လမ်းဘေးခွေးအန္တရာယ် အထိရောက်ဆုံး ဘယ်လို ထိန်းချုပ်မလဲ

Image caption လမ်းတိုင်းမှာလို လေလွင့်ခွေး အုပ်လိုက်ရှိနေ

"အလုပ်ကြောင့် အိမ်ပြန်နောက်ကျပြီ ဆိုရင် လမ်းပေါ်မှာ အုပ်စုလိုက် ဖွဲ့နေတဲ့ ခွေးလေခွေးလွင့်တွေရဲ့ ရန်က အင်မတန် ကြောက်ဖို့ ကောင်းတယ်။ အရင်တစ်ပတ်ကပဲ သူငယ်ချင်းတစ်ယောက် ညမိုးချုပ် အိမ်အပြန် လမ်းဘေးခွေးတစ်ကောင် နောက်က အလစ်ဝင်ဆွဲတာ ခံခဲ့ရတယ်။ ဘယ်သူ့သွားတိုင်လို့ သွားတိုင်ရမှန်း မသိ၊ ဘယ်သူက တာဝန်ယူမယ်မှန်း မသိ၊ သူငယ်ချင်းတော့ ခွေးရူးရောဂါကြောက်လို့ ကာကွယ်ဆေး ထိုးလိုက်ရတယ်။"

ခွေးအန္တရာယ်ကို အကောင်းဆုံး ဘယ်လို ထိန်းချုပ်ကြမလဲ ဆိုတဲ့ ခေါင်းစဉ်အောက် ဆွေးနွေးခဲ့တဲ့ ဘီဘီစီမြန်မာပိုင်းရဲ့ အစီအစဉ်တစ်ခု မှာ ရန်ကုန်က ကိုလူဇော် ဆိုသူ ပြောခဲ့တဲ့ စကားတွေပါ။

ခွေးလေ ခွေးလွင့် အန္တရာယ်ကို ထိန်းချူပ်နိုင်ဖို့ အဆိပ်ကျွေး သတ်မယ် ဆိုတဲ့ အသံမျိုး ထွက်လာတိုင်း ဒီလိုနည်းမျိုး မသုံးဖို့ ကန့်ကွက်သံတွေ၊ လမ်းဘေးခွေး အန္တရာယ် ဘယ်လောက်ကြီးတယ် ဆိုတဲ့ တုံ့ပြန်သံတွေနဲ့ ဆိုရှယ်မီဒီယာပေါ်မှာက အစ အငြင်းအခုံတွေ ပြင်းထန် လာစမြဲ ဖြစ်ပါတယ်။

Image caption ပေါက်ဖွားမှုကို မထိန်းချုပ် နိုင်တာက အဓိက အချက်လို့ ဝေဖန်သူတွေ ထောက်ပြ

သူနေထိုင်ရာ ပုဇွန်တောင် ရေကျော်လမ်းမကြီးမှာ ဆိုရင် လမ်းဘေးခွေး ပေါက်ဖွားနှုန်းက တစ်နှစ်ထက်တစ်နှစ် ပိုများလာနေတယ်လို့ ကိုလူဇော်က ဆိုပါတယ်။

အထူးသဖြင့် ညဆိုရင် ခွေးတွေ အချင်းချင်း မန်ဖီကိုက်ခဲ သတ်ပုတ်သံတွေ၊ လူတွေကို ရန်မူသံတွေနဲ့ ဆူညံလို့ နေတယ်လို့ ကိုလူဇော်က လမ်းဘေး ခွေးလေခွေးလွင့်ဒဏ် ခံနေရပုံကို ပြောပါတယ်။

ခွေးတွေကို ထမင်းထွက်ကျွေးတဲ့သူတွေ၊ ပလက်ဖောင်း ဘေးလို နေရာတွေမှာ အိပ်ဖို့ အခင်းလေးတွေ လုပ်ထားပေး သူတွေ တချို့ ရှိပေမယ့် တာဝန်ယူ မွေးမြူတာမျိုး မဟုတ်ပဲ ခွေးဆွဲခံရ ကိုက်ခံရပြီ ဆိုရင် ဖြေရှင်းပေးမယ့်သူ မရှိဘူးလို့ ဆိုပါတယ်။

စမ်းချောင်းမြိုနယ်မှာ ဆိုရင်လည်း လမ်းဘေးခွေးအန္တရာယ် အင်မတန် ဆိုးနေလို့ ဆိုပြီး ရပ်ကွက်နေ ပြည်သူတွေ ဝိုင်းဝန်း တိုင်လာကြတယ်လို့ တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးသော်တာအောင်က ရန်ကုန်တိုင်း ဒေသကြီး အစိုးရထံ စာတင် ခဲ့ပါတယ်။

Image caption ခွေးရူးကာကွယ်ဆေး ထိုးပေးတဲ့ ပရဟိတ အဖွဲ့တွေလည်းရှိနေ

လမ်းတွေလမ်းတွေတိုင်းမှာ အုပ်စုလိုက်တွေ ဖြစ်နေတဲ့ ခွေးအရေအတွက်ဟာ အထိန်းချုပ်မရှိတဲ့ အတွက် ပိုတိုးသထက် တိုးလာပြီး ညဘက် အချိန်တွေ မှာတင်မက နေ့ခင်းဘက် ကျောင်းသွားချိန်မှာပါ ကလေးတွ အတွက် အင်မတန် စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်တယ် ဆိုပြီး ဦးသော်တာအောင်က ပြောပါတယ်။

လမ်းဘေးခွေး အကိုက်ခံရတဲ့နောက် ခွေးရူးပြန်ရောဂါနဲ့ အသက်ဆုံးရှုံးတဲ့ အထိ ဖြစ်လာခဲ့လို့ လူတွေရဲ့ စိုးရိမ်မှု အမြင့်ဆုံးထိ ရောက်လာတယ် ဆိုပြီး ဦးသော်တာအောင်က ပြောပါတယ်။

သူ့ အနေနဲ့ ဒီပြဿနာ အကြောင်း ရန်ကုန်မြို့တော်ဝန်နဲ့ တိုက်ရိုက် စကားပြော ထားတယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးသော်တာအောင်က ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလ အကုန်ပိုင်းကတင် လမ်းဘေး ခွေး ၁ဝ ကောင် ရှင်းလင်း ခဲ့တယ် ဆိုတဲ့ တုံ့ပြန်မှုမျိုး ရန်ကုန်မြို့တော် စည်ပင်ကနေ အကြောင်းကြားလာမျိုး ရှိခဲ့တယ်လို့ ဦးသော်တာအောင်က ပြန်ပြောင်း ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
လွတ်လပ်အတွေးဆွေးနွေးဖလှယ်

ဦးသော်တာအောက် လက်ခံ ရရှိခဲ့တဲ့ စာအရတော့ စည်ပင်သာယာက အဆိပ်ကျွေး သတ်ဖြတ်တဲ့ ပုံစံမျိုး ပြုလုပ်တာ မဟုတ်ပဲ မေ့ဆေးနဲ့ ဖမ်းပြီး လှိုင်သာယာမှာ ရှိတဲ့ ခွေးဂေဟာကို ပို့ခဲ့တာမျိုး ဖြစ်ပါတယ်။

နွေဦးပေါက်ချိန် ခွေးရူးအန္တရာယ် ကာကွယ်ဖို့ ဆိုပြီး အမဲလုံးပစ်တယ်လို့ လူအများကြား အသိများတဲ့ ဖြေရှင်းပုံမျိုး အဆိပ်ကျွေး သတ်ဖြတ်တဲ့ နည်းကို အာဏာပိုင်တွေ ဘက်က ခေတ်အဆက်ဆက် လုပ်လေ့လုပ်ထ ရှိခဲ့ပါတယ်။

အခု နောက်ပိုင်းနှစ်တွေမှာတော့ အခြေအနေတွေ ပြောင်းလဲ လာပါတယ်။

အာဏာပိုင်တွေရဲ့ လုပ်ပုံလုပ်နည်းတွေ အပေါ် ဝေဖန် ဆန်းစစ်ခွင့်၊ အခွင့်အရေး တောင်းဆို ခွင့်တွေ ပိုမို ရလာတဲ့ နိုင်ငံရေး အပြောင်းအလဲနဲ့အတူ လမ်းဘေးခွေးတွေကို အဆိပ်ကျွေးသတ်တဲ့ အလေ့အကျင့် အပေါ်မှာလည်း ထောက်ပြ ဝေဖန်သံတွေ၊ ကန့်ကွက်သံတွေ ဆူဆူညံညံ ရှိလာပါတယ်။

တိရိစ္ဆာန်အခွင့်အရေး ကာကွယ်တဲ့ လှုပ်ရှားမှု ပုံစံတမျိုး အဖြစ် ခွေးချစ်သူတွေလည်း အစုအဖွဲ့တွေ အဖြစ် စုစည်း လှုပ်ရှားတာတွေ ရှိလာခဲ့ပြီး လမ်းပေါ်တင် အဆိပ်ကျွေး သတ်တာဟာ ကြမ်းကြုတ်ရက်စက်တဲ့ အလေ့အကျင့် အဖြစ် ဝေဖန် ထောက်ပြတာတွေ၊ အနာတရ ဖြစ်နေတဲ့ ပိုင်ရှင်မဲ့ခွေးတွေကို ကယ်တင်ပြီး ခွေးဂေဟာဖွင့် ပြုစု စောင့်ရှောက်ပေးတာတွေ တွေ့မြင် လာရပါတယ်။

ဓာတ်ပုံ မူပိုင် Myat Thet Mon Facebook
Image caption လှည်းကူး မင်းကုန်းက ခွေးဂေဟာ

ရန်ကုန်မြို့လယ် ဧရိယာ အဖြစ် သတ်မှတ်ထားတဲ့ လမ်းမတော်၊ လသာ၊ ပန်းပဲတန်းနဲ့ စမ်းချောင်းမြို့နယ်တွေ ထဲမှာ ခွေးရူး ရောဂါ ကာကွယ်ဆေး ကြိုတင် ထိုးတာမျိုး၊ မျိုးပွားမှု လျှော့ချနိုင်ဖို့ ခွဲစိတ်တာမျိုးတွေ ပြုလုပ် ထားတယ်လို့ ရန်ကုန်စည်ပင်ရဲ့ တိမွေးကုနဲ့ သားသတ်ဌာန လက်ထောက် ဌာနမှူး ဒေါက်တာ လှမေဦးက ဘီဘီစီကို ပြောပါတယ်။

မြို့နယ်တွေတိုင်း အလားတူ လုပ်ငန်းတွေ လုပ်သွားနိုင်ဖို့လည်း ကြိုးစား နေတယ်လို့ ဒေါက်တာ လှမေဦးက ဆိုပါတယ်။

ကာကွယ်ဆေးထိုးတာ၊ မျိုးမပွားအောင် လုပ်တာ ဆိုတဲ့ နည်းတွေဟာ လေလွင့်ခွေး အန္တရာယ် တားဆီးရေးမှာ နိုင်ငံတကာရဲ့ လုပ်နည်းလုပ်ဟန် ဖြစ်တယ်လို့ ဆိုပါတယ်။

အဆိပ်ကျွေး သတ်ဖြတ်တဲ့ လုပ်နည်းလုပ်ဟန်မျိုးကို ရန်ကုန်စည်ပင်က စီမံကိန်းအသွင် ချမှတ် ဆောင်ရွက်တာမျိုး မလုပ်တော့ပေမယ့် လမ်းဘေးခွေး အန္တရာယ် အင်မတန် ဆိုးနေတယ်လို့ တိုင်ကြားမှုတွေ ရှိနေတဲ့ နေရာတချို့ မှာတော့ အဆိပ်ချတဲ့ လုပ်နည်း ဆက်ပြီး သုံးတဲ့ ဖြစ်ရပ်တွေ အနည်းအကျဉ်း ရှိနေဆဲလို့ ဒေါက်တာ လှမေဦးက ပြောပါတယ်။

Image caption ရန်ကုန်လမ်းတွေပေါ် မင်းမူထားတဲ့ ပိုင်ရှင်မဲ့ ခွေးတွေ

အဆိပ်မိလို့ ၊ ကားတိုက်လို့ သေဆုံးသွားတဲ့ ခွေးသားအုပ်မကြီးက ကျန်ခဲ့တဲ့ ခွေးပေါက်လေးတွေ ဆိုရင် ပြုစု စောင့်ရှောက် ပေးနေတယ်လို့ ခွေးဂေဟာ တစ်ခု ဖွင့်ထားတဲ့ မမြသက်မွန်က ဆိုပါတယ်။

ရပ်ကွက်ထဲ ခွေးဆိုးစာရင်းပေါက်ပြီး လူတွေက ဝိုင်းရိုက်တာ ခံရလို့ ထိခိုက် ဒဏ်ရာ အကြီးအကျယ် ရထားတဲ့ ခွေးတွေကိုလည်း ဦးစားပေး ကယ်တင်တယ်လို့ မမြသက်မွန်က ဆိုပါတယ်။

လေလွင့်ခွေးတွေ များလွန်းလို့ လူတွေကို ဒုက္ခပေးနိုင်တဲ့ အဖြစ်ကို ကောင်းကောင်း သဘောပေါက် သလို ကြမ်းကြုတ် ရက်စက်တဲ့ နည်းတွေသုံးပြီး ဖြေရှင်းတဲ့ ပုံစံမျိုးကိုတော့ လက်မခံနိုင်ဘူးလို့ မမြသက်မွန်က ပြောပါတယ်။

မမြသက်မွန်ဟာ လှည်းကူး၊ မင်းကုန်း မှာ ခွေးစောင့်ရှောက်ရေး ဂေဟာ ဖွင့်ထားသလို ဂေဟာကိုမပို့ခင် ဆေးဝါး ကုသပေးဖို့ လိုနေတဲ့ ခွေးတချို့ကိုလည်း သူ့ရဲ့ ရန်ကုန် ကျောက်ကုန်းခြံထဲမှာ စောင့်ရှောက် ပေးနေသူ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Myat Thet Mon Facebook
Image caption ခွေးတွေကို တနိုင်တပိုင် စောင့်ရှောက်တဲ့ ပုဂ္ဂလိက ဂေဟာတွေ ပေါ်ပေါက်လာ

အရွယ်ရောက် ခွေးမတစ်ကောင်ဟာ တစ်နှစ်မှာ နှစ်ကြိမ် သားပေါက် လေ့ရှိပြီး၊ တခါပေါက်ရင် လေးငါးကောင် ကနေ ဆယ်ကောင်ကြားထိ ရှိနိုင်ပါတယ်။

ဒါ့ကြောင့် သားဆက်ခြားမှု ထိရောက်စွာ မလုပ်နိုင်ရင် ခွေးမတစ်ကောင်ကနေ တစ်နှစ်ကို အများဆုံး အကောင် နှစ်ဆယ် ဝန်းကျင်ထိကို တိုးပွားလာနိုင်ပါတယ်။

သားဆက်ခြားတဲ့ လုပ်ငန်း အသေအချာ ဆောင်ရွက်ထားရင် သားပေါက်နှုန်းကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်တဲ့ ရလဒ်ကောင်းတွေ ရှိထားတယ်လို့ ရန်ကုန် တက္ကသိုလ်ဝင်းထဲ ပြုလုပ်ခဲ့တဲ့ စီမံကိန်းတွေကို ရည်ညွှန်းကိုးကားပြီး ဒေါက်တာ လှမေဦးက ဆိုပါတယ်။

လိုအပ်တဲ့ ဆေးတွေ၊ ခွဲစိတ် ပစ္စည်းတွေသာ အလုံအလောက် ရှိမယ် ဆိုရင် ရန်ကုန် ၃၃ မြို့နယ်စလုံးမှာ လေလွင့်ခွေးတွေကို ကာကွယ်ဆေး ထိုးပေးတဲ့ လုပ်ငန်း၊ မျိုးပွားမှု ထိန်းချုပ်ရေး လုပ်ငန်းတွေကို နှစ် အနည်းငယ် အတွင်းမှာပဲ အောင်မြင် ပြီးစီးအောင် ပြုလုပ် နိုင်မှာ ဖြစ်တယ်လို့ ဒေါက်တာ လှမေဦးက ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဝဒေသထဲ ရှားပါး တောရိုင်း တိရိစ္ဆာန်တွေ အတားဆီးမဲ့ ရောင်းဝယ်နေ