ပြည်သူ့စစ် ၃ မရေရာတဲ့ အနာဂတ်နဲ့ ငြိမ်းချမ်းရေး

ဓာတ်ပုံ မူပိုင် Ko Billy
Image caption လားဟူပြည်သူ့စစ်အရာရှိတစု
  • ရပ်တည်ရေးအတွက် ဘာလုပ်ကြသလဲ

ပြည်သူ့စစ်အဖွဲ့အများစုက ဒေသခံ လူထုဆီက အခွန်ကောက်ခံမှုနဲ့ ရပ်တည်ကြတာပါ။ အချို့ ပြည်သူ့စစ် ခေါင်းဆောင်တွေကတော့ ကုမ္ပဏီထောင် စီးပွားရေးလုပ်ကြပြီး ဓာတ်ဆီဆိုင်၊ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီနဲ့ ဟိုတယ်လို လုပ်ငန်းတွေအပြင် စိုက်ပျိုးရေးထုတ်ကုန်နဲ့ သစ်ထုတ်လုပ်ရေး ၊ သတ္တုသယံဇာတ ၊ အိမ်ခြံမြေလုပ်ငန်း စသဖြင့် လုပ်ငန်းတွေ ကျယ်ပြန့်လှပါတယ်။ တရားမဝင် မူးယစ်ဆေးဝါး ကဏ္ဍမှာ ပတ်သက်မှု တွေကြောင့်လည်း တချို့ပြည်သူ့စစ် ခေါင်းဆောင်တွေက ချမ်းသာ လာကြတယ်လို့ သတင်းအချို့နဲ့ သုတေသန စာတမ်းတချို့မှာ ဖော်ပြကြပါတယ်။ မကြာသေးခင်က ဘင်္ဂလားဒေ့ရှ် သတင်းတခုမှာ ဖော်ပြခဲ့တဲ့ ရှမ်းပြည်က မူးယစ်ဆေးဝါး စက်ရုံနေရာပြ မြေပုံတွေမှာ ပြည်သူ့စစ် ၊ တိုင်းရင်းသားလက်နက်ကိုင် ရောပြွမ်းပြီး စစ်ရေးပဋိပက္ခ ဖြစ်လေ့ရှိတဲ့ ဒေသတွေမှာ စက်ရုံတွေ တည်ရှိတယ်ဆိုတဲ့ အမှတ်အသားတွေ ပြထားခဲ့တာလည်း တွေ့ရပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေလည်း မူးယစ်ဆေးကိစ္စတွေမှာ လုံးဝ ကင်းရှင်းတယ်လို့ မပြောနိုင်တဲ့အကြောင်းရင်းတွေလည်း ရှိပါတယ်။ အမေရိကန်က DEA လို မူးယစ်ဆေးတိုက်ဖျက်ရေးအဖွဲ့႔တွေက မူးယစ်ဆေးဝါး ထုတ်လုပ်မှုအတွက် အလိုရှိသူ စာရင်းထဲမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တဖွဲ့က ထိပ်တန်း ပုဂ္ဂိုလ်တွေ ပါဝင်နေတာ တွေ့ရပါတယ်။

ပြည်သူ့စစ် ၂ နယ်ခြားစောင့် အမျိုးအစားခွဲခြားသတ်မှတ်မှုပုံစံ

ပြည်သူ့စစ်တွေရဲ့ စီးပွားရေးတွေကို တခါတလေ အာဏာပိုင်နဲ့ တပ်ဘက်က ဝင်ရောက်ကန့်သတ်တာတွေလည်း ရှိတတ်ပါတယ်။ ဥပမာအားဖြင့် အခြေခံ အဆောက်အဦနဲ့ သယံဇာတ ထုတ်လုပ်ရေး လုပ်ငန်းတွေကို ဝင်ရောက် ကန့်သတ်မှုလို ကိစ္စတွေပါ။ ပြည်သူ့စစ်က လယ်ယာစိုက်ပျိုးရေး ခေါင်းစဉ်နဲ့ လုပ်ကိုင်တာတွေလည်း ရှိသလို အဲဒီလုပ်ပိုင်ခွင့်ကြောင့် ဒေသခံတွေရဲ့ မြေတွေကို ပြည်သူ့စစ်တွေက သိမ်းတယ်ဆိုပြီး စွပ်စွဲမှုတွေ လည်း ရှိခဲ့ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေဘက်မှာတော့ ကရင် ကေအန်ယူ တဖွဲ့သာ မြေယာပေါ်လစီနဲ့ မိရိုးဖလာမြေပိုင်ခွင့်အတွက် စနစ်ကျတဲ့ အစီအစဉ်တွေ ကျင့်သုံးရေးဆွဲတာ ရှိပြီး၊ UWSA ဝ နဲ့ အာစီအက်စ်အက်စ် ရှမ်းတောင်လို အဖွဲ့႔တွေကတော့ မြေသိမ်းတာ ဒါမှမဟုတ် အခွင့်အာဏာသုံးပြီး လျော်ကြေး အနည်းငယ်နဲ့ ဒေသခံတွေဆီက မြေဝယ်တဲ့ ကိစ္စမျိုးတွေ ဖြစ်ခဲ့ဖူးပါတယ်။

ဓာတ်ပုံ မူပိုင် SYCB
Image caption ကျောက်မီးသွေးစီမံကိန်းတွေကို ကန့်ကွက်နေ
  • ရပ်ရွာ လူထုတွေနဲ့ ပြည်သူ့စစ် နယ်ခြားစောင့်တပ်အကြား ဆက်ဆံရေး

နှစ်ဘက် အပြန်အလှန်ဆက်ဆံမှုတွေမှာ လူဖြည့်တင်းမှု ၊ အခွန်ကောက်မှု ၊ ပစ္စည်းဖြည့်တင်းမှု ၊ ရပ်ရွက်အကျိုးပြုလုပ်ငန်းတွေမှာ ပါဝင်မှု စတဲ့ပုံစံတွေ ပါဝင်ပါတယ်။

ပြည်သူ့စစ်တွေ လူဖြည့်တင်းမှုမှာ ဆန္ဒအလျှောက် တပ်သားဖြည့်တင်းမှုကနေ မဝင်မနေရ အတင်းအကျပ် ဝင်ရောက်အမှုထမ်းစေတဲ့ ကိစ္စတွေအထိ ပါဝင်ပါတယ်။

တပ်သားသစ်စုပြီး ပြည်သူ့စစ် သင်တန်းပေးမှုကို ကြိုက်တဲ့ နေရာအချို့လည်း ရှိသလို ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေနဲ့ ရပ်ရွာကိုယ်တိုင်က ပြည်သူ့စစ်အဖြစ် တာဝန်ထမ်းရတာကို မကြိုက်တော့ဘူးဆိုတဲ့ ကိစ္စတွေလည်း ရှိပါတယ်။၂၀၁၃ မှာ မွန်ပြည်နယ် ကျိုက်ထိုဘက်က ပြည်သူ့စစ်အဖွဲ့ရဲ့ အဖွဲ့ဝင်တွေဟာ ဆက်လက်တာဝန်ထမ်းဖို့ မလိုဘူးဆိုပြီး ဒေသခံတပ်ရင်းကို သူတို့ရဲ့ သေနတ်တွေသွားအပ်ခဲ့ကြတယ်လို့ အစီအရင်ခံစာတစောင်က ဖော်ပြပါတယ်။

တချို့ဒေသတွေမှာတော့ ဂိတ်ဖွင့် အကောက်အခွန် ကောက်ခံမှုတွေအပေါ် ပြည်သူတွေက သိပ်မကြည်ဖြူတာတွေ့ရပါတယ်။ ဒေသခံတွေကို ထိခိုက်စေတဲ့ အငြင်းပွားဖွယ် ကျောက်မီးသွေးတူးလုပ်ငန်းလို ကိစ္စတွေမှာ ပြည်သူ့စစ်နဲ့ သူတို့ရဲ့ ပါတီတွေ ပတ်သက်နေတာ ၊ ဒါမှမဟုတ်သူတို့က ခွင့်ပြုတာကို ဒေသခံတွေက မကြိုက်တာ ၊ အဲဒီစီမံကိန်းတွေကို ကန့်ကွက်တာတွေလည်း ရှိနေပါတယ်။

ပြည်သူ့စစ် ၁ ခွန်ဆာ လော်စစ်ဟန်နဲ့ ဘိန်းဘုရင်ခေတ်

ဒါ့အပြင် အခွန်ပေးရတဲ့ ပြည်သူတွေအဖို့ ရန်သူမရှိတဲ့ ဒါမှမဟုတ် စစ်မတိုက်တော့တဲ့ ပြည်သူ့စစ်တွေကို အခွန်ပေးနေရတဲ့ ကိစ္စဟာ ပြည်သူကို အကာကွယ်ပေးရန်မလိုတဲ့ အခြေအနေမှာ ပြည်သူ့စစ်ကို အခွန်ပေးရတာဟာ ဝန်ထုပ်ဝန်ပိုး ဖြစ်စေတယ်လို့ ရှူမြင်ချက်တွေလည်း ရှိနေပါတယ်။

ပြည်သူ့စစ်တွေနဲ့ လူထုအကြား ဆက်ဆံရေးမှာ ဖွံ့ဖြိုးရေးနဲ့ ပြည်သူ့ဝန်ဆောင်မှု ပေးတဲ့ လုပ်ငန်းတွေကလည်း အရေးပါလှပါတယ်။ ကယားပြည်နယ်နဲ့ ရှမ်းပြည်တောင်ပိုင်းမှာ အခြေချတဲ့ ကယန်းပြည်သစ်ပါတီရဲ့ ကယန်း ပြည်သူ့စစ်ဆိုရင် ဒေသတွင်းမှာ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ လုပ်နိုင်ပြီး ဒေသခံတွေနဲ့ တင်းမာမှု ၊ ဒေသခံတွေရဲ့ ကန့်ကွက်ခံရမှုတွေ သိပ်မရှိတဲ့ ပြည်သူ့စစ်အဖွဲ့အဖြစ် ရပ်တည်နေပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ လက်နက်ကိုင်တွေ ချန်မထားသင့်
  • ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ နေရာသီးသန့်မရတဲ့ ပြည်သူ့စစ်တွေ

ပြည်သူ့စစ်တွေဟာ အားလုံးပေါင်းလိုက်ရင် အရွယ်အစားရ အတော်အသင့် ကြီးမားများပြားတဲ့ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပြီး ပဋိပက္ခတွေမှာလည်း ပါဝင်ပတ်သက် နေသူတွေပါ ။ ဒါပေမယ့်လည်း ပဋိပက္ခကနေ ငြိမ်းချမ်းရေး အလားအလာ ဆွေးနွေးရာမှာ ပြည်သူ့စစ်နဲ့ သက်ဆိုင်တဲ့ ကိစ္စတွေက လျစ်လျူရှုခံထား ရဆဲဖြစ်ပါတယ်။

အထူးသဖြင့် ငြိမ်းချမ်းရေး ၊ ပဋိပက္ခ အဖြေရှာရေးအတွက် ကြိုးပမ်းချိန် လုံခြုံရေး ကဏ္ဍ ပြုပြင်ပြောင်းလဲရေး SSR နဲ့ လက်နက်ဖြုတ်သိမ်းရေး တပ်ပြန်လည်ပေါင်းစည်းရေး ကိစ္စ အစီအစဉ်တွေ ရေးဆွဲ ဆောင်ရွက်ချိန်မှာ ဖြစ်ပါတယ်။ အဲဒီလို အချိန်မှာ နယ်မြေတခုချင်းအလိုက် ထူးခြားတဲ့ ဝိသေသ လက္ခဏာရှိတဲ့ ပြည်သူ့စစ်တွေအတွက် ထည့်သွင်းတွက်ချက် စဉ်းစားထားတာ မရှိဘူးဆိုရင် ပြဿနာတွေ အများကြီးတက်လာနိုင်ပါတယ်။

ပြည်သူ့စစ်တွေအဖို့ နိုင်ငံရေးအရ လျစ်လျူရှူခံရတာဟာ အဓိကကျသူတွေ မဟုတ်လို့ ဆိုတဲ့ ထောက်ပြချက်တွေလည်း ရှိတတ်ပါတယ်။ အစိုးရရဲ့ မဟာမိတ်ဖြစ်တာ ဒါမှမဟုတ် တရားမဝင် စီးပွားရေးတွေမှာ ပါဝင်နေတဲ့ ကိစ္စတွေကတော့ ပြည်သူ့စစ်တွေ အဖို့ နိုင်ငံရေးအကျိုးစီးပွားအရ အသိအမှတ်ပြုခံရမှု အားနည်းစေတဲ့ အကြောင်းအရာ တွေလည်း ဖြစ်ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဟောင်းတွေဖြစ်တဲ့ ပြည်သူ့စစ်အချို့ အနေနဲ့ သီးသန့် ရည်ရွယ်ချက်တွေ ရှိနေနိုင်ပြီး ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ၊ ဖက်ဒရယ်စနစ် ၊ သယံဇာတအပေါ် မျှမျှတတ ထိန်းချုပ်ခွင့်ပါဝင်တဲ့ ရည်ရွယ်ချက် ရှိကောင်း ရှိနိုင်တဲ့ အဖွဲ့တွေလည်း ရှိနေသလို သူတို့ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းလိုက်တာဟာ နိုင်ငံရေးဆွေးနွေးမှုမှာ တိုက်ရိုက်ပါဝင်နိုင်တဲ့ အခန်းကဏ္ဍကနေ ခွဲခြားလိုက်မှုလို့ အဓိပ္ပာယ် ကောက်ယူ နိုင်တယ် လို့လည်း အေးရှားဖောင်ဒေးရှင်း အစီအရင်ခံစာက ထောက်ပြပါတယ်။

၂၀၀၉ ၊ ၂၀၁၀ ဝန်းကျင်ကာလက ပြည်သူ့စစ် နယ်ခြားစောင့်အသွင်ပြောင်းမှုတွေဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အရွယ်အစားလျှော့ချဖို့ မော်ဒယ်တခုသာ ဖြစ်ပါတယ်။ အဲဒါက တာရှည်ခံမှာလား မခံဘူးလား ဘယ်လိုဖြစ်မလဲ ဆိုတာ ပြောမရတဲ့ ကိစ္စဖြစ်ပါတယ်။ ပြည်သူ့စစ်အဖွဲ့တဖွဲ့ဟာ မြောက်ပိုင်း လက်နက်ကိုင်တဖွဲ့နဲ့ ဆက်နွယ်နေတယ် ဆိုပြီး သံသယဖြစ်ဖွယ် ပြောဆိုချက်ကို ၂၀၁၅ ကိုးကန့် တိုက်ပွဲအကြောင်း သတင်းစာ ရှင်းလင်းပွဲမှာ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး မြထွန်းဦး ပြောဆိုခဲ့တာကို ကြည့်ရင် ရှိနေတဲ့ ပြည်သူ့စစ်တွေအပေါ် စစ်တပ်ကကော ဘယ်လောက် သံသယကင်းကင်းနဲ့ ဆက်ထားနိုင်ပါ့မလား၊ ပြည်သူ့စစ်တွေကကော အတင်းအကျပ် လက်နက်ဖြုတ်ချိန် တပ်ဖွဲ့လျှော့ချိန်ရောက်ရင် လက်ခံပါ့မလား စဉ်းစားစရာ ကောင်းလှပါတယ်။