ပြည်သူ့စစ် ၁ နိုင်ငံသားများသည် နိုင်ငံတော် ကာကွယ်ရေးအတွက် စစ်သင်တန်းတက်ခြင်းနှင့် စစ်ဘက်တာဝန် ထမ်းဆောင်မှု ပြုလုပ်နိုင်

  • စိုင်းထွန်းအောင်လွင်
  • ဘီဘီစီမြန်မာပိုင်း
ethnic

ဓာတ်ပုံ ရင်းမြစ်, Thierry Falise

ဓာတ်ပုံ ပုံစာ,

ခွန်ဆာတပ်က ကလေးစစ်သားတွေ

မြန်မာနိုင်ငံငြိမ်းချမ်းရေး ဖြစ်စဉ်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အများအပြား ရှိတယ် ဆိုပေမယ့် သတိပြုမှုနည်းကြတဲ့ အဖွဲ့တွေကတော့ ပြည်သူ့စစ်အဖွဲ့တွေ ဖြစ်ပါတယ်။ ဒီအဖွဲ့တွေကို အစိုးရလက်အောက်ခံ အဖွဲ့အဖြစ် ယူဆကြပေမယ့် လူမျိုးစုလက်နက်ကိုင်တွေနဲ့ ဆက်စပ်တဲ့အဖွဲ့တွေလည်း ရှိပါတယ်။

ပြည်သူ့စစ်အဖွဲ့ပေါင်း ၅၀၂၃ ဖွဲ့နဲ့ အဖွဲ့ဝင် ၁၈၀,၀၀၀ ကျော်ရှိတယ်လို့ ခန့်မှန်းချက် တခုက ဆိုထားပြီး မီဒီယာတခုကတော့ တိုင်းပြည်ရဲ့ ကျေးရွာ ၁၃,၇၂၅ အုပ်စုမှာ ပြည်သူ့စစ် ထူထောင်ဖို့ အစီအစဉ်ရှိကြောင်း ဖော်ပြထားတာကို ကြည့်ရင် ပြည်သူ့စစ်ဆိုတာကို တိကျစွာ အဓိပ္ပာယ် ဖွင့်ဆိုထားတာ မရှိတာကို တွေ့ရတယ်လို့ မြန်မာနိုင်ငံအတွင်းက ပြည်သူ့စစ်အဖွဲ့တွေအကြောင်း လေ့လာသုတေသနပြုထားတဲ့ စာတမ်းတစ်စောင် ပြုစုခဲ့တဲ့ အမေရိကန် သုတေသီ ဒေါက်တာ ဂျွန်ဗျူခန်နန်က မှတ်ချက်ပြုပါတယ်။

ပြည်သူ့စစ်သမိုင်းကို ပြန်ကြည့်ရင် ကိုလိုနီခေတ်အထိ ပြန်သွားဖို့ လိုပါတယ်။ သခင် အချို့ရဲ့ သေနတ်ကိုင်ဆောင်ခွင့်မရတဲ့ လက်ရုံးတပ်တွေနဲ့ ဗိုလ်ချုပ်အောင်ဆန်းကို သတ်ဖြတ်မှုမှာ ကြိုးကိုင်ခဲ့တဲ့ ဂဠုန်ဦးစောရဲ့ ဂဠုန်တပ် တွေက အစ လွတ်လပ်ရေးရပြီး နောက်မှာလည်း ပြိုင်ဘက်နိုင်ငံရေးအုပ်စုတွေအကြား အာဏာလွန်ဆွဲပွဲ တွေက ခါးပိုက်ဆောင်တပ် ဖွဲ့စည်းမှုတွေ ဆက်လက်ဖြစ်စေခဲ့ပါတယ်။

တော်လှန်ပုန်ကန်တဲ့ အထဲမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပြည်သူ့ရဲဘော်လို အဖွဲ့တွေ ပါသလို တချို့ပြည်သူ့စစ်တွေကလည်း လက်ဝဲယိမ်းနဲ့ လူမျိုးစု လက်နက်ကိုင် လှုပ်ရှားမှု တွေမှာ ပါဝင်ခဲ့ကြပါတယ်။

ဝန်ကြီးချုပ်ဦးနုလက်ထက်မှာပဲ နိုင်ငံတဝန်းတပ်တွေ တိုးချဲ့ဖွဲ့စည်းခွင့်ပြုခဲ့သလို ရှမ်းပြည်မှာ ဆိုရင် လက်နက်ကိုင် ပုန်ကန်မှုတွေနဲ့ ကူမင်တန်ရန်ကာကွယ်ဖို့ အုပ်ချုပ်သူ စော်ဘွားတွေက ကျန်းမာသန်စွမ်းသူတွေကို သင်တန်း ပေးကာ တပ်ဖွဲ့တွေ ဖွဲ့ခဲ့ကြပါတယ်။ ပျူစောထီးနာမည်နဲ့ တပ်မတော်ကို အထောက်အကူဖြစ်ဖို့ လက်နက်ကိုင် လှုပ်ရှားမှု ပုန်ကန်မှုတွေကို နှိမ်နင်းနိုင်ဖို့ ကျေးရွာကာကွယ်ရေး တပ်တွေကို အစိုးရကဖွဲ့ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အဲဒီအဖွဲ့တွေဟာ ဖဆပလရဲ့ လက်ကိုင်တုတ် တပ်ဖွဲ့ ဖြစ်လာခဲ့ပါတယ်။

၁၉၅၆ မှာ စစ်တပ်ရဲ့ အမျိုးသား အစောင့်တပ် ညွှန်ကြားရေးမှူးရုံးဆိုတာကို စဖွဲ့ခဲ့ပြီး အဲဒီဌာနဟာ ပြည်သူ့စစ်တွေနဲ့ ညှိနှိုင်းတဲ့ ဌာနဖြစ်လာပါတယ်။ အဲဒီနောက် ၁၉၇၃ ဇန်နဝါရီ ၂၂ မှာ ပြည်သူ့စစ်နှင့် ပြည်သူ့ဆက်ဆံရေး ညွှန်ကြားရေးမှူးရုံး ၊ ၁၉၉၀ မှာ ပြည်သူ့စစ်နဲ့ နယ်ခြားတပ်ဖွဲ့ ညွှန်ကြားရေးဌာနတွေကို ဖွဲ့ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Thierry Falise

ဓာတ်ပုံ ပုံစာ,

ဘိန်းဘုရင်လို့ ကျော်ကြားခဲ့တဲ့ ခွန်ဆာ

  • ကာကွယ်ရေးနဲ့ ဗကပခံစစ်၊ မှောင်ခိုနဲ့ ဘိန်းကုန်ကူးတဲ့ကာလ

ပြည်သူ့စစ်အဖွဲ့တွေကို အသုံးပြုမှု အများဆုံးခေတ်ကတော့ ၁၉၆ဝ နောက်ပိုင်း ကာလတွေပဲဖြစ်ပါတယ်။ ရှမ်းပြည်မှာ ၁၉၆၀ တဝိုက်မှာ ပေါ်လာတဲ့ အမျိုးသားရေး လှုပ်ရှားမှုတွေကို တိုက်ဖျက်ဖို့ ပြည်သူ့စစ်တွေကို စတင် ဖွဲ့စည်းခဲ့ကြပါတယ်။

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

အဲဒီကာလတွေအတွင်း အားသိသိသာသာ ကောင်းလာတာကတော့ ကာကွယ်ရေး ဆိုတဲ့ အဖွဲ့တွေပဲဖြစ်ပါတယ်။ ၁၉၆၃ မှာ ကိုးကန့်နယ်က လော်စစ်ဟန် ၊ တန့်ယန်း လွယ်မော်နယ်က ခွန်ဆာ တို့ကို ကိုးကန့် ကာကွယ်ရေး ၊ လွယ်မော် ကာကွယ်ရေးပြည်သူ့စစ်တွေ ဖွဲ့စည်းခွင့် စစ်တပ်က ပေးခဲ့ပါတယ်။

အဲဒီနောက်ပိုင်းကာလတွေမှာတော့ ဗကပ ဗမာပြည်ကွန်မြူနစ်ပါတီ ရှမ်းပြည် ရောက်လာတဲ့ အတွက် အဲဒီနယ်မြေက အဖွဲ့တွေဟာ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ စစ်တပ် အတွက် မဟာဗျူဟာမြောက် အရေးပါတဲ့ အဖွဲ့တွေ တနည်းအားဖြင့် ဗကပ ကို ဟန့်တားဖို့ ခံစစ်စည်းတွေ ဖြစ်လာခဲ့ပါတယ်။

၁၉၇၃ မှာ ရှမ်းပြည်က ပြည်သူ့စစ်အဖွဲ့တွေကို စစ်တပ်က ထိန်းချုပ်နိုင်ဖို့ ကြိုးစားလာခဲ့ ပါတယ်။ အကြောင်းကတော့ ဘိန်းကုန်ကူးမှု ၊ မှောင်ခိုမှုတွေမှာ ပတ်သက်နေတဲ့ ကာကွယ်ရေး တပ်ဖွဲ့တွေကြောင့် လူအများရဲ့ အမြင် မကောင်းလာမှုအပေါ် စစ်ခေါင်းဆောင်တွေက ပူပန်လာမှုနဲ့ အမေရိကန်မှာ နစ်ဆင်အစိုးရ တက်လာပြီးတဲ့နောက် မြန်မာ့ မူးယစ်ဆေး နှိမ်နင်းရေးနဲ့ ပတ်သက်လို့ အထောက်အပံ့ မက်လုံးပေးလာမှုတွေကြောင့်လို့ အကဲခတ် တွေက ဆိုကြပါတယ်။

ဒါ့အပြင် လော်စစ်ဟန်က အင်အားကြီးလာပြီး SSA ရှမ်းပြည်တပ်မတော်နဲ့ သွားပေါင်းခဲ့သလို အင်အားကြီးလာတဲ့ လွယ်မော်ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ခေါင်းဆောင် ခွန်ဆာကို စစ်တပ်က ဖမ်းလိုက်တာကြောင့် လွယ်မော် တပ်ဖွဲ့တွေ တောခိုပြီး တပ်မတော်ကို တော်လှန်တဲ့ အခြား အဖွဲ့အစည်းတွေနဲ့ သွားပေါင်းတာတွေ ဖြစ်ခဲ့ပါတယ်။

ထိန်းချုပ်ဖို့လည်း ခက်တဲ့ အခြေအနေတွေကြောင့် ၁၉၇၄ အခြေခံ ဥပဒေ ပုဒ်မ ၁၇၁ မှာ နိုင်ငံသားများသည် နိုင်ငံတော် ကာကွယ်ရေးအတွက် စစ်သင်တန်းတက်ခြင်းနှင့် စစ်ဘက်တာဝန် ထမ်းဆောင်မှု ပြုလုပ်နိုင်တယ် ဆိုတဲ့ အချက်ကို ထည့်သွင်းပေးပြီး ၁၉၇၃ မတိုင်ခင် လက်နက်စွန့်ခဲ့တဲ့ အဖွဲ့တွေကို လက်နက်ပြန်တပ်ဆင်ခွင့် ပေးခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, SOE THAN WIN

ဓာတ်ပုံ ပုံစာ,

ရန်ကုန်မှာ ခမ်းခမ်းနားနား သင်္ဂြိုဟ်ခံရတဲ့ လော်စစ်ဟန်

  • ရပ်ရွာအခြေပြု အဖွဲ့တွေ လျော့ကျခဲ့တဲ့ ယာယီ အပစ်ရပ်ကာလ

ဗကပ ပြိုလဲမှု ၊ အပစ်ရပ်အဖွဲ့တွေ အမြောက်အမြား ရှိလာမှုနဲ့ အတူ ပြည်သူ့စစ်အဖွဲ့ တွေကို စစ်တပ် အသုံးပြုမှု ကို ပြင်ဆင်ခဲ့ပါတယ်။ ၁၉၈၈ မတိုင်မီက ရှေ့တန်းနယ်မြေ တလျှောက် ရွာတိုင်းမှာ ရှိခဲ့တဲ့ ပြည်သူ့စစ် အဖွဲ့တွေဟာ ကရင်နဲ့ ရှမ်းပြည်နယ် တောင်ပိုင်းလို တိုက်ခိုက်မှု ဆက်ရှိတဲ့ ဒေသကလွဲလို့ ကျန်ဒေသတွေမှာ မရှိတော့တဲ့ အပြင် ကျေးလက်တွေမှာ ရွာအလိုက်ထုတ်ပေးထားတဲ့ လက်နက်တွေကို သိမ်းဆည်းခဲ့ ပါတယ်။

ဒါပေမယ့် စစ်သင်တန်းပေးတာ၊ လုံခြုံရေး ကာကွယ်ရေးခေါင်းစဉ်နဲ့ သင်တန်းအချို့ ပေးတာတွေကတော့ အခွင့်အခါသင့်တိုင်း လုပ်နေခဲ့တယ်လို့ ဩစတြေးလျ သုတေသီ အင်ဒရူးဆဲ့လ်က ဆိုပါတယ်။

အပစ်ရပ် ကာလတွေအတွင်း တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က ခွဲထွက်ပြည်သူ့စစ် အုပ်စုတွေ ၊ အပစ်ရပ်ပြီး ပြည်သူ့စစ် နယ်ခြားစောင့်အဖြစ် အသွင်ပြောင်းသူ တွေလည်း ရှိခဲ့ပါတယ်။

အင်အား ၁၅,၀၀၀ လောက်ရှိတဲ့ ခွန်ဆာရဲ့ MTA တပ်တွေ လက်နက်ချတော့ အင်အား ရာဂဏန်းလောက်သာရှိတဲ့ အငယ်တန်း အရာရှိတဦးဖြစ်တဲ့ ယွက်စစ်သာ တောထဲမှာ SURA နောက်ပိုင်း RCSS/SSA နာမည်နဲ့ ဆက်လှုပ်ရှားခဲ့ပြီး ကျန်တော်တော်များများက လက်နက်ချသူချ ၊ ပြည်သူ့စစ်ပြောင်းသူပြောင်း ဖြစ်ကုန်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, PHILIPPE LOPEZ

ဓာတ်ပုံ ပုံစာ,

ကိုးကန့်တပ်သားများ

  • နယ်ခြားစောင့်မလား တိုက်မလား ကာလ

၂၀၀၈ မှာ အတည်ပြုခဲ့တဲ့ အခြေခံ ဥပဒေ ပုဒ်မ ၃၇၇ မှာတော့ ' ပြည်ထောင်စုအတွင်း လက်နက်ကိုင် တပ်ဖွဲ့အားလုံးဟာ တပ်မတော်ရဲ့ ကွပ်ကဲမှုအောက်မှာ ရှိရမယ် ' လို့ ဖော်ပြလာပါတယ်။ အဲဒီအချက်ကို ကိုးကား ပြီးတော့ စစ်အစိုးရလက်ထက် တလျှောက် အပစ်ရပ်ခဲ့သူတွေကို ပြည်သူ့စစ် ၊ နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် ပြောင်းဖို့ ဖိအားပေးမှုတွေ ရှိလာတာလည်း ဖြစ်ပါတယ်။

စစ်အစိုးရနဲ့ အပစ်ရပ်အုပ်စုတွေထဲက ပီအန်အို ပအိုဝ်းအဖွဲ့ ၊ ဦးစခုံတိန့်ယိန်းခေါင်းဆောင်တဲ့အဖွဲ့ ၊ ကေအန်ယူက ခွဲထွက်တည်ထောင်ခဲ့တဲ့ ဒီကေဘီအေ တပ်ဖွဲ့အချို့ ၊ ကလလတ ကရင်နီ (ကွန်မြူနစ်မဟာမိတ်ဟောင်း) တို့ဟာ ၂၀၀၈ အခြေခံ ဥပဒေ အတည်ပြုပြီးနောက်မှာ ပြည်သူ့စစ် နယ်ခြားစောင့်တွေအဖြစ် ပြောင်းတဲ့ အဖွဲ့တွေထဲ ထင်ရှားတဲ့ အဖွဲ့တွေပါ။ အဖွဲ့တချို့က လက်ခံပေမယ့် တိုင်းရင်းသား လက်နက်ကိုင်တွေ ပြည်သူ့စစ် အသွင်ကူးပြောင်းရေး အလားအလာ အပေါ် အငြင်းပွားမှုတွေရှိတာကြောင့် အများစုက လက်မခံခဲ့ပါဘူး။

နယ်ခြားစောင့်တပ်အဖြစ် မပြောင်းချင်တဲ့အဖွဲ့ကို စတင်တိုက်ခိုက်မှုတွေထဲမှာ ဖုန်ကြားရှင်ရဲ့ ကိုးကန့်အဖွဲ့ကို တိုက်ခိုက်မှုက ထင်ရှားပြီး ဒီကေဘီအေ ကလိုထူးဘော တပ်ဖွဲ့နဲ့ တိုက်ခိုက်မှုလို ကိစ္စတွေကလည်း နယ်ခြားစောင့် မလုပ်ချင်သူတွေနဲ့ ဖြစ်ပွားတဲ့ အစောဆုံး တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့မှုအဖြစ် ထင်ရှားပါတယ်။