ပြည်သူ့စစ် ၂ နယ်ခြားစောင့် အမျိုးအစားခွဲခြားသတ်မှတ်မှုပုံစံ

ဓာတ်ပုံ မူပိုင် Thierry Falise
Image caption ဒီကေဘီအေ စစ်သည်တယောက်

လက်ရှိအနေအထားမှာ မြင်နေရတဲ့ ဖွဲ့စည်းမှုပုံစံတွေကို ကြည့်ရင် အခုလို အမျိုးအစားတွေ တွေ့ရပါတယ်။

  • တပ်မတော်အတွင်း ပေါင်းစည်းထားတဲ့ ပြည်သူ့စစ်

BGF နယ်ခြားစောင့်တပ်လို့ လူသိများတဲ့ တပ်မတော်နဲ့ ပေါင်းစည်းထားတဲ့ ပြည်သူ့စစ်တွေဟာ တပ်မတော်ရဲ့ အမိန့်ပေးမှုအောက်မှာ တရားဝင် ဖွဲ့စည်းပြီး စစ်တပ်ရဲ့ အမိန့်စနစ် တည်ဆောက်ပုံနဲ့ ပေါင်းစည်းထားတာ ဖြစ်ပါတယ်။ အဲဒီနယ်ခြားစောင့် တပ်မတွေမှာ တပ်မတော်က ဗိုလ်မှူးအဆင့်နဲ့ ဒုတိယ တပ်ရင်းမှူး ၁ ဦး ၊ ဗိုလ်ကြီး ၂ ဦး စသဖြင့် လူ ၃၀ ပါသလို တိုင်းရင်းသားအဖွဲ့အသွင်ပြောင်း နယ်ခြားစောင့်ဘက်က တပ်ရင်းမှူး၊ တပ်သားအပါအဝင် နှစ်ဘက်စုစုပေါင်း ၂၉၆ ဦးနဲ့ ဖွဲ့စည်းထားတဲ့ တပ်ရင်းတွေလည်း ဖြစ်ပါတယ်။

တပ်မတော်ထဲ ပေါင်းစည်းထားတဲ့ အဲဒီ နယ်ခြားစောင့်တွေကို လစာ ၊ ရိက္ခာ၊ တူညီဝတ်စုံတွေ စစ်တပ်ထောက်ပံ့မှုအတိုင်း ထောက်ပံ့ပေးထားပြီး တပ်နဲ့ပေါင်းထားတဲ့ နယ်ခြားစောင့်တွေရဲ့ ငွေကြေးရင်းမြစ်တွေမှာ ဝင်ငွေရနိုင်တဲ့ လုပ်ငန်းနဲ့အတူ တပ်ရဲ့ အကူအညီတွေ ပါဝင်ပါတယ်။

ပြည်သူ့စစ် ၁

နယ်ခြားစောင့်တပ်ရင်းတွေဟာ ကချင်၊ ရှမ်း ၊ ကရင် ပြည်နယ်တွေမှာ လှုပ်ရှားကြတာ ဖြစ်ပြီး ပြည်နယ်တခုက နယ်ခြားစောင့် တပ်ရင်းကို အခြား ပြည်နယ်တခုကို ပြောင်းရွှေ့နေရာချထားမှု မပြုနိုင်ဘူး လို့ မြန်မာ့စစ်ရေး လေ့လာသူတွေနဲ့ ပြည်သူ့စစ် နယ်ခြားစောင့်တပ် ဆိုင်ရာ အစီအရင်ခံစာတွေက ဖော်ပြကြပါတယ်။ နယ်ခြားစောင့် တပ်ဖွဲ့ဝင်တွေရဲ့ အငြိမ်းစားယူရမယ့် အသက်ကို ၅ဝ အဖြစ်လည်း သတ်မှတ်ထား ပါတယ်။

MNDAA ကိုးကန့် တပ်ဖွဲ့ကနေ ပြောင်းခဲ့တဲ့ နယ်ခြားစောင့်တပ်ဖွဲ့တွေဟာ ၂၀၁၅ တကျော့ပြန် ကိုးကန့်တိုက်ပွဲ ကာလအတွင်း မူလတပ်ဖွဲ့ MNDAA နဲ့ ပြန်လည် ပူးပေါင်းတာတွေ လုပ်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ရှိခဲ့သလို ၂၀၁၆ နောက်ပိုင်း ကိုးကန့် ဒေသမှာ ပြည်သူ့စစ်တပ်ဖွဲ့ တိုးချဲ့ဖွဲ့စည်းမှုတွေလည်း လုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Ko Billy
Image caption လားဟူ ပြည်သူ့စစ်ပိုင် ကားတွေ
  • တပ်မတော်နဲ့ ပေါင်းစည်းမထားတဲ့ ပြည်သူ့စစ်

ပေါင်းစည်းမထားတဲ့ ပြည်သူ့စစ်တွေဟာ နယ်ခြားစောင့်တပ်လို သီးသန့်လက္ခဏာတော့ မရှိဘဲ အချိန်ပြည့်တာဝန်ထမ်းဆောင်ရေးနဲ့ စစ်သည်ဘယ်လောက်ရှိရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေလည်း မရှိပါဘူး။ တပ်မတော် စစ်သည်ရာထူး သတ်မှတ်မှုတွေ မှာလည်း ဒီပြည်သူ့စစ်တွေ မပါပါဘူး။ အဲဒီပြည်သူ့စစ်တွေဟာ အများစကု အင်အား အဖွဲ့ဝင် တစ်ရာ ဝန်းကျင်နဲ့ တစ်ရာအောက်သာသာ ဆိုကြပေမယ့် ပန်ဆေးပြည်သူ့စစ် ၊ ကေဒီအေနဲ့ ပအိုဝ်း PNA ပြည်သူ့စစ်တွေဟာ အင်အားရာဂဏန်းထက် ကျော်နိုင်တဲ့ အဖွဲ့တွေဖြစ်တယ်လို့ ဂျွန်ဗျူခန်နန်ရဲ့ စာတမ်းမှာ ဖော်ပြပါတယ်။

ပအိုဝ်းပြည်သူ့စစ်ဟာ PNO က လာတာဖြစ်ပြီး ထူးခြားချက်ကတော့ ဘယ်တိုင်းရင်းသား အဖွဲ့အစည်းမှ မရတဲ့ ခံစားခွင့်မျိုး PNO နဲ့ ပအိုဝ်းပြည်သူ့စစ်တွေ ရထားတယ်လို့ ပြည်သူ့စစ်အဖွဲ့တဖွဲ့ရဲ့ တာဝန်ရှိသူတဦးကလည်း ဘီဘီစီကို ပြောပါတယ်။ ဒါကတော့ နိုင်ငံရေးပါတီအဖြစ် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ဟာ ဆက်လက် ရပ်တည်ခွင့်ရထားပြီး တချိန်တည်းမှာလည်း အင်အားမြောက်မြားလှစွာ ရှိနေတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ကို ထိန်းချုပ်ခွင့်ရထားတာဖြစ်ပါတယ် လို့ သူက ဆိုပါတယ်။

ဦးစခုန်တိန့်ယိန်း ၊ ဖောင်းဆိုင် ပြည်သူ့စစ်ခေါင်းဆောင်ဟောင်း ဦးတီခွန်မြတ် ၊ ပန်ဆေးကျော်မြင့် အပါအဝင် ကိုးကန့် ဒေသက ပယ်စောက်ချိန်တို့ အုပ်စုတွေဟာ ပြည်ခိုင်ဖြိုး ပါတီကနေ လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာခဲ့ပေမယ့် ပီအန်အိုကတော့ သူတို့ ပအိုဝ်းပါတီအနေနဲ့ လွှတ်တော်ထဲ ဝင်ရောက်ခွင့်ရှိနေပြီး ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဦးစီးအဖွဲ့မှာလည်း ပီအန်အိုတွေ ကြီးစိုးထားနိုင်ခဲ့ပါတယ်။

တပ်မတော်နဲ့ ပေါင်းစည်းမထားတဲ့ ပြည်သူ့စစ်တွေက ရန်ပုံငွေကို သူတို့ဘာသာ သူတို့ ရှာကြပြီး အခွန်ကောက်လုပ်ငန်းတွေ ၊ သယ်ယူပို့ဆောင်ရေး ၊ သတ္တုတူးဖော်မှု ၊ ကျောက်စိမ်း၊ အိမ်ခြံမြေလုပ်ငန်း ၊ ကျွန်းအပါအဝင် သစ်ထုတ်ခွင့်တွေ ရရှိခဲ့တယ်လို့ အေးရှားဖောင်ဒေးရှင်း စာတမ်းတခုမှာလည်း ဖော်ပြထားပါတယ်။ အစီအရင်ခံစာ အချို့မှာတော့ ဒီ တပ်နဲ့ မပေါင်းထားတဲ့ ပြည်သူ့စစ်တွေဟာ မူးယစ်ဆေးဝါးလို တရားမဝင် လုပ်ငန်း တွေမှာ ပါဝင် ပတ်သက်နေတယ်လို့ စွပ်စွဲထားကြပါတယ်။

ဓာတ်ပုံ မူပိုင် STRINGER
Image caption မူဆယ်မှာ ကင်းလှည့်နေတဲ့ နယ်ခြားစောင့်တပ်တွေ
  • တပ်မတော် ထောက်ပံ့တဲ့ ရပ်ရွာအခြေပြု ပြည်သူ့စစ်

ဒီပြည်သူ့စစ်တွေကတော့ ရပ်ရွာက အရပ်သားတွေကို စစ်သင်တန်းပေး လက်နက် တပ်ဆင်ထားတဲ့ အဖွဲ့တွေဖြစ်ပါတယ်။ အချို့အဖွဲ့တွေကတော့ စစ်သင်တန်းတွေတက်ဖို့ ရပ်ရွာ အုပ်ချုပ်ရေးမှူး ရွာသူကြီးတွေကတဆင့် လူစာရင်း ပေးရတာဖြစ်ပါတယ်။ သူတို့ဟာ တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ မလုံလောက်တဲ့ ဒေသတွေမှာ လုံခြုံရေးတာဝန်တွေ ပိုယူရပါတယ်။ နမ့်ခမ်း မြို့မ ၊ တာလေကြီး ရှမ်းနီ ပြည်သူ့စစ် လိုအဖွဲ့တွေဖြစ်ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် လှုပ်ရှားမှုမရှိတဲ့ နယ်မြေတွေမှာလည်း ရပ်ရွာအခြေပြု ပြည်သူ့စစ်တွေ ရှိနေပြီး သူတို့ကိုတော့ လက်နက်တပ်ဆင်ပေးတာ မရှိပါ။ ၂၀၁၆ က ဖြစ်ခဲ့တဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ရဲ့ မုန်းကိုးမြို့ဝင်သိမ်းတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်လို့ တပ်မတော်အရာရှိတဦးက ' ပြည်သူ့စစ်မဟာဗျူဟာ အားနည်းခဲ့လို့ ဒီလိုကိစ္စတွေကြုံရတာ' လို့ မှတ်ချက်ပေးခဲ့ဖူးတာကြည့်ရင် ဒီမဟာဗျူဟာကို ဆက်လက်ကိုင်စွဲ အသုံးပြုဖို့ ရည်ရွယ်တယ်ဆိုတာ ပေါ်လွင်ပါတယ်။ ဒါ့အပြင် အငြင်းပွားစရာဖြစ်နေတဲ့ ရခိုင်မြောက်ပိုင်း ကိစ္စတွေမှာပါ တပ်မတော်က ပြည်သူ့စစ်အဖွဲ့တွေ ဖွဲ့စည်းဖို့ စဉ်းစားတာမျိုး သတင်းတွေမှာလည်း တွေ့ရပါတယ်။

ဓာတ်ပုံ မူပိုင် KC ORTIZ
Image caption တိုင်းရင်းသား အဖွဲ့တွေမှာလည်း ကိုယ်ပိုင်ပြည်သူ့စစ်တွေနဲ့ ချိတ်ဆက်ထား
  • တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ပြည်သူ့စစ်

အစိုးရနဲ့ တပ်မတော်တို့ကို နိုင်ငံရေးအရ တော်လှန်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် တွေဘက်ကလည်း သူတို့ကာကွယ်ရေး ၊ လုံခြုံရေးနဲ့ တန်ပြန် စစ်ဆင်ရေး လုပ်ငန်းတွေ အတွက် ပြည်သူ့စစ်တွေ ဖွဲ့ထားကြပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေမှာ အမြဲတမ်း တာဝန်မထမ်းလိုသူတွေအတွက် ၃ လ လောက်ကြာမြင့်တဲ့ ပြည်သူ့စစ်နဲ့ သက်ဆိုင်တဲ့ သင်တန်းတွေကို ပေးတတ်တာလည်း တွေ့ရပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ပြည်သူ့စစ်ခေါ် ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ သတင်းအချက်လက်တွေကို ရှာရတာ ခက်ခဲလှတယ်လို့ ဂျွန်ဗျူခန်နန်က ပြောပါတယ်။ အကြောင်းကတော့ တိုင်းရင်းသားလက်နက်ကိုင်တွေ အထူးသဖြင့် အလွန်သေးငယ်တဲ့ အဖွဲ့တွေဟာ သူတို့ရဲ့ ပြည်သူ့စစ်တွေကို ငွေကြေးထောက်ပံ့ဖို့ အရင်းအမြစ် ချို့တဲ့မှုကြောင့် ဖြစ်သလို သူတို့ဟာ ဗဟိုချုပ်ကိုင်မှု လျှော့ချထားတဲ့ အဆင့်မှာ လှုပ်ရှား နေကြတဲ့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်တိုက်နေရတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ တပ်သားစုဆောင်းမှုတွေမှာ ကလေးစစ်သားလို ကိစ္စတွေနဲ့ ငြိစွန်းနေတတ်သလို သူတို့ရဲ့ ပြည်သူ့စစ်တွေမှာလည်း အဲဒီ အသက်မပြည့်သေးတဲ့ ကလေးစစ်သားကိစ္စတွေ ရှိနေနိုင်တယ်လို့ Child Soldier International ရဲ့ ကချင်လွတ်လပ်ရေး တပ်မတော်နဲ့ ဆက်လက်ရှိနေဆဲ ကလေးစစ်သား စုဆောင်းမှု သုတေသနစာတမ်းမှာ ဖော်ပြထားပါတယ်။