ထိုင်းကယ်ဆယ်ရေး အပြည့်အစုံ အထူးဆောင်းပါး

Image caption တောဝက်ဘောလုံး အသင်းသားလေးတွေ

ဇွန်လ ၂၃ ရက်နေ့မှာ ထိုင်းနိုင်ငံချင်းရိုင်ခရိုင်မှာရှိတဲ့ တောင်တန်းတွေအောက်က ကျောက်ဂူကြီး တစ်ခုထဲကို ဒေသခံ ဘောလုံးအသင်းက ကလေးငယ် ၁၂ ယောက်နဲ့ သူတို့ရဲ့ နည်းပြတို့ ဝင်သွားခဲ့ကြပါတယ်။

ဂူထဲက ပြန်ထွက်လို့ မရတော့ပဲ ပိတ်မိသွားခဲ့တဲ့ သူတို့ ၁၃ ယောက်ကို နှစ်ပတ်ကြာပြီးတဲ့အချိန်မှာ ပြန်လည် ကယ်ထုတ်လာနိုင်ခဲ့တဲ့ ဖြစ်ရပ်ဟာ တကမ္ဘာလုံးကို ဖမ်းစားထားနိုင်ခဲ့ပါတယ်။

အခုတော့ အဲဒီ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းစဉ်၊ အသက်ငယ်ပေမဲ့ မျှော်လင့်ချက်မဲ့ အခြေအနေမှာ ကြံ့ကြံ့ခံ ဇွဲတင်း ရပ်တည် စိတ်ဓာတ်ခိုင်မာခဲ့တဲ့ ဘောလုံးသမားကလေးတွေနဲ့ သူတို့ကို စောင့်ရှောက်ပေးနေခဲ့တဲ့ နည်းပြတို့ရဲ့ စည်းလုံးမှု၊ လူသားတို့ရဲ့ မေတ္တာတရားနဲ့ တခြားလူတစ်ယောက်ယောက်ရဲ့ သားသမီးတွေကို ကိုယ့်အသက်ကို ရင်းပြီး ကယ်တင်ခဲ့တဲ့ စွန့်လွှတ်စွန့်စားသူ၊ စွန့်ဝံ့သူတွေအကြောင်းကို ဘီဘီစီက ဒီဆောင်းပါးကနေ ဖြစ်စဉ်အပြည့်အစုံ ရေးသားတင်ပြသွားပါမယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption မွေးနေ့ပွဲအတွက် အိမ်ပြန်ရောက်မလာခဲ့

အလွဲလွဲအချော်ချော်ဖြစ်ခဲ့ရတဲ့ မွေးနေ့ပွဲ

အခုဖြစ်ရပ်ရဲ့ အစ ပထမကတော့ မွေးနေ့တစ်ခုကလို့ ဆိုရပါမယ်။

ဇွန်လ ၂၃ ရက် စနေနေ့မှာ ပီရာပတ် နိုက် ဆွမ်ပီယန်ဂျိုင်း အသက် ၁၇ နှစ်ပြည့်ပါတယ်။ ၁၇ နှစ်ဆိုတာ လူပျိုဖော်ဝင်စအချိန်ဖြစ်တဲ့အတွက် ဒီ မွေးနေ့ကို အထိမ်းအမှတ်လုပ် ကျင်းပကြတာ တကမ္ဘာလုံးလိုလိုမှာ ရှိကြပါတယ်။

မယ်ဆိုင်ပြည်နယ်ထဲက ကျေးရွာလေးတစ်ခုမှာတော့ နိုက်ရဲ့ မိသားစုကလည်း သူ့အတွက် မွေးနေ့ပွဲလေး လုပ်ပေးဖို့အတွက် အဝါရောင်ချီဇာမုန့် မွေးနေ့ကိတ်ကို ပြင်ထားပြီး၊ ရောင်စုံစက္ကူတွေနဲ့ ပတ်ထားတဲ့ သူ့အတွက် မွေးနေ့လက်ဆောင်တွေကိုလည်း အသင့်ပြင်ထားပါတယ်။

ဒါပေမယ့် အဲဒီနေ့မှာ နိုက်ကတော့ အိမ်ကို အမြန် ပြန်ပြေးဖို့ စိတ်ကူးမရှိခဲ့ပါဘူး။ သူ ဟာ သူ့ တောဝက်ဘောလုံးကလပ်က ကစားဖော်တွေရယ်၊ လက်ထောက်နည်းပြ အက်ကပို အိက်ခ် ချန်တာဝမ်တို့နဲ့ အတူ ဘောလုံး လေ့ကျင့်ကွင်းကို ရောက်နေခဲ့ပါတယ်။ လေ့ကျင့်ချိန်ပြီးတဲ့ အခါမှတော့ သူတို့အားလုံး စက်ဘီးကိုယ်စီနဲ့ လယ်ကွင်းတွေကို ဖြတ်လို့ တောအုပ်လေးဆီ သွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက မိုးတွေ ဆက်တိုက်ရွာထားတဲ့အတွက် တောအုပ်လေးကလည်း ရေတွေစွတ်စိုနေခဲ့ပါတယ်။

သူတို့ ဦးတည်သွားနေခဲ့တာကတော့ ထမ့်လွန်ဂူဆီပါ။ ကလေးတွေဟာ မယ်ဆိုင်မြို့ကို အပေါ်စီးက လှမ်းပြီး အုပ်မိုးထားသလိုရှိတဲ့ တောင်တန်းတွေပေါ်က ထမ့်လွန်ဂူဆီသွားရင်း တောလမ်းတလျှောက် စူးစမ်းတိုးဝင် လေ့လာရတာကို နှစ်သက်ကြသူတွေ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် FACEBOOK/NOPPARAT KANTHAWONG
Image caption တောဝက်ဘောလုံးအသင်းသားလေးတွေ

ထမ့်လွန်ဂူအဝကို ရောက်တဲ့အခါမှာတော့ သူတို့တွေ စီးလာတဲ့ စက်ဘီးတွေပေါ်ကဆင်း၊ ပါလာတဲ့ အိတ်တွေကို စက်ဘီးတွေနဲ့ အတူ ဂူဝမှာ ထားလိုက်ကြပါတယ်။

ကလေးတွေနဲ့ နည်းပြလေးတို့ဟာ နိုက်ရဲ့ မွေးနေ့ပွဲကို သူတို့နည်းသူတို့ဟန်နဲ့ ဆင်နွှဲကြဖို့ဖြစ်ပါတယ်။ ဒီ ဂူဟာ သူတို့နဲ့ မစိမ်းပါဘူး။ အရင်တုန်းကလည်း ဘောလုံးအသင်းထဲကို အသင်းသားအသစ် တစ်ယောက် ရောက်လာတဲ့အခါ ဂူအတွင်းပိုင်း ၈ ကီလိုမီတာလောက်အထိ ဝင်ကြပြီး အသင်းသားအသစ်တွေရဲ့ နာမည်ကို ဂူနံရံမှာ ရေးခဲ့ကြဖူးပါတယ်။

အခုတစ်ခေါက်လည်း တက်ကြွပျော်ရွှင်နေကြတဲ့ ကလေးတွေဟာ လက်နှိပ်ဓာတ်မီးလေးတွေကိုပဲ ယူပြီး ဂူထဲကို ဝင်ခဲ့ကြပါတယ်။ သူတို့ ဂူထဲမှာ တစ်နာရီလောက်ပဲ နေဖို့ အစီအစဉ်ရှိတဲ့အတွက် တခြားဘာကိုမှ ယူမသွားခဲ့ကြပါဘူး။

အဲဒီ တစ်နာရီလောက်ဆိုပြီး ဝင်သွားတဲ့ခရီးစဉ်ဟာ နောက်ထပ် နှစ်ပတ်ကြာမှပဲ ဂူထဲက ထွက်လာနိုင်ခဲ့ကြ ပါတော့တယ်။

နိုက်ရဲ့ အိမ်မှာတော့ သူ့မိသားစုက စိတ်ပူစပြုလာပါတယ်။ သူ့အတွက် ပြင်ထားတဲ့ မွေးနေ့ ကိတ်ကလည်း မထိရ မတို့ရသေးပါဘူး။

Image caption တာချီလိတ် တစ်ဘက် မယ်ဆိုင်က ထမ့်လွန်ဂူ

တာချီလိတ်တစ်ဘက် ထိုင်းနိုင်ငံထဲက ထမ့်လွန်ဂူ

တောဝက်ကလေးတွေ ဘယ်ရောက်သွားကြပါသလဲ။

ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံ နယ်စပ်ကို ပိုင်းခြားထားတဲ့ တောင်တန်းတွေအောက်မှာတော့ ၁၀ ကီလိုမီတာရှည်ထဲ့ ထမ့်လွန်ဂူကြီး ရှိပါတယ်။ အဲဒီဂူဟာ ထိုင်းမှာရှိတဲ့ ဂူတွေအထဲမှာ စတုတ္ထမြောက် အကြီးဆုံးဂူဖြစ်ပါတယ်။

ဒီဂူရှိတဲ့ တောင်တန်းတွေဟာ အဝေးက ကြည့်ရင် အမျိုးသမီးတစ်ယောက် လဲလျောင်းနေတဲ့ ပုံနဲ့တူလို့ ဂူကိုလည်း နာမည်အပြည့်အစုံဆိုရင် ထမ့်လွန်ခွန်လန်နမ်းနွမ်လို့ ခေါ်ပါတယ်။ အဓိပ္ဗါယ်ကတော့ လျောင်းနေတဲ့ မိန်းမပျိုတောင်က ရေတွေထွက်ရှိရာ ဂူမဟာကြီးလို့ ပြန်ဆိုနိုင်မယ်ထင်ပါတယ်။ ဒေသခံတွေအကြား ဒဏ္ဍာရီတွေ၊ ရိုးရာ ပုံပြင်တွေမျိုးစုံရှိတဲ့ ဒီတောင်ဟာ တစ်နေ့တာ အပန်းဖြေ ခရီးထွက်လာသူတွေအကြား ရေပန်းစားသလို၊ စွန့်စားခန်းဝင်ချင်ကြတဲ့ လူငယ်တွေအတွက်လည်း အကြိုက်တွေ့စရာ နေရာတစ်ခု ဖြစ်လို့နေပါတယ်။

ဒါပေမယ့် အန္တရာယ်လုံးဝ ကင်းတာတော့မဟုတ်ပါဘူး။ ထမ့်လွန်ဂူထဲမှာ လူပျောက်သွားတာတွေ အရင်ကလည်း ရှိခဲ့ဖူးပါတယ်။ အထူးသဖြင့်တော့ မုတ်သုန်ရာသီ စဝင်လာတဲ့ ဇူလိုင်နောက်ပိုင်းဆို ဂူထဲ ဝင်ရတာ အင်မတန် အန္တရာယ်ကြီးပါတယ်။

ဒီဂူထဲမှာ မိုးတွင်းဆို ရေက ၁၆ ပေလောက်အထိ ပြည့်နေတတ်ပါတယ်။ ဒါကြောင့် နိုဝင်ဘာကနေ ဧပြီလအတွင်းလောက်ပဲ ဂူထဲကို ဝင်နိုင်တယ်၊ ဝင်သင့်တယ်လို့ ဆိုကြပါတယ်။

ဂူထဲမှာ ရေစီးကလည်း သိပ်သန်ပြီး၊ ရေတွေကလည်း ရွှံ့ရေတွေ၊ ရှေ့ကိုလည်း ဘာမှ မမြင်ရနိုင်ဘူးလို့ ချင်းရိုင်ခရိုင်မှာ ခရီးသွားဧည့်လမ်းညွှန်လုပ်နေတဲ့ ဂျိုရှုဝါမောရစ်က ဘီဘီစီကို ပြောပြပါတယ်။

ဂူထဲ ရေတွေ ပြည့်လာပြီဆိုရင်တော့ အတွေ့အကြုံများတဲ့ ရေငုပ်သမားတွေအတွက်တောင် တော်တော်အန္တရာယ်ကြီးတယ်လို့ ဆိုပါတယ်။

Image caption ဂူပေါက်ဝမှာ ချန်ထားရစ်တဲ့ စက်ဘီးလေးတွေ

မယ်ဆိုင်မှာ နေတဲ့ လူတိုင်းလိုလို ဒါကို သိကြပါတယ်။ ဒါကြောင့် တောဝက်ဘောလုံးသမားလေးတွေ ပျောက်နေတယ်လည်း ဆိုရော သူတို့ရဲ့ စိတ်ပူနေတဲ့ မိဘတွေဟာ ထမ့်လွန်ဂူဆီကို တန်းပြီး သွားခဲ့ကြပါတယ်။ ကလေးတွေ ဒီ ဂူဆီသွားမယ့် အစီအစဉ်ကို ဘောလုံး အသင်းထဲက တခြားကလေးတွေကိုလည်း သူတို့အုပ်စု အချင်းချင်း ဆက်သွယ်ကြတဲ့ ဂရုမက်ဆေ့ချ်ကနေ လှမ်းပြောထားလို့ ဖြစ်ပါတယ်။

မိဘတွေ ရောက်သွားချိန်မှာတော့ ဂူ အဝမှာ စက်ဘီးတွေ၊ အိတ်တွေနဲ့ ဘောလုံးကန်ဖိနပ်တွေကို တွေ့ရပါတယ်။ အဲဒီအချိန်မှာ မိဘတွေက အာဏာပိုင်တွေကို အကြောင်းကြားလိုက်ကြပါတယ်။

ဂူအတွင်းပိုင်းထဲရောက်နေတဲ့ ကလေးတွေကလည်း အထဲမှာ ဒုက္ခတွေ့နေကြပါပြီ။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေက စလို့ ရွာချနေတဲ့မိုးဟာ ရေတွေကို တောင်တန်းအပေါ် အရှိန်အဟုန်နဲ့ သွန်ချထားပါတယ်။ အဲဒီတောင်ပေါ်က ရေတွေဟာ စီးမျောရမယ့် နေရာတစ်ခုခုဆီ သွားရမှာပါ။

အဲဒီနေရာကတော့ တောင်အောက်မှာ ရှိနေတဲ့ ထမ့်လွန်ဂူပါပဲ။ ဂူထဲမှာလည်း တဖြေးဖြေးရေက ပြည့်စ ပြုလာပါပြီ။

Image caption ရေလွတ်ရာ ဂူအတွင်းပိုင်းဆီ ဆက်တိုးဝင်

ကလေးတွေဆီက အစောပိုင်းက ပြန်သိရတဲ့တစ်ချက်ကတော့ သူတို့ အထဲမှာ ရောက်နေတုန်း ရုတ်တရက် ရေကြီးလာတာလို့ ဆိုပါတယ်။ ဒါကြောင့် သူတို့ ပြန်မထွက်နိုင်တော့ပဲ ရေလွတ်ရာ ဂူအတွင်းပိုင်းဆီ ဆက်တိုးဝင် သွားခဲ့ကြပါတယ်။

သွားရင်းသွားရင်း တောဝက်ဘောလုံး အသင်းသားတွေဟာ ဂူထဲမှာ အဝင်ဝကနေ ၄ ကီလိုမီတာလောက်မှာ ရှိတဲ့ ကျောက်စွယ်လေးတစ်ခုမှာ သွားတက်ပြီး နေကြပါတယ်။ အဲဒီနေရာဟာ ပုံမှန်ဆိုရင် ခြောက်သွေ့ နေတတ်တဲ့ ပတ္တရားကမ်းခြေလို့ ခေါ်တဲ့ ဂူထဲက သောင်ကမ်းခြေကို ကျော်ပြီးမှ ရောက်ရတဲ့နေရာ ဖြစ်ပါတယ်။ ပတ္တရားကမ်းခြေကတော့ အခု ရေမြုပ်နေပါပြီ။

တောင်ကြီးရဲ့ ဝါးမြိုခံလိုက်ရတဲ့ ပိန်းပိတ်အောင်မှောင်နေတဲ့ ဂူအတွင်းထဲ ပိတ်မိသွားကြတဲ့ ကလေးတွေနဲ့ သူတို့ နည်းပြဟာ အထဲမှာ နေရင်း အချိန်တွေကို ခွဲခြားမသိကြတော့ပါဘူး။ ကူသူ ကယ်သူ ရောက်လာနိုင်ပါ့မလားဆိုတဲ့ ထိတ်လန့် ကြောက်ရွံ့စိတ်တွေနဲ့ လုံးထွေးလို့ သူတို့ရဲ့ နေ့နဲ့ညတွေဟာ တသားတည်း ဖြစ်လို့ နေပါတော့တယ်။

ဒါပေမယ့် သူတို့ဟာ အသက်ရှင်ရမယ်လို့တော့ စိတ်ကို ပိုင်းဖြတ်ထားကြပါတယ်။ ရောက်နေတဲ့ ကျောက်စွယ်လေးရဲ့ အတွင်းပိုင်း ၁၅ ပေလောက်အထိ ကျောက်တုံးတွေကို ဖယ်ရှားတိုးဝင်ပြီး အားလုံးစုပြုံတိုးဝှေ့နေနိုင်တဲ့ နေရာလေးတစ်ခု ဖန်တီးလိုက်ကြပါတယ်။

Image caption နည်းပြဆရာလေး လမ်းပြတဲ့ အာနပါန

ရဟန်းဘဝနဲ့ နှစ်တော်တော်ကြာကြာနေခဲ့ဖူးတဲ့ နည်းပြလေး အိက်ခ်က ကလေးတွေ စိတ်တည်ငြိမ်ပြီး လေကို တတ်နိုင်သမျှ နည်းနည်းပဲ ရှုရအောင် တရားထိုင်နည်းကို သင်ပေးပါတယ်။ အင်အားမကုန်ရအောင်လည်း တတ်နိုင်သမျှ လဲလျောင်းနေကြဖို့ ပြောပါတယ်။

တဘက်မှာတော့ သူတို့အတွက် သက်သာရာရစေတဲ့ သဘာဝပေး အခြေအနေတွေကလည်း ရှိနေပါတယ်။

သူတို့မှာ စားစရာ မရှိပါဘူး။ ဒါပေမယ့် ကျောက်ဂူ နံရံကနေ စိမ့်ယိုကျလာတဲ့ ရေစက်တွေက သူတို့အတွက် သောက်စရာ ရေရစေခဲ့ပါတယ်။

အထဲမှာ ပိန်းပိတ်အောင် မှောင်နေပေမယ့် သူတို့မှာ လက်နှိပ်ဓာတ်မီးတွေ ရှိနေကြပါတယ်။ လောလောဆယ် အသက်ရှုနိုင်လောက်တဲ့ လေလည်း ရှိနေပါတယ်။ ကျောက်ဂူနံရံနဲ့ ထုံကျောက်တုံးကြီးတွေမှာ ရှိနေတဲ့ အက်ကွဲကြောင်းတွေက လေနည်းနည်း ဝင်နေနိုင်ပါတယ်။

သူတို့ အသက်ရှင်နေနိုင်အောင် အခြေအနေလေးတွေကတော့ ရှိနေပါတယ်။ ဒါပေမယ့် ဒီ အခြေအနေတွေက ဘယ်လောက်ကြာကြာခံမှာပါလဲ။

ကလေးတွေအတွက် အဓိက ခွန်အားကတော့ သူတို့ သူငယ်ချင်းတွေ တစ်စုတစ်ဝေးထဲအတူ ရှိနေကြရတာ ဖြစ်ပါလိမ့်မယ်။

ဘယ်တော့ ဘယ်သူ လာလို့ ကူပါကယ်ပါမယ်ဆိုတဲ့ မျှော်လင့်ချက်ထားရတာကတော့ သူတို့အတွက် အခက်ခဲဆုံး အပိုင်း ဖြစ်ပါတယ်။

Image caption ဂူပြင်ကယ်ဆယ်ရေး စနေပြီ

ဂူပြင်ကယ်ဆယ်ရေး စနေပြီ

ဂူအပြင်မှာတော့ အထဲက ကလေးတွေကို ကယ်ဆယ်ရေး လုပ်ငန်းကြီးက အရှိန်မြင့်လို့ နေပါပြီ။

ထိုင်းအစိုးရက လက်ရွေးစင် ရေတပ်ဖွဲ့က တပ်သားတွေ၊ ရဲတွေနဲ့ တခြားကယ်ဆယ်ရေးအဖွဲ့တွေကို ဆက်သွယ်ခေါ်ယူခဲ့ပါတယ်။ ဒေသခံတွေကလည်း ကယ်ဆယ်ရေးလုပ်ငန်းတွေကို နိုင်တဲ့ စွမ်းတဲ့ဘက်က ဝင်ကူကြပါတယ်။

ပထမဆုံး ဂူထဲကို ဝင်ရှာကြတဲ့အဖွဲ့က ဂူအတွင်းက ရေလွတ်တဲ့ အခန်းကျယ်ကြီးလို နေရာတစ်နေရာမှာ ကလေးတွေရဲ့ ခြေရာတွေကို တွေ့ကြပါတယ်။ ဒါပေမယ့် ကလေးတွေ အသက်ရှင်နေသေးသလားဆိုတာကို သိနိုင်မယ့် တခြား လက္ခဏာတွေတော့ မတွေ့ကြရပါဘူး။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
thai boys

ရှုတ်ထွေးပြီး ရှည်လျားနက်မှောင်တဲ့ ထမ့်လွန်ဂူထဲက တစ်နေရာမှာ တောဝက်အသင်းသားလေးတွေ ရှိနေပါလိမ့်မယ်။ ဒါပေမယ့် ဘယ်နေရာမှာပါလဲ၊ ပိုအရေးကြီးတာကတော့ ကယ်ဆယ်ရေးသမားတွေ သူတို့ ရှိရာကို ဘယ်လို အရောက်သွားနိုင်မှာပါလဲ။

ဂူထဲကို ဝင်ရှာရတာကလည်း တော်တော်လေး ခက်ပါတယ်။ ထိုင်းရေတပ်က ရေငုပ်သမားတွေမှာ ဂူထဲရေငုပ်ဖူးတဲ့ အတွေ့အကြုံ မရှိလှပါဘူး။ ရာသီဥတုကလည်း ဆိုးနေပါတယ်။ ဆက်တိုက် ဆိုသလို မိုးသည်းသည်းမည်းမည်း ရွာနေတဲ့အတွက် ဂူထဲကို ရေတွေတိုးပြီး ဝင်နေလို့ ဂူထဲမှာ ရေတွေ မြုပ်နေပြီး ကယ်ဆယ်ရေးအဖွဲ့တွေ တစ်နေရာရာရောက်သွားရင် ကျန်တဲ့နေရာတွေနဲ့ ဆက်သွယ်လို့မရပဲ ပြတ်တောက် ပိတ်မိသွားတဲ့ အနေအထားမျိုး ကြုံနေကြရပါတယ်။

အင်္ဂျင်နီယာအဖွဲ့တွေကလည်း ဂူထဲက ရေတွေကို စုပ်ထုတ်ပစ်ဖို့ အနိုင်နိုင်ကြိုးစားနေကြရပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ရှာဖွေရေးမှာ နိုင်ငံတကာပါ၀င်လာ
ဓာတ်ပုံ မူပိုင် Getty Images
Image caption ဝေဟင်အကူအညီတွေလည်း ယူထားတယ်
ဓာတ်ပုံ မူပိုင် AFP
Image caption မိဘဆွေမျိုးတွေကလည်း ပြန်တွေ့ရပါစေကြောင်း ဆုတွေတောင်းခဲ့

အစပိုင်းမှာ ဘယ်သူက ဘာလုပ်ရမယ်ဆိုတာ ဘယ်သူကမှ အတိအကျမသိခဲ့ကြဘူးလို့ ကယ်ဆယ်ရေး အဖွဲ့ထဲမှာ ပါဝင်ကူညီနေသူတစ်ယောက်က ပြောပါတယ်။ အာဏာပိုင်တွေဟာ သူတို့က သင့်တော်မယ်လို့ ထင်တဲ့ ကိရိယာပေါင်းစုံကို ယူလာကြပါတယ်။ ရေစုပ်စက်အသေးစားတွေ၊ ရေပိုက်အရှည်ကြီးတွေ၊ ဓါးတွေနဲ့ ပေါက်တူး၊ ဂေါ်ပြားတွေ ရတတ်သမျှ ယူလာပေမယ့် အများစုက တကယ်တန်းကျ အသုံးမဝင်ခဲ့ပါဘူး။

ဂူထဲကို ပက်ကြားအက်တစ်ခုခုဆီက ဆင်းနိုင်မလာဆိုပြီး ကျောက်တောင်ကို လွန်စက်နဲ့ ဖောက်ကြ၊ ဒရုန်းယာဉ်မှာ အပူလှိုင်းကိရိယာတွေတပ်ပေးပြီး ကလေးတွေရှိမယ့်နေရာကို သိနိုင်မလားဆိုပြီး ရှာဖွေတာတွေလည်း လုပ်ခဲ့ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ကလေးတွေကို ကယ်ဖို့ နိုင်ငံတကာ ကယ်ဆယ်ရေးသမားတွေ ရောက်

ကယ်ဆယ်ရေးသမားတွေဟာ ဒေသခံရွာသားတွေဆီကလည်း ဂူအတွင်းပိုင်း အနေအထားကို မေးကြပါတယ်။ ထိုင်းရေတပ်အထူးတပ်တွေဟာ တောဝက်ဘောလုံးအသင်းက ဘောလုံးကစားသမားလေး တစ်ယောက်နဲ့ စကားပြောကြည့်ပါတယ်။ သူက သူငယ်ချင်းတွေ ဂူထဲဝင်ကြတုန်းက လိုက်မသွားပဲ နေခဲ့သူပါ။ ဒီကလေးက အရင်အခေါက်သူတို့ဝင်ကြတုန်းက ဂူထဲမှာ ပတ္တရားကမ်းခြေလို့ခေါ်တဲ့ နေရာတစ်ခုဆီ သွားခဲ့ဖူးတဲ့ အကြောင်း ပြောလာပါတယ်။

ပျောက်နေတဲ့သူ ၁၃ ယောက် အဲဒီနေရာမှာများ ရှိနေနိုင်မလား။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
လွတ်လပ်အတွေးဆွေးနွေးဖလှယ်

ကယ်ဆယ်ရေးလုပ်ငန်းတွေ အရှိန်မြှင့်လုပ်နေကြချိန်မှာ ဂူဝမှာတော့ လူအုပ်စုလေးတစ်စုက စုဝေးပြီး စောင့်မျှော်နေကြ၊ ဆုတောင်းနေကြပါတယ်။ သူတို့ကတော့ ပျောက်နေတဲ့ ကလေးတွေရဲ့ မိသားစုတွေပါ။ သူတို့အထဲမှာ နည်းပြလေး အိက်ခ်ရဲ့ မွေးစားမိခင် တွမ် ကမ်တာဝမ်လည်း ပါပါတယ်။

နေ့တိုင်း နေ့တိုင်းသူဟာ သစ်သီး၊ အမွှေးတိုင်၊ ဖယောင်းတိုင်တွေ ယူပြီး တောင်ပေါ်ကို တက်ပါတယ်။ တောင်နဲ့ ဂူကို စောင့်ရှောက်နေတဲ့ နတ်သမီးကို ရိုသေလေးစားမှု ပြဖို့ပါ။ ကလေး ၁၃ ယောက်ကို နတ်သမီးက စောင့်ရှောက်ပေးဖို့ ကျွန်မ ဆုတောင်းနေတာပါလို့ သူက ပြောပါတယ်။

နောက်တော့ တောဝက်ဘောလုံးကလပ်က ကလေးတွေ တက်နေတဲ့ ကျောင်းတွေက ဆရာ ဆရာမတွေလည်း မိသားစုဝင်တွေနဲ့အတူ လာပူးပေါင်းပြီး ဆုတောင်းကြပါတယ်။

ကလေးတွေ ထွက်လာတဲ့အခါ ဒီနေရာက သူတို့ကို ကြိုနေတဲ့ ပထမဆုံးလူတွေ ဖြစ်ချင်လို့ လာနေတာလို့ အထဲရောက်နေတဲ့ အဒူလ်ဆိုတဲ့ကလေး တက်နေတဲ့ကျောင်းက အုပ်ချုပ်ရေးမှူး ဆရာမ အမ်ပင်ဆာအန်တာက ပြောပါတယ်။ သူ့ကိုယ်သူ အဒူလ်ရဲ့ ဆရာမမေမေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဘောလုံးသမားလေးတွေရဲ့ အတန်းဖော်တွေကလည်း စုဝေးပြီး ဆုတောင်းပွဲတွေလုပ်ကြ၊ ဂူထဲကို အားတက်စေမယ့် သီချင်းတွေဆိုကြပါတယ်။ သူတို့ ကျောင်းတွေက ကြော်ငြာကပ်တဲ့ ဘုတ်တွေမှာလည်း သူငယ်ချင်းတွေအတွက် မျှော်လင့်ချက်သတင်းစကားတွေရေးပြီး ကပ်ကြပါတယ်။

ဂူအနားက ရွာတွေက ရွာသားတွေလည်း စုဝေးကြပြီး ငွေတွေလှူကြ၊ ဂူနားမှာ လာစောင့်နေကြတဲ့ မိသားစုတွေ၊ ဆွေမျိုးတွေအတွက် စားစရာထုတ်တွေ ရာနဲ့ချီပြီး ပြင်ဆင်ပေးကြပါတယ်။

ဂူထဲက ကလေးတွေအကြောင်းက မီဒီယာတွေက တဆင့် ထိုင်းလူထုဆီ ပြန့်နှံ့ရောက်သွားတဲ့အခါ တစ်နိုင်ငံလုံးက စေတနာရှင်တွေက တတ်နိုင်တဲ့ဘက်က ကူညီဖို့၊ လုပ်အားပေးဖို့ ချင်းရိုင်ကို ရောက်လာကြပါတယ်။ ထိုင်းဆိုရှယ်မီဒီယာတွေမှာတော့ အားပေးတဲ့ သတင်းစကားတွေ၊ ကလေးတွေနဲ့ ကူနေသူတွေကို ချစ်ခင်ကြောင်း မေတ္တာစကားတွေ လွှမ်းမိုးနေခဲ့ပါတယ်။

Image caption ထိုင်းနေဗီးဆီးတွေ ကယ်ဆယ်ရေးမှာ ရှေ့တန်းက ပါဝင်
Image caption ဂူကို သေခြာစိတ်ဖြာ ပိုင်းခြားပြီး ဆန်းစစ်
Image caption ကလေးတွေ ဘယ်နေရာမှာ ရှိနေလဲ

ဒီလို ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေဟာ အများကြီး ကြီးမားကျယ်ပြန့်သွားဖို့လည်း အစပျိုးလာနေပါပြီ။

နိုင်ငံတကာက ကယ်ဆယ်ရေးသမားတွေ ဇွန်လ ၂၈ နေ့မှာ ပထမဆုံးအသုတ် ထိုင်းကို ရောက်လာပါတယ်။

သူတို့ကတော့ အမေရိကန် လေတပ်က ကယ်ဆယ်ရေးအထူးတပ်ဖွဲ့ဝင်တွေ၊ ယူကေ၊ ဘယ်လ်ဂျီယံ၊ သြစတြေးလျ၊ ဥရောပနဲ့ တခြားနိုင်ငံတွေ အများကြီးက ဂူတွင်းရေငုပ်ကျွမ်းကျင်သူတွေပါပဲ။ တချို့က သူတို့ ဆန္ဒအလျောက် ကူညီဖို့ ရောက်လာကြတာ ဖြစ်ပြီး တချို့ကိုတော့ ထိုင်းအစိုးရက ဆက်သွယ် ခေါ်ယူခဲ့တာပါ။

ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းကြီးရဲ့ ပမာဏနဲ့ ခက်ခဲမှုကို မှန်းဆနိုင်လာကြတဲ့အခါ ဒီလုပ်ငန်းမှာ အထူးကျွမ်းကျင်မှုရှိသူလို့ နာမည်ရှိသူတွေကို ဆက်သွယ်ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတကာက ကျွမ်းကျင်သူတွေနဲ့ ထိုင်း ရေငုပ်သမားတွေဟာ သဘာဝအခက်အခဲ အတားအဆီးတွေကို ရင်ဆိုင်ရင်း ကလေးတွေကို ရှာဖွေရေး လုပ်ငန်းတွေကို အရှိန်မြှင့်ခဲ့ကြပါတယ်။ သူတို့ဟာ ပြင်းထန်တဲ့ ရေစီးကြောင်းတွေကို ဆန့်ကျင်တိုးဝင် ကူးခတ်ကြရတယ်။ မကြာမကြာဆိုသလိုလည်း ဂူထဲမှာ ရေတွေပြည့်လျှံ ပိတ်ဆို့လာတဲ့ အတွက် နောက်ပြန်လှည့်ရတဲ့အချိန်တွေ ရှိခဲ့ပါတယ်။

Image caption ဂူထဲကိုအောက်ဆီဂျင် မပြတ်ပို့
Image caption ရေတွေတောက်လျှောက် စုပ်ထုတ်ပေး

ကလေးတွေ ပျောက်နေတာ တစ်ပတ်ကျော်ကြာလာချိန် ဇူလိုင်လ ၁ ရက် တနင်္ဂနွေနေ့မှာတော့ ကယ်ဆယ်ရေး သမားတွေ ရှေ့ကို တိုးနိုင်ခဲ့ပြီး ဂူထဲက လိုဏ်ခေါင်းကြီး တစ်ခုဆီကို အရောက်သွားနိုင်ခဲ့ပါတယ်။ အဲဒီ နေရာကို နောက်ပိုင်းမှာ နံပတ်သုံးအခန်းကြီးလို့ အမည်ပေးခဲ့ပြီး ကယ်ဆယ်ရေးစီမံချက်မှာ ရေငုပ်သမားတွေရဲ့ အဓိက ရှေ့တန်းစခန်းကြီး ဖြစ်လာပါတယ်။

အဲဒီနေ့ဟာ ပျောက်နေတဲ့ ကလေးတွေထဲက နုတ်လို့ ခေါ်တဲ့ ကလေးရဲ့ မွေးနေ့လည်း ဖြစ်ပါတယ်။ ဂူထဲမှာ စခန်းချလို့ ရတဲ့ နေရာတစ်ခုဆီရောက်လာနိုင်ခဲ့ပေမယ့် ကလေးတွေကိုတော့ အစအနတောင် မတွေ့ရသေးပါဘူး။

ဒါပေမယ့် သိပ်တော့ စောင့်စရာ မလိုတော့ပါဘူး။ နောက်တစ်ရက်မှာပဲ ဗြိတိသျှရေငုပ်သမား နှစ်ယောက်ဟာ တကမ္ဘာလုံး မျှော်လင့်စောင့်စားနေတဲ့ ရှာဖွေတွေ့ရှိမှုကြီး တစ်ခုကို တွေ့လိုက်ကြပါတော့တယ်။

"၁၃ ယောက်လုံးလား၊ ဝမ်းသာစရာကောင်းလိုက်တာ"

Image caption ၁၃ ယောက်လုံး ရှိနေလား

ဂျွန်ဗိုလန်သန်နဲ့ ရစ်စတန်တန်တို့ နှစ်ယောက်ဟာ ထမ့်လွန်ဂူထဲက ကျဉ်းမြောင်းလှတဲ့ လမ်းကြောင်း တလျှောက်တိုးဝင်၊ ရွှံ့ရေတွေထဲ ကူးခတ် ငုပ်လျှိုးရင်း တခြားရေငုပ်သမားတွေအတွက် လမ်းညွှန်ကြိုးတွေချ၊ ကလေးတွေရဲ့ အရိပ်အယောင်ကို ရှာနေတာ ရက်တော်တော်ကြာလာပါပြီ။

တနင်္လာနေ့မှာတော့ သူတို့ နှစ်ယောက် ကလေးတွေ ရှိနေနိုင်မယ်လို့ ယူဆထားတဲ့ ဂူထဲက ပတ္တရားကမ်းခြေ သဲသောင်ကုန်းဆီ ရောက်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီမှာလည်း ကလေးတွေ ရှိမနေပါဘူး။

သူတို့ နှစ်ယောက် အမှောင်ထဲဆက်တိုးရင်း ရှေ့ကိုသွားခဲ့ပါတယ်။ ပတ္တရားကမ်းခြေကနေ မီတာ ၂၀၀-၃၀၀ လောက်မှာတော့ သူတို့ ရေအောက်ကနေ ရေပြင်ပေါ်တက် အသက်ရှုနိုင်တဲ့ နေရာတစ်ခုကို တွေ့ရလို့ ရေပြင်ပေါ်တက်ခဲ့ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဂူထဲမှာ ထိုင်းလူငယ်တွေကို ပထမဆုံး စတွေ့ခဲ့တဲ့ မြင်ကွင်း

လေရှုနိုင်တဲ့ နေရာတစ်ခုတွေ့ပြီဆိုရင် ရေမျက်နှာပြင်ပေါ်တက်၊ အော်ခေါ်ကြည့်၊ အနံ့ခံကြည့်ရပါတယ်လို့ ဂျွန်ဗိုလန်သန်က ဘီဘီစီကို ပြောပါတယ်။ ဒါဟာ ကယ်ဆယ်ရေးလုပ်ငန်းစဉ်တစ်ခုရဲ့ လုပ်နေကျ လုပ်ငန်းတစ်ခုပါ။

အခုအခေါက်မှာ ကလေးတွေကို မမြင်ရ၊ သူတို့အသံကို မကြားရခင် သူတို့ အနံ့ကို ကျွန်တော်တို့ ရခဲ့ပါတယ်လို့ ဂျွန်က ပြန်ပြောပြပါတယ်။

သိပ်မကြာခင်မှာပဲ ဂျွန်ရဲ့ နဖူးမှာ တပ်ထားတဲ့ ဓာတ်မီးအလင်းရောင်အောက်မှာ သိပ်ကို ထူးခြားလှတဲ့ မြင်ကွင်းတစ်ခု ပေါ်လာပါတယ်။ ဒါကတော့ အမှောင်ထဲကနေ ကလေးတွေ တစ်ယောက်ပြီး တစ်ယောက် ကျောက်တုံးတွေပေါ်ကနေ ရေစပ်က သူ့ဆီ ဆင်းလာကြတာပါ။

Image caption တွေ့ပြီကြားတော့ ခန့်မှန်းဆွဲခဲ့တဲ့ပုံတွေ

ရစ်က ကလေးတွေ ဘယ်နှစ်ယောက်လည်းဆိုတာ စ ရေတွက်နေချိန်မှာပဲ ဂျွန်က သူတို့ကို အော်မေး လိုက်ပါတယ်။

"သားတို့ အားလုံးဘယ်နှစ်ယောက်လဲ။"

၁၃ ယောက်လို့ အင်္ဂလိပ်လို ပြန်ဖြေသံထွက်လာပါတယ်။

"၁၃ ယောက်စလုံးလား၊ ဝမ်းသာစရာကြီးကွာ"

ဂျွန်နဲ့အတူ ရေထဲကခေါင်းဖော်ထားရင်း မယုံနိုင်စရာ မြင်ကွင်းမှာ ရစ်လည်း မင်တက်နေမိပါတယ်။ "သူတို့အားလုံး အသက်ရှင်နေကြတယ်။"

ကလေးတစ်ယောက်က ဒီနေ့ ဘာနေ့လဲလို့လည်း လှမ်းမေးပါတယ်။ အမှောင်ထဲမှာ အကြာကြီးနေနေရတဲ့ သူတို့အတွက် နေ့တွေနဲ့ညတွေ မကွဲပြားခဲ့တာ ကြာပါပြီ။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ထိုင်းကလေးတွေရဲ့ ဒုတိယ ဗီဒီယို ထွက်လာ

သူတို့ နှစ်ယောက် ကလေးတွေနဲ့ ခဏနေပေးပြီး သူတို့ စိတ်ဓာတ်တက်ကြွလာအောင် အားပေးခဲ့ပါတယ်။ သူတို့မှာ စားစရာ ပါမလာတဲ့အတွက် မပေးခဲ့နိုင်ပေမယ့် အလင်းရောင်ရအောင် ဓာတ်မီးကို ပေးထားခဲ့ပြီး စားစရာတွေ ယူပြီး ပြန်လာပါမယလို့ ကတိပေးရင်း ပြန်ထွက်လာခဲ့ပါတယ်။

ကလေးတွေကို ပြန်ရှာတွေ့တဲ့ မြင်ကွင်းကို ဗြိတိသျှ ရေငုပ်သမားတွေရဲ့ ကင်မရာက မှတ်တမ်းတင်ထားနိုင်ခဲ့လို့ အဲဒီ မြင်ကွင်း ချက်ခြင်းဆိုသလို အွန်လိုင်းပေါ်တက်လာတဲ့အခါ သတင်းကောင်းကို စောင့်နေတဲ့ တကမ္ဘာလုံးဆီ အပျော်တွေ ရောက်သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်လုံးလုံး စိုးရိမ်သောကနဲ့ ထိတ်လန့်ပူဆွေးနေခဲ့ရတဲ့ ကလေးတွေရဲ့ မိဘတွေလည်း သူတို့ ကလေးတွေ ထူးခြား ကံကောင်းစွာ အသက်ရှင်လျက်ရှိနေသေးတယ်ဆိုတာ ပြန်တွေ့လိုက်ရတဲ့အခါ ဝမ်းသာမှုဆိုတာ ပြောမပြနိုင်လောက်အောင် ဖြစ်သွားကြပါတယ်။ ကလေးတွေကို တွေ့ရတာ ပိန်သွားပေမယ့် အားလုံး ကျန်းမာရေး ဆိုးဝါးနေပုံ မရတဲ့အတွက် စိတ်သက်သာရာရကြရပါတယ်။

ကလေးတွေကို ပြန်တွေ့ပြီးတဲ့နောက်မှာတော့ ထိုင်းစစ်တပ်က ဆရာဝန်တစ်ယောက်နဲ့ ရေတပ်အထူးတပ်ဖွဲ့က ရေငုပ်သမားတွေ သူတို့နဲ့အတူ သွားပြီး နေပေးကြပါတယ်။ သူတို့ ပြန်ထွက်လာနိုင်တဲ့ အထိ အတူနေပေးကြမှာပါ။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဂူထဲက ကလေးတွေကို စတွေ့ခဲ့တဲ့ ဗြိတိသျှရေငုပ်သမားက အတွေ့အကြုံ ပြန်ပြောပြ

ကိုးရက်လုံးလုံး အမှောင်ထဲမှာ နေခဲ့ရပြီးတဲ့နောက် တောဝက်အသင်းက ကလေးတွေ အလင်းရောင်ကို ပြန်မြင်ကြရပါပြီ။ သူတို့က စားချင်တာတွေကိုလည်း ပြောကြပါတယ်။ တောင်းဆိုတာ တစ်ခုကတော့ ပတ်ကရာပေါင်းလို့ ခေါ်တဲ့ ထိုင်းရိုးရာ ထမင်းကြော်ပါ။ ဝက် ကြက်အသားကို ပင်စိမ်းနဲ့ ရောကြော်ထားတဲ့ ဟင်းလျာပါ။

ဒါပေမယ့် လောလောဆယ်တော့ သူတို့ စားလို့ မရသေးပါဘူး။ ဆရာဝန်ညွှန်ကြားချက်အရ အထူးပြုလုပ်ထားတဲ့ အရည်များတဲ့ အစာပျော့တွေကိုပဲ စားရဦးမှာပါ၊ သောက်ရေထဲမှာလည်း ဗီတာမင်ထပ်ဖြည့်ပြီး သူတို့ကို တိုက်ကျွေးနေပါတယ်။

မွေးနေ့ပွဲအတွက် သွားခဲ့ရာက စခဲ့တဲ့ ဒီ ဇာတ်လမ်းမှာ မွေးနေ့ပွဲတွေကတော့ မဆုံးသေးပါဘူး။ ဇူလိုင်လတစ်ရက်နေ့မှာ ကလေးတွေထဲက နုတ်ဆိုတဲ့ ကောင်လေးရဲ့ မွေးနေ့ဖြစ်ခဲ့ပြီး အခုလည်း ဒွန်ဆိုတဲ့ ကလေးရဲ့ မွေးနေ့ရောက်လာပြန်ပါပြီ။ ဒီမွေးနေ့တွေကို သူတို့ ဂူထဲမှာပဲ ဖြတ်ကျော်ရဦးမှာပါ။

အခုတော့ ဒီကလေးတွေကို အပြင်ကို ဘယ်လို ပြန်ထုတ်မလဲဆိုတဲ့ ကိစ္စက အရေးတကြီး စဉ်းစားစရာ ဖြစ်လာပါပြီ။ သူတို့ ရှိနေတဲ့နေရာက အပြင်ကို ၄ ကီလိုမီတာလောက် ဝေးပါတယ်။ ရေတွေပြည့်နေပြီး ရေအောက်ငုပ်ပြီးမှ သွားရမယ့် နေရာတွေ လမ်းမှာ အများကြီး ရှိနေသလို၊ တချို့ လမ်းကြောင်းတွေက လူတစ်ကိုယ် လျောဝင်စရာနေရာလေးပဲ ရှိတာ၊ လမ်းကြောကွေ့ကောက်တာတွေကြောင့် အတွေ့အကြုံများတဲ့ ရေငုပ်သမားတွေတောင် ခက်ခက်ခဲခဲ သွားရတဲ့ လမ်းကြောင်းကို ဒီကလေးတွေကို ဘယ်လို ခေါ်ထုတ်ရမှာပါလဲ။ ကလေးတွေထဲမှာ တချို့ဆို ရေငုပ်ဖို့ မပြောနဲ့ ရေတောင် မကူးတတ်ကြ သူတွေလည်း ပါနေပါတယ်။

အချိန်က ကျွန်တော်တို့ဘက်မှာ မရှိဘူး၊ နောက်သုံးရက်ဆို မိုးအကြီးအကျယ်ရွာမယ်လို့ မှန်းထားကြတယ်လို့ ရေငုပ်သမားတစ်ယောက်ဖြစ်တဲ့ ဘင် ရေမန်နော့စ်က ဘီဘီစီကို အဲဒီအချိန်က ပြောပါတယ်။

အခက်အခဲဆုံး အလုပ်က အခုမှ စတော့မှာလို့ သူက ဆိုပါတယ်။

Image caption ကယ်ဆယ်ရေးတွေ အင်အားတိုးမြှင့်
Image caption ကယ်ဆယ်ရေးမှာ အားသွန်ပါတဲ့ ထိုင်းစစ်တပ်
Image caption ဂူပြင်မှာ အသင့်စောင့်

ကူမယ့်သူတွေ တပ်ချီရောက်လာ

တောင်ကြောပေါ်က ဂူထဲမှာ ပိတ်မိနေတဲ့ ကလေးတွေကို ပြန်တွေ့ပြီဆိုတဲ့ သတင်းဟာ မယ်ဆိုင်မြို့လေးကို ကမ္ဘာ့ မီဒီယာတွေက တဆင့် တကမ္ဘာလုံး အာရုံစိုက်မိသွားကြပါတယ်။

ချက်ခြင်းဆိုသလိုပဲ မီဒီယာသမားတွေ ရာချီပြီး အဲဒီကို ရောက်လာကြသလိုပဲ တကမ္ဘာလုံးက ကူညီကယ်ဆယ်ရေးသမား တွေလည်း ရာပေါင်းများစွာ မယ်ဆိုင်မှာ လာစုမိကြပါတယ်။ သူတို့ကလည်း တတ်နိုင်တဲ့ ဘက်က ကူဖို့ ကယ်ဖို့ ဝိုင်းဝန်းဖို့ ဖြစ်ပါတယ်။

အခုတော့ ဂူပေါက်ဝနားက တောအုပ်အစပ်မှာ မြို့ငယ်လေးတစ်ခု နေ့ချင်းညချင်းပေါ်လာပါပြီ။

စားသောက်ဆိုင်တန်းတွေ ရှိလာပြီး ထိုင်းဘုရင့်စားဖိုဆောင်က ဝန်ထမ်းတွေကလည်း ဆိုင်တန်းလေးဖွင့်ပေးထားပါတယ်။ ခေါက်ဆွဲ၊ ထမင်းကြော်၊ သောက်စရာ အစုံအလင်နဲ့ ရေခဲချောင်းတွေပါ အခမဲ့ ဝေငှကျွေးမွေးကြပါတယ်။

လူမှုရေး ပရဟိတအလုပ်မှာ ဘယ်ဟာမှ သေးငယ်တယ်၊ အရေးမပါဘူးဆိုတာ မရှိပါဘူး။

တောအုပ်ပန်းခြံမှာရှိတဲ့ အိမ်သာတွေဟာ လူအုပ်ကြီး သိပ်များလာတဲ့အချိန်ဆို မနိုင်တော့ပါဘူး။

ဒါကြောင့် လုပ်အားပေးတွေက အိမ်သာတွေကို သန့်ရှင်းပေးကြပါတယ်။ တောင်အောက်အထိ အတက်အဆင်း လုပ်ကြရတဲ့အခါမျိုးမှာ ကားသမားတွေကလည်း အခမဲ့ လိုက်ပို့ပေးကြပါတယ်။ ကယ်ဆယ်ရေးသမားတွေရဲ့ အဝတ်အစားတွေဟာ ရွှံ့တွေအလိမ်းလိမ်းနဲ့ ဖြစ်နေတတ်ပါတယ်။ ဒါကို ဒေသခံ အဝတ်လျှော်လုပ်ငန်း တစ်ခုက ညတိုင်း လျှော်ဖွပ်ပေးပါတယ်။

Image caption အသက်စွန့်သွားတဲ့ သူရဲကောင်း
Image caption ဂုဏ်ယူဖွယ် သူရဲကောင်း

အသက်စွန့်သွားတဲ့ သူရဲကောင်း

အားလုံး စိတ်ဓာတ်တက်ကြွပျော်ရွှင်နေချိန်မှာပဲ မမျှော်လင့်တဲ့ အဖြစ်ဆိုးတစ်ခုက အားလုံးကို ကိုင်လှုပ်လိုက်ပါတယ်။

ထိုင်းရေတပ်အထူးတပ်ဖွဲ့က တပ်ဖွဲ့ဝင်ဟောင်း ဆမန်ဂူနန်ဟာ ကလေးတွေရဲ့ သတင်းကြားတဲ့အချိန်မှာ ကူညီဖို့ အပြေးရောက်လာကြသူတွေထဲက တစ်ယောက်ဖြစ်ပါတယ်။

ဇူလိုင်လ ၆ ရက်နေ့က ကလေးတွေဆီ လေအိုးတွေ ပို့ပေးနေကျအစီအစဉ်အတိုင်း သွားပို့ပေးနေတုန်း ဆမန်ဂူနန်ကိုယ်တိုင် လေပြတ်ပြီး သတိမေ့မြောသွားပါတယ်။ သူနဲ့အတူ ကူးဝင်သွားတဲ့ အဖော်ရေငုပ်သမားက သူ့ကို ရေပေါ်ဆွဲတင်ပြီး သတိပြန်လည်လာအောင် ကြိုးစားပေမယ့် မရတော့ပါဘူး။ ဆမန်ဂူနန်ဟာ အသက် ၃၈ နှစ်ပဲရှိပါသေးတယ်။

ဆမန်ဂူနန်ရဲ့ ဈာပနကိုတော့ စစ်အခမ်းအနားနဲ့ ကျင်းပပေးခဲ့ပြီး ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေက ဆုတောင်းမေတ္တာပို့ အမျှ ပေးဝေခဲ့ကြပါတယ်။

ဆမန်ရဲ့ ဇနီးသည် ဝါလိပွန်ဂူနန်ကလည်း ဆမန်က ငါတို့ဘယ်တော့ သေကြရမယ်ဆိုတာ မသိနိုင်ဘူး၊ ဒါကြောင့် ရှင်နေတုန်းမှာ နေ့တိုင်းကို တန်ဘိုးထားကြပါစို့လို့ ပြောခဲ့ဖူးတဲ့အကြောင်း ပြန်ပြောပြပါတယ်။

Image caption ဂူလမ်းကြောင်းမြေပုံ

အတွေ့အကြုံရှိတဲ့ ဆမန်လို ရေငုပ်သမားတစ်ယောက်အသက်ဆုံးခဲ့ရတဲ့ ဖြစ်ရပ်ကနေ အခု ကယ်ဆယ်ရေးလုပ်ငန်းဟာ ဘယ်လောက်အန္တရာယ်များတယ်၊ ကလေးတွေအတွက်လည်း ဘေးမကင်းဘူးဆိုတဲ့ အချက်တွေကို သိသာထင်ရှားစေခဲ့ပါတယ်။ ဆမန်ဟာ ကျန်းမာကြံ့ခိုင်သူ ရေငုပ်သမားတစ်ယောက်ဖြစ်ပြီး ထိုင်းနိုင်ငံကို ကိုယ်စားပြုလို့ နိုင်ငံတကာ သုံးမျိုးစုံပြိုင်ပွဲမှာ ဝင်ပြိုင်ခဲ့ဖူးသူပါ။

ဂူထဲမှာ ပိတ်မိနေတဲ့ ကလေးတစ်ယောက်ဖြစ်တဲ့ နုတ်ရဲ့ မိခင်ကလည်း မိတ်ဆွေတစ်ဦးကို ခုလိုပြောခဲ့ဖူးတယ်လို့ဆိုပါတယ်။ ရေတပ်အထူးတပ်ဖွဲ့လို နှစ်နဲ့ချီ လေ့ကျင့်ထားပြီးသား၊ ကျန်းမာသန်စွမ်းတဲ့ အဖွဲ့ဝင်တစ်ယောက်တောင် အသက်ဆုံးရသေးရင်၊ ရေတစ်ခါမှ မငုပ်ဖူးတဲ့ ကလေးတစ်ယောက်ဆို ဘယ်လိုနေမှာလဲ ဆိုပြီး သူ့ရဲ့ စိုးရိမ်စိတ်ကို ပြောခဲ့တယ်လို့ သိရပါတယ်။

နောက်ထပ် စိတ်ပူစရာ အခြေအနေတစ်ခုကလည်း ရှိနေပါတယ်။ ဒါကတော့ ဂူထဲမှာ လေရှိနေအောင် ဘယ်လောက်ပဲ လေဗူးတွေနဲ့ဖြည့်ပေး ထည့်ပေးနေတာတောင်မှ အောက်စီဂျင်ပမာဏက ပုံမှန်ရှိသင့်တဲ့ ၂၁ ရာခိုင်နှုန်းထက်လျော့ပြီး ၁၅ ရာခိုင်နှုန်းအထိ ကျသွားခဲ့ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ချင်းမိုင်မှာ ကယ်ဆယ်ရေးသမား တဦးသေဆုံး

ကယ်ဆယ်ရေးအဖွဲ့တွေအတွက် အချိန်က သိပ်မရတော့ပါဘူး။

ဒါကြောင့် ကယ်ဆယ်ရေးစီမံချက်ဆွဲနေသူတွေဟာ လုပ်ဖို့ ဖြစ်နိုင်ချေသုံးခုကို စဉ်းစားကြပါတယ်။

Image caption ဂူပြင်အရောက် ဘယ်လို ထုတ်မှာလဲ

၁။ ကလေးတွေကို ဂူထဲက ရေမြုပ်နေတဲ့ အပိုင်းတွေမှာ ရေငုပ်ပြီး ကူးထွက်နိုင်အောင် လေ့ကျင့်သင်ကြားပေးဖို့ - ဒါကတော့ အန္တရာယ်တော်တော်ရှိတဲ့ လုပ်ငန်းဖြစ်လို့ တခြားဟာတွေမဖြစ်မှပဲ နောက်ဆုံးအနေနဲ့ လုပ်ဖို့ စဉ်းစားကြပါတယ်။

၂။ ဂူထဲက ရေတွေကို စုပ်ထုတ်ပြီး ရေတွေ သူ့ဟာသူ ပြန်ကျသွားတဲ့အထိ အချိန်ကို စောင့်ဖို့ - ဒါကလည်း မိုးတွင်းကုန်တဲ့ အောက်တိုဘာလအထိစောင့်ရမှာမို့ လေးလလောက်ကြာနိုင်ပါတယ်။

၃။ ဂူထဲကို ဝင်နိုင်တဲ့ ဝင်ပေါက်ရှာပြီး ကျောက်တောင်ကို ဖောက်ဝင်ကြဖို့ ဆိုတဲ့အချက်တွေ ဖြစ်ပါတယ်။

Image caption ကယ်ဆယ်ရေးအတွက် ကျားကုပ်ကျားခဲ
Image caption ကယ်ဆယ်ရေးသမားတွေကို ချက်ပြုတ်ကျွေး

တစ်ချိန်ထဲမှာပဲ ရေငုပ်သမားတွေဟာ အထဲက ကလေးတွေနဲ့ သက်တူရွယ်တူလောက်ရှိကြမယ့် ဒေသခံ ထိုင်းကလေးတွေနဲ့အတူ ရေကူးကန်တစ်ခုမှာ ကလေးတွေကို သယ်ထုတ်နိုင်ရေး လုပ်ငန်းစဉ်တွေကို လက်တွေ့လေ့ကျင့်နေကြပါတယ်။

နည်းပညာအဆန်းတွေထွင်တတ်တဲ့ သူဌေးကြီး အီလွန်မတ်စ်ကလည်း သူ့ရုံးက အင်ဂျင်နီယာအဖွဲ့တွေက ကလေးအရွယ် ရေငုပ်သင်္ဘောလေးတွေ ထုတ်လုပ်ပေးမယ်ဆိုပြီး ကမ်းလှမ်းခဲ့ပါသေးတယ်။ ဒီ အစီအစဉ်ကတော့ လက်တွေ့လုပ်ဖို့ အဆင်မပြေလို့ ငြင်းလိုက်ကြပါတယ်။

ထမ့်လွမ်ဂူဟာ အထဲမှာ လမ်းသွယ်တွေ အများကြီးရှိပြီး ကျော်ဖြတ်ရမယ့် အဆင့်တွေ၊ လမ်းကြောင်းတွေ ရှုတ်ထွေးတာကြောင့် ဂူထဲကို လေပိုက်တွေ၊ တယ်လီဖုန်းလိုင်းတွေ တပ်ဆင်ဖို့ လုပ်ငန်းမျိုးတွေမှာတောင် မဖြစ်နိုင်သလောက် အခက်အခဲတွေ ကနဦးမှာ ကြုံခဲ့ကြပါတယ်။

နောက်ဆုံးတော့ ဇူလိုင်လ ၆ ရက်နေ့မှာ အောက်စီဂျင်ပိုက်လမ်းကြောင်းကို တပ်ဆင်နိုင်ခဲ့ပါတယ်။ တယ်လီဖုန်းမရပေမယ့်လည်း ကလေးတွေက သူတို့ မိဘတွေဆီ စာတွေရေးလို့ သူတို့ အခြေအနေကောင်းကြောင်း အသိပေးနိုင်ခဲ့ကြပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ထိုင်းကလေးတွေ ဂူထဲက ပြန်ထုတ်နိုင်ရေး

ဂူထဲက ပေးစာတွေ

ထိုင်းရေတပ်ဖွဲ့က ထုတ်ပြန်ပေးလိုက်တဲ့ ကလေးတွေဆီက မိဘတွေဆီ ရေးလိုက်တဲ့စာတွေဟာ စိတ်ထဲမှာ ထိထိခိုက်ခိုက် ဖြစ်လောက်စရာတွေပါ။

အသဲနှလုံးပုံတွေ၊ ပြုံးနေတဲ့ မျက်နှာပုံ အမှတ်အသားတွေ ရေးခြစ်ထားတဲ့ စာတွေမှာ ကလေးတွေက မိဘတွေကို သူတို့ ချစ်တဲ့အကြောင်း အထပ်ထပ်ပြောရင်း သူတို့အတွက် စိတ်မပူကြဖို့လည်း နှစ်သိမ့်ထားပါတယ်။

Image caption ဂူထဲကလာတဲ့စာ
Image caption အပြင်ကသူတွေကို ပြန်နှစ်သိမ့်

ကြက်ကြော်နဲ့ ဝက်ကြွပ်ကြော်တို့လို သူတို့ စားချင်တဲ့ အစားအသောက်တွေကိုလည်း ရေးလာခဲ့ပါတယ်။ တစ်ယောက်ကဆို ဟာသတောင် ရေးပို့လိုက်ပါတယ်။ ဆရာမရေ၊ ကျွန်တော်တို့ထွက်လာရင် အိမ်စာတွေ အများကြီး မပေးပါနဲ့နော်တဲ့။

နည်းပြလေး အိက်ခ်ကလည်း ကလေးမိဘတွေကို တောင်းပန်စကားပြောခဲ့ပါတယ်။ ကိုယ်တိုင် အသက် ၂၅ နှစ်ပဲ ရှိသေးတဲ့ နည်းပြလေးဟာ အခုအုပ်စုထဲမှာ အသက်အကြီးဆုံးမို့ ကလေးတွေကို သူက အန္တရာယ်ရှိတဲ့ နေရာဆီ ခေါ်သွားခဲ့တယ်ဆိုပြီး အစပထမပိုင်းက သူ့ကို အပြစ်ဆိုသူတွေ ရှိခဲ့ပါတယ်။ အခုတော့ သူ့ကို အပြစ်တင်တာထက် အချစ်မြင်တဲ့ သတင်းစကားတွေပဲ သူ ပြန်ရခဲ့ပါတယ်။

နည်းပြအိက်ခ်ရေ၊ ကလေးတွေအားလုံးကို စောင့်ရှောက်တဲ့အတွက်၊ ဘေးကင်းအောင် ကြည့်ရှုပေးတဲ့ အတွက် သိပ်ကို ကျေးဇူးတင်ပါတယ်လို့ ကလေးတစ်ယောက်ရဲ့ ဆွေမျိုးတစ်ယောက်က ရေးပို့ခဲ့ပါတယ်။

ဂူပြင်ရောက် ကယ်ထုတ်တဲ့ D-Day

ဇူလိုင် ၇ ရက်၊ တနင်္ဂနွေနေ့။ ကလေးတွေ ပျောက်သွားတဲ့အချိန် နှစ်ပတ်ပြည့်ခဲ့ပါပြီ။

အဲဒီနေ့မှာပဲ ရုတ်တရက်ဆိုသလို ထိုင်းအာဏာပိုင်တွေက ကြေညာလိုက်ပါတယ်။ ကလေးတွေကို သူတို့ ကယ်ထုတ်တော့မယ်။ ဒီကနေ့ပဲ ကယ်ထုတ်မယ်လို့ ဆိုပါတယ်။

ဒီကနေ့ထက်ပိုပြီး အဆင်သင့်ဖြစ်နေတဲ့ နေ့ မရှိတော့ပါဘူးလို့ ကယ်ဆယ်ရေးလုပ်ငန်းကို ဦးစီးကြီးကြပ်နေသူ နရွန်ဆတ် အော့ဆိုသနာကွန်က ပြောပါတယ်။

သတင်းသမားတွေနဲ့ ကူညီလုပ်အားပေးနေသူတွေအားလုံး ဂူအဝ နေရာက ထွက်ပေးဖို့ အာဏာပိုင်တွေက ညွှန်ကြားပါတယ်။ ကယ်ဆယ်ရေး စခန်းမှာတော့ အားလုံးပဲ စိတ်ပိုင်းဖြတ်မှုနဲ့ လုပ်စရာတွေ တစ်ခုပြီး တစ်ခု အလျင်အမြန်စလုပ်နေကြပါပြီ။

ဘာလို့ အခုလို ရုတ်တရက်ကြီး ဆုံးဖြတ်ချက်ချလိုက်ကြရတာပါလဲ။ မယ်ဆိုင်မြို့ပေါ်ကို အညိုးတကြီးနဲ့ သည်းသည်းမည်းမည်း ရွာချနေတဲ့ မိုးဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ စဲလာခဲ့ပါတယ်။ ဒါ ကယ်ဆယ်ရေးသမားတွေအတွက် ရှားရှားပါးပါး ရတဲ့အခွင့်အရေးပါ။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
thai cave

နောက်တစ်ခုကတော့ ထမ့်လွန်ဂူဟာ နှစ်စဉ် ဇူလိုင်လ ၁၀ ရက်နေ့တဝိုက်ဆိုရင် ဂူတစ်ခုလုံး ရေဖုံးသွားလေ့ ရှိတယ်လို့ ဒေသခံတွေက ထိုင်းရေတပ်တပ်ဖွဲ့ဝင်တွေကို ပြောပြကြပါတယ်။

ဒီတော့ အခုအချိန်ဟာ ကယ်ဆယ်ရေးအတွက် အမြန်ဆုံးလုပ်ရမယ့်အချိန်ပဲလို့ ဆုံးဖြတ်လိုက်ကြပါတယ်။ လူသာမန်တွေမလုပ်နိုင်တဲ့ လူလွန်ကယ်ဆယ်ရေးလုပ်ငန်းကြီးတစ်ခုလို့ နောက်ပိုင်း ခေါ်ဝေါ်ခဲ့ကြတဲ့ အဲဒီ ကယ်ဆယ်ရေးစီမံချက်မှာ ထိုင်းနဲ့ နိုင်ငံတကာက ရေငုပ်ကျွမ်းကျင်သူပေါင်း ၁၀၀ နီးပါး ပါဝင်ခဲ့ပါတယ်။

ကယ်ထုတ်ရေး လမ်းကြောင်းမှာ နှစ်ပိုင်းပါဝင်ပါတယ်။

ပထမအပိုင်းကတော့ ကလေးတွေ တက်ပြီးနေနေတဲ့ ကျောက်ဆောင်အငူလေးကနေ ဂူဝဘက်ပိုကျတဲ့ အခန်းနံပတ် ၃ ဆီ လာရမယ့် လမ်းကြောင်းပါ။ ဒီအပိုင်းက ပိုခက်ပါတယ်။ ကယ်ဆယ်ရေးသမားတွေဟာ ကြိုပြီး သွယ်တန်းထားတဲ့ ရေအောက်ကြိုးတွေကို ကိုင်ပြီး အရိုးခဲမတတ်အေးနေတဲ့ ရေထဲမှာ လုံးဝမှောင်မိုက်နေတဲ့ လမ်းကြောင်းအတိုင်း နာရီနဲ့ချီ ရေကူး ရေငုပ်သွားရပါမယ်။ တချို့နေရာတွေမှာဆို ကျောက်ဆောင်လမ်းကြားဟာ ကျဉ်းလွန်းလို့ လူချည်းသက်သက်လျောဝင်ရတဲ့ နေရာတွေ ရှိပါတယ်။

ကလေးတစ်ဦးချင်းကို အသက်ရှုလို့ရအောင် အောက်စီဂျင်တပ် မျက်နှာဖုံးအပြည့်တပ်ပေးထားပြီး ရေငုပ်သမားတစ်ယောက်နဲ့ တွဲချည်ထားပါမယ်။ နောက်ထပ် ရေငုပ်သမားတစ်ယောက်က နောက်က ကပ်ပြီး လိုက်ပါမယ်။

ကလေးရဲ့ အရှေ့မှာ လေဆလင်ဒါဘူးကို တပ်ပေးထားပြီး သူတို့ကျောမှာတော့ ဆုပ်ကိုင်လို့ရတဲ့ လက်ကိုင်လေးတွေ တပ်ပေးထားပါမယ်။ ဒါမှ အတူလိုက်တဲ့ ရေငုပ်သမားက အဲဒီလက်ကိုင်ကနေ ရေထဲ၊ အမှောင်ထဲမှာ လူချင်းကွဲမသွားအောင် ထိန်းကိုင်ထားနိုင်မှာဖြစ်ပါတယ်။ ကလေးတွေကလည်း မှောက်ရက်အနေအထားအတိုင်းပဲ လိုက်ပါမယ်။ ရေတွေ သူတို့မျက်နှာကို တိုးပြီး ဖြတ်စီးသွားနိုင်အောင်လို့ပါ။

ဗြိတိသျှရေငုပ်သမား ဂျွန်ကတော့ ကလေးတွေကို ခေါ်ထုတ်တဲ့ပုံကို ဈေးဝယ်အိတ်တစ်လုံးကို ကိုင်ပြီး ထွက်သလိုလို့ ပုံဖော်ပြပါတယ်။ လိုတဲ့နေရာမှာ အိတ်ကို ကိုယ်နဲ့ကပ်လိုက်၊ ဘေးကိုချလိုက်၊ ရှေ့မှာဆွဲလိုက်လုပ်ရသလိုလို့ ဆိုပါတယ်။

သိပ်ကျဉ်းတဲ့ အပိုင်းတွေရောက်ရင်တော့ ရေငုပ်သမားတွေက သူတို့မှာ တပ်ထားတဲ့ လေအိုးတွေကို ဖြုတ်ပြီး လူချည်းသက်သက် ကျောက်ဆောင်ကြားက တိုးထွက်ရပါတယ်။ သူတို့ခေါ်ထုတ်လာတဲ့ ကလေးတွေကိုလည်း တစ်ယောက်ကတွန်းထုတ်၊ နောက်တစ်ယောက်က ဆွဲထုတ်လုပ်ကြပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
အပျော်နဲ့ ဆုံးခဲ့တဲ့ ထမ်လွမ်ဂူ ကလေး ကယ်ဆယ်ရေး

ဒီ အခြေအနေဟာ အတွေ့အကြုံများတဲ့ ရေငုပ်သမားတွေအတွက်တောင် ကြောက်စရာကောင်းနေရင် ရေမကူးတတ်တဲ့ ကလေးတွေအတွက်ကတော့ ဆိုဘွယ်ရာတောင်ရှိမှာ မဟုတ်ပါဘူး။

ထိုင်းအစိုးရကတော့ ကလေးတွေနဲ့ နည်းပြကို ရေထဲမဆင်းခင် စိတ်ငြိမ်ဆေးတွေ ပေးထားတယ်လို့ ပြောပါတယ်။ ဒါပေမယ့် အခြေအနေကို သိထားသူ အတော်များများကတော့ ကလေးတွေကို အပြင်းစား စိတ်ငြိမ်ဆေးတွေ ပေးထားတဲ့အတွက် သူတို့ဟာ နိုးတဝက်သိတဝက်နဲ့ လိုက်ပါလာကြတာလို့ ဘီဘီစီကို ပြောပြကြပါတယ်။

ဒါကလည်း လမ်းမှာ သူတို့ ကြောက်လန့်တကြားမဖြစ်ရအောင်လို့ ဆိုပါတယ်။ ရေအောက်မှာ အသက်လု ဖြတ်ကျော်နေရချိန် ကြောက်လန့်တကြားဖြစ်မယ်၊ ရုန်းကန်မယ်ဆိုရင် ရေငုပ်သမားရော ကလေးတွေ အတွက်ပါ အသက်အန္တရာယ်ဖြစ်နိုင်ပါတယ်။

ကျောက်ဂူအခန်း ၃ ကို ရောက်ပြီဆိုရင်တော့ ဂူပြင်ရောက်ဖို့ ဒုတိယပိုင်း ခရီးစဉ်ကို ဆက်ရပါမယ်။ ဒီအပိုင်းကလည်း နောက်ထပ် နာရီနဲ့ချီပြီး ကြာနိုင်ပါတယ်။

ဒီဘက်ပိုင်းမှာတော့ ကလေးတွေကို ထမ်းစင်မှာ တွဲချည်ပြီး လူငါးဦးက သယ်ကြပါတယ်။ တစ်နေရာမှာတော့ အဲဒီထမ်းစင်ကို ဖောင်ပေါ်တင်ပြီး သယ်လာသူတွေက မေးစေ့လောက်ရှိတဲ့ ရေထဲကနေ ဆွဲပြီး သယ်ရပါတယ်။

Image caption ဘယ်သူတွေကို ကယ်ထုတ်လာလဲ လူမြင်မခံ
Image caption လူနာတင်ယာဉ်တွေ အသင့်စောင့်နေ
Image caption ချင်းရိုင်လေတပ်စခန်းကို ဆိုက်လာ

မတ်စောက်တဲ့ အပိုင်းနေရာတွေ ရောက်တဲ့အခါမှာတော့ စက်သီးတပ်ကြိုးနဲ့ ဆွဲပြီး ထုတ်ရသလို ကျောက်ဆောင်ထူတဲ့ နေရာတွေမှာတော့ ထမ်းစင်ကို လက်ဆင့်ကမ်းပြီး သယ်ရပါတယ်။ တချို့နေရာတွေမှာတော့ ရေတွေ စုပ်ထုတ်နေတဲ့ ပိုက်တွေအပေါ်ကနေ တွန်းလျောဆွဲပြီး သယ်ရတာတွေ ရှိပါတယ်။

ရေငုပ်သမား အီဗန်ကာရာဂျစ်အတွက်တော့ ဒီ လုပ်ငန်းစဉ်ဟာ အတော်ကြီး စိတ်ပင်ပန်းခဲ့တယ်လို့ ဆိုပါတယ်။ သူက ဂူထဲက လမ်းတဝက်မှာ အထိုင်ချပြီး လေအိုးတွေ လဲပေးတာ၊ ရေငုပ်သမားတွေ ဘယ်လို သွားရမယ်ဆိုတာ လမ်းညွှန်ပေးတာတွေ လုပ်ခဲ့ရသူပါ။

ပထမဆုံးကလေးကို အမှောင်ထဲကနေ သယ်ထုတ်ပြီး သူရှိရာကို ရောက်လာတဲ့အချိန်မှာ သူ့မှာ ဖြစ်နေတဲ့ ခံစားမှုကို ကောင်းကောင်းကြီး အမှတ်ရနေပါတယ်။ ငါ့ဆီ လာနေတာ ကလေးလား၊ လူသေအလောင်းလား ဆိုပြီး စိုးရိမ်တကြီး စောင့်ကြည့်နေခဲ့မိတယ်လို့ သူက ဘီဘီစီကို ပြောပြပါတယ်။

ကလေးက အသက်ရှိနေတယ်၊ အသက်ရှုနေတယ်ဆိုတာလည်း တွေ့လိုက်ရရော၊ ကျွန်တော် သိပ်ပျော်သွား ပါတယ်လို့ သူက ဆိုပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
thai 8

ကလေးတွေ တစ်ယောက်ပြီး တစ်ယောက်ကို ထမ့်လွမ်ဂူရဲ့ အမှောင်တိုက်ထဲက ကယ်ထုတ်လာခဲ့ပါတယ်။ သူတို့ကို အောက်စီဂျင်ပေးထားပြီး ချင်းရိုင်ဆေးရုံကြီးဆီ အမြန်ပဲ သယ်သွားကြပါတယ်။

ပိတ်မိနေသူ ၁၃ ယောက်စလုံးကို ကယ်ထုတ်ဖို့ သုံးရက် အချိန်ယူခဲ့ရပါတယ်။ ဒီကြားထဲမှာ လေအိုးတွေကို လဲဖို့၊ ဂူထဲ လေရှိနေအောင်လုပ်ဖို့နဲ့ ကယ်ဆယ်ရေးသမားတွေလည်း အားပြန်ပြည့်အောင် အနားယူကြရပါသေးတယ်။

အားလုံးဟာ အချိန်မီ လက်မတင်လေး ပြီးစီးခဲ့တယ်လို့ ဆိုရမှာပါ။ နောက်ဆုံး ကျန်နေတဲ့ ကလေးတွေနဲ့ နည်းပြလေးကို ကယ်ထုတ်ပြီးချိန်မှာပဲ ဂူအတွင်းမှာ ရေက တဖြေးဖြေးချင်း မြင့်တက်လာနေပါပြီ၊ တစ်နာရီကို ၃၀ စင်တီမီတာနှုံးနဲ့ ရေတက်လာနေတာဖြစ်တယ်လို့ ထိုင်းရေတပ်က အကြီးတန်းအရာရှိ ဆူပါချိုင်း တာနာဆန်ဆာကွန်က ပြောပါတယ်။

အဲဒီနေ့ကတော့ ဇူလိုင်လ ၁၀ ရက်နေ့ပါ။ ဂူတစ်ခုလုံး ရေတွေဖုံးသွားတတ်တဲ့ အချိန်လို့ ဒေသခံတွေ ပြောတဲ့နေ့ပါပဲ။

Image caption ရေလွှမ်းပြီး မှောင်နေတဲ့ဂူထဲက ကယ်ဆယ်ရေး
Image caption ပြင်ဆင်ထားတဲ့ အတိုင်း လုပ်ဆောင်

ကလေးတွေ အားလုံး အပြင်ထွက်လာနိုင်ပေမယ့် အထဲမှာ ကျန်နေခဲ့သူတွေ ရှိပါသေးတယ်။ ဂူထဲက ကလေးတွေကို ပြန်တွေ့တဲ့နေရာမှာ သူတို့ကို စောင့်ရှောက်ရင်း အတူနေပေးခဲ့တဲ့ ရေတပ်က ရေငုပ်သမားတွေနဲ့ ဆေးမှူး၊ နောက် အခု ကယ်ဆယ်ရေးလုပ်ငန်းအတွက် အကြံဉာဏ်တွေပေး၊ အနီးကပ် စီစဉ်ညွှန်ကြားပေးနေတဲ့ ကမ္ဘာကျော် ဂူတွင်းရေငုပ်သမားနဲ့ ကိုယ်တိုင်ဆရာဝန်ဖြစ်သူ သြစတြေးလျလူမျိုး ဒေါက်တာ ရစ်ချတ်ဟဲရစ်တို့ ဖြစ်ပါတယ်။

သူတို့လည်း နောက်ဆုံး ကလေးကို သယ်ထုတ်ပြီးလို့ သိပ်မကြာခင်မှာပဲ ဂူပြင်ကို ပြန်ထွက်လာခဲ့ကြပါတယ်။ ဒါလည်း အချိန်မီလေးလို့ ပြောရမှာပါပဲ။ သူတို့ထွက်လာချိန်မှာပဲ ဂူထဲက ရေတွေကို တောက်လျှောက် စုပ်ထုတ်နေတဲ့ ရေစုပ်စက်က ရပ်သွားပါတယ်။ ပျက်သွားတာလို့ တချို့က ပြောကြသလို တချိုကတော့လည်း ပိတ်လိုက်တာလို့ ဆိုကြပါတယ်။

ဘာပဲ ပြောပြော အဲဒီအချိန်မှာပဲ ရေတွေ ဂူထဲ ဒလဟော စီးဝင်လာတဲ့အတွက် ဂူအစပ်မှာ ပစ္စည်းသိမ်း၊ သန့်ရှင်းရေးတွေ လုပ်နေတဲ့ အလုပ်သမားတွေ ထွက်ပြေးခဲ့ကြရပါတယ်။

Image caption ဆုတောင်းပေးနေတဲ့ အတန်းဖော်တွေ
Image caption ပြန်လွတ်လာတော့ ထိုင်းကလေးတွေ ဝမ်းသာကြ

Hooyah!အောင်ပြီ

နှစ်ပတ်ကြာ စိုးရိမ်သောကတွေ၊ စိတ်ပူပန်ကြောင့်ကြမှုတွေနဲ့ စောင့်ဆိုင်းခဲ့ရပြီးတဲ့နောက်မှာတော့ ပိတ်မိနေခဲ့သူတွေအားလုံးကို ဘေးမသီရန်မခ ကယ်ထုတ်နိုင်ခဲ့ပါပြီ။ ကယ်ဆယ်ရေး လုပ်ငန်းဟာ အရင်က မလုပ်ခဲ့ဖူးသေးတဲ့ စွန့်စားချက်ကြီးကို အောင်အောင်မြင်မြင်လုပ်လိုက်နိုင်ကြတာ ဖြစ်ပါတယ်။

ထိုင်းရေတပ်မတော်အထူးတပ်ဖွဲ့ကလည်း သူတို့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ .. "အခုဖြစ်ရပ်ဟာ ထူးဆန်းအံ့ဖွယ်လား၊ သိပ္ဗံအစွမ်းလား၊ ဘာလဲ ကျွန်တော်တို့ မသိတော့ပါဘူး .." လို့ ရေးထားပါတယ်။

ချင်းရိုင်မြို့မှာတော့ ပျော်ရွှင်နေကြတဲ့ လူအုပ်ကြီးက ကားလမ်းဘေး ဝဲယာမှာ စီတန်းလို့ ကလေးတွေကို သယ်လာတဲ့ လူနာတင်ယာဉ်တစ်စီး ဖြတ်သွားတိုင်း လက်ခုတ်တီး အားပေးဂုဏ်ပြုခဲ့ပါတယ်။ ကားတွေကလည်း ဟွန်းတွေ ဆက်တိုက်တီးပြီး အောင်ပွဲခံခဲ့ပါတယ်။

ထိုင်းဆိုရှယ်မီဒီယာတွေမှာလည်း ကျေးဇူးတင်တယ်၊ သူရဲကောင်းတွေ ဆိုတဲ့ hashtag စကားလုံးတွေနဲ့ ထိုင်းရေတပ်အထူးတပ်ဖွဲ့ရဲ့ ကြွေးကြော်သံဖြစ်တဲ့ ဟူးယားဆိုတဲ့ စကားလုံးတွေဖုံးလွှမ်းသွားပါတယ်။

Image caption ဂုဏ်ယူတဲ့ နေဗီဆီး

ကမ္ဘာတဝန်းမှာလည်း ဒီတောဝက်ဘောလုံးသမားလေးတွေရဲ့ ဖြစ်စဉ်ကို စိုးရိမ်တကြီး စောင့်ကြည့်နေခဲ့တဲ့ လူသန်းပေါင်းများစွာက ဝမ်းသာစကားတွေ မ ျှဝေကြ၊ သက်စွန့်ဆံဖျား ကယ်တင်ပေးခဲ့ကြသူတွေကို ကျေးဇူးစကားဆိုကြနဲ့ပါ။

ဘီဘီစီမြန်မာပိုင်းက အချိန်နဲ့ တပြေးညီ ကယ်ဆယ်ရေးလုပ်ငန်းစဉ်အကြောင်း တင်ဆက်ပေးခဲ့တာကိုလည်း ပရိသတ်သန်းနဲ့ချီ စောင့်ကြည့်ခဲ့ကြပါတယ်။

ကယ်ဆယ်ရေးအောင်မြင်လို့ ဝမ်းသာစရာ အပျော်တွေကြားမှာ စိတ်မကောင်းစရာ ဖြစ်ရပ်တစ်ခုကတော့ သြစတြေးလျဆရာဝန်ကြီး ဒေါက်တာ ရစ်ချတ်ဟဲရစ်အတွက် ဖြစ်ခဲ့ပါတယ်။ ထိုင်းမှာ အနားယူခွင့်ရက်နဲ့ ရောက်နေရာက အနားယူတာကို ဖျက်ပြီး ကလေးတွေရဲ့ အသက်ကို ကယ်ဖို့ ဂူထဲဝင်ခဲ့တဲ့ ဒေါက်တာဟဲရစ်ဟာ သူကိုယ်တိုင် ဂူအပြင်ရောက်လာချိန်မှာပဲ သူ့ဖခင် ဆုံးပါးသွားပြီဆိုတဲ့ သတင်းဆိုးကို ရလိုက်တာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption အသက်စွန့် ကယ်ခဲ့သူရဲ့ ရုပ်ပုံလွှာနဲ့ အတူ

ပြန်ဆုံကြရပြီ

ဆေးရုံအဝတ်အစားနဲ့ မျက်နှာဖုံးကို တပ်ထားရတဲ့ ကလေးတွေဟာ ဆေးရုံကုတင်တွေပေါ်မှာ ထိုင်လို့ ကမ္ဘာတဝန်းက သူတို့ကို မေတ္တာထားကြသူတွေကို လက်ဝှေ့ရမ်းနှုတ်ဆက်ပြခဲ့ကြပါတယ်။

ဇူလိုင်လ ၁၁ ရက် ဗုဒ္ဓဟူးနေ့မှာတော့ ထိုင်းရေတပ်အထူးတပ်ဖွဲ့က ထုတ်ပြန်တဲ့ ဗီဒီယိုမှာ ကယ်ထုတ်လာပြီး ဆေးရုံကို ရောက်နေပြီဖြစ်တဲ့ တောဝက်ဘောလုံးအသင်းက ဘောလုံးသမားလေးတွေကို ပထမဆုံး မြင်တွေ့ကြရပါတယ်။ တချို့ကတော့ ကင်မရာဘက်ကို V ပုံစံလက်ထောင်ပြပြီး အောင်ပွဲလို့ ပြခဲ့ကြပါတယ်။

သူတို့ကို ထွေးပွေ့ချင်လို့ အချိန်အကြာကြီး စောင့်နေခဲ့ကြတဲ့ မိဘတွေကတော့ ကလေးတွေ အနားကပ်လို့ မရကြသေးပါဘူး။ အပြင်က မှန်ကာထားတဲ့နေရာကပဲ ကြည့်ကြရပါတယ်။ တချိုက မိဘတွေကတော့ သူတို့ သားလေးတွေကို လှမ်းတွေ့ရချိန်မှာ အပျော်တဝက်နဲ့ ငိုရှိုက်ခဲ့ကြပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption အသက်သခင်အတွက် ဆုတောင်းပေး

အခုလို ကလေးတွေနဲ့ အပြင်လူတွေ ထိတွေ့ခွင့်မပေးရသေးတာဟာ ကလေးတွေ ဂူထဲက ကူးစက်တတ်တဲ့ ရောဂါတွေ ပါလာရင် တခြားလူကို မကူးအောင် ခွဲထားရတာလို့ အစိုးရကပြောပါတယ်။ ဒါပေမယ့် ဝန်ကြီးချုပ် ပရာယွတ် ချန်အိုးချားကတော့ ကိုယ်တိုင်ဝင်တွေ့ခဲ့တာလည်း တွေ့ရပါတယ်။ မိဘတွေကတော့ ဒီလို ည်းကမ်းထုတ်ထာတာကို ကန့်ကွက်တာမျိုး မကြားရပါဘူး။

ဆေးရုံမှာတော့ ကလေးတွေနဲ့ နည်းပြကို ကျန်းမာရေး စစ်ဆေးမှုတွေ တသီကြီး လုပ်နေပါတယ်။ အရင်ဆုံးတော့ မျက်လုံးတွေကို ဖုံးကာထားရပါတယ်။ ဂူထဲက ပိန်းပိတ်နေတဲ့ အမှောင်တိုက်ထဲမှာ နှစ်ပတ်ကြာနေခဲ့ရတဲ့ သူတို့ မျက်လုံးတွေ ချက်ခြင်း တိုက်ရိုက်အလင်းရောင်ကို မခံနိုင်ကြပါဘူး။

တချို့က မျက်လုံးနဲ့ အဆုတ်မှာ ထိခိုက်မှု အသေးစားလေးတွေရှိလို့ ပဋိဇီဝဆေးတွေ ပေးထားရတယ်လို့ ဆေးရုံက ပြောပါတယ်။ ဒါလောက်ကလွဲလို့ သူတို့အားလုံး နာလံထူနေကြပါပြီ။

နောက်တော့ မိဘတွေလည်း အထဲဝင်ပြီး ကလေးတွေကို တွေ့ခွင့်၊ စကားပြောခွင့်ရခဲ့ပါတယ်။ ဒါပေမယ့် ထိတွေ့လို့တော့ မရသေးပါဘူး၊ ခြောက်ပေ အကွာကနေပဲ ပြောရတွေ့ရပါတယ်။ ပြီးတော့ မိဘတွေကိုယ်တိုင် ဆေးရုံအဝတ်နဲ့ နှာခေါင်းဖုံးကို ဝတ်ထားရပါတယ်။

တချို့ကလေးတွေကတော့ ပုံမှန် အစားအသောက်ကို စ စားနေနိုင်ပါပြီ။ ချောကလက်စားချင်တယ်ဆိုပြီး သူတို့ကြိုက်တဲ့ အစားအသောက်တွေကို တမ်းတနေခဲ့ရတဲ့ ကာလတွေ လွန်သွားပြီလို့ ပြောနိုင်ပါတယ်။

ကယ်ဆယ်ရေးသမားတွေအဖို့တော့ သူတို့ လုပ်နိုင်ခဲ့တဲ့ အောင်မြင်မှုကြီးကို ဘယ်လိုများ လုပ်နိုင်ခဲ့ပါသလဲလို့ တွေးဆနေရတုန်းပါ။

Image caption ထိုင်းကလေးတွေ ပြုံးနိုင်ပြီ

ဒီလုပ်ငန်းစဉ်ကြီး တစ်ခုလုံး အခုလောက် အောင်မြင်သွားလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူးလို့ ထိုင်းအထူးရေတပ်ဖွဲ့ရဲ့ တပ်မှူး ဒုတိယဗိုလ်ချုပ်ကြီး အာပါကွန် ယူကွန်ကောင်းက ပြောပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်း စတဲ့အချိန်မှာ ကလေးတွေ အသက်ရှင်နေလိမ့်ဦးမယ်ဆိုတဲ့ မေ ျှာ်လင့်ချက်က နည်းနည်းလေးပဲ သူ့အဖွဲ့ဝင်တွေဆီမှာ ရှိခဲ့တယ်လို့ သူက ပြောပါတယ်။

အဲဒီ နည်းနည်းလေးကပဲ အဆုံးမှာ တကယ်တန်းဖြစ်လာခဲ့တယ်လို့ သူက ဆိုပါတယ်။

ပျောက်နေတဲ့ တောဝက်ကလေးတွေရဲ့ ဇာတ်လမ်းမှာ ကြေကွဲစရာနဲ့ အဆုံးသပ်သွားလိမ့်မယ်လို့ တော်တော်များများက ထင်မှတ်ထားခဲ့ကြပါတယ်။ ဒါပေမယ့် အဲဒီဇာတ်လမ်းဟာ မျှော်လင့်ချက်နဲ့ အသက်ရှင်သန်ခွင့်အတွက် ကြိုးပမ်းချက်တွေ ဖြစ်လာပြီး ပျောက်နေတဲ့ သားတွေနဲ့ မိဘတွေ ပြန်ပေါင်းစည်းမိသွားတဲ့ အဖြေထွက်ခဲ့ပါတယ်။

ပြီးတော့ ဒီဇာတ်လမ်းဟာ ကမ္ဘာတဝန်းလုံးမှာရှိကြတဲ့ သူလိုကိုယ်လိုလူတွေဟာ ထိုင်းနိုင်ငံမြောက်ပိုင်းက မြို့ငယ်လေးတစ်ခုမှာ တာဝန်တစ်ခုအတွက် လာပေါင်းစည်းမိကြတဲ့ ဖြစ်ရပ်တစ်ခုပါ။ အဲဒီတာဝန်ကတော့ ဂူထဲမှာ ပိတ်မိပျောက်ဆုံးနေတဲ့ ဘောလုံးသမားလေး ၁၂ ယောက်နဲ့ သူတို့ရဲ့ နည်းပြကို ကယ်တင်နိုင်ဖို့ပါပဲ။

ဒါ လောကပါလတရားပါ၊ မေတ္တာတရားပါ။ ယူကေကို ပြန်ရောက်လာတဲ့ ဗြိတိသျှရေငုပ်သမား ဂျွန်ဗိုလန်သန်ကတော့ တခြားလူရဲ့ သားသမီးကို ကယ်တင်မယ်ဆိုတဲ့ စိတ်မျိုးရှိတယ်ဆိုရင် အဲဒီအတိုင်းပဲ လုပ်ရမှာပါပဲလို့ ပြောခဲ့ပါတယ်။

Image caption ထမ့်လွန်ဂူကြီး ပိုနာမည်ကြီးလာ

အခုတော့ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နဲ့ ထမ့်လွန်ဂူဟာ ကမ္ဘာ့မြေပုံပေါ်မှာ အထင်ကရ ဖြစ်လို့ သွားခဲ့ပါပြီ။

ဒေသခံအာဏာပိုင်တွေကလည်း ထမ့်လွန်ဂူကို ပြတိုက်တစ်ခုအဖြစ် အသွင်ပြောင်းပြီး ကမ္ဘာလှည့် ခရီးသည်တွေ လာကြည့်ဖို့ ဆွဲဆောင်နိုင်မယ့်နေရာ လုပ်ဖို့ စ စီစဉ်နေပါပြီ။ ရုပ်ရှင်ထုတ်လုပ်သူတချို့ကလည်း ကလေးတွေနဲ့ ကယ်ဆယ်ရေးလုပ်ငန်းအကြောင်း ဟောလီးဝုဒ်ရုပ်ရှင်ကားကြီး အဖြစ် ရိုက်ကူးဖို့ စိတ်ကူးကြံစည်နေကြပါပြီ။

တောဝက်ဘောလုံးသမားလေးတွေနဲ့ သူတို့ရဲ့ နည်းပြကတော့ ဆေးရုံကဆင်းလာရင် သာသနာ့ဘောင်ဝင်ပြီး ဒုလ္လဘရဟန်းခံ ရှင်သာမဏေဝတ်ကြဖို့ အစီအစဉ်တွေ ရှိနေတယ်လို့ သိရပါတယ်။ ဗုဒ္ဓဘာသာဝင် မိသားစုတွေအနေနဲ့လည်း ဒီလို သာသနာ့ဘောင်ကို ရက်ပိုင်းပဲ ဖြစ်ဖြစ် ဝင်လိုက်ရင် သူတို့အတွက် အဆိုးအညစ်တွေ ပပျောက်ပြီး ခံစားကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်ဆိုးကြီးကနေ လွန်မြောက်နိုင်လိမ့်မယ်လို့ ယုံကြည်ကြပါတယ်။

သူတို့အတွက် အစောင့်အရှောက်အကာအကွယ်ရအောင်လို့ပါလို့ နိုက်ရဲ့ အဖိုး ဆီဝပ် ဆွမ်ပီယန်ဂျိုင်းက ပြောပါတယ်။ သူတို့ ဂူထဲမှာ သေဆုံးသွားခဲ့နိုင်တယ်။ အခုတော့ တဖန်ပြန်လည်မွေးဖွားလာသလိုပါပဲလို့ ဆိုပါတယ်။

ကလေးတွေနဲ့ နည်းပြ အိက်ခ်တို့ ဆေးရုံကဆင်းတာနဲ့ အရင်ဆုံး လုပ်ရမှာက မိသားစုတွေနဲ့ အတူ နေဖို့ အချိန်ပေးကြရဦးမှာ ဖြစ်ပါတယ်။

နိုက်အတွက်ဆိုလည်း မွေးနေ့ပွဲ လုပ်ဖို့ ရှိနေပါသေးတယ်။ ဂူထဲဝင်သွားတဲ့နေ့မှာ ၁၇ နှစ်ပြည့် မွေးနေ့လုပ်ဖို့ စီစဉ်ထားပြီး မလုပ်လိုက်ရတဲ့ နိုက်ရဲ့ မိဘတွေကလည်း သူ့အတွက် ပါတီပွဲကောင်းကောင်းလေးတစ်ခု လုပ်ပေးဦးမှာပါလို့ ကတိပေးထားပါတယ်။

ဆက်စပ် အကြောင်းအရာများ