ငြိမ်းချမ်းရေးနဲ့ ကျော်ဖြတ်ဖို့ခက်နေတဲ့ DDR - SSR

ဓာတ်ပုံ မူပိုင် Xinhua
Image caption လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးမှာ တပ်မတော်ပြုပြင်ပြောင်းလဲရေးဟာ အဓိက အကြောင်းအရာဖြစ်

မြန်မာအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကြားမှာ ၂၁ ရာစုပင်လုံ ဆွေးနွေးပွဲတွေ အပါအဝင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို အကြိမ်ကြိမ် ပြုလုပ်ခဲ့ပေမယ့် DDR - SSR ပြဿနာဟာ မပြေလည် နိုင်သေးတဲ့ အကြောင်းအရာတခု ဖြစ်နေပါတယ်။ သဘောတူညီချက်ရရှိဖို့အတွက် အခက်အခဲအများဆုံး ကြုံတွေ့နေရတဲ့ အဆင့်တဆင့်လည်း ဖြစ်နေပါတယ်။

DDR - SSR ဆိုတာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ လက်နက်ဖြုတ်သိမ်းရေး၊ တပ်ဖျက်သိမ်းရေး၊ ပြန်လည်ပေါင်းစည်းရေးနဲ့ လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးဖြစ်ပါတယ်။

DDR - SSR နဲ့ပတ်သက်ပြီး ဆွေးနွေးရာမှာ အခက်အခဲများပြားတဲ့အတွက် ဇူလိုင်လ ၁၁ ရက်နေ့ စတင်မယ့် ၂၁ ရာစုပင်လုံ တတိယ အစည်းအဝေးမှာ လုံခြုံရေးကဏ္ဍ ဆွေးနွေးပွဲတွေကို ဆွေးနွေးရုံသာ ဆွေးနွေးပြီး ဆုံးဖြတ်ချက် တခုမှ မချဘူးလို့တောင် ကြိုတင် ဆုံးဖြတ်ထားခဲ့ရပါတယ်။

လုံခြုံရေးကဏ္ဍမှာ ဆွေးနွေးမယ့် အကြောင်းအရာတွေထဲမှာ DDR - SSR ဟာ အဓိက အကြောင်းအရာ တခုဖြစ်ပါတယ်။ ဒါပေမယ့် DDR - SSR နဲ့ပတ်သက်ရင် အစိုးရ၊ စစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကြားမှာ အမြင်မတူကြပါဘူး။ သဘောထားတူညီမှုရဖို့ ခက်ခဲတဲ့အတွက် ဆုံးဖြတ်ချက်ချဖို့ ဆိုင်းငံ့ပြီး ဆွေးနွေးရုံသာ ဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ တူတာတွေကို ဆွေးနွေး ဆုံးဖြတ်ပြီး မတူတာတွေကို ဆိုင်းငံ့ထားခဲ့ပါတယ်။

DDR

DDR ဆိုတာ Disarmament, Demobilization and Reintegration ရဲ့အတိုကောက်ဖြစ်ပါတယ်။ Disarmament ကလက်နက်ဖြုတ်သိမ်းခြင်းဖြစ်ပါတယ်။ Demobilization ကတော့ လက်နက်ကိုင် စစ်သားအဖြစ်ကနေ ရပ်တန့်အနားယူခြင်းဖြစ်ပါတယ်။ Reintegration ကတော့ ပြန်လည်ပေါင်းစည်းခြင်း ဖြစ်ပါတယ်။

အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးလမ်းကြောင်းကို သွားတဲ့အခါ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ လက်နက်တွေကို ဘယ်လိုဖြုတ်သိမ်းမလဲ။ တိုင်းရင်းသား လက်နက်ကိုင်တပ်သားတွေကို တပ်ကနုတ်ထွက်ပြီး ဘယ်လို ပြန်လည်နေရာချထားပေးမလဲ။ သူတို့အတွက် အလုပ်အကိုင်၊ အနေအထိုင် အဆင်ပြေကောင်းမွန်ဖို့အတွက် ဘယ်လိုအကူအညီတွေ ပေးမလဲ။ လက်နက်ကိုင် တိုက်ခိုက်ရေးသမားတွေကို အရပ်သားအဖြစ် ပြောင်းလဲ နေရာချထားရာမှာ သူတို့တတွေကို လူ့အဖွဲ့အစည်းနဲ့ အဆင်ပြေညီညွတ်စွာ ဘယ်လိုပူးပေါင်းသွားမလဲဆိုတာတွေဟာ DDR လုပ်ငန်းစဉ်တွေဖြစ်ပါတယ်။

DDR ကို လက်နက်ဖြုတ်သိမ်းရေး၊ တပ်ဖျက်သိမ်းရေး၊ ပြန်လည်ပေါင်းစည်းရေးလို့ ခေါ်ဝေါ်သုံးနှုန်းကြပါတယ်။

SSR

SSR ဟာ Security Sector Reform ဖြစ်ပါတယ်။ လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးပါ။ အပစ်အခတ်ရပ်စဲ ပြီးတဲ့အခါ ငြိမ်းချမ်းရေးရပြီးတဲ့အခါ တိုင်းပြည်ရဲ့ လုံခြုံရေးကဏ္ဍကို ဘယ်လို ပြုပြင်ပြောင်းလဲမလဲ ဆိုတာဟာ SSR ရဲ့အပိုင်းဖြစ်ပါတယ်။ လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးမှာ အရေးပါဆုံးပြုပြင်ပြောင်းလဲရေးက တပ်မတော်ပြုပြင်ပြောင်းလဲရေးဖြစ်ပါတယ်။ ဒါပေမယ့် လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးဟာ တပ်မတော် တခုတည်းနဲ့ပဲ ဆိုင်သလားဆိုတော့ မဟုတ်ပါဘူး။ ဒီ့ထက်ကျယ်ပြန့်ပါတယ်။ တရားဥပဒေစနစ်၊ ထောက်လှမ်းရေး၊ ရဲတပ်ဖွဲ့၊ နယ်ခြားစောင့်တပ်ဖွဲ့တွေကို ပြုပြင်ပြောင်းလဲရေးဟာလည်း လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး Security Sector Reform အတွင်းမှာ အကျုံးဝင်တယ်လို့ ကုလသမဂ္ဂရဲ့ လက်နက်ဖြုတ်ရေး၊ တပ်ဖျက်သိမ်းရေး၊ ပြန်လည်ပေါင်းစည်းရေးဌာနက ထုတ်တဲ့ DDR SSR စာတမ်းမှာ ဖော်ပြ ထားပါတယ်။ အလွတ်စုံထောက် အဖွဲ့အစည်းတွေ၊ ပုဂ္ဂလိက လုံခြုံရေး ကုမ္ပဏီတွေလည်း အကျုံးဝင်နိုင်ပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် ပြည်သူ့စစ်အဖွဲ့တွေဟာလည်း အကျုံးဝင်မှာပါ။ ဒါ့အပြင် လုံခြုံရေးနဲ့ သက်ဆိုင်တဲ့ လွှတ်တော်ကော်မတီလို အဖွဲ့အစည်းတွေတောင် ပါဝင်သက်ဆိုင်နိုင်ပါတယ်။

DDR နဲ့နိုင်ငံရေး

လက်နက်ဖြုတ်သိမ်းရေး၊ တပ်ဖျက်သိမ်းရေး၊ ပြန်လည်ပေါင်းစည်းရေးနဲ့ သက်ဆိုင်တဲ့ အခက်အခဲတွေဟာ နှစ်ပေါင်း ၇၀ ကြာပြည်တွင်းစစ်နဲ့ ဆက်စပ်နေပါတယ်။

မြန်မာနိုင်ငံရဲ့ နှစ် ၇၀ ကြာပြည်တွင်းစစ်ဟာ တန်းတူညီမျှရေး၊ ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းတည်ထောင်ရေး လိုလားချက်တွေ အပေါ်မှာ လှုပ်ရှား ရုန်းကန်နေကြတဲ့ လက်နက်ကိုင်တိုက်ပွဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် လုံခြုံရေး ကဏ္ဍမှာ DDR - SSR ပြဿနာတွေကို ဖြေရှင်းပြေလည်မှု ရမရဆိုတာဟာ နိုင်ငံရေး ဆွေးနွေးပွဲရဲ့ ရလဒ်တွေ အပေါ်မှာ အများကြီးမူတည်ပါတယ်။

အစိုးရစစ်တပ်ဘက်က သဘောထားက အပစ်အခတ်ရပ်စဲရေး လုပ်ပြီးရင် DDR ကို အကောင်အထည်ဖော်ချင်တဲ့ဆန္ဒရှိပါတယ်။ နိုင်ငံတနိုင်ငံမှာ တပ်မတော်ဟာ တခုတည်းပဲရှိရမယ်လို့ စစ်ဘက်ခေါင်းဆောင်များက မကြာခဏ ရည်ညွှန်းပြောဆိုလေ့ရှိပါတယ်။

၂၀၁၆ ခုနှစ်မှာ ကျင်းပတဲ့၂၁ ရာစုပင်လုံရဲ့ ပထမအကြိမ်အစည်းအဝေး ဖွင့်ပွဲအခမ်းအနားမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခုလို ပြောခဲ့ပါတယ်။

"……… ဒါ့ကြောင့်လည်း လိုအပ်ချက်များကို နိုင်ငံရေးလမ်းကြောင်းအရ၊ တနည်းအားဖြင့် အစိုးရ၊ လွှတ်တော် လမ်းကြောင်းများကသာ ဒီမိုကရေစီနည်းလမ်းတကျ တောင်းဆိုယူကြရမှာ ဖြစ်ပါတယ်။ …… ဒီလို ဒီမိုကရေစီ နည်းလမ်းတကျ လုပ်ကိုင်ဆောင်ရွက်နေနိုင်ပြီ ဖြစ်တဲ့ အခြေအနေ အချိန်အခါမျိုးမှာ လက်နက်ဆွဲကိုင်ပြီး မိမိတို့ လိုချင်တာကို တောင်းဆိုတာမျိုး၊ လက်နက်ကိုင်လမ်းစဉ်ကို ဖက်တွယ်ပြီး လူမျိုးစွဲ၊ ဒေသစွဲကြီးမားစွာနဲ့ မိမိရဲ့ဆန္ဒကိုသာ ဦးစားပေး ဖော်ထုတ်ဖန်တီးနေတာမျိုးတွေဟာ ဒီမိုကရေစီရဲ့ ဆန့်ကျင်ဘက်ဖြစ်နေတယ်ဆိုတာကို အလေးအနက် သတိပြုရမှာ ဖြစ်ပါတယ်။"

Image caption လက်နက်ကိုင်လမ်းစဉ်ဟာ ဒီမိုကရေစီရဲ့ ဆန့်ကျင်ဘက်လို့ ကာကွယ်ရေးဦးစီးချုပ်ကဆို

ဖွင့်ပွဲ အခမ်းအနားမှာ ပြောခဲ့တဲ့ ကာကွယ်ရေးဦးစီးချုပ်ရဲ့ ဒီစကားဟာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ လက်နက်ဖြုတ်သိမ်းရေးကို လိုလားကြောင်း အတိအလင်းဖော်ပြနေပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေဘက်ကတော့ DDR နဲ့ SSR တပြိုင်နက်တည်း ယှဉ်တွဲ ဆောင်ရွက်ချင်ကြပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲတွေကနေ သဘောတူညီချက်တွေ မရကြသေးဘဲ လက်နက်ဖြုတ်၊ တပ်ဖျက်၊ အရပ်သားအသွင်ပြောင်းလဲရမှာမျိုးကို မလိုလားကြပါဘူး။

မြန်မာ့ သမိုင်းတလျှောက်မှာလည်း DDR-SSR လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားခဲ့တာမျိုးရှိခဲ့ဖူးပါတယ်။ ၁၉၅၀ ကျော်နှစ်တွေတုံးက လက်နက်နဲ့ ဒီမိုကရေစီ လဲလှယ်ရေး ဆိုတာမျိုး ကြိုးစားအားထုတ် ခဲ့ဖူးပါတယ်။ ဒါပေမယ့် မအောင်မြင်ခဲ့ပါဘူး။

၂၁ ပင်လုံတက်ဖို့ မြောက်ပိုင်း ခေါင်းဆောင်တွေ ရောက်လာ

တိုင်းရင်းသားတွေ ၊ အစိုးရနဲ့ တပ်မတော် တို့ကြား ညှိနှိုင်းဖို့လိုပြီ

အောင်အောင်မြင်မြင် အဆုံးသတ်နိုင်ခဲ့တဲ့ DDR လုပ်ငန်းစဉ်တခုကတော့ ၁၉၄၅ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့မှာ ဗြိတိသျှရေတပ် ဗိုလ်ချုပ်မောင့်ဘက်တန်နဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ ဦးဆောင်ပြီး လက်မှတ်ရေးထိုးခဲ့တဲ့ ကန္ဒီ စာချုပ်ဖြစ်ပါတယ်။ ကန္ဒီစာချုပ်အရ ဗမာ့မျိုးချစ်တပ်မတော်ကို ဖျက်သိမ်းပြီး အရာရှိ ၂၀၀ တပ်သား ၅၂၀၀ ပါဝင်တဲ့ တပ်မတော်အသစ်ကို ဖွဲ့စည်းခဲ့ပါတယ်။

၂၀၀၉ ဧပြီလ နောက်ပိုင်းမှာ ငြိမ်းချမ်းရေးလက်နက်ကိုင် တပ်ဖွဲ့တချို့ကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းဖွဲ့စည်းမှုဟာ DDR လုပ်ငန်းစဉ် တစိတ်တဒေသ အောင်မြင်မှု ရခဲ့တဲ့ မှတ်တမ်းတခုလို့ ဆိုကောင်းဆိုနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို သဘောမတူလက်မခံနိုင်တဲ့ အတွက် ငြိမ်းချမ်းရေး ရယူထားတဲ့ အဖွဲ့အစည်းတချို့နဲ့ တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့တာလည်း ရှိခဲ့လို့ အပြည့်အဝအောင်မြင်မှု ရတယ်လို့ မဆိုနိုင်ပါဘူး။

သမိုင်းတလျှောက်လုံးမှာ ကရင်အမျိုးသားအစည်းအရုံး KNU ဟာ စောဘဦးကြီးရဲ့ မူ ၄ ရပ်ကို လမ်းညွှန်နိုင်ငံရေးလမ်းစဉ် အဖြစ်သတ်မှတ်ခဲ့ကြပါတယ်။ အဲဒီစောဘဦးကြီးရဲ့ မူ ၄ ရပ်မှာ "လက်နက်ချစကား အလျဉ်းမပြောရ၊ ကရင့်လက်နက် ကရင့်လက်ထဲတွင်ရှိရမည်" ဆိုတဲ့အချက်တွေ ပါဝင်ပါတယ်။ ဒါဟာလည်း DDR လမ်းစဉ်အတွက် အဟန့်အတားတခုဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ အနိမ့်ဆုံးအဆင့်အနေနဲ့ ပြောရရင် စိန်ခေါ်မှုတခုဖြစ်နိုင်ပါတယ်။

KNU ရဲ့ လက်နက်ကိုင် အဖွဲ့အစည်းဖြစ်တဲ့ ကရင် အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA က ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့မှာ အရေးပေါ်အစည်းအဝေး ပြုလုပ်ခဲ့ပါတယ်။ အဲဒီအစည်းအဝေးမှာ တိုင်းရင်းသား အဖွဲ့အစည်းတွေ လက်နက်ကိုင်လမ်းစဉ်စွန့်၊ တပ်သားတွေ အရပ်သားအသွင်ပြောင်း၊ နိုင်ငံရေးပါတီထောင်၊ ရွေးကောက်ပွဲဝင်ကြဆိုတဲ့ မြန်မာ့တပ်မတော်ရဲ့ သဘောထားကို လက်မခံနိုင်ဘူးလို့ အတိအလင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ KNLA အနေနဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ အဖြေရှာဖို့ မျှော်လင့်ထားကြောင်း၊ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ဖို့ လိုလားကြောင်း ပြောဆိုပါတယ်။ မြန်မာစစ်တပ်ဘက်က ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ဖို့ကိုလည်း လိုလားပုံမရသလို နိုင်ငံရေးဆွေးနွေးပွဲတွေ မပြီးပြတ်သေးခင်မှာ လက်နက်ချခိုင်းနေတဲ့အတွက် NCA လမ်းကြောင်းဟာ မထိရောက်တော့ဘူးလို့ ယူဆကြောင်း KNLA ရဲ့တွဲဘက် စစ်ရေးချုပ် ဗိုလ်မှူးချုပ် ရှာထုဝေါ်က ဘီဘီစီကို ပြောပါတယ်။ ဒါဟာ DDR - SSR ပြဿနာဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Karen National Media
Image caption KNLA ဗဟိုဌာနချုပ်စခန်းမှာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလက ပြုလုပ်ခဲ့တဲ့ အရေးပေါ်အစည်းအဝေး

SSR နဲ့နိုင်ငံရေး

တိုင်းရင်းသားတွေဘက်က နိုင်ငံရေးပြဿနာတွေကို ဦးစွာကြေညက်ပြေလည်အောင် ဖြေရှင်းချင်ပါတယ်။ နိုင်ငံရေးပြဿနာတွေ ဖြေရှင်းပြေလည်တဲ့အခါ DDR နဲ့ SSR တပြိုင်တည်း ယှဉ်တွဲ ဆောင်ရွက်ချင်ကြပါတယ်။ တိုင်းရင်းသားတွေက လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး SSR ကို ရှုမြင်တဲ့ပုံစံက ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းတည်ထောင်ရေး ဖြစ်ပါတယ်။ မြန်မာ့တပ်မတော်ကတော့ လက်ရှိတပ်မတော်ဟာ ပြည်ထောင်စု တပ်မတော် ဖြစ်တဲ့အတွက် အသစ်ထပ်မံပြင်ဆင် ဖွဲ့စည်းဖို့ မလိုအပ်ဘူးလို့ ဆိုပါတယ်။

တိုင်းရင်းသားတွေဘက်က ပြည်ထောင်စုတပ်မတော်ဟာ အရပ်သား အစိုးရလက် အောက်မှာ အပြည့်အဝ ထားရှိရေးကို လိုလားကြပါတယ်။ တပ်မတော်ဘက်ကတော့ အခြေခံဥပဒေအတိုင်း ဖြစ်ရမယ်လို့ ဆိုပါတယ်။

၂၀၀၈ အခြေခံဥပဒေဟာ တပ်မတော်ကို အတိုင်းအတာ တခုအထိ သီးခြား လွတ်လပ်စွာ ရပ်တည်ခွင့်ပြုထားပါတယ်။ ဒါ့ကြောင့် ၂၀၀၈ အခြေခံဥပဒေဟာ ငြိမ်းချမ်းရေးအတွက် အဟန့်အတားဖြစ်နေတယ်လို့ တိုင်းရင်းသား ခေါင်းဆောင်တချို့က ပြောဆိုနေကြတာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Thet Aung
Image caption ၂၁ ရာစုပင်လုံ တတိယအစည်းအဝေး တက်ရောက်လာတဲ့ ဝခေါင်းဆောင်

DDR - SSR ဘာ့ကြောင့် အရေးကြီးသလဲ

စစ်ပွဲအလွန်ကာလမှာ ငြိမ်းချမ်းရေးကို ရေရှည်ထိန်းသိမ်းထားရှိနိုင်ရေး၊ စစ်ပွဲပြန်လည် မဖြစ်ပွားရေး၊ ရေရှည် ဖွံ့ဖြိုးတိုးတက်မှု ရရှိရေးတို့အတွက် DDR - SSR လုပ်ငန်းစဉ်ဟာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိတယ်လို့ ကုလသမဂ္ဂရဲ့ လက်နက်ဖြုတ်ရေး၊ တပ်ဖျက်သိမ်းရေး၊ ပြန်လည်ပေါင်းစည်းရေးဌာနက ထုတ်တဲ့ DDR SSR စာတမ်းမှာ ဖော်ပြထားပါတယ်။

လက်နက်တွေကို စနစ်တကျ မဖြုတ်သိမ်းနိုင်ခဲ့ရင် လက်နက်တွေ ပြန့်ကျဲပျံ့နှံ့သွားပြီး တည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေနိုင်ပါတယ်။ တပ်ကိုစနစ်တကျဖျက်သိမ်းပြီး တပ်သားတွေကို လူ့အသိုင်းအဝိုင်းနဲ့ ဆီလျော်ပြေပြစ်စွာ ပေါင်းစည်းမပေးနိုင်ခဲ့ရင်လည်း လက်နက်ကိုင် အဖွဲ့အစည်း အသစ်တွေပေါ်ထွန်းပြီး စစ်ပွဲအသစ်တွေ ပေါ်ထွက်လာနိုင်ပါတယ်။

SSR လုပ်ငန်းစဉ်ကို အောင်အောင်မြင်မြင် အကောင်အထည်ဖော်နိုင်မှသာ လက်နက်ကိုင် တပ်မတော်ကို တစုတဖွဲ့က သို့မဟုတ် လူမျိုးတမျိုးက လက်ဝါးကြီး အုပ်ချုပ်ကိုင်ထားတာမျိုး ကင်းဝေးပြီး ရေရှည်ငြိမ်းချမ်းရေးကို ရနိုင်ပါမယ်။ SSR လုပ်ငန်းစဉ် အောင်မြင်မှသာ ကောင်းမွန်တဲ့ တရားစီရင်ရေးစနစ်၊ အားကောင်းတဲ့ ရဲတပ်ဖွဲ့၊ တိုင်းပြည်အကျိုးစီးပွားနဲ့ လူမျိုးပေါင်းစုံပြည်သူလူထုရဲ့ အကျိုးစီးပွားကို ကိုယ်စားပြုနိုင်တဲ့ ထောက်လှမ်းရေး အဖွဲ့ စတာတွေကို အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။ SSR လုပ်ငန်းစဉ်အောင်မြင်မှသာ တိုင်းရင်းသားလူမျိုးပေါင်းစုံရဲ့ စည်းလုံးညီညွတ်မှုကို ရနိုင်ပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို ရနိုင်မှာ ဖြစ်ပါတယ်။

ဒါပေမယ့် DDR-SSR လုပ်ငန်းစဉ်ဟာ စစ်ပွဲတွေမှာ ပါဝင်ကြတဲ့ အဖွဲ့တွေ အားလုံး၊ ဘက်တွေ အားလုံးက လက်နက်ဖြုတ်ရေး၊ တပ်ဖျက်သိမ်းရေး၊ ပြန်လည်ပေါင်းစည်းရေး၊ လုံခြုံရေးကဏ္ဍ ပြင်ဆင်ဖွဲ့စည်းရေးတို့ကို ဆောင်ရွက်ချင်တဲ့ နိုင်ငံရေး စိတ်ပါမှုရှိဖို့ လိုအပ်သလို အားလုံးပါဝင်တဲ့ နိုင်ငံရေးဆိုင်ရာ စုပေါင်းအာဏာ ထူထောင်ချင်တဲ့ ဆန္ဒ သဘောထားလည်း ရှိမှသာ အောင်မြင်နိုင်မယ်လို့ ကုလသမဂ္ဂရဲ့ လက်နက်ဖြုတ်ရေး၊ တပ်ဖျက်သိမ်းရေး၊ ပြန်လည်ပေါင်းစည်းရေးဌာနက ဆိုပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ငြိမ်းချမ်းရေးကို ဖော်ဆောင်နေတဲ့ ကလေးမိခင်