အင်အားချိနဲ့နေလို့ ငြိမ်းချမ်းရေးလုပ်တာ မဟုတ်ဘူးလို့ ကာကွယ်ရေးဦးစီးချုပ်ကဆို

ဓာတ်ပုံ မူပိုင် EPA
Image caption ဇူလိုင် ၁၁ ရက် ပင်လုံတတိယ အစည်းအဝေးမှာ အဖွင့်မိန့်ခွန်းပြောနေစဉ်

ငြိမ်းချမ်းရေးလုပ်ငန်းတွေကို နိုင်ငံတောအစိုးရနဲ့ တပ်မတော်က တက်ကြွစွာ ဦးဆောင်ဆောင်ရွက်နေခြင်းဟာ အင်အားချိနဲ့နေလို့မဟုတ်ဘဲ စည်းလုံးညီညွတ်ခိုင်ခံတဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ်ကို ပြည်သူ့ဆန္ဒနဲ့အညီ တည်ဆောက်ချင်လို့သာ ဖြစ်တယ်လို့ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောလိုက်ပါတယ်။

ဇူလိုင်လ ၁၁ ရက်နေ့မှာ ပြန်လည်ကျင်းပဖွင့်လှစ်ခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးရဲ့ အဖွင့်မိန့်ခွန်းမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောလိုက်တာဖြစ်ပါတယ်။

"အမှန်တကယ် ငြိမ်းချမ်းရေးလိုချင်တဲ့ အဖွဲ့အစည်းမှန်သမျှ သဘောတူညီချက်တွေကိုသာ လိုက်နာရင် ဘာသေနတ်သံမှ ကြားရမှာ မဟုတ်ပါဘူး။ ကိုယ့်လူကိုယ်သာ နိုင်အောင်ထိန်းဖို့ အဓိပ္ပာယ်ကင်းမဲ့တဲ့ အကြောင်းပြချက် အမျိုးမျိုးမပေးဖို့လိုပါမယ်" လို့လည်း သူကပြောသွားပါတယ်။ ဒါဟာ ဘယ်အဖွဲ့ကို ရည်ညွှန်းကြောင်း အတိအကျ မပြောပါဘူး။ ဒါပေမယ့် အခုလို တင်းမာတဲ့ သတိပေးချက်အပေါ်မှာ ဝေဖန်ပြောဆိုသံတွေ အများအပြားထွက်ပေါ်လာပါတယ်။

အပစ်ရပ်လက်မှတ်မထိုးသေးတဲ့ လက်နက်ကိုင်အဖွဲ့တွေကို အတိုင်ပင်ခံ ဖိတ်ခေါ်

၂၁ ပင်လုံတက်ဖို့ မြောက်ပိုင်း ခေါင်းဆောင်တွေ ရောက်လာ

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ၂ နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီရဲ့ အတွင်းရေးမှူး စိုင်းကျော်ညွန့်ကတော့ ကိုယ့်လူကိုယ် နိုင်အောင်ထိန်းရမယ်ဆိုတာမှန်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် မြန်မာ့တပ်မတော်ကလည်း ကိုယ့်လူကိုယ် နိုင်အောင်ထိန်းဖို့ လိုတယ်လို့လည်း ဆိုပါတယ်။ ပြောသလိုပဲ နေရမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ အမိန့်အာဏာ ပေးလာတဲ့ သဘောဆိုရင်တော့ တိုင်းရင်းသားလက်နက်ကိုင်တွေဘက်ကလည်း လိုက်နာဖို့ ခက်လိမ့်မယ်လို့ စိုင်းကျော်ညွန့်ကပြောပါတယ်။ အမိန့်ပေးတဲ့နည်းဟာ နေရာတကာ မအောင်မြင်နိုင်ဘူးလို့ သူက ပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေဟာ တိုင်းရင်းသား ၅၂ သန်းကို ကိုယ်စားမပြုနိုင်ဘူးလို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ့မိန့်ခွန်းမှာ ထည့်သွင်းပြောသွားပါတယ်။ နိုင်ငံရေးပါတီတွေဟာလည်း ပြည်သူတရပ်လုံးကို ကိုယ်စားမပြုဘဲ သူတို့ပါတီထောက်ခံသူတွေကိုသာ ကိုယ်စားပြုတယ်လို့ ဆိုပါတယ်။ တပ်မတော်ကသာ နိုင်ငံတော်နဲ့ ပြည်သူလူထုကို ကိုယ်စားပြုတယ်လို့ ဆိုပါတယ်။ စိုင်းကျော်ညွန့်ကတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ပြောဆိုချက်ကို သဘောမတူဘဲ ဒီမိုကရေစီစနစ်မှာ ပြည်သူလူထုက မဲပေးရွေးချယ်ထားတဲ့သူကသာ ပြည်သူလူထုကို ကိုယ်စားပြုတယ်လို့ ဆိုပါတယ်။

"ကျွန်တော်တို့ရဲ့ ညီညွတ်တဲ့ အင်အား၊ စွမ်းအားကို ပဲ့သွားဖို့ ယိုင်နဲ့သွားစေဖို့ နှဲ့နေ၊ သွေးထိုးနေ(သူတွေရှိတယ်)" လို့လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။ ဒါပေမယ့် အဲသလို သွေးထိုးနေသူတွေဟာ ဘယ်သူတွေလဲလို့တော့ ထုတ်ဖော်မပြောပါဘူး။ ဗိုလ်ချုပ်မှူးကြီးပြောတဲ့ သွေးထိုးသူဟာ ဘယ်သူတွေကို ရည်ရွယ်တာဖြစ်နိုင်သလဲလို့ စိုင်းကျော်ညွန့်ကို ဘီဘီစီက မေးရာမှာ သူလည်း မရှင်းကြောင်းပြောပါတယ်။ ဒါ့အပြင် ညီညွတ်တဲ့အင်အားဆိုရာမှာလည်း ဘယ်လို ညီညွတ်တာလဲ၊ ဘယ်သူတွေနဲ့ ဘယ်သူတွေညီညွတ်တာလဲဆိုတာတွေကို သူသံသယရှိကြောင်း စိုင်းကျော်ညွန့်က ပြောပါတယ်။ ညီညွတ်တယ်ဆိုတာဟာ စုပေါင်းပြီးတော့ အင်အားဖြစ်တာလား၊ ဒါမှမဟုတ် အဖွဲ့အစည်းတခုက တခြား အဖွဲ့အစည်းတခုကို နိုင်လို့ မတတ်သာဘဲ သူတို့စကားနားထောင်ရလို့ ညီညွတ်တဲ့ ပုံစံဖြစ်နေသလား၊ သဏ္ဌာန်အရညီညွတ်မှုလား အနှစ်သာရအရအမှန်တကယ် ညီညွတ်မှုလားဆိုတာ ကွဲပြားဖို့ အရေးကြီးတယ်လို့ စိုင်းကျော်ညွန့်က ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption ၂၁ ပင်လုံတတိယ အစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်လာစဉ်

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာနိုင်ငံမှာ ပေါက်ခဲ့တဲ့ စစ်ပွဲတွေမှာ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တပ်မတော်အကြားမှာ ပြဿနာကြီးငယ် တစုံတရာ မရှိဘဲ သက်ဆိုင်ရာ အစိုးရနဲ့ မကျေနပ်ချက်တွေကြောင့်သာ စစ်ပွဲတွေဖြစ်ခဲ့ရတာလို့ ဆိုပါတယ်။

ဒီလိုပြောတယ်ဆိုရင် တပ်ကတခု၊ အစိုးရက တခုခွဲခြား ပြောနေတာလားလို့ မေးခွန်းထုတ်စရာဖြစ်နေပြီလို့ စိုင်းကျော်ညွန့်က ဆိုပါတယ်။ အစိုးရကသပ်သပ် တပ်ကသပ်သပ် အုပ်ချုပ်သူနှစ်ရပ်ရှိနေသလားလို့ စိုင်းကျော်ညွန့်ကဆိုပါတယ်။ နိုင်ငံတနိုင်ငံမှာ အစိုးရတရပ်သာရှိပြီး စစ်တပ်ဟာ အဲဒီအစိုးရရဲ့ အောက်မှာသာ ရှိရစမြဲဖြစ်တယ်လို့ဆိုပါတယ်။

အခုညီလာခံဟာ ရခိုင်ပြည် အမျိုးသားကောင်စီ (ANC) ကလွဲပြီး ကျန်လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်း အားလုံး ဖိတ်ကြားတက်ရောက် ထားကြတာဖြစ်တဲ့အတွက် လက်နက်ကိုင် တိုင်းရင်းသား အစုံညီဆုံးအစည်းအဝေး တခုဖြစ်ပါတယ်။ ဒါပေမယ့် ဆွေးနွေးမယ့် အကြောင်းအရာတွေထဲမှာတော့ နိုင်ငံရေးကဏ္ဍ ဆွေးနွေးပွဲမှာ ဖက်ဒရယ်အကြောင်း တိုင်းရင်းသားတန်းတူညီမျှရေး အကြောင်းတွေကို မဆွေးနွေးဘဲ ကျားမ တန်းတူရေး အကြောင်းကိုသာ ဆွေးနွေးမှာ ဖြစ်သလို လုံခြုံရေး ကဏ္ဍ ဆွေးနွေးပွဲမှာလည်း ဘာတခုမှ ဆုံးဖြတ်ချက်မချဘဲ ဆွေးနွေးရုံသာဆွေးနွေးမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဆွေးနွေးမယ့် အကြောင်းအရာတွေကို သိသိသာသာ လျှော့ချထားတဲ့ အစည်းအဝေးတခုလည်း ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ