ထိုင်းဂူရှေ့ ဆုတောင်းခဲ့တဲ့ မိုင်းဖုန်းဆရာတော်

ဓာတ်ပုံ မူပိုင် PONGMANAT TASIRI
Image caption ကလေးတွေ လွတ်မြောက်ရေး မိုင်းဖုန်းဆရာတော် ဆုတောင်းမေတ္တာပေး

မိုင်းဖုန်းဆရာတော်နဲ့ အနီးကပ် ရှိတဲ့ ဦးဉာဏသီရိအတွက်ကတော့ ထိုင်းက လိုဏ်ဂူထဲက ပိတ်မိနေတဲ့ ကလေးတွေ ပြန်တွေ့တဲ့ ကိစ္စက သိပ်အံ့ဩစရာ မဟုတ်ပါ။ ဆရာတော်က ကြိုတင်ပြီး အသက်ရှင်လျက်ရှိနေတယ် ပြန်တွေ့မယ်လို့ ပြောထားခဲ့တဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။

ခူးဝါးဝုင်းဆုမ့် လို့ ရှမ်းတွေခေါ်ကြတဲ့ မိုင်းဖုန်းဆရာတော် နဲ့ ပတ်သက်လို့ ထူးခြားချက်တွေကို လွန်ခဲ့တဲ့ ၂၅ နှစ်ကျော်လောက်ကတည်းက သူ့အနေနဲ့ ကိုယ်တိုင်ကြုံတွေ့ ဖူးတာကြောင့်ပါ။

မိုင်းဖုန်းဆရာတော် ကြွလာတဲ့ ကယ်ဆယ်ရေး

လွန်ခဲ့တဲ့၂၅ နှစ်က သူဟာ သီရိလင်္ကာမှာ ဗုဒ္ဓတက္ကသိုလ်သွားတက်ဖို့ ရန်ကုန်ကြွလာရင်း မိုင်းဖုန်းဆရာတော်လည်း ရန်ကုန်ကို ခေတ္တရောက်နေတဲ့အတွက် ရဟန်းသာမဏေ တအုပ်နဲ့အတူ သွားရောက်ဖူးမျှော်ခဲ့ပါတယ်။ သူတို့ အုပ်စုနဲ့ မိုင်းဖုန်းဆရာတော် တွေ့လျှင်တွေ့ချင်း ဆရာတော်က ဦးဉာဏသီရိကို ခဏလေးစောင့်ဦးနော်၊ သီဟိုဠ်မှာ ပညာသင်တဲ့သူဆိုတော့ ပညာသင်စရိတ် နည်းနည်းပေးချင်တယ် လို့ ပြောပါတယ်။

'ဟာ ဒီဆရာတော် လက်ထဲမှာလည်း ဘာမှမရှိပါဘူးပေါ့နော်၊ ဘာကြောင့် ဒီလိုပြောနိုင်သလဲပေါ့လေ။ ဒီအတိုင်းခဏနေတော့ နောက် ၅ မိနစ် ၁၀ မိနစ်မှာ ဆရာတော်ကို ဒကာအုပ်စုတစုက မိုင်းဖုန်းဆရာတော်ကို လာရောက် ဖူးမျှော်ခဲ့ပြီး စာအိတ်ထဲထည့်ထားတဲ့ ငွေကိုလှူဒါန်းသွားတယ်။ ဒကာအုပ်စုပြန်သွားတော့ မိုင်းဖုန်းဆရာတော်က စာအိတ်ကို ဘုန်းဘုန်းဆီကမ်းပေးလိုက်တယ်။ စာအိတ်ဖောက်ကြည်တော့ ဒေါ်လာ ၁ဝဝဝ တွေ့ခဲ့ရတယ် " လို့ ဦးဉာဏသီရိက ပြောပါတယ်။

ဘုန်းဘုန်းလည်း တအားအံ့ဩသွားတယ်၊ ခုနက မိန့်တဲ့ စကားအခုချက်ချင်းပဲ မှန်နေပါလားဆိုပြီးတော့ပါ။ တော်တော်လေးထူးဆန်းတာပေါ့၊ ဒီလိုထူးခြားချက်တွေရှိတဲ့ တခြားကိစ္စတွေတော့ အများကြီးရှိပါတယ် လို့ ဦးဉာဏသီရိက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Linh Pham
Image caption ခြေနင်းဖိနပ်မပါဘဲ ကြွချီ

လတ်တလောမှာတော့ ထိုင်းနိုင်ငံက ဂူအတွင်း ပိတ်မိနေတဲ့ ကလေးတွေ လွတ်မြောက်ရေးအတွက် မိုင်းဖုန်းဆရာတော်က ဆုတောင်းမေတ္တာပေးခဲ့မှုနဲ့ ၂ ရက် ၃ ရက်လောက်နေရင်ပြန်တွေ့မယ်၊ အသက်ရှင်လျက် ရှိနေတယ် လို့ ဆရာတော်က မီဒီယာတွေကို မိန့်ကြားခဲ့မှု ကိစ္စတွေကတော့ လူမှုကွန်ယက်တွေအပြင် သတင်းမီဒီယာစာမျက်နှာသာမက လူပြောများတဲ့ အကြောင်းအရာတခုလည်း ဖြစ်နေခဲ့တာပါ။

ဘုန်းဘုန်းက ဆရာတော် ပြောထားပြီးဖြစ်လို့ ရှင်လျက်နဲ့ ပြန်တွေ့ရမယ်ဆိုတာ အစောကတည်းက ယုံကြည်ထားတယ် လို့လည်း ဦးဉာဏသီရိက ဘီဘီစီကို ပြောပါတယ်။

ခူးဝါးဝုင်းဆုမ့်လို့ ခေါ်တွင်တဲ့ မိုင်းဖုန်းဆရာတော်ဘုရားဟာ အသက် ၁၁ နှစ်အရွယ်မှာ သာသနာ့ဘောင်ကို ဝင်ခဲ့ပြီး ယခု သက်တော် ၅၅ နှစ် ရှိနေပြီဖြစ်ပါတယ်။

တာချီလိတ်မြို့နယ် မိုင်းဖုန်းဇာတိဖြစ်ပါတယ်။ ဝါတွင်းဆိုရင် ဂူထဲမှာပဲ ဝါဝင်လေ့ရှိတဲ့ ဆရာတော်ပါ။

ဓာတ်ပုံ မူပိုင် สวดมนต์ตามแนวปฏิบัติ พระครูบาพ่อบุญชุ่ม ญาณสํวโร
Image caption ဝါတွင်းဆိုရင် ဂူထဲမှာပဲ ဝါဝင်လေ့ရှိ

ဆရာတော်က နိုင်ငံရေး စကားမပြောဘူး၊ လူသားဝါဒနဲ့ ငြိမ်းငြိမ်းချမ်းချမ်းနေဖို့ လူသားချင်း စာနာဖို့ပဲ မကြာခဏ ပြောတယ် လို့ နောက်ပိုင်းနှစ်တွေမှာ ဆရာတော်ရဲ့ ပြည်တွင်းပြည်ပ ခရီးစဉ်တွေမှာ လိုက်ပါလေ့ရှိလာသူ ဦးဉာဏသီရိက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပင့်ဖိတ်ချက်အရ ၂၀၁၆ က နေပြည်တော်ကိုကြွခဲ့တဲ့ ဆရာတော်ဟာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နေအိမ်ကိုလည်း အဲဒီခရီးစဉ်အတွင်းမှာ ကြွရောက်ခဲ့သူပါ။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တော့ ဆရာတော် အခြေစိုက်တဲ့ ရှမ်းပြည်မှာ လက်နက်ကိုင်တပ်ဖွဲ့တွေလည်း များတဲ့အပြင် ရှမ်းပြည်က အဖွဲ့အများစုက အန်စီအေ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ် လက်မှတ် မထိုးသေးတဲ့ အပေါ် ဆရာတော်အနေနဲ့ တိုက်တွန်းပေးဖို့ဆိုတဲ့ ကိစ္စ တင်လျှောက်ခဲ့တယ်လို့ ရှမ်းအသိုင်းအဝိုင်းထဲမှာလည်း သတင်းတွေပျံ့ခဲ့ပါတယ်။ အဲဒီတုန်းက ဆရာတော်ကတော့ ဘာမှ ပြန်မပြောခဲ့ဘူးလို့ ဆိုပါတယ်။

နောက်ပိုင်းနှစ်တွေအတွင်း ဆရာတော်ရဲ့ တပည့်သာဝကာ အရင်းသဖွယ်ဖြစ်လာခဲ့တဲ့ ဦးဉာဏသီရိကို အဲဒီကိစ္စကို မေးကြည့်တော့ '' ဆရာတော်က စစ်ရေး ၊ နိုင်ငံရေးစကားတခါမှ မပြောဖူးဘူး။ ငြိမ်းငြိမ်းချမ်းချမ်း နေဖို့နဲ့လူသားချင်းစာနာဖို့ မကြာမကြာပြောတယ် ' လို့သာ ဖြေဆိုပါတယ်။

ဆရာတော်ကို ကြည်ညိုတဲ့ ရှမ်းလက်နက်ကိုင်တပ်ဖွဲ့က တာဝန်ရှိသူတဦးကတော့ ' ဆရာတော် အနေနဲ့ မအောင်မြင်နိုင်မှန်း ကြိုမြင်လို့ ဝင်မပါတာလည်း ဖြစ်နိုင်ခြေ ရှိတယ် ' လို့ မှတ်ချက်ပြုပါတယ်။

ငြိမ်းချမ်းရေး ဆရာတော်တပါးဖြစ်တဲ့ ကချင်ပြည်နယ်က ဝါရှောင်ဆရာတော်ကတော့' မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး လုပ်ရင် ဖြစ်နိုင်တဲ့ ဆရာတော်တွေထဲမှာ မိုင်းဖုန်းဆရာတော်ပါတယ်လို့ သူ့အမြင်ကို မိန့်ပါတယ်။

' မိုင်းဖုန်းဆရာတော်ကို အသိုင်းအဝိုင်းအားလုံးက ကိုးကွယ်ချစ်ခင်လေးစားတယ်။ ဒါပေမယ့် အပစ်ရပ်ရေး ငြိမ်းချမ်းရေးဆိုတဲ့ ကိစ္စက တိုင်းရင်းသားလက်နက်ကိုင်တွေ တဘက်ထဲကိုပဲ ပြောလို့လည်း ပြီးတဲ့ ကိစ္စမဟုတ်ပါဘူး။ စစ်တပ်ကိုပြောနိုင်သူဆိုတော့ မိုင်းဖုန်းဆရာတော်ကိုလည်း စစ်တပ်က ခေါင်းဆောင်တွေက ကိုးကွယ်တော့ စစ်တပ်ကို ပြောရင် ဖြစ်နိုင်ခြေရှိနိုင်တာကို ဆိုလိုတာပါ 'လို့ ဘီဘီစီကို မိန့်ပါတယ်။

ဓာတ်ပုံ မူပိုင် สวดมนต์ตามแนวปฏิบัติ พระครูบาพ่อบุญชุ่ม ญาณสํวโร
Image caption လူမျိုးစုံ ဒေသစုံကို ကြွချီ

၂၀၁၈ အတွင်း ဆရာတော်ဟာ UWSA ၀ တပ်ဖွဲ့ထိန်းချုပ်ရာ ၀ ဒေသ ၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း ဌာနချုပ် ဝမ့်ဟိုင်း ဒေသ နဲ့ ချင်းမိုင်မှာ ရှိတဲ့ ရှမ်းပြည်တပ်မတော် တောင်ပိုင်း ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်ရဲ့ နေအိမ်တို့ကိုပါ ကြွရောက်ခဲ့ပါသေးတယ်။ ပလောင်နဲ့ ကချင်များတဲ့ ရှမ်းမြောက်ဒေသက ကွတ်ခိုင်လိုနေရာကိုလည်း ကြွရောက်ခဲ့သလို ပအိုဝ်းဒေသကိုလည်း ကြွရောက်ဖူးတာပါ။

သူကြွရောက်ခဲ့တဲ့ ဒေသတွေကိုကြည့်ရင် တပြည်နယ်ထဲမှာ ပြည်နယ်ရရှိရေးတောင်းဆိုသူတွေနဲ့ အဲဒီတောင်းဆိုမှုတွေကို သိပ်မကြိုက်တဲ့ မျိုးနွယ်စုတွေရဲ့ နယ်မြေတွေပါသလို တချို့အဖွဲ့တွေဆိုရင် မတူညီတဲ့ မျိုးနွယ်စု အခြေပြု လက်နက်ကိုင်အဖွဲ့ အချင်းချင်း တိုက်ခိုက်ဖူးတဲ့ သမိုင်းသာဓကတွေလည်း ရှိနေတဲ့ နယ်မြေတွေကိုလည်း သွားရောက်ခဲ့တာဖြစ်ပါတယ်။ ဒါတောင် ဆရာတော်ကိုယ်တိုင်က ရှမ်းတိုင်းရင်းသား ဖြစ်နေတာပါ။

ဆရာတော်ကို ပင့်ဖိတ်လို့ ဆရာတော် ကြွရောက်ခဲ့တဲ့ နေအိမ်တွေထဲမှာ ထူးခြားတဲ့ ကိစ္စတခုလည်း ရှိနေပြန်ပါတယ်။ ဒါကတော့ စစ်အစိုးရလက်ထက်က ဒုတိယ ခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးဟောင်း မောင်အေးရဲ့ နေအိမ်ကို ကြွရောက်ခဲ့မှုပဲ ဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာတွေထဲပျံ့နှံ့ခဲ့တဲ့ ဓာတ်ပုံမှာတော့ စစ်ခေါင်းဆောင်ဟောင်း ဦးမောင်အေးကို ဘီးတပ် ကုလားထိုင်ပေါ်မှာတွေ့ ရသလို ဆရာတော်ကတော့ ဘေးမှာ ရပ်နေတာ တွေ့ရ ပါတယ်။ ဒီလိုထူးခြားတယ်လို့ ပြောရတာကလည်း စစ်အစိုးရလက်ထက်မှာ ဆရာတော်ဟာ ဖိအားပေးမှုတွေကြောင့် ထိုင်းနိုင်ငံကို ပြောင်းရွှေ့ သီတင်းသုံးခဲ့ဖူးရတာကြောင့်ပါ။

ဓာတ်ပုံ မူပိုင် PONGMANAT TASIRI
Image caption မြန်မာပြည်က တခြားဆရာတော်တွေလည်း ကြွလာပြီး ဆုတောင်းပေးကြ

ဆရာတော်သီတင်းသုံးတဲ့ မိုင်းဖုန်းက ကျောင်းမှာ ဆက်သီတင်းမသုံးနိုင်ဖို့အတွက် အာဏာပိုင်တွေဘက်က ဖိအားပေးမှု ၂၀၀၇ ဝန်းကျင်လောက်က ဖြစ်ခဲ့ပါတယ်။ ၂၀၀၇ ရွှေဝါရောင် အရေးအခင်းပြီးစမှာ ပြည်ပရောက် ပီနန်ဆရာတော်က ဦးဆောင်ဖွဲ့စည်းတဲ့ အပြည်ပြည်ဆိုင်ရာ သံဃာ့ဥသျှောင်အဖွဲ့မှာ မိုင်းဖုန်းဆရာတော်ကို လေးစားမှုရှိတဲ့ ပီနန်ဆရာတော်ဟာ နာယက စာရင်းထဲ ထည့်သွင်းခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အာဏာပိုင်တွေ ဘက်ကနေ မိုင်းဖုန်းမှာရှိတဲ့ စေတီ ဂေါပကတွေကို မိုင်းဖုန်းဆရာတော် မိုင်းဖုန်းမှာ ရှိနေတာ မလိုလားအပ်ဘူးဆိုပြီးရေးထားတဲ့ စာမှာ သဘောတူကြောင်း ဖိအားပေး လက်မှတ်ထိုးခိုင်းမှုတွေ ဖြစ်လာခဲ့တာပါ။ အဲဒီနောက်မှာတော့ မိုင်းဖုန်းဆရာတော်ဟာ ထိုင်းနိုင်ငံကို ကြွရောက် သီတင်းသုံးခဲ့တာ ဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်ကျမှ မြန်မာပြည်ထဲ ပြန်လည်ကြွလာခဲ့တာ ဖြစ်ပါတယ်။

'ဆရာတော်က အမျက်ဒေါသ အညှိုးအတေးမထားတတ်ဘူး။ အခုအချိန်က စစ်ခေါင်းဆောင်ဟောင်း ဒကာ ဦးမောင်အေးက ရောဂါဝေဒနာလည်း ဖိစီးနေချိန်ဆိုတော့ အားပေးတဲ့အနေနဲ့ ကြွရောက်တာပါ။ မိုင်းဖုန်းကနေ စစ်အစိုးရလက်ထက် ဖိအားပေးခံရလို့ ဆရာတော်ဘုရား ထွက်ခွာသွားတုန်းကလည်း သူက ဝတ္တရားအနေနဲ့ ထွက်ခွာတာလို့ပဲ မိုင်းဖုန်းဆရာတော်က မိန့်ဖူးတယ် 'လို့ ဦးဉာဏသီရိက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် สวดมนต์ตามแนวปฏิบัติ พระครูบาพ่อบุญชุ่ม ญาณสํวโร
Image caption အခြားဘာသာဝင်တွေရဲ့ ယုံကြည်မှုကိုလည်း ရရှိထား

ကွန်မြူနစ်တိုင်းပြည်ဖြစ်တဲ့ လာအိုမှာလည်း ဆရာတော်ကို ကြည်ညိုကြတဲ့ ဒကာ ဒါယိကာမတွေအများကြီးရှိနေသလို ဘူတန် နဲ့ ထိုင်းဘုရင့် နန်းတော်တွေကတော့ ဆရာတော်ကို မကြာခဏ ပင့်ဖိတ်လေ့ရှိတာပါ။

ဆရာတော်ဟာ ဗုဒ္ဓဘာသာဝင်တွေတင်မကပဲ မြန်မာပြည်တွင်းက အခြားဘာသာဝင်တွေရဲ့ ယုံကြည်မှုကိုလည်း ရရှိထားသူ ရဟန်းတပါးလည်းဖြစ်ပါတယ်။

အထူးသဖြင့် ၂ဝ၁၇ ခုနှစ် ရခိုင်အရေး မွတ်ဆလင် ကိစ္စတွေ အပြင်းအထန်ဖြစ်နေစဉ် ဆရာတော်ဟာ ရှမ်းအရှေ့ မိုင်းပျဉ်းမြို့နယ် မိုင်းပူအွန်ဒေသက အစ္စလာမ်ဘာသာဝင်တွေရဲ့ ဗလီကို ကြွရောက်ခဲ့ဖူးတဲ့ ကိစ္စဟာ အမှတ်ရစရာ ဖြစ်နေခဲ့တယ်လို့ အစ္စလာမ်ဘာသာဝင်တဦးဖြစ်တဲ့ ဦးထွန်းကြည်က ပြောပါတယ်။

'မိုင်းပူအွန်မှာရှိတဲ့ ဗလီနဲ့ ပတ်သက်လို့ ရှေးဘဝက ဒီဗလီတွေရှိနေတဲ့ နေရာဟာ ဆရာတော်တို့နဲ့ သက်ဆိုင်တဲ့ မြေနေရာတခုဖြစ်ခဲ့တယ်လို့ မိုင်းဖုန်းဆရာတော်က ပြောဖူးတယ် ဒါကြောင့်သွားရောက်တာဖြစ်တယ်။ ဆရာတော်ဟာ ဘာသာရေးခွဲခြားတယ် ဆိုတဲ့ စကားမျိုးတခါမှ ပြောဖူးတာ မရှိဘူး။ ကျန်တဲ့ ခရစ်ယာန် ၊ မွတ်ဆလင်တွေကိုကောပေါ့။ လူသားတယောက်အပေါ်မှာ ဘယ်ဘာသာဝင်ဖြစ်ပါစေ၊ မေတ္တာ အညီအမျှ ထားတာ ပေါ့လေ။ လူသားချင်းစာနာရမယ် လို့လည်း အမြဲပြောတယ် ' လို့ ဆရာတော်ရဲ့ ခရီးစဉ်တွေမှာ လိုက်ပါလေ့ရှိတဲ့ ဦးဉာဏသီရိက မှတ်ချက်ပြုပါတယ်။

ဝါရှောင်ဆရာတော်ကတော့ " မိုင်းဖုန်းဆရာတော်ဟာ သတ္တဝါကို သတ္တဝါလို့ပဲ မြင်တယ်။ မေတ္တာထားတဲ့ စိတ်နဲ့ပဲ ကြည့်တတ်တယ်၊ လူမျိုးဘာသာ ခွဲခြားမှုလည်း လုံးဝမရှိတဲ့အတွက် လူသားဝါဒကို အခြေခံတဲ့ ငြိမ်းချမ်းရေး ရဖို့အတွက် မိုင်းဖုန်းဆရာတော်လို ပုဂ္ဂိုလ်မျိုးဟာ လိုအပ်တယ် ' လို့ မှတ်ချက်ပြုပါတယ်။