တိုင်းရင်းသားတွေ အမြင် ပစ်ပယ် ခံထားရလား

ဦးခွန်ထွန်းဦး
ဓာတ်ပုံ ပုံစာ,

SNLD ပါတီရဲ့ ဥက္ကဋ္ဌ အဖြစ်ကနေ အနားယူချင်နေတဲ့ ဦးခွန်ထွန်းဦး

"ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်ဖို့ ဆိုရင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တိုင်းရင်းသားတွေရဲ့ အသံကို နားထောင်သင့်တယ်၊ တိုင်းရင်းသားတွေနဲ့ စားပွဲဝိုင်းထိုင် ဆွေးနွေးသင့်တယ်" ဆိုပြီး ရှမ်းဝါရင့် နိုင်ငံရေးသမား တစ်ယောက်ဖြစ်တဲ့ ဦးခွန်ထွန်းဦးက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကမကထလုပ် ဦးဆောင်နေတဲ့ လက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ် သုံးသပ်ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ပါတီရဲ့ ဥက္ကဋ္ဌ အဖြစ်ကနေ အနားယူတော့မယ့် ဦးခွန်ထွန်းဦးက ဘီဘီစီနဲ့ မေးမြန်းခန်းတစ်ခုမှာ ပြောသွားတာ ဖြစ်ပါတယ်။

အစိုးရရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အဖြစ် ၂၁ ရာစု ပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပရေးဆီ အဓိက ဦးတည် သွားနေချိန်မှာ ပြည်ထောင်စု အရေးမှာ တိုင်းရင်းသားတွေ အနေနဲ့ တန်းတူရည်တူ ဆွေးနွေးခွင့် မရ ဖြစ်နေတယ်၊ တိုင်းရင်းသား အသံတွေ လျစ်လျူရှု ခံနေရတယ် ဆိုတဲ့ အမြင်မျိုးတွေ ရှိနေတာ ဖြစ်ပါတယ်။

ရှမ်း နိုင်ငံရေး ခေါင်းဆောင် တချို့ ဆီကနေသာမက ရခိုင်၊ ကချင် စသဖြင့် တခြား တိုင်းရင်းသားတွေ ထံကလည်း တန်းတူညီမျှမှုကို တောင်းဆိုသံတွေ ကျယ်ကျယ်ပြန့်ပြန့် ကြားနေရပါတယ်။

ဓာတ်ပုံ ပုံစာ,

NLD အစိုးရလက်ထက် အစိုးရနဲ့ စစ်တပ်ကြား ဆက်ဆံရေးအပေါ် စောင့်ကြည့်နေကြ

  • NLD က တိုင်းရင်းသား အမြင်ကို ပစ်ပယ်ထားလား

နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းရာမှာ NLD ပါတီ ကိုင်စွဲတဲ့ အရင်းခံအကျဆုံး မူဝါဒဟာ တွေ့ဆုံဆွေးနွေးရေး၊ စားပွဲဝိုင်းဆွေးနွေးရေး လမ်းစဉ် ဖြစ်တယ်လို့ ညောင်ရွှေမြို့နယ်က လက်ရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးကတော့ တုံ့ပြန်ပါတယ်။

နိုင်ငံရေးပြဿနာတွေကို စားပွဲဝိုင်းမှာ အဖြေရှာနိုင်တဲ့ အဆင့်ကိုရောက်လာတာကိုက တိုးတက်မှု ဖြစ်တယ်လို့ ဦးနေမျိုးက ဆိုပါတယ်။

ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်တဲ့ ပြည်တွင်းစစ် ရပ်နိုင်ဖို့ အပါအဝင် ငြိမ်းချမ်းရေးကို တည်ဆောက်ရာမှာ ကိစ္စချင်းရာပေါင်းများစွာကို NLD ဦးဆောင်တဲ့ အစိုးရ ကိုင်တွယ် နေရတဲ့အတွက် အချိန်ယူနေရတာ ဖြစ်တယ်လို့ ဦးနေမျိုးက ပြောပါတယ်။

၂၁ ပင်လုံ ညီလာခံ ကျင်းပရတဲ့ ရည်ရွယ်ချက်က ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရာမှာ လက်နက်ကိုင် အဖွဲ့တွေနဲ့သာမက ပါဝင်သင့် ပါဝင်ထိုက်တဲ့ တိုင်းရင်းသား အင်အားစု အားလုံး ပါဝင်နိုင်ဖို့ ဖြစ်တယ် ဆိုပြီးတော့လည်း ဦးနေမျိုးက ဆိုပါတယ်။

ဒါပေမယ့် ရခိုင်အမျိုးသားပါတီ ANP က မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောကတော့ လွှတ်တော်ထဲမှာကို တိုင်းရင်းသား တွေ လျစ်လျူရှုခံနေရတယ်လို့ ဝေဖန်ပါတယ်။

အသံဖိုင် ပုံစာ,

NLD လက်ထက် ငြိမ်းချမ်းရေး တိုးတက်မှုမရှိတာ ဘာကြောင့်လဲ

၂၁ ပင်လုံ တတိယအကြိမ် ကျင်းပနိုင်ဖို့ အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော် ကိုယ်စားလှယ်တွေ ဇွန်လ တတိယပတ်ထဲ တွေ့ဆုံကြစဉ်တုန်းက ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာ ကော်မတီ ဥက္ကဌ ခွန်မောင်သောင်း ကိုယ်တိုင် မသိရသလို၊ UPDJC အဖွဲ့ဝင် တစ်ယောက် ဖြစ်တဲ့ သူ့ကိုလည်း ဖိတ်တာမျိုး မလုပ်ဘူး ဆိုပြီး ဦးဦးလှစောက ပြောပါတယ်။

NLD ပါတီဝင်တွေနဲ့သာ ဆွေးနွေးပွဲတွေ လုပ်နေတာဟာ ပြည်ထောင်စု စိတ်ဓာတ် ကင်းမဲ့တာပဲ ဆိုပြီး ဦးဦးလှစောက ပြင်းပြင်းထန်ထန် ဝေဖန်ပါတယ်။

ဓာတ်ပုံ ပုံစာ,

တိုင်းရင်းသားတွေ ဘေးဖယ်ထုတ် ခံထားရတယ်လို့ ပြောတဲ့ ဦးဦးလှစော

ဦးဦးလှစော ရည်ညွှန်းတဲ့ ၃ ရက်တာ ဆွေးနွေးပွဲဟာ ပင်လုံကို တက်မယ့် အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော် ကိုယ်စားလှယ် အစုအဖွဲ့က လုပ်ငန်း ကော်မတီဝင်တွေကြားထဲ ၃ ရက်တာ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

အဲဒီဆွေးနွေးပွဲတုန်းက ကိုယ်တိုင် ရှိနေခဲ့တဲ့ အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် အဖွဲ့က ဦးလှမောင်ရွှေ ဘီဘီစီကို ပြောတာကတော့ တတိယအကြိမ် ပင်လုံ မစခင် ဆက်တိုက် ဆိုသလို တိုင်းရင်းသား အဖွဲ့တွေနဲ့ကြား ဆွေးနွေးပွဲတွေ၊ UPDJC ဆွေးနွေးပွဲတွေ ရှိသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဦးဦးလှစောကတော့ တိုင်းရင်းသားတွေ အနေနဲ့ ဘေးဖယ်ထုတ်ခံထားရတယ် ဆိုတဲ့ ခံစားချက်မျိုး ရှိတယ်လို့ marginalised လုပ်တာလား ဆိုပြီး အင်္ဂလိပ် ဝေါဟာရ သုံးစွဲ မေးခွန်းထုတ်ရင်းမှာပဲ လွှတ်တော်ထဲမှာ လက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ် ကြန့်ကြာနေတဲ့ အပေါ် သုံးသပ်တာ၊ ဆွေးနွေးတာမျိုးလည်း ရှိမနေဘူးလို့ ဆိုပါတယ်။

ဓာတ်ပုံ ပုံစာ,

တစ်နှစ်ကျော်နားအပြီးမှာတော့ ပင်လုံပြန်စဖို့ ရက်စွဲထွက်လာ

  • ပင်လုံပြန်စမယ်ဆိုပေမယ့် …..

"တိုင်းပြည်ရဲ့ လက်ရှိ အခြေအနေမှာ ငြိမ်းချမ်းရေးက အရေးအကြီးဆုံး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင်ရင် လူမှုဘဝ ဖွံ့ဖြိုးမှုတွေ၊ တည်ငြိမ်ရေးတွေလည်း နောက်ဆက်တွဲ ဖော်ဆောင် နိုင်လိမ့်မယ်။"

ဒါကတော့ အစိုးရကို ဦးဆောင်ဖွဲ့ထားတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီရဲ့ ဇွန်လ ၂၄ ရက်၊ ပြည်လုံးကျွတ် ပါတီ ညီလာခံ အပြီး ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်ထဲ ပါဝင်လာတဲ့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ဘီဘီစီနဲ့ မေးမြန်းခန်းမှာ ပြောသွားတာပါ။

ငြိမ်းချမ်းရေး အပေါ် အာရုံစိုက်တယ် ဆိုတဲ့ ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မူအတိုင်း ဦးအောင်ကြည်ညွန့််လည်း ပဲ့တင်ထပ် ပြောတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ၂ဝ၁၇ ခုနှစ် မေလ နှောင်းပိုင်း ကျင်းပခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ အစည်းအဝေး နောက်ပိုင်း ပုံမှန်အားဖြင့်တော့ ၆ လ တစ်ကြိမ် ကျင်းပနိုင်ဖို့ ရည်ရွယ်ထားတဲ့ ပင်လုံ ရပ်နား ထားရတာ တစ်နှစ်ကျော် ရှိလာ ခဲ့ပြီ ဖြစ်ပါတယ်။

ဒါ့ကြောင့် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ကမကထပြု ဆောင်ရွက် နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ အများ မျှော်မှန်းသလောက်တော့ ခရီးမပေါက်ခဲ့ဘူး ဆိုတဲ့ ဝေဖန်သံတွေ လည်း ပေါ်ထွက်လျှက် ရှိနေပါတယ်။

၂ဝ၁၈ ဇူလိုင်လ ဒုတိယပတ်၊ ဇူလိုလဆန်းမှာတော့ ပင်လုံညီလာခံ ပြန်စတော့မယ် ဆိုတဲ့ ရက်စွဲ ထွက်လာပါတယ်။

ဓာတ်ပုံ ပုံစာ,

NCA မူဘောင်တွေ ဖြေလျှော့ဖို့ အကြံပြုသူ ဒေါ်ဒွဲဘူ

  • NCA ဝင်ပြီးတော့မှ ပင်လုံလား ….

ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ တိုးတက်သင့်သလောက် မတိုးတက်တဲ့ အပြင် ရပ်တန့်နေတယ်လို့ မြင်တယ်ဆိုပြီး ကချင်ပြည်နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း အခု ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC ရဲ့ မြေယာသယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လုပ်ငန်းကော်မီတီဝင် ဒေါ်ဒွဲဘူက ပြောပါတယ်။

ပင်လုံညီလာခံ တစ်ခုနဲ့တစ်ခုကြား ကြန့်ကြာနေတာကို ထောက်ပြပြီး ငြိမ်းချမ်းရေးဖြစ်စဉ် တန့်နေတယ်လို့ ဒေါ်ဒွဲဘူက ပြောတာပါ။

အရင် သမ္မတ ဦးသိန်းစိန် လက်ထက်က စတင် ဖော်ဆောင်ခဲ့တဲ့ တနိုင်ငံလုံး အပစ်ရပ် သဘောတူစာချုပ် NCA စာချုပ်ကို ဆက်လက်ပြီး အကောင်အထည် ဖော်နေတဲ့ NLD ပါတီ ဦးဆောင်တဲ့ အစိုးရ အနေနဲ့ ပြုပြင် ပြောင်းလဲမှုတွေကို သတ္တိရှိရှိ ပြုလုပ် သင့်တယ်လို့ ဒေါ်ဒွဲဘူက ဆိုပါတယ်။

ဓာတ်ပုံ ပုံစာ,

ဆင်စီးထွက်ပြေးရတဲ့ တနိုင်းစစ်

ဓာတ်ပုံ ပုံစာ,

TNLA ဝင်ရောက် ပစ်ခတ်ခဲ့တဲ့ မူဆယ်နားက စစ်ဆေးရေးဂိတ်

NCA စာချုပ်တစ်ခုလုံးကို မပြင်နိုင်ရင်တောင် နိုင်ငံရေး မူဘောင်တွေ တိုးချဲ့တာမျိုး လုပ်ဆောင် နိုင်တယ်လို့ ဒေါ်ဒွဲဘူက ပြောပါတယ်။

နိုင်ငံရေး မူဘောင်တွေ တိုးချဲ့တာမျိုး ဆိုတဲ့ နေရာမှာ ဒေါ်ဒွဲဘူ ဥပမာပေးတာကတော့ ပင်လုံညီလာခံမှာ ဆွေးနွေးကြမှာတွေနဲ့ ပတ်သက်ပြီး တိုင်းရင်းသား ဒေသတွေမှာ အကြို ကျင်းပတဲ့ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ ကိစ္စကို ထောက်ပြပါတယ်။

NCA ထဲ လက်မှတ်ထိုးထားတဲ့ လက်နက်ကိုင် အဖွဲ့တွေ အခြေစိုက်တဲ့ ဒေသတွေမှာ လူမျိုး အပေါ် အခြေခံတဲ့ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ ပြုလုပ်ရမယ်၊ အဲဒီကနေ ရတဲ့ သဘောထားတွေကို စုစည်းပြီး ပင်လုံမှာ ဆွေးနွေးကြမယ်ဆိုတဲ့ သဘောတူမှု ရှိနေပါတယ်။

NCA ထဲ လက်မှတ်မထိုးသေးတဲ့ လက်နက်ကိုင်အဖွဲ့တွေ ရှိနေတဲ့ ဒေသတွေမှာလည်း ပြည်သူတွေရဲ့ အမျိုးသားအဆင့် ဆွေးနွေးပွဲတွေ ကျင်းပခွင့် ပေးတာမျိုးလို မူဘောင် ပြင်ဆင်တာမျိုးတွေ လုပ်ပေးရင် ဒေသ အသီးသီးက အသံတွေ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ပါလာလိမ့်မယ်လို့ ဒေါ်ဒွဲဘူက သူ့ရဲ့ အမြင်ကို ပြောပါတယ်။

ဒေသအသီးသီးက လိုလားမှုတွေ၊ အမြင်တွေကို လက်တွေ့ အကောင်အထည် ဖော်ပေးခြင်းမျိုးနဲ့ လက်မှတ်မထိုးသေးတဲ့ အဖွဲ့တွေလည်း NCA ထဲ ဝင်လာနိုင်တယ်လို့ ဒေါ်ဒွဲဘူက ဆိုတာပါ။

NCA ထဲ အရင်လာရင် ကိုယ့်ဒေသမှာကိုယ် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ လမ်းကြောင်းကို ပြောင်းပြန် ပြန်စဉ်းစားပြီး၊ နိုင်ငံရေး ဆွေးနွေးပွဲတွေ အရင် လုပ်ခွင့်ရရင် NCA ထဲ ပါဝင်ဖို့ တွန်းအား ဖြစ်လိမ့်မယ် ဆိုတဲ့ စဉ်းစားချက်မျိုး ဖြစ်ပါတယ်။

ဓာတ်ပုံ ပုံစာ,

NCA ထဲ လာဖို့ အစိုးရရော တပ်မတော်ကပါ ဆက်လက် ဖိတ်ခေါ်

  • အရင်အစိုးရ အခုအစိုးရ ဘာကွာခြားလဲ

ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဘာလို့ ကြန့်ကြာရသလဲ ခေါင်းစဉ်နဲ့ ပြုလုပ်တဲ့ ဘီဘီစီရဲ့ စကားဝိုင်းမှာ ပါဝင် ဆွေးနွေးခဲ့သူ တစ်ယောက်ကတော့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းပါ။

သူက ကျားဖြူပါတီလို့ အသိများတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ ကိုယ်စားပြု သီပေါမြို့နယ်က ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန် လက်ထက်တုန်းက ငြိမ်းချမ်းရေးအတွက် ကြားဝင် ကြိုးစား ပေးခဲ့သူတွေထဲ ကိုယ်တိုင် လက်နက်ကိုင်တော်လှန်းရေးထဲကနေ ပညာရှင်လိုင်းမျိုးကို ရောက်ပြီး နိုင်ငံရေး ပြောင်းလဲမှု စတင်ချိန် တိုင်းပြည်ကို ပြန်လာကြသူတွေ ပါဝင်တယ်လို့ ဦးရဲထွန်းက ဆိုပါတယ်။

အဲဒီသူတွေဟာ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကြား ပေါင်းကူး ဆက်ဆံ ပေးနိုင်ခဲ့သလို ငြိမ်းချမ်းရေး အတွက် သမ္မတ ဦးသိန်းစိန်က အဓိက တာဝန် ပေးခဲ့တဲ့ တပ်မတော် အရာရှိဟောင်း ဦးအောင်မင်း အနေနဲ့လည်း လက်နက်ကိုင် အဖွဲ့တွေနဲ့ ကြိုတင် ညှိနှိုင်းမှုတွေ အကြိမ်ကြိမ် လုပ်ဆောင်ခဲ့ပြီး အဖွဲ့တချို့ကို NCA ထဲ ပါဝင် လာနိုင်စေတယ်လို့ ဦးရဲထွန်းက ပြောပါတယ်။

ဓာတ်ပုံ ပုံစာ,

ဒေါက်တာတင်မျိုးဝင်းနဲ့ ဦးအောင်မင်းကို နှိုင်းယှဉ် သုံးသပ်နေ

ငြိမ်းချမ်းရေးမှာ ဦးဆောင်ဖို့ ဒေါ်အောင်ဆန်းစုကြည်က တာဝန်ပေးထားတဲ့ ဒေါက်တာ တင်မျိုးဝင်းမှာတော့ ဦးအောင်မင်း ဆီမှာ ရှိခဲ့တဲ့ အတွေ့အကြုံမျိုး လစ်ဟာနေတဲ့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

တခါ၊ ဦးသိန်းစိန် အစိုးရဟာ NLD ဦးဆောင်တဲ့ အစိုးရထက် စာရင် တပ်မတော်နဲ့ကြား ပိုပြီး နီးကပ်တဲ့ ဆက်ဆံရေး၊ ညီညွတ်မှုတွေ ရှိနေခဲ့တာကတော့ အများ မြင်သာတဲ့ အချက် ဖြစ်ပါတယ်။

NLD အနေနဲ့ ကတော့ သူတို့ပါတီဟာ တိုင်းပြည်ကို ဖက်ဒရယ် ပြည်ထောင်စု စနစ်နဲ့ တည်ဆောက်မယ် ဆိုတဲ့ နိုင်ငံရေး မူဝါဒကို အစိုးရ ဖြစ်လာမှ ပြောတာမဟုတ်ပဲ၊ ၉ဝ ရွေးကောက်ပွဲ အချိန်ကတည်းက တစိုက်မတ်မတ် ကိုင်စွဲခဲ့တာလို့ ပါတီရဲ့ ထိပ်တန်း ခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့ ဦးဝင်းထိန်က ဘီဘီစီကို ပြောထားပါတယ်။

ဓာတ်ပုံ ပုံစာ,

အနှစ် ၆ဝ ပြည်တွင်းစစ်မီးကို ရပ်နိုင်မှာလား

အခုလို အစိုးရကို ဦးဆောင်ရတဲ့ ၂ဝ၁၅ ရွေးကောက်ပွဲ နောက်ပိုင်းမှာလည်း ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောင်ရေးဟာ NLD ပါတီရဲ့ အဓိက မူဝါဒ ဖြစ်လာ ပါတယ်။

ဖက်ဒရယ် အပေါ် တိုင်းရင်းသား အင်အားစု အသီးသီးက ဖွင့်ဆိုထားတဲ့ အဓိပ္ပာယ် တွေနဲ့ တပ်မတော် ဘက်က ဖွင့်ဆိုပုံကြား ကွဲလွဲ ကွာဟနေတဲ့ အမြင် အမျိုးမျိုးတွေကို ဖြေလျှော့ ညှိနှိုင်း ပေးတဲ့ အတတ်ပညာရှင် အသိပညာရှင် အင်အားစုမျိုး NLD ဆီမှာ ရှိမနေဘူးလို့ ဦးရဲထွန်းက ဝေဖန်ပါတယ်။

ငြိမ်းချမ်းရေး ကော်မရှင်မှာ တိုင်းရင်းသားတွေကို ကိုယ်စားပြုနိုင်သူ မပါဝင်တာကလည်း ဗမာ လူမျိုးကို ကိုယ်စားပြုတဲ့ အဖွဲ့ အနေနဲ့ အမြင်ခံရတာမျိုး ရှိနေတယ်လို့လည်း ဒေါ်ဒွဲဘူက ထောက်ပြပါတယ်။

  • ဖွဲ့စည်းပုံပြင်ရေးအထိ ချိတ်ဆက်ထားတဲ့ ငြိမ်းချမ်းရေး

NLD ဦးဆောင်တဲ့ အစိုးရ ဖွဲ့နိုင်ချိန်မှာ၊ သမ္မတ ဦးသိန်းစိန် လက်ထက် စတင်ခဲ့တဲ့ NCA လမ်းကြောင်းအတိုင်း ဆက်သွားဖို့ ဆုံးဖြတ်ခဲ့ပေမယ့် ကောင်းတာတွေကို ယူမယ်၊ ပြင်သင့်တာပြင်မယ်၊ ဖြည့်သင့်တာဖြည့်မယ် ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

အသံဖိုင် ပုံစာ,

၂ဝ၁၇ ငြိမ်းချမ်းရေး ခရီး နှစ်ချုပ်

ကျင်းပခဲ့ပြီးသမျှ ငြိမ်းချမ်းရေး ညီလာခံတွေမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ပြောတဲ့ မိန့်ခွန်းတွေကို ကြည့်ရင် တပ်မတော် အနေနဲ့ NCA ကို ကိုင်စွဲထားပြီး၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို NCA ထဲ ပါဝင်လာဖို့ ဆက်လက် တိုက်တွန်း နေခဲ့တာ တွေ့ရပါတယ်။

NCA သဘောတူမှု အတိုင်း ဆက်လက် ချီတက်မယ် ဆိုတဲ့ လက်ရှိ ငြိမ်းချမ်းရေး လမ်းစဉ်ကို ကြည့်ရင် NCA ထဲ လက်မှတ် ထိုးလာရင် ကိုယ် အခြေစိုက်တဲ့ ဒေသတွေမှာ လူမျိုး အပေါ် အခြေခံတဲ့ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ လုပ်ပြီး သဘောထားကို စုစည်းမယ်၊ ပြီးရင် ပင်လုံမှာ ဒီ သဘောထားတွေကို တင်ပြီး ဆွေးနွေးမယ်၊ ပင်လုံကနေ ပြည်ထောင်စု သဘောတူချက် Union Accord တွေ အဖြစ် အတည် ပြုမယ် ဆိုပြီး ဖြစ်ပါတယ်။

ဓာတ်ပုံ ပုံစာ,

မြန်မာပြည်မြောက်ပိုင်း တိက်ပွဲတွေ ပြင်းထန်နေခဲ့

ဓာတ်ပုံ ပုံစာ,

ရခိုင်အရေးလည်း ဝေဖန် ခံနေရတဲ့ အစိုးရ စစ်တပ်

ပင်လုံမှာ နိုင်ငံရေး ဆွေးနွေးကြရင်း NLD ရဲ့ ရွေးကောက်ပွဲ ကတိကဝတ် ဖြစ်တဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကိစ္စကိုပါ တပါတည်း အထမြောက်လာဖို့ NLD က ရည်မှန်း ထားတာ ဖြစ်ပါတယ်။

စစ်မှန်တဲ့ ဖက်ဒရယ် တည်ဆောက်နိုင်ဖို့ ဆိုရင် လက်ရှိ ၂ဝဝ၈ ဖွဲ့စည်းပုံကို ပြင်ဆင်မှ ဖြစ်နိုင်တယ် ဆိုတဲ့ အမြင်မျိုး တိုင်းရင်းသား မြေပေါ် နိုင်ငံရေး ပါတီတွေမှာရော၊ လက်နက်ကိုင် အဖွဲ့တွေ ဆီမှာပါ ရှိနေပါတယ်။

ဒါ့ကြောင့် လက်ရှိ ငြိမ်းချမ်းရေး လမ်းစဉ် ဆိုတာ ပြည်တွင်းစစ် ရပ်ရေး၊ ဖွဲ့စည်းပုံ ပြင်ရေး၊ ဖက်ဒရယ်တည်ဆောက်ရေး ဆိုတာတွေကို တပါတည်း တွဲချိတ်ထားတာ ဖြစ်ပါတယ်။

NLD အစိုးရ ဆီမှာ ငြိမ်းချမ်းရေး လိုချင်တာလား၊ ဖွဲ့စည်းပုံ ပြင်ချင်တာလား ဆိုတဲ့ ကိစ္စတွေ ရောထွေးနေပြီး လမ်းစဉ် ရှင်းရှင်းလင်းလင်း ချထားတာမျိုး သူ့ အနေနဲ့ မတွေ့ရဘူးလို့ ဦးရဲထွန်းက သုံးသပ်ပါတယ်။

တပ်မတော်ရဲ့ သဘောထားကို ကြည့်ရင် ၂ဝဝ၈ ဖွဲ့စည်းပုံကို အခြေခံထားတဲ့ ပြည်ထောင်စု ပုံစံမျိုး ဆိုတာ အခိုင်အမာ တွေ့ရပေမယ့်၊ NLD ပါတီ ဆီမှာတော့ ဘယ်လို ဖက်ဒရယ် ပုံစံ၊ ဘယ်လို မော်ဒယ်လည်း ဆိုတာ မသိရဘူးလို့ ရခိုင်တိုင်းရင်းသား ဦးဦးလှစောကလည်း ဝေဖန်ပါတယ်။

ဓာတ်ပုံ ပုံစာ,

ကချင်ပြည်နယ်စစ်ပွဲ ပြင်းထန်ခဲ့လို့ KIA ရော ပင်လုံ လာတက်မလား

NLD လွှတ်တော် အမတ်လည်းဖြစ်၊ ကိုယ်တိုင် အင်းသား တစ်ယောက်လည်း ဖြစ်တဲ့ ဦးနေမျိုးကတော့ ဒေါ်အောင်ဆန်းစုကြည် ဖော်ဆောင်လိုတဲ့ ငြိမ်းချမ်းရေးဟာ ထာဝရ တည်မယ့် ငြိမ်းချမ်းရေး ဖြစ်တယ်၊ တိုင်းပြည်မှာ ထာဝရ ငြိမ်းချမ်းရေး ဖော်ဆောင်လိုရင် ၂ဝဝ၈ ဖွဲ့စည်းပုံက အုတ်တံတိုင်း သဖွယ် ပိတ်ဆို့ နေတဲ့အတွက် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆီပဲ ဦးတည်ရမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပါတီဝင်တွေ၊ လွှတ်တော် အမတ်တွေ အနေနဲ့ နိုင်ငံတကာက ဖက်ဒရယ်စနစ်တွေ၊ လမ်းစဉ်တွေကို အဆက်မပြတ် လေ့လာ ဆွေးနွေးနေတယ်လို့လည်း ဦးနေမျိုးက ဆိုပါတယ်။

  • ဖွဲ့စည်းပုံ ကန့်သတ်မှုကြားကပဲ NLD ဘာတွေ လုပ်နိုင်လဲ

တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ အစိုးရတွေ၊ လွှတ်တော်တွေ အသီးသီး ရှိပေမယ့် လက်ရှိ ဖွဲ့စည်းပုံ အရ သမ္မတက ဒေသန္တရ အစိုးရ ဝန်ကြီးချုပ်တွေကို ခန့်အပ်တာ ဖြစ်တဲ့အတွက် တကယ် ဖက်ဒရယ် အနှစ်သာရ မရှိဘူး ဆိုပြီး တိုင်းရင်းသားတွေ ဘက်က အဓိက ထောက်ပြ ကြပါတယ်။

၂ဝ၁၅ ရွေးကောက်ပွဲ အပြီးမှာတော့ ဥပမာ ရခိုင်ပြည်နယ်မှာဆိုရင် ဒေသခံ ရခိုင် အမျိုးသား ပါတီက နေရာ အများစု နိုင်ပြီး၊ ရခိုင်ပြည်နယ် လွှတ်တော်ကို လွှမ်းမိုး ထားနိုင်ပေမယ့် ဖွဲ့စည်းပုံ အရ ရခိုင်ပြည်နယ် အစိုးရကို NLD ပါတီ ကပဲ ရွေးချယ် ဖွဲ့စည်း ခဲ့တာ ဖြစ်ပါတယ်။

အသံဖိုင် ပုံစာ,

ငြိမ်းချမ်းရေး နဲ့ အမျိုးသမီး ပါဝင်ခွင့်

ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ NLD သမ္မတကသာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် နေရာ ဘယ်သူ့ကို ထားမလဲ ဆိုတာကို အဆိုပြုရတယ် ဆိုဦး ရခိုင်အမျိုးသား ပါတီနဲ့ ညှိနှိုင်းပြီး လုပ်ခဲ့မယ် ဆိုရင် စည်းလုံးညီညွတ်မှု ပိုမို ရနိုင်ခဲ့မယ်လို့ ဦးရဲထွန်းက သုံးသပ်ပါတယ်။

ဒါ့အပြင် ၂ဝ၁၈ ခုနှစ် အတွင်းက ဖြစ်ရပ်တစ်ခုမှာ ရှမ်းပြည်နယ်က တိုင်းရင်းသား ရေးရာ ဝန်ကြီးတချို့ရဲ့ နိုင်ငံခြား ခရီးစဉ်ကို အချိန်ကပ်ပြီးမှ သမ္မတရုံးက ပယ်ဖျက်ခဲ့တာကိုလည်း ဦးရဲထွန်းက ထောက်ပြပါတယ်။

တခါ၊ ကချင်ပြည်နယ်တွင်း ဖြစ်ပေါ်နေခဲ့တဲ့ စစ်ပွဲတွေ ရပ်တန့်ဖို့၊ အစိုးရတပ်ဘက်က လက်နက်ကြီးတွေ မသုံးဖို့ ကိစ္စတွေမှာ သမ္မတ အနေနဲ့ တတ်နိုင်သလောက် ကြားဝင် ဆောင်ရွက် ပေးဖို့ တိုင်းရင်းသားတွေ ဘက်က မျှော်လင့်ထားပြီး တကယ်လို့ စစ်ပွဲတွေသာ ရပ်တန့် နိုင်ရင် NCA ထဲ ပါဝင်လာမယ့် အဖွဲ့တွေ တိုးလာနိုင်တယ် ဆိုပြီး ဒေါ်ဒွဲဘူက ပြောပါတယ်။

မြန်မာပြည်နိုင်ငံရေးမှာ အင်အားအကြီးဆုံး အဖွဲ့အစည်း နှစ်ရပ်ဟာ NLD ပါတီ နဲ့ တပ်မတော်တို့ ဖြစ်တဲ့အတွက် သူတို့ အနေနဲ့ သဘောထား ကြီးပေးမှ တန်းတူတဲ့၊ ညီညွတ်တဲ့ ပြည်ထောင်စု ဖော်ဆောင် နိုင်လိမ့်မယ် ဆိုပြီး ဦးဦးလှစောကလည်း ပြောပါတယ်။