြန်မာနိုင်ငံဟာ စီးပွားရေးအရ အားကောင်းတဲ့ နိုင်ငံတနိုင်ငံဖြစ်လာနိုင်တယ်ဆိုတာ ပြသတဲ့သဘောပါပဲ။

တဘက်မှာလည်း အငြင်းအပွား ဖြစ်နေတဲ့ ကိစ္စမှာလည်း လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ပတ်သက်ပြီး ကျွန်တော်တို့စိုးရိမ်ပါတယ်။ အဲဒါကြောင့်လည်း လက်နက်ရောင်းချခွင့်တွေ ပိတ်ပင်ထားပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် မြန်မာက လက်နက်ထပ်ဝယ်ဖို့လိုလားပေါ့။

လက်နက်ထပ်ဝယ်ဖို့ လိုတယ်လို့ ကျွန်တော်မထင်ဘူး။ အိမ်နီးချင်းနိုင်ငံတွေရဲ့ ခြိမ်းခြောက်မှုတွေလည်းမတွေ့ရဘူး။ ရခိုင်ပြည်နယ်က လူ့အခွင့်အရေး ချိုးဖောက်မှုကို တုန့်ပြန်တဲ့အနေနဲ့ မြန်မာကို လက်နက်ရောင်းချခွင့် ပိတ်ပင်မှုကို ဆက်လက်ထား ရှိတယ်။ မြန်မာတပ်မတော်နဲ့ စစ်ရေးပူးပေါင်းတာတွေ ရပ်ဆိုင်းထားပါတယ်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ မြန်မာစစ်တပ်ဟာ အုပ်ချုပ်ရေးကဏ္ဍမှာ အရေးပါတယ်ဆိုတာ ကျွန်တော်တို့ လက်ခံပါတယ်။ ဒါပေမဲ့ ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့အခြေအနေကိုကြည့်ပြီး အခုချိန်မှာ တပ်မတော်နဲ့ ပူးပေါင်းဖို့ ဆိုတာ မဖြစ်နိုင်ဘူး။ နောက်ပြီး ရခိုင်ပြည်နယ်မှာ လူသားအပေါ် ရာဇဝတ်မှု ကျူးလွန်တဲ့ စွပ်စွဲချက် ရှိနေတာကြောင့် အပြစ်ရှိတယ်လို့ ယူဆရသူတွေကို တဦးချင်း ပစ်မှတ်ထားပြီး ခရီးသွားလာခွင့် ပိတ်ပင်တာ၊ သူတို့ရဲ့ပိုင်ဆိုင်မှုကို ချိတ်ပိတ်တာတွေ လုပ်ဆောင်သွားမှာပါ။