ထင်ယောင်ထင်မှား ဘရာစီယာစကား

ဓာတ်ပုံ မူပိုင် Getty Images
Image caption အမျိုးသမီးတွေဟာ နေ့တိုင်း ဘရာစီယာ ဝတ်နေကြပေမယ့် ဘရာစီယာ အကြောင်း အငြင်းပွားစရာတွေရှိနေ

ဘရာစီယာဟာ အရွယ်ရောက်သူ အမျိုးသမီးတိုင်းနဲ့ ကင်းမရတဲ့ အဝတ်တန်ဆာ ဖြစ်ပါတယ်။ နေ့တိုင်းလိုလို ဝတ်ဆင်နေရတဲ့ အတွင်းခံ အဝတ်အစားတခု ဖြစ်သည့်တိုင်အောင် ဘရာစီယာနဲ့ ပတ်သက်ပြီး အမျိုးသမီးတွေအကြားမှာ ပုံပြင် အလား ယုံတမ်းစကားတွေ အများအပြားရှိပါတယ်။ မှန်တာတွေ ရှိသလို မှားတာတွေလည်း ရှိပါတယ်။

အဲသလို ဘရာစီယာစကားအမျိုးမျိုး အနက်မှာ ဘယ်ဟာမှန်၊ ဘယ်ဟာမှားခွဲခြား သိနိုင်ဖို့ လန်ဒန်မက်ထရိုသတင်းစာက ဘရာစီယာအကြောင်း သိကောင်းစရာ အချက် ၆ ချက်ကို စုစည်းတင်ပြခဲ့ပါတယ်။

၁။ အိပ်ရာထဲမှာ ဘရာစီယာဝတ်သင့်သလား။

အမျိုးသမီးတော်တော်များများက ညအိပ်ရာထဲမှာ ဘရာစီယာဝတ်အိပ်ရင် သူတို့ရင်သား တွဲမကျဖို့ အထောက်အကူဖြစ်စေတယ်လို့ ထင်တတ်ကြပါတယ်။ အဲဒါမှားပါတယ်။

"ဒါဟာစိတ်ကူးကောင်း မဟုတ်ဘူး၊ အဲသလိုလုပ်လို့လည်း အကျိုးမရှိဘူး" လို့ Figleaves ဘရာစီယာ ကုမ္ပဏီရဲ့ အချုပ်အလုပ်နည်းပညာရှင် ဗစ်တိုးရီးယား ရှယ်လ်တန်က ပြောပါတယ်။ "ဘရာစီယာ အတွင်းထဲထည့်ချုပ်ထားတတ်တဲ့ လိုင်းအမာဟာ ညအိပ်ရင်းလူးလွန့်တဲ့အခါ ရွေ့လျားနိုင်ပြီး ရင်သားတစ်ရှူးတွေကို ပျက်စီးစေနိုင်ပါတယ်။ သွေးကြောတွေကိုလည်း တင်းကျပ်ချုပ်နှောင်ရာရောက်ပါတယ်။"လို့လည်း ဆိုပါတယ်။ "နူးညံ့ပျော့ပျောင်းတဲ့ ညဝတ်ဘရာစီယာဆိုတာမျိုး ရှိပါတယ်။ အဲဒါမျိုးသုံးရင်ရပါတယ်။ အခုအခံတပ်ထားတဲ့ ညဝတ်အင်္ကျီမျိုးကလည်း အလွန်ကောင်းပါတယ်။" လို့ပြောပါတယ်။

၂။ ဘရာစီယာ တထည်တည်းကို ၂ ရက်ဆက်တိုက် မဝတ်သင့်ဘူးလား။

ဒီစကားမှန်ပါတယ်။ ဘရာစီယာ တထည်တည်းကို ၂ ရက်ဆက်တိုက် မဝတ်သင့်ပါဘူး။ ဘရာစီယာမှာ အနားယူရက်ရှိသင့်ပါတယ်။ ဘရာစီယာ တော်တော်များများမှာ ပုံမပျက်အောင် sythetic fibre ထည့်သွင်း ချုပ်လုပ် ထားတတ်ကြပါတယ်။ အဲဒါလေးတွေဟာ ကြာကြာဝတ်ထားရင် ဆန့်ထွက်ပြီး ပုံပျက်လျော့ရဲစေတတ်ပါတယ်။ ဒါ့ကြောင့် ဘရာစီယာ တထည်တည်းကို ၂ ရက် ၃ ရက် ဆက်တိုက် ဝတ်မယ့်အစား ၄ ထည် ၅ ထည်ဝယ်ထားပြီး အလှည့်ကျ ဝတ်တာက ပိုကောင်းပါတယ်။ ဘရာစီယာကို အနားပေးလိုက်ရင် ဆန့်သွားတဲ့ sythetic fibre တွေဟာ သူနေရာသူပြန်ရောက်သွားဖို့ အချိန်ရသွားပါတယ်။ ချည်မျှင်တွေ မညောင်းဘူးပေါ့။

၃။ ဘရာစီယာကို တခါဝတ်ပြီးတခါ လျှော်သင့်သလား။

အခုတလော ဒီအကြောင်းဟာ တွတ်တာ လူမှုကွန်ရက်ပေါ်မှာ အကြီးအကျယ် အငြင်းပွားတဲ့ အကြောင်းအရာတခုပါ။ ငြင်းကြတဲ့ နှစ်ဖက် အားမျှနေလိုက်တာ အုပ်စုကြီးနှစ်ခုတောင် ဖြစ်လာလိုက်ပါသေးရဲ့။ တကယ်ပဲ ဘရာစီယာ တထည်ကို တခါဝတ်ပြီးတခါ လျှော်ဖို့ လိုအပ်ပါရဲ့လား။

မလိုပါဘူး။

အဲဒီအယူအဆမှားပါတယ်။ အလွန်ပူ၊ အလွန်ချွေးထွက်နေတယ်ဆိုရင်တော့ အဖြေက ယက်စ် (ဟုတ်ကဲ့) ဖြစ်ပါတယ်။ အဲသလို အခြေအနေ မဟုတ်ရင်တော့ နိုးပါ။ အတွင်းခံဘောင်းဘီကို တခါဝတ်ပြီးတခါလျှော်ဖို့ လိုပေမယ့် ဘရာစီယာကိုတော့ တခါဝတ်ပြီးတခါလျှော်ဖို့ မလိုပါဘူး။ ဒီအဖြေကိုဖြေကြားသူကတော့ အမျိုးသမီးအတွင်းခံအဝတ်အစားတွေ ထုတ်လုပ်ရောင်းချတဲ့ Boux Avenue ရဲ့ဒါရိုက်တာ ဒက်ဘီ ဒက်ကက် ဖြစ်ပါတယ်။ ဘရာစီယာကို ၂ ခါသို့မဟုတ် ၃ ခါ တခါတလေမှာ ၄ ခါလောက်ဝတ်ပြီးမှ လျှော်ဖို့သူက အကြံပေးပါတယ်။

ဆော်ဒီမှာ အမျိုးသမီး ကားမောင်းခွင့် စတင် ရရှိ

အမျိုးသမီး နဲ့ နွား အိန္ဒိယမှာ ဘယ်သူပိုလုံခြုံလဲ

ဓာတ်ပုံ မူပိုင် Getty Images
Image caption အမေရိကန်မှာ ဘရာစီယာ ကြော်ငြာနေတဲ့ မော်ဒယ်မိန်းကလေးတွေ

၄။ ဘရာစီယာကို အဝတ်လျှော်စက်နဲ့မလျှော်ပဲ လက်နဲ့ပဲ လျှော်သင့်တယ် ဆိုတာ ဟုတ်သလား။

ဒီမေးခွန်းလေးက အခက်သား။ ဘရာစီယာ အိတ်စပတ် တွေကြားတောင် အငြင်းအခုံဖြစ်ရတဲ့ အကြောင်းအရာပါ။ တချို့ ဘရာအရေးကျွမ်းကျင်သူတွေက လက်နဲ့လျှော်ပြီး အပြင်မှာအခြောက်လှမ်းတာက အကောင်းဆုံး၊ အဲဒါမှ ပုံမပျက်မှာလို့ပြောကြ ပါတယ်။ အဝတ်လျှော်စက်နဲ့လျှော်ပြီး၊ အခြောက်ခံတာမျိုးတော့ မလုပ်လေနဲ့၊ ပုံပျက်သွားမယ်လို့ ပြောကြတဲ့အခါ တော်တော်များက ယုံလိုက်မိကြတာပါပဲ။

ဒါပေမယ့် ဝမ်းနည်းပါတယ်။ အဲဒီအယူအဆမမှန်ပါဘူး။ မမှန်ဘူးဆိုသော်ငြားလည်း ဂျင်းအင်္ကျီတွေ၊ ဂျင်းဘောင်းဘီတွေကြားထဲ လွယ်လွယ် ထိုးထည့်လျှော်လိုက်ဖို့တော့ မသင့်ပါဘူး။ အဝတ်လျှော်စက်ထဲ အတွင်းခံတွေထည့်လျှော်ရာမှာသုံးဖို့အတွက် အတွင်းခံထည့်တဲ့ အိတ်ကလေးတွေရှိပါတယ်။ အဲဒီအတွင်းခံအိတ်ကလေးတွေထဲထည့်ပြီး ညင်ညင်သာသာ လျှော်ရင် ဘာမှမဖြစ်ပါဘူးလို့ ရှယ်လ်တန်က ပြောပါတယ်။

၅။ ဘရာစီယာကို ဘယ်လိုဝတ်ဝတ် ဘာမှမဖြစ်ဘူးလား။

အမျိုးသမီးတွေကြားမှာ ဘရာစီယာဂိုဏ်းနှစ်ဂိုဏ်းရှိပါတယ်။ တချို့က ဘရာစီယာ ဝတ်မယ်ဆိုရင် ရှေ့ကိုနည်းနည်းကုန်းပြီးမှ စွပ်ချလိုက်လို့ ဆိုပါတယ်။ တချို့ကတော့ ဘရာစီယာနဲ့ ရင်သားကို အုပ်လိုက်၊ နည်းနည်း လှုပ်လိုက်၊ ပြီးတော့ ပင့်တင်လိုက်လို့ ပြောကြပါတယ်။ ဒုတိယအုပ်စုက မှားပါတယ်။ ဘရာစီယာနဲ့ အုပ်လိုက်ပြီးအထက်ကိုပင့်တင်တဲ့နည်းဟာ ဘရာစီယာကို ပုံပျက်စေတယ်လို့ Something Wicked ကုမ္ပဏီရဲ့ စီမံအုပ်ချုပ်သူ စတက်ဖ် မက်ဂရက်သ် ကပြောပါတယ်။ အဲသလိုခဏခဏလုပ်ရင် ဘရာရဲ့ အတွင်းထဲက လိုင်းအမာတွေထွက်ကုန်နိုင်သလို မျှော့ကြိုးတွေလည်း လျော့ကုန်ဆန့်ကုန်နိုင်တယ်လို့ ဆိုပါတယ်။

၆။ ဘရာစီယာအသစ်တထည်ကို စဝတ်တဲ့အခါ ချိတ်အဆင့်ဆင့်ရှိတဲ့ အနက် အချောင်ဆုံးချိတ်ကို အရင်စသုံးသင့်တယ်ဆိုတာ ဟုတ်သလား။

ဒါတော့ ဟုတ်ပါတယ်။

ကျွမ်းကျင်သူတွေက ဘရာစီယာအသစ်တထည်ကို ဝတ်တဲ့အခါ ချိတ်လေးချိတ်၊ လေးဆင့်လောက်ပါတယ်ဆိုရင် ကိုယ်နဲ့ အချောင်ဆုံးချိတ်ကို အရင်ဆုံးစသုံးသင့်တယ်လို့ အကြံပေးပါတယ်။ ဘရာစီယာဟာ တဖြည်းဖြည်းလျော့လာ၊ ချောင်လာတတ်တဲ့ အမျိုးဆိုတော့ နောင်မှာ တဖြည်းဖြည်းနဲ့ပိုကျပ်တဲ့ ချိတ်ကို ရွှေ့ပြောင်းသုံးဖို့ လိုအပ်လို့ပါ။

ဆက်စပ် အကြောင်းအရာများ