ဂျော့ဂျာကာတာ ဆူလတန်နဲ့ 'မ'တော်လှန်ရေး

Eldest daughter in middle and her younger sister on her wedding day ဓာတ်ပုံ မူပိုင် Getty Images
Image caption မိန်းမအလုပ်ဆိုပြီး ခွဲခြားကန့်သတ်တဲ့ မိဘတွေမဟုတ်တာ ကံထူး

ဂျော့ဂျာကာတာ ဆူလတန် စော်ဘွားက ဂျားဗားကျွန်းမှာ တန်ခိုးကြီးပါတယ်။ ဒါပေမဲ့ သူ့သမီးတော် အကြီးဆုံးကို သူ့နေရာဆက်ခံဖို့ စီစဉ်တဲ့အခါ ပြစ်တင်ဝေဖန်တာတွေ ရှိလာပါတယ်။ ဒီအကြောင်း ဘီဘီစီ အင်ဒိုနီးရှား အယ်ဒီတာ ရီဘက်ကာ ဟန့်ရှကီ က သတင်းပို့ထားပါတယ်။

ဂျော့ဂျာမှာ အရင်က စော်ဘွားတွေမှာ ကတော်မယား အများအပြား ရှိတဲ့အတွက် မင်းသားတပါးကို ရွေးရတာ မခက်ဘူး လို့ နန်းတွင်းက အမှုထမ်း ဘီမို က ဆိုပါတယ်။ နန်းတွင်းမှာ သူ့လို အမှုထမ်း ၁၅ဝဝ လောက် ရှိပါတယ်။ ဘီမို့ခါးမှာလည်း ဂျားဗား ဓားကောက်က ချိတ်လို့။

ဆူလတန်ရဲ့ သီးသန့်စံနန်းဆောင်ကို ဝိုင်းထားတဲ့ သစ်ပင်တန်းတွေနား လျှောက်လာရင် ဘီမိုက ဆက်ပြောတယ်။

ဂျားဗား အိမ်တိုင်းမှာ အမျိုးသမီးတွေက တကယ့် အာဏာကို ကိုင်ထားတာလေတဲ့။

အင်ဒိုနီးရှားက မင်ကြောင်နဲ့ ဝန်ကြီးမ

ဓာတ်ပုံ မူပိုင် Getty Images
Image caption ယောက်ျားတွေနဲ့တန်းတူ ကြီးပြင်းလာ

နန်းတွင်းဝင်တဲ့သူတိုင်း ရှေးထုံးစံအတိုင်း တနာရီလောက် ဝတ်စားပြင်ဆင်ရပါတယ်။ ပါတိတ် ထမီအကျပ်၊ ပိုးနက်နဲ့ ချုပ်တဲ့ အင်္ကျီတွေနဲ့ပေါ့။ ဆံပင်ကိုလည်း နောက်လှန်ပြီး ထုံးထားရတယ်။

ဒီနန်းတော်ထဲမှာ သစ်ပင်တွေ စိုက်ထားတာက အစ သူ့ အဓိပ္ပာယ်နဲ့သူပါ။

ဂျားဗား ယဉ်ကျေးမှုမှာ တိုက်ရိုက်မဆိုဘဲ သင်္ကေတနဲ့ အရိပ်ပြတာတွေ များပါတယ်။

အသက် ၇၂ နှစ် ရှိတဲ့ ဆူလတန် စော်ဘွားက မကြာခင်ကပဲ သူ့ဘွဲ့တံဆိပ်ကို ကျားမ မကွဲ သုံးလို့ရအောင် ပြောင်းခဲ့ပါတယ်။

နောက်ပြီး သူ့သမီးတော်ကြီးကိုလည်း ကမ္ဘာကြီးကို ထမ်းထားသူ ဆိုတဲ့ နာမည်အသစ် ပေးပါတယ်။

ဒါက သွယ်ဝိုက်ပြီး သူ့နေရာ ဆက်ခံမယ့် သူဆိုတာကို ပြနေတာ ဖြစ်ပါတယ်။

သူ့နာမည်နဲ့ ဆိုရင် တာဝန်တွေ အများကြီး ယူရမှာပဲလို့ ကျွန်မက ပြောတော့ မင်းသမီးက ရယ်ပါတယ်။

မိသားစုတိုင်း ထုံးစံပဲလေ၊ အကြီးဆုံးဆိုတော့ ကျန်တဲ့ညီမတွေထက် တာဝန်ပိုတာပေါ့၊ အနာဂတ်ကို ဆုံးဖြတ်နိုင်တာကတော့ ကျွန်မတို့ ခမည်းတော် ပါပဲ လို့ မင်းသမီးက အပြုံးလေးနဲ့ ဖြေပါတယ်။

မင်းသမီးက ဒီနန်းဆက်ခံခွင့် ကိစ္စကို လူကြားထဲမှာ ဘယ်တော့မှ ထုတ်မပြောပါဘူး။ တအား သတိထားပါတယ်။

ဒီကိစ္စတွေ မစဉ်းစားဖို့ ကျွန်မကို သွန်သင် ထားကြတာ၊ ဘဝမှာ ပျော်ပျော်နေရတာထက် ပိုပြီး ဆုတောင်းဖို့လည်း မကောင်းဘူးလေ လို့လည်း သူက ဆိုပါတယ်။

ဒါပေမဲ့ အာချေးနဲ့ တခြား မွတ်ဆလင် နိုင်ငံတွေမှာ ဘုရင်မတွေ ရှိဖူးပါတယ်လို့လည်း သူက ဆိုပါတယ်။

အများအကျိုး အတွက် ကိုယ်ကျိုးစွန့်သူ အာရှ အမျိုးသမီးတွေ

Image caption ကမ္ဘာကြီးကို ထမ်းထားသူဘွဲ့ရတဲ့ မင်းသမီး

သူ့ညီမတော် ဟာယု မင်းသမီးကတော့ သူတို့ ညီအစ်မတွေ ရထားတဲ့ အာဏာ အခွင့်အရေးတွေ အကြောင်း ပြောတာ ပိုပြတ်သားပါတယ် ။

သူတို့ အားလုံးကို ဥရောပ၊ အမေရိကန်နဲ့ သြစတြေးလျ ပို့ပြီး စာသင်ခိုင်းတာပါ။ ခုလည်း နန်းတော်ထဲမှာ ယောက်ျားတွေ ကြီးစိုးခဲ့တဲ့ နေရာတွေမှာ သူတို့က ခေါင်းဆောင် တာဝန်တွေ ယူထားပါတယ်။

ကျွန်မ မိဘတွေက ဒါက မိန်းကလေး အလုပ် မဟုတ်ဘူးလို့ ဘယ်တော့မှ မပြောတတ်ဘူး လို့လည်း ဟာယုက အင်္ဂလိပ်လို မွတ်နေအောင် ပြောပါတယ်။

တချို့လူတွေ မကြိုက်ပေမယ့် ဆူလတန် ပြောတာဆိုတော့ ဆင်ခြေကန်လို့ မရဘူး လို့လည်း သူက ရယ်ပြီး ပြောပါတယ်။

မိန်းမတွေ နောက်ချန်နေလို့ မရတော့ဘူး ဆိုတာ အမျိုးသားတွေ သိသင့်တယ်လို့လည်း ဆိုပါတယ်။

'သူတို့ကို နှင်ထုတ်မယ်'

ဆူလတန်ရဲ့ ညီတော် နှမတော်တွေကတော့ ဒီလို သမီးတော်တွေကို အခွင့်အရေးပေးလို့ ဒေါသထွက်ကြပါတယ်။

အခုဆိုရင် သူတို့အများစုက ဆူလတန်နဲ့ အဝင်အထွက် မရှိသလို နန်းတွင်းပွဲတွေကိုလည်း မတက်ကြပါဘူး။

အစ္စလာမ် မင်းမျိုးတွေမှာ ဆက်ခံခွင့် ဆိုတာ အမျိုးသားတွေ အတွက်ပဲလေ၊ ဒီမိန်းကလေးကို ဆူလတန်လို့ ဘယ်လို ခေါ်မှာလဲ လို့ ပရာဘူကူဆူမို မင်းသားကြီးက ရယ်သွမ်းသွေးပါတယ်။

Image caption ဆူလတန်ရဲ့သားချင်းတွေ ဆူလတန်ကို သပိတ်မှောက်

ရာစုနှစ်တွေနဲ့ အဓွန့်ရှည်လာတဲ့ ထုံးတမ်းတွေကို ဖျက်တယ် ဆိုပြီး မင်းသားကြီးက သူ့နောင်တော်ကို စိတ်ဆိုးပါတယ်။ ဒါဟာ အန္တရာယ်ကြီးတယ်၊ သူ့မိသားစု အာဏာမြဲရေး အတွက် သက်သက် လုပ်တာလို့ စွပ်စွဲပါတယ်။

ဆွေမျိုးအချင်းချင်း မို့ ခုချိန်တော့ ဘာမှ မပြောသေးဘူး။ ဆူလတန် နတ်ရွာစံရင်တော့ သူ့မိဘုရားနဲ့ သမီးတော်တွေကို နန်းတော်ထဲက မောင်းထုတ်မယ်လို့ လူထုနဲ့ သဘောတူထားတယ်လို့လည်း ပြင်းပြင်း ထန်ထန် ခြိမ်းခြောက်လိုက်ပါတယ်။

မောင်းကို ထုတ်မှာ၊ သူတို့တွေကို အမျိုးလို့ မသတ်မှတ်တော့ဘူးလို့လည်း ဆိုပါတယ်။

ဘယ်သူ မှန်သလဲ ၊ မှားသလဲ ကြည့်ထားပေါ့တဲ့။

ဘုရင်မ နှစ်ပါး

နန်းတော်အပြင်မှာတော့ လူအများစုက ဒီကိစ္စမှာ ဘက်လိုက်ရမှာ တွန့်ဆုတ်နေကြပါတယ်။ နန်းတော်က ဆုံးဖြတ်တာပဲ လက်ခံမယ်လို့ ဆိုပါတယ်။

Image caption မိန်းမဆူလတန်ကို တောင်ပင်လယ် ဘုရင်မက ကြိုက်ပါ့မလား

ဒါပေမဲ့ စော်ဘွားရဲ့ နောက်လိုက်နောက်ပါတွေကြားမှာတော့ ဒီလို အမျိုးသမီး ဆူလတန် ဖြစ်လာရင် တောင်ပင်လယ် ဘုရင်မ ဘယ်လို ထင်မလဲ စိုးရိမ်တာတွေ ရှိပါတယ်။



ဂျားဗားမင်းဆက်တွေက ၁၆ ရာစု ကတည်းက ဒီနယ်မြေမှာ ကြီးစိုးခဲ့ကြတာပါ။ အခု မွတ်ဆလင် ဖြစ်နေတဲ့ မင်းတွေမှာ အရင်က ကိုးကွယ်ခဲ့တဲ့ ဟိန္ဒူဝါဒ၊ ဗုဒ္ဓဝါဒနဲ့ နတ်ကိုးကွယ်မှုတွေရဲ့ အငွေ့အသက်တွေကလည်း ခုထိ ရှိနေပါတယ်။

ရိုးရာအရ ဂျော့ဂျာ ဆူလတန်ဟာ ကီဒူး နတ်သမီးကြီးကို နတ်ကြင်ယာ အဖြစ် မြှောက်စားရတယ်လို့ ယုံကြည်ကြပါတယ်။

ဆူလတန်နဲ့ တောင်ပင်လယ် ဘုရင်မ ကီဒူးတို့ကြား ပေါင်းဖက်ရတယ် ဆိုတဲ့ ထုံးစံရှိတယ်၊ ဒါမှ ငြိမ်းချမ်းသာယာတာလို့ ဆူလတန်ရဲ့ညီတော် ယုဒါနင်ဂရတ်က ရှင်းပြပါတယ်။

ဆူလတန်ရဲ့ လက်သည်းခြေသည်းနဲ့ ဆံစတွေကို နှစ်တိုင်း ပင်လယ် ဘုရင်မဆီ ဆက်သရပါတယ်။ ဂျော့ဂျာမြို့နားက လှုပ်ရှားနေတတ်တဲ့ မီရာပီ မီးတောင်က ဘီလူးကြီးကိုလည်း ဒါတွေနဲ့ ပသရပါတယ်။

Image caption အနှစ်ရာချီကြာပြီဖြစ်တဲ့ နန်းထုံးစံတွေ

မီးတောင်နဲ့ နန်းတော်၊ အိန္ဒိယ သမုဒ္ဒရာ ဒီ သုံးခုဟာ လေးမြတ်ကော်ရော်ရာ ဖြစ်လာပြီး လူတွေအတွက် စိတ်လုံခြုံမှု ရှိလာပါတယ်။

ဘုရင်မ နှစ်ပါး ဖြစ်နေရင် သူတို့ ဘယ်လို ပေါင်းဖက်ကြမှာလဲ မပြောတတ်တော့ဘူးလို့ နန်းတော် အပြင်ဘက်က ခရီးသွား လမ်းညွှန် ဆူဝမ်တိုက ပြောပါတယ်။

ဒီကိစ္စကို နန်းတော်ထဲက လမ်းညွှန် ဘီမိုကို မေးတော့ ဒါဟာ မေးခွန်းကောင်း တခုပဲလို့ သူက ကျွန်မကို ရယ်ပြီး တုံ့ပြန်ပါတယ်။

တောင်ပင်လယ် နတ်ဘုရားမနဲ့ မီးတောင်နတ်ကြီးအကြား ညီမျှအောင် ဆူလတန်က ထိန်းထားရတာပါ။ တချို့လူတွေက မီးတောင်စောင့်နတ်ကို မေ့နေကြတယ်။ ဆူလတန်က ဂျော့ဂျာ ပြည်သူတွေအတွက် ပညာရှိရှိ ဆုံးဖြတ်ပေးမှာပါလို့ သူက ဆိုပါတယ်။

စိန်ခေါ်နေတဲ့ အခက်အခဲများ

ဂျော့ဂျာ ဆူလတန်ဟာ ပြည်နယ် အုပ်ချုပ်ရေးမှူး အနေနဲ့ မြို့ရေး နယ်ရေးတွေကိုလည်း ဆုံးဖြတ်ရပါတယ်။

အင်ဒိုနီးရှား လွတ်လပ်ရေး ရတဲ့အခါ ဂျော့ဂျာကာတာ ဆူလတန် မိသားစုက တော်လှန်ရေးမှာ ကူညီခဲ့တဲ့ ကျေးဇူးတွေကို ထောက်ထားပြီး သူတို့ အာဏာတွေကို အစိုးရက မရုပ်သိမ်းခဲ့ပါဘူး။

ဒါကြောင့် တနိုင်ငံလုံး ဒီနေရာမှာပဲ တိုက်ရိုက် ရွေးကောက်တာ မဟုတ်တဲ့ ခေါင်းဆောင် ကို တွေ့ရတာပါ။

၂ဝ၁ဝ တုန်းက ဒီစနစ်ကို ပြင်မယ်လို့ အစိုးရ စဉ်းစားတော့ ဂျော့ဂျာ လမ်းတွေမှာ လူတွေထွက် ဆန္ဒပြကြလို့ ဗဟိုအစိုးရ နောက်ပြန်ဆုတ်သွားပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption အင်ဒိုနီးရှားမှာ နောက်ဆုံးကျန်တဲ့ ဆူလတန်စော်ဘွားနယ်

ဆူလတန် ဒသမမြောက် ဟာမန်ကူဒူဝမ်အိုဟာ နိုင်ငံရေးနဲ့ စီးပွားရေး မျှော်မှန်းချက်တွေ ကြီးတဲ့ ခေတ်သစ် ခေါင်းဆောင် တယောက် ဖြစ်သလို အဝေဖန် ခံရတာတွေလည်း ရှိပါတယ်။

မီရာပီ မီးတောင်ကြီး ၂ဝဝ၆ ခုနှစ်က ပေါက်တော့ သူက ရွာသားတွေ ဘယ်အချိန် ပြေးရမယ် ဆိုတာ သိဖို့ နန်းတော်က လူတွေထက် သိပ္ပံ ပညာရှင်တွေ ပြောတာပဲ နားထောင်ဖို့ အကြံပေးခဲ့ပါတယ်။

ဂျော့ဂျာကာတာလို ယဉ်ကျေးမှု မြို့တော်ကို ကုန်တိုက်တွေ၊ ဆိုင်းဘုတ်ကြီးတွေနဲ့ အထပ်မြင့် အဆောက်အအုံတွေ ရှိတဲ့ မြို့ ဖြစ်အောင် လုပ်တယ် ဆိုပြီး တချို့ကလည်း သူ့ကို မကြိုက်ကြပါဘူး ။

မှော်ဆန်တဲ့ အစ္စလာမ်

ဂျားဗားကျွန်းရဲ့ အလယ်အလတ်ကျတဲ့ အစ္စလာမ်အယူ၊ ဆူလတန်နဲ့ နန်းတွင်းကို ကိုယ်စားပြုတဲ့ ရိုးရာ ယဉ်ကျေးမှုနဲ့ နွယ်တဲ့ အစ္စလာမ်အယူကို စိန်ခေါ်နေတဲ့ ကာလတွေ ရှိလာပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဆူလတန်နဲ့ ချားလ်စ်မင်းသား

ရုပ်တု ကိုးကွယ်တာ၊ တဆူထက်မကတဲ့ ဘုရားတွေ ကိုးကွယ်တာ ဒါတွေက အစ္စလာမ်မှာ အယူသည်းတဲ့ ဝါဟာဘီ ဝါဒီတွေနဲ့ ဝိရောဓိ ဖြစ်လာပါတယ်။

ဝါဟာဘီ အယူကို ဂျားဗားမှာ လူကြိုက်များလာပါတယ်။

နန်းတော်ရဲ့ လူမှု ဝက်ဆိုက်တွေကို ကိုင်တွယ်ရာမှာ ရှေးရိုးစွဲ အမြင်နဲ့ မှတ်ချက်တွေ တွေ့ရတယ်လို့ ဟာယု မင်းသမီးက ပြောပါတယ်။

ဒီမှာ လုပ်ဆောင်နေတဲ့ ထုံးစံတွေနဲ့ ကိုရမ်ကျမ်းမှာ ပါတာတွေ ထပ်တူ မဖြစ်တာ အကြောင်းတွေ ရှိပါတယ်၊ ဒါပေမဲ့ ကျွန်မတို့ မသင့်တော်တဲ့ အမူအကျင့်တွေလည်း မလုပ်ပါဘူးလို့ ရယ်ပြီး ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption နန်းတော်ကို ဖွင့်ပြမှ ယဉ်ကျေးမှုရှင်သန်မယ်

ဒါ အစ္စလာမ် နယ်မြေပါ။ ဒီမှာ အရှေ့အလယ်ပိုင်းက လူတွေလို သွားလာနေထိုင်ဖို့၊ သိပ်ပြီး ဘာသာရေး ကိုင်းရှိုင်းပြနေဖို့ မဟုတ်ပါဘူး။ ကျွန်မတို့ နေ့စဉ်ဘဝမှာ အစ္စလာမ်က အမြဲဆက်စပ် နေတာပါ လို့လည်း ဟာယု မင်းသမီးက ဆိုပါတယ်။

ရှေးတုန်းက ဂျားဗား မင်းဆွေမင်းမျိုးတွေဟာ သူတို့မူနဲ့ သူတို့ သီးသန့် နေရတာ၊ ရိုးရာ ယုံကြည်မှုတွေနဲ့ စိမ့်ဝင်နေတာကို ဂုဏ်ယူကြပါတယ်။ ဒါတွေ မပျောက်ပျက်ဖို့ ဆိုရင် နန်းတော်ကို လူထုနဲ့ နီးစပ်အောင် နေမှ ယဉ်ကျေးမှု က ရှင်သန်နေမှာလို့ သူက ဆိုပါတယ်။

ဒီလိုနဲ့ လူငယ်တွေ ဂျားဗား ယဉ်ကျေးမှုနဲ့ ဝေးကွာ မသွားတော့ဘဲ ရှိနေပါတယ်၊ တကယ်လို့ ကျွန်မတို့ ယဉ်ကျေးမှု မူတွေ ပျောက်ရင် ဘယ်တော့မှ ပြန်ရမှာ မဟုတ်ပါဘူး လို့လည်း မင်းသမီးက ပြောပါတယ်။

ဂျားဗားကျွန်းမှာ အမျိုးသမီးငယ်တွေ ခေါင်းစီးစီးတာ ပိုများလာပေမယ့် နန်းတော်ထဲမှာတော့ ခွင့်မပြုပါဘူး။

နန်းတော်ထဲ အမျိုးသမီးတွေ ဝင်လာရင် သူတို့ ခေါင်းဆောင်းတွေ ချွတ်ပြီး အပြန်ကျမှ ပြန်စီးပါတယ်လို့ မိဘုရားကြီး ရာတုဟေမတ်စ်က ပြောပါတယ်။

ဒါ ဘာသာရေးကြောင့် မဟုတ်ပါဘူး။ ကျွန်မတို့ ယဉ်ကျေးမှု ထုံးစံတွေကာကွယ်ဖို့ပါ။ ပြည်သူတွေကလည်း ဒါကို နားလည်ပါတယ်၊ ဆူလတန်က ဘာသာအားလုံးရဲ့ အထက်မှာပါ လို့လည်း သူက ဆိုပါတယ်။

ဒါပေမဲ့ ဒီလို ပြောတာဆိုတာတွေက ကနေ့ အင်ဒိုနီးရှားမှာ အန္တရာယ် ရှိနေပါတယ်။

အင်ဒိုနီးရှား ပထမဆုံး သမ္မတ ဆူကာနိုရဲ့ သမီး ဆူကမာဝတီကို တောင် မကြာခင်က ဂျားဗားဆံထုံးက မွတ်ဆလင် ခေါင်းစီးထက် ပိုကောင်းတယ် ဆိုပြီး ကဗျာထဲ ထည့်စပ်တယ် ဆိုပြီး ဘာသာ သာသနာ စော်ကားမှုနဲ့ ရဲတိုင်ပြီး အတောင်းပန်ခိုင်းတယ် လို့ သိရပါတယ်။

Image caption ထုံးတမ်းတွေ သွေဖည်တာ မိဘုရားကြီးကြောင့်လား

ဆူလတန်ရဲ့ သားချင်းတွေကတော့ ဒီလို ထုံးတမ်းတွေက သွေဖည်တာ မိဘုရားကြီးကြောင့်လို့ စွပ်စွဲကြပါတယ်။

မိဘုရားကြီး ကိုယ်တိုင်ကလည်း အင်ဒိုနီးရှား လွှတ်တော်မှာ အမတ် ဖြစ်နေတာပါ။

သူ့သမီးတော်တွေကို အမျိုးသားတွေနဲ့ တန်းတူလို့ ယုံကြည်လက်ခံလာအောင် ပျိုးထောင် ပေးထားတယ်လို့ မိဘုရားကြီးက ဆိုပါတယ်။

သမီးတွေကို ၁၅ နှစ်ထဲက နန်းတော်က ထွက်ပြီး အပြင်မှာ စာသင်ဖို့၊ သိလာတဲ့ ပညာတွေ ပြန်ယူလာဖို့ ပြောထားတယ် လို့လည်း သူက မိန့်ပါတယ်။

သူတို့ကို ခေါင်းဆောင် လုပ်ဖို့ မွမ်းမံပေးနေတာလား မေးတော့ ဆုံးဖြတ်ချက်က ဆူလတန်ရဲ့ လက်ထဲမှာပါ လို့ပဲ သူက ဖြေပါတယ်။

ဒါပေမဲ့ ဆက်ခံမှုကတော့ မျိုးရိုးအတိုင်းပဲ ဖြစ်ရမယ်လေ၊ ဒီတော့ သိပ်နက်နက် တွေးစရာ မလိုပါဘူး ၊ အပြောင်းအလဲတိုင်းမှာ အာဏာ လွန်ဆွဲတာ ပဋိပက္ခဆိုတာတွေ ဖြစ်တတ်မြဲပါလို့လည်း မိဘုရားကြီးက ပြောလိုက်ပါတယ်။