ကျောင်းသားသမဂ္ဂအကြောင်း လူမသိတဲ့ ၅ ချက်

ဓာတ်ပုံ မူပိုင် Thierry Falise
Image caption သမဂ္ဂ ပေါ်ထွန်းရေး ဆန္ဒပြသူတစု

မြန်မာနိုင်ငံမှာ ကျောင်းသား သမဂ္ဂတွေ တရားဝင် ရပ်တည်ခွင့် မရတာ အနှစ် ၆ဝ ရှိတော့မှာပါ။

လွန်ခဲ့တဲ့ ၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက် အရေးအခင်း နောက်ပိုင်း ကျောင်းသား သမဂ္ဂတွေ ထင်ထင်ပေါ်ပေါ် ရပ်တည်ခွင့် မရဘဲ ဖမ်းဆီးခံရ၊ တောခိုသွားရတဲ့ ဖြစ်ရပ်တွေ ရှိခဲ့ပါတယ်။

၂ဝ၁၂ နိုင်ငံရေး အပြောင်းအလဲတွေ နောက်ပိုင်း သမဂ္ဂတွေ ပြန်ပေါ်လာပေမယ့် အစိုးရ အာဏာပိုင်တွေက တရားဝင် အသိအမှတ်ပြုတာ၊ တက္ကသိုလ် အုပ်ချုပ်ရေးမှာ ပါဝင်ခွင့် ပေးတာတွေ မရှိသေးပါဘူး။

တကယ်တော့ ကျောင်းသားသမဂ္ဂတွေဟာ မြန်မာ့နိုင်ငံရေးကို ခေါင်းဆောင်ခဲ့ဖူးသလို နိုင်ငံရေး အချိုးအပြောင်းတွေမှာလည်း ရှေ့တန်းက ရပ်တည်ခဲ့ကြတဲ့ အဖွဲ့တွေ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် PORNCHAI KITTIWONGSAKUL
Image caption သမဂ္ဂ ဖွဲ့စည်းရေး ပြည်ပမှာ ဆန္ဒပြ

သမဂ္ဂ လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး လူသိနည်းတဲ့ အချက်တချို့ကတော့

(၁) သမဂ္ဂ ဆိုတဲ့ စကားလုံးကို ဘယ်အချိန်က စ သုံးစွဲခဲ့ကြတယ် ဆိုတာ သေချာ မသိရပါဘူး။ စစ်မဖြစ်ခင်ကပဲ ဒီစကားလုံးကို သုံးစွဲခဲ့ကြပေမယ့် ယူနီယံနဲ့လည်း လဲလှယ် သုံးစွဲကြပါတယ်။ ရန်ကုန် ယူနီဗာစီတီကို တက္ကသိုလ် အဖြစ် ပြောင်းလဲခေါ်တဲ့အချိန်နဲ့ ၁၉၃ဝ ကျော်မှာ သမဂ္ဂတည်ထောင်တဲ့ အချိန်ဟာ မရှေးမနှောင်း ဖြစ်လို့ အဲဒီအချိန်က စသုံးတယ် ယူဆနိုင်ပါတယ်။

အိုင်စီအက် ဦးချမ်းသာရဲ့ ကျွန်တော်အိုင်စီအက် စာအုပ်မှာတော့ ယူနီဗာစီတီ ကျောင်းသားညီညွတ်ရေးအသင်း ယူနီယံကို မတည်ထောင်ခင် ကောလိပ်ကျောင်းသား ညီညွတ်ရေးအသင်းတွေကို ရန်ကုန်နဲ့ ဂျပ်ဆင် ကောလိပ်တွေမှာ စပြီးတည်ထောင်တယ်လို့ ရေးသားထားပါတယ်။

ရန်ကုန်ကောလိပ် ကျောင်းသား ညီညွတ်ရေး အသင်း ဥက္ကဋ္ဌ နေရာကို တကောင်းနဲ့ ပြည်ဆောင်က ကျောင်းသားတွေ စုမဲပေးရာမှာ တကောင်းဆောင်က အင်ဂျင်နီယာ ကျောင်းသား ကိုကျော်စိန် က ရရှိခဲ့ပါတယ်။

ကောလိပ် ယူနီယံ ရွေးကောက်ပွဲတွေ အရင်ကျင်းပပြီးမှ ယူနီဗာစီတီ ယူနီယံ ပေါ်လာတယ် လို့လည်း ဆိုပါတယ်။

မြန်မာပြည်ရဲ့ အမြုတေ ရတနာ

Image caption သမဂ္ဂဒကာ စပါးပွဲစားကြီး ဒေါက်တာဦးညို

တက္ကသိုလ် သမဂ္ဂ အဆောက်အအုံ ဆောက်ပြီး ပေမယ့် လှုပ်ရှားမယ့် သမဂ္ဂ မရှိသေးလို့ ပေါ်ထွန်းအောင် ကျောင်းသားကြီး တချို့နဲ့ မြို့ထဲက ပညာတတ် ခေါင်းဆောင်တွေ ကြိုးစားခဲ့တယ်လို့လည်း သိရပါတယ်။

၁၉၂ဝ ကျော်က မြန်မာပြည်မှာ အစောဆုံးပေါ်တဲ့ အလုပ်သမား သမဂ္ဂတွေကိုတော့ လေဘာယူနီယံအဖြစ် ခေါ်ဆိုခဲ့ပြီး ရေနံချောင်းက ဦးမျိုးညွန့်ကို လေဘာယူနီယံ ဦးမျိုးညွန့်လို့ လူသိများပါတယ်။

ကျောင်းသား အသင်းအဖွဲ့တွေကို အထက်တန်းကျောင်းတွေမှာ တည်ထောင်တာကတော့ သခင်မြတို့ ကျောင်းသားဘဝ ၁၉၁ဝ ကျော်ကတည်းက ရှိခဲ့ပါတယ်။

Image caption သမဂ္ဂအတွင်းစည်းအုပ်စုက လွတ်လပ်ရေးကို ခေါင်းဆောင်

(၂) မြန်မာနိုင်ငံ လွတ်လပ်ရေးကို သမဂ္ဂက ခေါင်းဆောင်ခဲ့တယ် ဆိုတဲ့ စကားရှိပါတယ်။ တပ်မတော်ကို သမဂ္ဂက မွေးဖွားတယ် လို့လည်း ဆိုကြပါတယ်။ ၁၉၃၆ တက္ကသိုလ် ဒုတိယ သပိတ်ကို လှုံ့ဆော်ခဲ့တဲ့ ကျောင်းသား ခေါင်းဆောင်တစုက လွတ်လပ်ရေးအတွက် လက်နက်ကိုင် လမ်းစဉ်ကို ချမှတ်ခဲ့ပြီး အဲဒီအတွက် အကူအညီရှာတာကတော့ သမဂ္ဂကို အခြေခံပြီး ဖြစ်ပွားခဲ့ပါတယ်။

မန္တလေး ဥပစာကောလိပ်ကနေ ရန်ကုန်ကို ပြောင်းလာတဲ့ ကျောင်းသားအစုက ကိုသိန်းဖေ၊ ကိုညိုမြ၊ ကိုကျော်ငြိမ်း၊ ကိုလှမောင်၊ ကိုထွန်းအုံ စတဲ့ ကျောင်းသားတွေနဲ့ ရန်ကုန်က ကိုနု၊ ကိုအောင်ဆန်း၊ ကိုရာရှစ် စတဲ့ ကျောင်းသားတွေ ပူးပေါင်းမိပြီး ဒုတိယ သပိတ်ကို မှောက်ခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီနောက်ဆက်တွဲ ဗကသ ခေါ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂနဲ့ ကျောင်းသား သံမဏိတပ်၊ အမျိုးသား တက္ကသိုလ်၊ ကျောင်းသား လွှတ်တော် စတဲ့ လှုပ်ရှားမှုတွေ ဖြစ်လာတဲ့အပြင် တက္ကသိုလ် ပြင်ပက နဂါးနီ စာအုပ်အသင်းကိုလည်း သူတို့ လူစုက စတင် တည်ထောင်ခဲ့တာပါ။

မြန်မာပြည်နဲ့ လက်ဝဲနှစ်တရာ

ကျောင်းသားတွေ တို့ဗမာ အစည်းအရုံး ခေါင်းဆောင် ဖြစ်လာပြီးနောက် လွတ်လပ်ရေး လှုပ်ရှားမှု ပိုအားကောင်းလာပြီး ဗမာ့ထွက်ရပ်ဂိုဏ်းနဲ့ ဘီအိုင်အေ၊ ဘီဒီအေ စတဲ့ ဗမာ့တပ်မတော် ခေါင်းဆောင်တွေထဲမှာ သမဂ္ဂ ခေါင်းဆောင်တွေ ပါလာခဲ့ပါတယ်။

ဒီလှုပ်ရှားမှုတွေရဲ့ နောက်ကွယ်မှာ သမဂ္ဂ အတွင်းစည်း ခေါင်းဆောင်ဟောင်းတွေနဲ့ ခေါင်းဆောင်သစ်တွေ ပါဝင်ခဲ့ပြီး လွတ်လပ်ရေး ရပြီးနောက်မှာလည်း ဆိုရှယ်လစ်၊ ကွန်မြူနစ် စတဲ့ နိုင်ငံရေးပါတီတွေရဲ့ ခေါင်းဆောင်၊ အစိုးရနဲ့ သူပုန် ခေါင်းဆောင်တွေ ဖြစ်လာပါတယ်။

စစ်မဖြစ်ခင်က တက္ကသိုလ် သမဂ္ဂမှာ အမျိုးသမီး ကိုယ်စားလှယ်မပါပေမယ့် စစ်ပြီးနောက်မှာတော့ ပါလာပါတယ်။

ဓာတ်ပုံ မူပိုင် Lin San Tyna
Image caption ပုသိမ်က ကျောင်းသူသမဂ္ဂ

အထက်တန်းကျောင်း တချို့မှာတော့ စစ်မဖြစ်ခင်ကပဲ ကျောင်းသူသမဂ္ဂ ရှိခဲ့ပါတယ်။

(၃) ကျောင်းသား လှုပ်ရှားမှုမှာ လူသိနည်းတဲ့ သံမဏိတပ်ဖွဲ့လည်း ရှိပါတယ်။

၁၉၃၉ မှာ ဗိုလ်အောင်ကျော် ပါတဲ့ တတိယ သပိတ် ကျောင်းသား လှုပ်ရှားမှု ရိုက်နှက် ဖြိုခွဲခံရပြီးနောက်၊ ဒုတိယ ကမ္ဘာစစ် ဥရောပမှာ စတဲ့အချိန်မှာ အတွင်းစည်း ခေါင်းဆောင်တွေက လက်နက်ကိုင် တော်လှန်ဖို့ မြေအောက် လှုပ်ရှားမှု အစပျိုးချိန်မှာ သံမဏိတပ်တွေ ဖွဲ့ခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် ullstein bild Dtl.
Image caption ဗိုလ်အောင်ကျော် ကျောင်းသားသပိတ် ဖြိုခွဲခံရစဉ်

ဗိုလ်မှူးကြီး ချစ်မြိုင် ကွယ်လွန်

သံမဏိတပ် ဗိုလ်ချုပ် အဖြစ် တော်လှန်ရေး ကောင်စီဝင် ဖြစ်လာတဲ့ ကိုချစ်မြိုင် ခေါင်းဆောင်သလို သံမဏိ မောင်မောင်နဲ့ ဗကပ ရဲဘော်ဌေးစတဲ့ တခြား ကျောင်းသား ခေါင်းဆောင်တွေကလည်း သံမဏိတပ်ဖွဲ့ဝင်တွေ အဖြစ် စစ်ရေး လေ့ကျင့်မှုတွေကို လက်နက်မပါဘဲ ဆောင်ရွက်ခဲ့ပါတယ်။

အသက် ၈ နှစ် အထက် ကျောင်းသားမှန်သမျှကို လက်ခံပြီး စစ်ပညာ သင်ကြား ပေးဖို့ စီစဉ်ခဲ့တာပါ။

အစိမ်းပုတ်ရောင် ဘောင်းဘီတိုနဲ့ ရှပ်လက်တိုကို ယူနီဖောင်း အဖြစ် သတ်မှတ်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Bettmann
Image caption မြန်မာပြည်ထဲ ဝင်လာတဲ့ ဂျပန်တပ်များ

ဂျပန် ဝင်ခါနီး အချိန်မှာတော့ ယူနစ် ခေါ်တဲ့ မြေအောက် လှုပ်ရှားမှုတွေကို ကျောင်းသားနဲ့ သခင် နိုင်ငံရေး သမားတွေ ပူးပေါင်း ဆောင်ရွက်ပြီး စည်းရုံးခဲ့ကြပါတယ်။

လက်နက်ကိုင်နည်း သင်တန်းတွေကို လက်နက်မပါဘဲ ပေးတဲ့သူတွေထဲမှာ ဆေးကောလိပ်သမဂ္ဂက ကိုမောင်မောင် ခေါင်းဆောင်ပါဝင်ခဲ့ပြီး နောင်မှာ ဗိုလ်မှူးချုပ် မောင်မောင် အဖြစ် မြန်မာ့တပ်မတော်ကို ချဲ့ထွင် တည်ဆောက်ခဲ့ပါတယ်။

ဘီအိုင်အေ အတက်မှာ ကျောင်းသား ခေါင်းဆောင် အများအပြား တပ်ထဲ ဝင်ခဲ့ကြတာ ဖြစ်ပါတယ်။

(၄) ရန်ကုန် တက္ကသိုလ်က ပေါ်ပေါက်လာတဲ့ ကျောင်းသား သမဂ္ဂတွေကို စစ်ပြီး ပြန်လည် ထူထောင်ရာမှာ ဖဆပလနဲ့ ကွန်မြူနစ် နှစ်ဘက်လုံးက အပြိုင်စည်းရုံးတာတွေ ရှိခဲ့ပါတယ်။ တက္ကသိုလ် သမဂ္ဂ၊ ရန်ကုန် ခရိုင် ကျောင်းသား သမဂ္ဂနဲ့ ဗကသ အဖွဲ့တွေမှာ အင်အားစုနေကြတဲ့ ကျောင်းသား လှုပ်ရှားမှုတွေကြောင့် တချို့ အချိန်တွေမှာ ကွန်မြူနစ် အားကောင်းပြီး တချို့အချိန်မှာ အစိုးရဘက်က အားကြီးတာတွေ ရှိခဲ့ပါတယ်။

၁၉၅ဝ နောက်ပိုင်းနှစ်တွေမှာတော့ တပ်ဦး အမည်ခံ ကွန်မြူနစ် အနွယ်တွေ သမဂ္ဂ လှုပ်ရှားမှုမှာ ကြီးစိုးခဲ့ပါတယ်။ ကွန်မြူနစ် တောခိုချိန်မှာ သမဂ္ဂ ခေါင်းဆောင်တွေ တောထဲ လိုက်ပါသွားတာ ရှိသလို အစိုးရဘက်က ဝင်တိုက်ပြီး ကျဆုံးသွားသူတွေ၊ အစိုးရ ဝန်ကြီး ဖြစ်လာတဲ့ သမဂ္ဂ ခေါင်းဆောင်တွေလည်း ရှိပါတယ်။

၁၉၄၅ က ၁၉၅၈ အတွင်း ဗကသ ဌာနချုပ်၊ ဗကသ တောတွင်း၊ ဗကသ အဖွဲ့ချုပ်၊ ဗကသ သန့်ရှင်း၊ ဗကသ ကိုကိုကြီး ကိုကိုလေး အဖွဲ့၊ ဗကသ ဒီအက်စ်အို၊ ဗကသများ အဖွဲ့ချုပ်၊ ဗကသများ အဖွဲ့ချုပ်သစ် စတဲ့ ဗကသ အဖွဲ့ အများအပြား ပေါ်ထွက်ခဲ့ပါတယ်။

၁၉၆၂ တပ်က အာဏာသိမ်းချိန်မှာ ကမ္ဘာ့ ကွန်မြူနစ် လှုပ်ရှားမှုမှာ တရုတ်နဲ့ ဆိုဗီယက် ကွဲတဲ့အချိန်လည်း ဖြစ်ပါတယ်။

အာဏာမသိမ်းခင်က တရုတ်ပြည်မှာ နယ်နိမိတ် စာချုပ်ချုပ်ဖို့သွားရင်း တရုတ်ပြည်ကို ဗိုလ်ချုပ်ကြီးနေဝင်း အားကျပြီး တော်လှန်ရေး လုပ်ဖို့ အာဏာသိမ်းတာလို့လည်း ကိုကိုမောင်ကြီးက ရေးပါတယ်။

ဆိုဗီယက်နဲ့ နီးစပ်တဲ့ ပမညတ မြေပေါ် လက်ဝဲ ပါတီအများက အာဏာသိမ်းတာကို ထောက်ခံပေမယ့် တောတွင်းက ကွန်မြူနစ် ပါတီ နှစ်ခုက လက်မခံပါဘူး။ အလားတူ တရုတ်နဲ့ မြန်မာစစ်အစိုးရကြား မပြေလည်မှုတွေ ကနေ တရုတ် ဗမာ အရေးအခင်းနဲ့ ဗမာပြည် ကွန်မြူနစ်ပါတီကို တရုတ်က အကြီးအကျယ် ထောက်ပံ့မှု ပေါ်ပေါက်ခဲ့ပါတယ်။

တောထဲနဲ့ နီးစပ်တဲ့ မြေပေါ်က ကျောင်းသား သမဂ္ဂ လှုပ်ရှားမှုနဲ့ အာဏာသိမ်း စစ်တပ်တို့ ထိပ်တိုက်တွေ့ရာက သမဂ္ဂ အဆောက်အအုံ ဖြိုခွဲခံရသလို လှုပ်ရှားမှုလည်း ချေမှုန်းခံခဲ့ရပါတယ်။

Image caption ဗကသ အဖွဲ့ဆိုပြီး ပေါ်ထွန်းခဲ့

(၅) ၁၉၅ဝ က ရန်ကုန်တက္ကသိုလ်မှာ ကျောင်းသားတွေကို မာ့က်စ် ဝါဒ သင်ကြားပေးဖို့ တက္ကသိုလ် ကောင်စီဝင်နဲ့ ပမညတ အမတ် စာရေးဆရာ သိန်းဖေမြင့်က တောင်းဆိုခဲ့ဖူးပါတယ်။

ဒါကို တက္ကသိုလ် ကျောင်းသား သမဂ္ဂဝင် တချို့က ကျောင်းသားထု ဆန္ဒမပါဘဲ ဖက်ဆစ်ဆန်ဆန် အမိန့်နဲ့ မသင်ကြားခိုင်းသင့်ဘူးဆိုပြီး ကန့်ကွက်လို့ ပျက်သွားခဲ့ပါတယ်။

သိန်းဖေမြင့်ဟာ ကွန်မြူနစ်ကနေ သခင်သန်းထွန်း၊ ဂိုရှယ်တို့နဲ့ သဘောမတိုက်ဆိုင်လို့ ပဲ့ထွက်လာတဲ့ ခေါင်းဆောင်တယောက် ဖြစ်ပါတယ်။

ဒါပေမဲ့ တက္ကသိုလ်မှာ မာ့က်စ်ဝါဒ လေ့လာရေး အဖွဲ့ အဖြစ် လက်ရွေးစင် ကျောင်းသားတွေကို စုပြီး သင်ဖို့ အဲဒီအချိန်က ကာကွယ်ရေး ဝန်ကြီး ဖြစ်တဲ့ ဆိုရှယ်လစ် ခေါင်းဆောင် ဦးဗဆွေက ညွှန်ကြားခဲ့ပါတယ်။

နောင်မှာ ဗိုလ်ချုပ်ကြီး နေဝင်းအောက်မှာ ဒုတိယ ပညာရေး ဝန်ကြီး ဖြစ်လာတဲ့ ဒေါက်တာ ညီညီ၊ ဘဏ္ဍာရေး ဒုဝန်ကြီး ဦးချစ်မောင် နဲ့ ပညာရေး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းဦးလို ကျောင်းသားတွေကို သိန်းဖေမြင့်၊ သခင်ကျော်စိန်၊ ဦးတင်ဧ ရှမ်းပြည် စတဲ့ ပညာရှင်တွေက ပို့ချ ပေးခဲ့တာပါ။

အဲဒီမတိုင်ခင် ၁၉၄၆၊ ၁၉၄၇ နှစ်တွေကလည်း တကသ အဆောက်အဦမှာ ကျောင်းသားတွေကို ဆိုရှယ်လစ်နဲ့ ကွန်မြူနစ် ခေါင်းဆောင်တွေ အပြိုင် နိုင်ငံရေး သင်တန်းတွေ ပေးခဲ့ပါတယ်။

ဆဲဗင်းဇူလိုင် သိမှတ်ဖွယ်ရာများ

ဓာတ်ပုံ မူပိုင် Aungmyint Oo
Image caption ဆဲဗင်းဇူလိုင်မှာ သမဂ္ဂကို ဖြိုချ
ဓာတ်ပုံ မူပိုင် Aung Kyaw San
Image caption ပြန်မဆောက်ဖြစ်သေးတဲ့ သမဂ္ဂပုံစံ

ဆက်စပ် အကြောင်းအရာများ