ပဲပြားထဲကဖော်မလင်၊ တီလားပီးယားထဲက ပဋိဇီဝဆေးမှသည် မုန့်ဟင်းခါးထဲက တံတွေးစက်များ

Image caption မြန်မာနိုင်ငံက ဝက်အူချောင်းတွေမှာ ယမ်းစိမ်းကို ခွင့်ပြုသတ်မှတ်ချက်ထက်ပိုမိုသုံးစွဲမှုရှိနေ

ရန်ကုန်မြို့နဲ့ အနီးတဝိုက်မှာ ရောင်းချတဲ့ မုန့်ဟင်းခါး၊ ပဲပြား၊ ပဲသွေးတွေမှာ ဖော်မလင်ပါဝင်နေတာကို ၂၀၁၇ ခုနှစ်နဲ့ ၂၀၁၈ ခုနှစ်အတွင်း စားသောက်ကုန်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က အကြိမ်ကြိမ် စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

ကိုယ်စားမယ့် အစားအသောက်ကို ဘယ်လောက်ယုံကြည်စိတ်ချရသလဲ။ မြန်မာနိုင်ငံက စားသောက်ကုန်တွေအနက် ဘယ်စားသောက်ကုန်တွေမှာ ဘယ်လို ပြဿနာတွေရှိနေပါသလဲ။

ဖော်မလင်၊ မုန့်ဟင်းခါး၊ပဲပြား၊ပဲသွေး

တာမွေစျေးနားက ဆိုင်တဆိုင်မှာ မုန့်ဟင်းခါးစားနေတဲ့ ကျောင်းသူတယောက်ကို မုန့်ဟင်းခါး၊ ပဲပြား၊ ပဲသွေးတွေနဲ့ပတ်သက်ပြီး ဘယ်လောက်ယုံကြည်စိတ်ချသလဲလို့ မေးမြန်းကြည့်တော့ ပဲသွေးစားပြီး ဝမ်းလျှောတာကို ကိုယ်တိုင် ဖြစ်ဖူးတယ်လို့ပြောပါတယ်။ မုန့်ဟင်းခါးမှာ ဖော်မလင် ပါမပါဆိုတာ သူမသိနိုင်ပေမယ့် မရှောင်နိုင်တဲ့အတွက် စားသုံးနေရတယ်လို့ ဆိုပါတယ်။

မုန့်ဟင်းခါးဟာ မြန်မာနိုင်ငံအောက်ပိုင်းမှာ မနက်စောစာအဖြစ် လူအများအပြားက စားသုံးလေ့ရှိကြတဲ့အတွက် FDA က ဦးစားပေး စစ်ဆေး အရေးယူမှုတွေ အင်တိုက်အားတိုက်လုပ်ခဲ့ပါတယ်။

ဌာနပေါင်းစုံ အဖွဲ့ စျေးကွက်ထဲထိ ဝင်စစ်ဖို့လို

အစားအသောက်ထဲက ဓာတုဆိုးဆေး အန္တရာယ်

Image caption မုန့်ဟင်းခါးဟာ မြန်မာနိုင်ငံအောက်ပိုင်း နေရာအနှံ့အပြားမှာ လူအများ မနက်စောစာ အဖြစ်စားသုံးလေ့ရှိ

ဖော်မလင်ဟာ တကယ်တော့ လူသေလောင်းတွေ မပုပ်မသိုးအောင်စီရင်ရာမှာ အသုံးပြုတဲ့ ဓာတုပစ္စည်းပါ။ စားသောက်ကုန်တွေမှာ အသုံးပြုခွင့်ရှိတဲ့ ပစ္စည်း မဟုတ်ပါဘူး။ ဒါပေမယ့် စားသောက်ကုန်တွေ မပုပ်မသိုးအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တချို့ စားသောက်ကုန်တွေထဲမှာ စည်းကမ်းမဲ့ ထည့်သွင်းလာတာကို FDA က တွေ့ရှိလာတဲ့အတွက် အရေးယူခဲ့ရပါတယ်။

ဖော်မလင်ပါတဲ့ အစားအစာကို စားမိရင် ဗိုက်နာတာ၊ ဝမ်းသွားတာ၊ အော့အန်တာကနေ သတိလစ်တာအထိဖြစ်နိုင်ပါတယ်။ ကြာရှည်စားသုံးမိရင် ကျောက်ကပ်၊ အသည်း၊ နှလုံးတွေကိုထိခိုက်နိုင်ပါတယ်။ ကင်ဆာရောဂါ အထိ ဖြစ်ပွားနိုင်ပါတယ်။

FDA က သီရိမင်္ဂလာစျေး၊ အင်းစိန်စျေးကြီးတွေမှာ စစ်ဆေးရာမှာ ဖော်မလင်ပါကြောင်းတွေ့ရှိတဲ့ ပဲပြားတွေ၊ ပဲသွေးတွေကို ထိန်ပင်သုသာန်အထိသယ်ဆောင်ပြီးဖျက်ဆီးခဲ့ပါတယ်။ လှိုင်သာယာမှာရှိတဲ့ ပင်ရင်း ထုတ်လုပ်သူတဦး ကိုလည်း တရားစွဲဆိုခဲ့ပါတယ်။

ပဲသွေးကိုစစ်ဆေးရာမှာတော့ ဖော်မလင်ပါဝင်ရုံသာမက ပဲစစ်စစ်နဲ့ ပြုလုပ်ထားတာ မဟုတ်ဘဲအမဲသွေးနဲ့ပြုလုပ်ပြီးပဲသွေးနာမည်တပ်ရောင်းချနေတာကို တွေ့ရတဲ့အတွက် ပဲသွေးထုတ်လုပ်ရောင်းချမှုကို လုံးဝတားမြစ် ထားတယ်လို့ FDA အရာရှိ ဒေါ်ဥမ္မာစိုးဝင်းက ဘီဘီစီကို ပြောပါတယ်။

ငါးပိ၊ငါးခြောက်

စားသုံးသူတယောက်ဖြစ်တဲ့ ကိုသန်းဇော်ကတော့ ငါးပိ၊ငါးခြောက်တွေနဲ့ ပတ်သက်ပြီးစိုးရိမ်မိတယ်လို့ ဘီဘီစီကို ပြောပါတယ်။

ငါးပိနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်တာက မြန်မြန်ဆွေးမြေ့အောင် ဓာတ်မြေသြဇာ ထည့်တာကို စိုးရိမ်တာဖြစ်ပါတယ်။ ငါးခြောက်နဲ့ပတ်သက်ပြီး စိုးရိမ်တာကတော့ အရောင်လှအောင် ဆေးဆိုးတာနဲ့ ယင်မအုံအောင် ပိုးမကျအောင် ယင်မနားဆေး အသုံးပြုတာကို စိုးရိမ်တာ ဖြစ်ပါတယ်။

သီရိမင်္ဂလာစျေးကိုသွားပြီး ငါးပိငါးခြောက်ဆိုင်တွေကို လေ့လာကြည့်ရာမှာ ငါးပိတွေမှာ ဆိုးဆေးအသုံးမပြုတော့တာကို အားတက်စရာတွေ့မြင်ရပါတယ်။ ဆေးဆိုးထားတဲ့ ငါးခြောက်တွေကိုတော့ သီရိမင်္ဂလာစျေးမှာရော၊ ရန်ကုန်မြို့ရဲ့ တခြားစျေးငယ်တွေမှာပါ တွေ့မြင်ရဆဲ ဖြစ်ပါတယ်။

နိုင်ငံခြားကဆွေမျိုးသားချင်းဆီပို့ဖို့ ငါးရံ့ခြောက်အကောင်းစားဝယ်ထားတဲ့ စားသုံးသူတယောက်က သူ့အတွေ့အကြုံကို ပြောပြပါတယ်။ သူဝယ်ထားတဲ့ ငါးရံ့ခြောက်ကို အိမ်မှာသိမ်းဆည်းထားစဉ် ပုရွက်ဆိတ်တက်ရာမှာ ပုရွက်ဆိတ်တွေ ငါးခြောက်နားမှာ သေနေကြတာကိုတွေ့ရတဲ့အတွက် မစားရဲတော့ဘဲ လွှင့်ပစ်ခဲ့ရတယ်လို့ ပြောပါတယ်။ ယင်မနားဆေးလို့ခေါ်တဲ့ ပိုးသတ်ဆေး (pesticide) ရဲ့ အစွမ်းသတ္တိဖြစ်ပါတယ်။

Image caption ငါးခြောက်ကို ဆိုးဆေးဆိုးရောင်းချတာတွေ အခုထိရှိနေဆဲ

ဆိုးဆေး၊ ငရုတ်သီးခြောက်မှိုနဲ့ အာဖလာတောက်ဇင်

စားသောက်ကုန်မှာ ခွင့်မပြုတဲ့ ဆိုးဆေးတွေအသုံးပြုမှုကတော့ ငါးပိ၊ ငါးခြောက်သာမက လက်ဖက်၊ မျှစ်၊ ပဲပင်ပေါက်၊ အချဉ်ပေါင်း၊ ငရုတ်သီးခြောက်တွေမှာလည်း တွေ့ရပါတယ်။ စားသောက်ကုန်မှာ သုံးခွင့်မရှိတဲ့ ချည်ဆိုးဆေးနဲ့ ဓာတ်ခွဲခန်းသုံးဆိုးဆေးတွေကို သုံးစွဲနေကြတာ ဖြစ်ပါတယ်။

ငရုတ်သီးခြောက်မှာ ဆိုးဆေးထက်ပိုဆိုးတဲ့ ပြဿနာရှိပါတယ်။ အဲဒါကမှိုပြဿနာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ပူနွေးစွတ်စိုတဲ့ ရာသီဥတုရှိတဲ့အတွက် ငရုတ်သီးကို အခြောက်လှမ်းစဉ်မှာ အစိုဓာတ်မကုန်ရင် မှိုတက်လေ့ ရှိပါတယ်။ ငရုတ်သီးအခြောက်လှမ်းသူတွေဟာ ကုန်အလေးချိန် သိပ်လျော့မှာကို မလိုလားတဲ့ အတွက် အစိုဓာတ်ကုန်အောင် အခြောက်မလှမ်းတဲ့အခါ ငရုတ်သီးမှာ မှိုတက်တတ်ပါတယ်။ ငရုတ်သီးကို ပြန်လည်ရောင်းချသူ ကလည်း ရေစွတ်ပြီး ရောင်းချရင် မှိုတက်တတ်ပါတယ်။ ငရုတ်သီးမှာ တက်တဲ့မှိုမှာ aflatoxin လို့ခေါ်တဲ့ အဆိပ်ဓာတ်ပါဝင်ပြီး အဲဒီအဆိပ်ဟာ အသည်းကို ပျက်စီးစေပါတယ်။ ကင်ဆာရောဂါလည်း ဖြစ်ပွားစေနိုင်တဲ့ အတွက် အန္တရာယ် အလွန်ကြီးပါတယ်။

ကွမ်းယာနဲ့ခံတွင်းကင်ဆာ

မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၂၀ အတွင်း ပါးစပ်နဲ့ခံတွင်းကင်ဆာ ဖြစ်ပွားမှုနှုန်းမြင့် တက်လာပါတယ်။ ဒါဟာ ကွမ်းယာစားသုံးမှုနဲ့ ဆက်စပ်တယ်လို့ ဆေးပညာရှင်တွေက ဆိုကြပါတယ်။

ရှေးဘိုးစဉ်ဘောင်ဆက် ကွမ်းယာစားသုံးလာတဲ့ လူကြီးတွေမှာ ပါးစပ်နဲ့ ခံတွင်း ကင်ဆာ အဖြစ်နည်းပြီး အခုခေတ်မှာ ဘာ့ကြောင့် ပိုဖြစ်လာကြပါသလဲ။

ရေစိမ်ကွမ်းသီး၊ ထုံးနဲ့ နှပ်ဆေးအမျိုးမျိုးမှာပါတဲ့မှိုကြောင့်လို့ သုံးသပ်ကြပါတယ်။ ကွမ်းယာဆိုင်တွေဟာ ထုံးဗူးတွေကို ဆေးကြောသန့်စင်မပစ်ဘဲ အရစ်တက်ထူထပ်လာတဲ့ ထုံးချိုးတွေဟာ ကွမ်းယာဆိုင်ရဲ့ ဂုဏ်သိက္ခာလို့ မှတ်ယူပြီး စောင့်ရှောက်ထားတတ်ကြပါတယ်။ အဲဒီထုံးဗူးတွေမှာ မျက်စိနဲ့ မမြင်သာတဲ့ မှိုတွေကပ်ရောက်တတ်ပါတယ်။

စားသုံးဆီအမျိုးမျိုး

စားသုံးဆီထဲမှာ ကျန်းမာရေးအတွက် အဆိုးဝါးဆုံးအမျိုးအစားက ထပ်ဖန်တလဲလဲ ကြော်ထားပြီးသားဆီတွေဖြစ်ပါတယ်။ တံဆိပ်ကပ်ရောင်းချတာမျိုးမဟုတ်ဘဲ ခွက်ချဉ်နဲ့ အလွတ်ရောင်းလေ့ရှိပါတယ်။ တချို့ဆီတွေဟာ ဟင်းချက်ရာမှာ ပြန်သုံးဖို့ မသင့်တော်တော့ဘဲ ဆပ်ပြာချက်လုပ်ငန်းလိုမျိုး စက်မှုလုပ်ငန်းတွေမှာသာ အသုံးပြုဖို့ သင့်တော်တော့ပေမယ့် စျေးထဲမှာရောင်းချနေတာကိုတွေ့ရပါတယ်။ တရုတ်နယ်စပ်ကနေ သုံးပြီးသား ဆီတွေ တရားမဝင် ဝင်ရောက်နေတာတွေလည်း ရှိပါတယ်။

မြန်မာနိုင်ငံမှာ ပဲဆီသန့်၊ နှမ်းဆီသန့်စစ်စစ်ကို ဝယ်ယူရတာလည်း ခက်ခဲပါတယ်။ နှမ်းဆီသန့်၊ ပဲဆီသန့်လို့ ကြော်ငြာရောင်းချတဲ့ ဆီသန့်တော်တော်များများမှာ စားအုန်းဆီ အရောအနှော မကင်းတတ်တာကိုတွေ့ရပါတယ်။ ပဲဆီကို စားအုန်းဆီရောပြီး ဓာတ်ခွဲခန်းမှာပြုလုပ်ထားတဲ့ ပဲဆီအနံ့ ရောနှောတာဟာ အလွန်ခေတ်စားတဲ့ လုပ်နည်းကိုင်နည်း တမျိုးဖြစ်ပါတယ်။ ဓာတုဗေဒ ပဲဆီအနံ့ဟာ ကျန်းမာရေးကို မထိခိုက်နိုင်ပေမယ့် ဆီအရောကို ဆီသန့်လို့ပြောပြီး ရောင်းချတာဟာ လိမ်လည် ရောင်းချတဲ့သဘော သက်ရောက်ပါတယ်။

အသားနဲ့ယမ်းစိမ်း

အသားတွေကို ကြာရှည်ခံအောင် ယမ်းစိမ်း (ပိုတက်ဆီယမ် နိုက်ထရိတ်) ကို အသုံးပြုတတ်ပါတယ်။ အနည်းငယ်မျှသာ အသုံးပြုဖို့ ခွင့်ပြုထားပေမယ့် မြန်မာနိုင်ငံမှာ အသားငါး မပုပ်သိုးအောင် ယမ်းစိမ်း အများအပြား အသုံးပြုတာကို တွေ့ရပါတယ်။ ဝက်အူချောင်း၊ ကြက်အူချောင်း၊ ငါးဖယ်လုံးနဲ့ အကင်ဆိုင်က အသားတွေမှာ ယမ်းစိမ်းအလွန်အကျွံ အသုံးပြုတာကို အများဆုံးတွေ့ရပါတယ်။ ယမ်းစိမ်းဟာ ကင်ဆာရောဂါကို ဖြစ်ပွားစေနိုင်ပါတယ်။

Image caption ဝက်အူချောင်း၊ ကြက်အူချောင်း၊ ငါးဖယ်လုံးနဲ့ အကင်ဆိုင်က အသားငါးတွေကို ကြာရှည်ခံအောင် ယမ်းစိမ်းသုံးလေ့ရှိ

ငါးကင်နဲ့ အကင်အမျိုးမျိုး

အကင်အမျိုးမျိုးရဲ့ မီးခိုးနဲ့ အတူးတွေဟာ ကင်ဆာအတွက် အန္တရာယ်ရှိနိုင်ပါတယ်။ အထူးသဖြင့် ယမ်းစိမ်းအသုံးပြုထားပြီး ကင်တဲ့အသား၊ငါးတွေဟာ ပိုပြီး အန္တရာယ်ရှိနိုင်ပါတယ်။

မြန်မာနိုင်ငံမှာ တီလားပီးငါးကို ကြက်ခြံ၊ ဘဲခြံ၊ ဝက်ခြံတွေရဲ့ အောက်မှာ မွေးမြူတတ်တဲ့ အလေ့အထရှိပါတယ်။ ကြက်စာ၊ဘဲစာ၊ဝက်စာတွေ အလေအလွင့် မရှိအောင် ရည်ရွယ်တာဖြစ်ပါတယ်။ ဒါပေမယ့် အဲသလို ကြက်ခြံ၊ဘဲခြံ၊ဝက်ခြံရဲ့ အောက်မှာ မွေးမြူတဲ့အတွက် ကြက်ချေး၊ဘဲချေး၊ဝက်ချေးတွေကိုလည်း ငါးကစားပါတယ်။ ကြက်၊ ဝက်၊ ဘဲတွေမွေးမြူရာမှာအသုံးပြုတဲ့ ပဋိဇီဝဆေးတွေဟာ ငါးဆီကို တဆင့်ခံ ရောက်ရှိပါတယ်။

ကြက်၊ဘဲ၊ဝက်စတဲ့ စားသုံးဖို့မွေးမြူတဲ့ တိရစ္ဆာန်တွေကို အသေအပျောက်နည်းအောင်၊ ရောဂါခုခံနိုင်အောင် ပဋိဇီဝဆေးတွေ အလွန်အကျွံ အသုံးပြုမှုကိုလည်း စစ်ဆေးအရေးယူတာမျိုးမရှိပါဘူး။ အဲသလို မွေးမြူထားတဲ့ ကြက်၊ဘဲ၊ဝက် အသားတွေကို စားသုံးတဲ့အတွက် ပဋိဇီဝဆေးတွေ ဆေးယဉ်သွားနိုင်ပါတယ်။ လူမှာရောဂါဖြစ်ပွားလို့ ပဋိဇီဝဆေးအသုံးပြုတဲ့အခါ ဆေးမတိုးတာမျိုးဖြစ်တတ်ပါတယ်။

ဒါတွေက ဆိုင်ပေါ်မှာတင်ပြီးရောင်းချတဲ့ စားသောက်ကုန်တွေမှာ တွေ့ရတတ်တဲ့ အန္တရာယ်အမျိုးအစားတွေ ဖြစ်ပါတယ်။ စားသောက်ဆိုင်တွေမှာ၊ စိုက်ခင်းထဲမှာ၊ စားသောက်ကုန် ထုတ်လုပ်တဲ့ ပတ်ဝန်းကျင်တွေမှာ၊ သယ်ယူပို့ဆောင်တဲ့ နေရာတွေမှာလည်း အစားအသောက်တွေဟာ ရောဂါအမျိုးမျိုး၊ အန္တရာယ်အမျိုးမျိုးကို ဖြတ်သန်းတွေ့ကြုံပြီးမှ စားသုံးသူဆီ ရောက်လာတတ်တဲ့ ဥပမာတွေ အမျိုးမျိုးရှိပါသေးတယ်။

ကိုယ်စားနေတဲ့အရာဟာ အစားအသောက်လား၊ အဆိပ်အတောက်လားဆိုတဲ့ သံသယ သံသရာထဲကနေ ရုန်းထွက်နိုင်ဖို့၊ ယုံကြည်စိတ်ချစွာ စားသောက်နိုင်ဖို့ဆိုရင် မြန်မာနိုင်ငံမှာ ပိုမိုကျယ်ပြန့်ကောင်းမွန်တဲ့ ထိန်းချုပ် စစ်ဆေးရေး ယန္တရားတရပ်အမှန်တကယ်လိုအပ်နေဆဲဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ