မြောက်ပိုင်း ၇ဖွဲ့ ရဲ့ အန်စီအေ အနီးအဝေး

Image caption တရုတ်သံတမန်နဲ့အတူ မြန်မာပြည်ကို ရောက်လာ

(၁) မဟာမိတ် ခေါင်းစဉ်တူပေမယ့် တရုတ်အပေါ် မှတ်ချက် မတူကြ

"တရုတ်ဖိအားကြောင့်လာတာတော့ မဟုတ်ဘူး။ ကာလအတန်ကြာ အဆက်အသွယ် ပြတ်တောက်နေမှုတွေ ဆက်သွယ်ရေး လမ်းကြောင်းတွေ ပြန်ရှိလာဖို့ လာတာပါ၊၊ ဒါပေမယ့် တရုတ်ရဲ့ အခုလို ငြိမ်းချမ်းရေးအတွက် ကူညီတာကို ကျေးဇူးတင်ပါတယ်။ လုံခြုံရေးလည်း အာမခံ တယ်။" လို့ ပြောသူက ကေအိုင်အေ ကချင်လွတ်မြောက်ရေး တပ်ဖွဲ့က ဗိုလ်ချုပ်ဂွန်မော်က နေပြည်တော်ကို ခရီးရောက်မဆိုက်ပဲ ပြောပါတယ်။

သူကိုယ်တိုင်ကတော့ မူလက ခရီးစဉ်မှာ ပါဖို့ မသေချာခဲ့ဘဲ တပ်မတော်အကြီးအကဲတွေနဲ့ တွေ့ခွင့်ရမယ်ဆိုလို့ လိုက်ပါလာတာလို့ သတင်းတွေ ထွက်ခဲ့ပါတယ်။

ကေအိုင်အေ ပါဝင်တဲ့ မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့နဲ့ ဖွဲ့ထားတဲ့ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေး ကော်မတီ အဖွဲ့တွေဟာ တရုတ်ရဲ့ စင်းလုံးငှားလေယာဉ်ပေါ်မှာ တရုတ်သံတမန်နဲ့အတူ မြန်မာပြည်ကို ရောက်လာတာပါ။

သူတို့လိုပဲ FPNCC အဖွဲ့ဝင် အခြားအဖွဲ့တဖွဲ့ဖြစ်တဲ့ မိုင်းလား NDAA အဖွဲ့ကတော့ "တရုတ်ပြည်ဆိုတာ ငြိမ်းချမ်းရေး ဖွံ့ဖြိုးရေးအတွက် သူ့ခြေထောက်ကို သူများလှမ်းဆွဲတာ လက်ခံတဲ့ အဖွဲ့မဟုတ်ဘူး။ သူတို့က ကျွန်တော်တို့ကို တော်တော်လေး အားပေးတယ်။ ဒါကြောင့် ကျွန်တော်တို့ကလည်း နိုင်ငံအတွက် အကျိုးရှိတယ်ဆိုပြီးလာတာပါ။" လို့ အထွေထွေအတွင်းရေးမှူး ဦးကြည်မြင့်က ပြောပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီ မကျင့်သုံးဘဲ တပြည်ထောင်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒေသတွေသာ ရှိတဲ့ တရုတ်အနေနဲ့ တိုင်းရင်းသားတွေ လိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ စနစ်ကို အားပေးပါ့မလားဆိုတဲ့ သတင်းထောက်တွေရဲ့ မေးခွန်းကိုတော့ တရုတ်ပြည်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသတွေကို ညွှန်းဆိုပြသပြီး မိုင်းလားတပ်ဖွဲ့ တာဝန်ရှိသူက ရွှန်းရွှန်းဝေအောင် ဖြေကြားခဲ့ပါတယ်။

Image caption မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်

(၂) မကွယ်ဝှက်တတ်တော့တဲ့ တရုတ်သံတမန်

"ကျွန်တော်တို့ မူဝါဒက အလွန်ရှင်းပါတယ်။ ကျွန်တော်တို့အနေနဲ့ မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့ကို မကြာမီမှာ အောင်မြင်မြင်နဲ့ များမကြာခင်မှာ အပစ်ရပ် လက်မှတ်ရေးထိုးနိုင်ဖို့ တိုက်တွန်းနေပါတယ်။ မြောက်ပိုင်းဒေသအပါအဝင် မြန်မာနိုင်တဝန်း တာရှည်ခံတဲ့ အပစ်ရပ်စဲမှုဖြစ်စဉ်တွေပေါ်ပေါက်လာဖို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။ မြောက်ပိုင်းက တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့က ဒီညီလာခံမှာ တက်ရောက်နေတာတွေ့ရတာ ဝမ်းသာပါတယ်။ ဒီညီလာခံဟာ အောင်အောင်မြင်မြင်နဲ့ အဆုံးသတ်သွားနိုင်ဖို့လည်း ကျွန်တော်တို့ ဆန္ဒပြုပါတယ်။" လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မစ္စတာ ဟုန်လျန်က ပြောပါတယ်။

မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ တရုတ်ထက်ပိုပြီး ငွေကြေး ထောက်ပံ့ဖူးတဲ့ နိုင်ငံတွေရှိနေပေမယ့် ဒီလို လက်မှတ်ထိုးရေး မထိုးရေး ကိစ္စကို ပေါ်ပေါ်တင်တင် တွန်းအားပေး တိုက်တွန်းတာမျိုးကတော့ မီဒီယာမှာ မြင်တွေ့ရခဲလှပါတယ်။

တရုတ်အနေနဲ့ ယုံကြည်မှုလည်း တော်တော် ရှိထားပုံပေါ်တယ်လို့ အကဲခတ်တွေက ဆိုကြပါတယ်။

မြန်မာ့ ငြိမ်းချမ်းရေးဟာ တရုတ်ရဲ့ မဟာဗျူဟာ စီးပွားရေး စင်္ကြန် စီမံကိန်းဖြစ်တဲ့ ရပ်ဝန်းတခု လမ်းကြောင်းတကြောင်းနဲ့ ဆက်စပ်နေတယ်လို့ တရုတ်သံတမန်တဦးက လွန်ခဲ့တဲ့လအတွင်းကပဲ ပြောခဲ့ပါတယ်။

Image caption ၄ ဖွဲ့ကိုတော့ တပ်ချုပ်တွေ့

(၃) ဒုတိယ အကြိမ်မှာတော့ တပ်နဲ့ တွေ့ခွင့်ရခဲ့

အန်စီအေ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စဲရေး လက်မှတ်မထိုးသေးတဲ့ မြောက်ပိုင်း ၇ ဖွဲ့ အနေနဲ့ တရုတ်ရဲ့ အစီအစဉ်နဲ့ လာရောက် ခဲ့တာဟာ ဒုတိယ အကြိမ်မြောက်ဖြစ်ပြီး ၂၀၁၇ ခုနစ်က ကျင်းပခဲ့တဲ့ ၂၁ ရာစု ပင်လုံ ဒုတိယအကြိမ် အစည်းအဝေးမှာလည်း အခုလို လာရောက် ခဲ့ပါတယ်။

ဒါပေမယ့် အရင်တကြိမ်က မြောက်ပိုင်း တပ်ဖွဲ့တွေဟာ စစ်တပ် ထိပ်တန်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ခွင့်မရခဲ့ပါဘူး။

ဒီတကြိမ်မှာတော့ ၇ ဖွဲ့စလုံးတွေ့ဆုံခွင့်ရခဲ့ပါတယ်။

ဒါပေမယ့် သူတို့ မဟာမိတ်အဖွဲ့ နာမည်နဲ့တော့ တွေ့ဆုံခွင့်ရတာမဟုတ်သလို ၇ ဖွဲ့စလုံး တပြိုင်နက် လက်ခံတွေ့ဆုံခဲ့တာ မဟုတ်ပါဘူး။

၂ဝ၁၅ ခုနစ် တကျော့ပြန် ကိုးကန့် တိုက်ပွဲကြောင့် စစ်တပ်က အမျက်တော်ရှခြင်း ခံရတဲ့ တအာင်းပလောင် ၊ အေအေ ရက္ခိုင့်တပ်မတော် ၊ ကိုးကန့် MNDA က တစု ၊ အစိုးရ စစ်တပ်တို့နဲ့ တဖွဲ့ချင်း စာချုပ်ချုပ်ခဲ့ဖူးတဲ့ ကေအိုင်အေ ၊ SSPP/SSA ဝမ်ဟိုင်း ၊ ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်ဖွဲ့ နဲ့ မိုင်းလားတို့က တစု ဆိုပြီး ခွဲတွေခဲ့တာပါ။

Image caption မြောက်ပိုင်း မဟာမိတ်အဖွဲ့ အနေနဲ့ မဟုတ်ပဲ တစ်ဖွဲ့ချင်းစီ ဖိတ်

ယခင်က စစ်တပ်က လက်နက်ချဖို့ ပြောခဲ့ဖူးတဲ့ တအန်းပလောင် ၊ ကိုးကန့် ၊ အေအေ တို့ကို ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တွေ့ဆုံခဲ့တာ ဖြစ်ပြီး ၊ ကျန်တဲ့ လေးဖွဲ့ကိုတော့ တပ်ချုပ်က တွေ့ဆုံခဲ့တာပါ။

စစ်တပ် ဒုတပ်ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နဲ့ ကိုးကန့် ၊ တအာင်းပလောင် ၊ အေအေ တို့ရဲ့ ပထမဆုံး တွေ့ဆုံမှုမှာတော့ ထူးခြားတဲ့ အချက်တချို့ ပါလာပါတယ်။ ဒါကတော့ သူတို့အဖွဲ့တွေအနေနဲ့ တခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေလို တဖွဲ့ချင်းအလိုက် Bilateral အပစ်ရပ်စာချုပ်တွေ မရှိသေးတဲ့အတွက် တဖွဲ့ချင်းအလိုက် စာချုပ်ချုပ်ဖို့ ဆိုတဲ့ ကိစ္စမျိုးတွေ တပ်ဘက်က ပြောလာခဲ့တယ်လို့ အေအေ ၊ တီအန်အယ်လ်အေ တို့ဘက်က မီဒီယာကို ထုတ်ပြောပါတယ်။

ကျန်တဲ့ အန်စီအေ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေကော မထိုးထားတဲ့ အဖွဲ့ အားလုံးနီးပါးဟာ (အေအန်စီ ရခိုင်အမျိုးသားကောင်စီမှအပ ၊ အင်အားနည်းတဲ့ အေအန်စီကို အခု အစိုးရနဲ့ တပ်က အသိအမှတ် မပြုတော့ဘဲ ၂၁ ပင်လုံ မဖိတ်တော့ ) အနည်းဆုံး တဖွဲ့ချင်းအလိုက် အပစ်ရပ်စာချုပ် လက်မှတ်ထိုးထားနိုင်တဲ့ အဖွဲ့တွေလည်းဖြစ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ဇော်ဦးနဲ့ မေးမြန်းခန်း

ဒါပေမယ့်လည်း အဲဒီလမ်းကြောင်းကနေ အန်စီအေ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ် လမ်းကြောင်းကို လာမယ်ဆိုရင်လည်း လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပါမယ်ဆိုတဲ့ ကြေညာချက် ထုတ်ဖို့ လိုအပ်ကြောင်း စစ်တပ်ဘက်က ဆိုထားတယ်လို့ သုံးဖွဲ့ဘက်က ပြောပါတယ်။

အန်စီအေ ထိုးပြီးရင် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ညှိနှိုင်းရေး ကော်မတီ ယူပီဒီဂျေစီမှာ နေရာပေးဖို့အထိ ဆွေးနွေးမှုတွေထဲ ပါတယ်လို့ နီးစပ်သူတွေက ဆိုတာပါ။ ဒါပေမယ့်လည်း လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ကြောင်း ကြေညာချက် ထုတ်ရန် ဆိုတဲ့ ကိစ္စကတော့ အထစ်အငေါ့ ဖြစ်နိုင်တဲ့ ကိစ္စလို့ ဆိုကြပါတယ်။

Image caption စာနာဖေးမမှု ရခဲ့တဲ့ ဝ ခေါင်းဆောင်တွေ

(၄) အသံတိတ် ဝ နဲ့ တပ်ချုပ်ရဲ့ စာနာဖေးမမှု ရခဲ့တဲ့ ဝ ခေါင်းဆောင်တွေ

မြောက်ပိုင်း ၇ ဖွဲ့ထဲမှာ အများက စောင့်ကြည့်မှုကို ခံရပြီး အသံလုံးဝနီးပါး မထွက်ခဲ့တဲ့ အဖွဲ့ထဲမှာ အင်အားအကြီးဆုံး ဝ တပ်ဖွဲ့ ပါဝင်ပါတယ်။

၂၁ ပင်လုံကို တင်ဖို့ စာတမ်းဆိုတာလောက်သာ ထွက်ခဲ့လာခဲ့ပြီး တင်ပြဆွေးနွေးမှု မရှိခဲ့ပေမယ့် မီဒီယာတွေကိုတော့ ဖြန့်ဝေခဲ့ပါတယ်။

၀ တပ်ဖွဲ့ရဲ့ ဖြန့်ဝေတဲ့ စာတမ်းထဲမှာ အန်စီအေ စာချုပ်ကို ပြင်ဆင်ခွင့်ရှိတယ်ဆိုပြီး တပ်မတော်နဲ့ အစိုးရဘက်က စာချုပ်စာတမ်းနဲ့ ကတိခံခဲ့ရင် ဝ အနေနဲ့ အန်စီအေ စာချုပ်ကို တက်ကြွစွာ လက်မှတ်ရေးထိုးနိုင်မှာ ဖြစ်ပေမယ့် အစိုးရနဲ့ တပ်ဘက်က အန်စီအေကို ပြင်ဆင်ပေးဖို့ အစီအစဉ်မရှိဘူးဆိုပြီး ဖော်ပြထားပါတယ်။ ဒါဟာ အလားအလာကောင်း မဟုတ်ဘူးလို့လည်း ဆိုထားပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး ညီလာခံ စတင်

အန်စီအေ စာချုပ်ဟာ အမှန်တကယ် စစ်ရပ်စဲရေးကို အာမ မခံနိုင်တဲ့ အတွက် ထိုးပြီးသားအဖွဲ့တွေတောင် တိုက်ပွဲတွေဖြစ်နေတယ် ဆိုပြီးတော့လည်း ဝ က ထောက်ပြထားပါတယ်။

ဝအနေနဲ့ သူတို့နဲ့ အစိုးရ အဆက်ဆက်အကြား ချုပ်ဆိုထားတဲ့ စာချုပ်တွေကို လေးစားလိုက်နာပြီး အစိုးရစစ်တပ်နဲ့ တိုက်ပွဲတွေလည်း မရှိတဲ့ အကြောင်း ဖော်ပြထားပါတယ်။

တပ်အနေနဲ့ တအာင်း ၊ ကိုးကန့် ၊ ရခိုင့်တပ်မတော်တို့ကို အမြစ်ပြုတ် တိုက်ခိုက်နေပြီး အဲဒီတိုက်ပွဲတွေကြောင့် ငြိမ်းချမ်းရေး ရပြီးသားဖြစ်တဲ့ ဒေသတွေကိုလည်း ထိခိုက်နိုင်တယ်လို့ ဆိုပါတယ်။ တကယ်တော့ အစိုးရတပ်နဲ့ တိုက်ပွဲဖြစ်နေတဲ့ အဖွဲ့တော်တော်များများဟာ ဝ နယ်နဲ့ အစိုးရ တပ်ထိန်းချုပ် နယ်တွေအကြားမှာ ကြားခံနယ်မြေတွေပါ။

Image caption အင်အားနည်းလို့ ငြိမ်းချမ်းရေး ဆွေးနွေးတာ မဟုတ်
Image caption မူဆယ်မြို့ပေါ်ထိ TNLA တိုက်ပွဲဖော်ခဲ့လို့ လုံခြုံရေး တိုးမြှင့်ခဲ့ရ

အထူးသဖြင့် ပဋိပက္ခတွေ အမြဲရှိနေတဲ့ သံလွင်အနောက်ဘက်ကမ်းက တအာင်းပလောင် ၊ ကေအိုင်အေ နဲ့ စစ်ရေးဖိအားအောက် အမြဲရှိနေတဲ့ SSPP ရဲ့ ဝမ်ဟိုင်း တန့်ယန်း ဒေသ ၊ ဝ နယ် မြောက်ဘက်က ကိုးကန့်ဒေသတို့ဟာ ဝဒေသ ဝင်ပေါက်တွေအတွက် မဟာဗျူဟာကျတဲ့ နယ်မြေတွေလည်း ဖြစ်ပါတယ်။

ဝ အနေနဲ့ ဘီဘီစီအပါအဝင် သတင်းမီဒီယာတချို့က သီးသန့် တွေ့ဆုံဖို့ ခွင့်တောင်းခဲ့ပေမယ့်လည်း သီးသန့် တွေ့ဆုံ ပြောဆိုတာလည်း မရှိခဲ့တာကတော့ ထူးခြားချက်ပဲဖြစ်ပါတယ်။ သတင်းမီဒီယာတွေတင်လားဆိုတော့မဟုတ်ပါဘူး။ ဗြိတိန်သံရုံးအပါအဝင် ဝနဲ့ တွေ့ခွင့် တောင်းတဲ့သံတမန်အချို့လည်း သီးသန့် တွေ့ဆုံခွင့်မရခဲ့ပါဘူး။

နေပြည်တော်ရောက် ဝခေါင်းဆောင်အချို့ ကျန်းမာရေးချို့ယွင်းကုန်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် ကျန်းမာရေးအရ ဆေးရုံခေတ္တတက်ရတဲ့ ဝခေါင်းဆောင်တွေဟာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဖေးမမှုကို ရခဲ့ပါတယ်။

ဝတပ်ဖွဲ့ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ တွေ့ဆုံပွဲကို ဖော်ပြမှုမှာတော့ အန်စီအေ လက်မှတ်ထိုးရင် ဝ ရဲ့ နှစ်သုံးဆယ်ပြည့် ငြိမ်းချမ်းရေး အခမ်းအနားကို တက်ဖို့ ဒေါ်အောင်ဆန်းစုကြည် ပန်ဆန်းကို လာမယ်လို့ ဖော်ပြထားပါတယ်။

ဝ အနေနဲ့ ပြီးခဲ့တဲ့ ၂၅ နှစ်ကျော် ကာလအတွင်း တပ်နဲ့ တင်းမာမှု အချို့ ရှိဖူးပေမယ့် တိုက်ခိုက်မှု လုံးဝ မဖြစ်ဖူး တာကလည်း ထူးခြားမှုအဖြစ်ရှိနေပြီး ဝ ကို တိုက်တယ်ဆိုတာ ဆန်ပြုတ်လား ဆိုတဲ့အထိ လူမှုကွန်ရက်တွေမှာ သရော်တဲ့ ကာတွန်းတွေလည်း လတ်တလော ပေါ်ထွက် လာခဲ့ပါတယ်။

Image caption တရုတ်အထူးသံ ဆွန်းကော်ရှန်း

(၅) တရုတ်ကလည်း မီဒီယာကိစ္စ ထိန်းလွန်းတယ်

ကြားဝင် ဆောင်ရွက်ပေးတယ် ဆိုပေမယ့် မြောက်ပိုင်းတပ်ဖွဲ့ဟာ နေပြည်တော်ခရီးစဉ် ပြန်သွားတဲ့အထိ တရုတ် ကိုယ်စားလှယ်တွေ တရားဝင် သတင်းစာရှင်းလင်းပွဲ မလုပ်ခဲ့ပါဘူး။

သူတို့ တည်းခိုတဲ့ ဟိုတယ်ကလည်း မီဒီယာတွေကို ဧည့်ခန်းမထဲအထိ မဝင်အောင် ပိတ်ထားတာတွေ ရှိသလို နေပြည်တော်က အေးရှားဝေါ ကုမ္ပဏီပိုင် ဟိုတယ်မှာ တည်းခိုတဲ့ မြောက်ပိုင်းတပ်ဖွဲ့အနေနဲ့ သတင်းစာရှင်းလင်းပွဲ လုပ်ဖို့ ရှိမရှိ တရုတ်သံရုံးက တာဝန်ရှိသူတဦးကို မေးကြည့်တော့ တရုတ်သံအမတ်ရဲ့ ခွင့်ပြုမှုအပေါ်မူတည်လို့သာ ပြောပါတယ်။

အစည်းအဝေးတွေက ပြန်လာတဲ့ တိုင်းရင်းသားအဖွဲ့တွေကို အပြန်ခရီးစဉ်လောက်မှာသာ မေးမြန်းချက် အချို့ လုပ်နိုင်ခဲ့တာဖြစ်ပြီး တရုတ်နဲ့သာမက အိန္ဒိယနဲ့ပါ နယ်မြေထိစပ်နေတဲ့ အမေရိကန်သွားဖူးသူ ဗိုလ်ချုပ်ဂွန်မော်ကသာ တာဝန်ခံဖြေဆိုမှု အချို့လုပ်ခဲ့တာပါ။

ကေအိုင်အေ ဗိုလ်ချုပ်ဂွန်မော်နဲ့ ဘီဘီစီ ဇူလိုင်လ ၁၂ ရက်တွေ့စဉ်ကတော့ ဇူလိုင် ၁၃ မှာ သတင်းစာရှင်းလင်းပွဲ လုပ်ပေးမယ်ဆိုထားပေမယ့် မဖြစ်ခဲ့ပြန်ပါဘူး။ ခရီးစဉ်အတွင်း မီဒီယာတွေနဲ့ မတွေ့နိုင်မှုအပေါ် နားလည်ပေးစေလိုကြောင်းသာ သူ့ရဲ့ ဖေ့ဘုပ်ကနေ တင်ထားခဲ့ပါတယ်။

မြောက်ပိုင်း ၇ဖွဲ့ကို ပြန်ကြည့်ရင် တရုတ်ကို နည်းနည်းပါးပါး မီဒီယာမှာ ပြန်ပြောရဲတာ ကေအိုင်အေ နဲ့ ရှမ်းမြောက် SSPP/SSA တို့နှစ်ဖွဲ့သာ ရှိနေတာလည်း ထူးခြားတဲ့ အချက်ပါပဲ။ အန်စီအေမှာ အားလုံးပါဝင်မှ လက်မှတ် ထိုးမယ်လို့လည်း နှစ်ဖွဲ့စလုံးကလည်း ပွင့်ပွင့်လင်းလင်းပြောကြပါတယ်။

၇ ဖွဲ့အနက် ဖက်ဒရယ် ဒီမိုကရေစီကို ကာလအတန်ကြာ လေးလေးနက်နက် တောင်းတာလည်း အဲဒီ နှစ်ဖွဲ့ဘဲ ရှိတယ်လို့ အကဲခတ်တွေကလည်း ပြောပါတယ်။

Image caption ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ခဲ့တဲ့ မြောက်ပိုင်းအဖွဲ့

(၆) ၇ ဖွဲ့စလုံးနဲ့ ဆက်ညှိမယ်ဆိုတဲ့ တပ်နဲ့ အစိုးရ ၊ အဖွဲ့တွင်း တပြေးညီမရှိတဲ့ FPNCC

အစိုးရနဲ့ တပ်နှစ်ဘက်စလုံးကတော့ ၇ဖွဲ့စလုံးနဲ့ အန်စီအေ ထိုးနိုင်ရေး ဆက်ညှိမယ်ဆိုထားပါတယ်။

ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပါဝင်တဲ့ တပ်မတော် အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး ပြောကတော့ "မြောက်ပိုင်းအဖွဲ့တွေ အန်စီအေ ထိုးမယ်လို့ ကတိပေးထားတာတော့ မဟုတ်ဘူး။ လက်မှတ်မထိုးသေးတဲ့ အဖွဲ့တွေအားလုံးက မထိုးသေးဘူးလို့ ပြောတဲ့ အဖွဲ့ တဖွဲ့မှ မရှိပါဘူး။ ဒါပေမယ့် နောက်ဆက်တွဲ ဘယ်လို ဖြစ်လာမလဲဆိုတဲ့ အချက်လေးတွေအပေါ်မှာဖြစ်တာ မဖြစ်တာ တပိုင်းပေါ့ ၂၀၂ဝ မတိုင်ခင်ရမယ်လို့ မျှော်လင့်တယ်။ ကံအားလျော်စွာဖြစ်ရင်လည်း ကုသိုလ်ပေါ့ အားလုံးဟာ နိုင်ငံရေး ဆန္ဒရှိရင် ဖြစ်မှာပေါ့'လို့ ဆိုထားတာပါ။

နိုင်ငံရေးမဟာမိတ် ဆိုတဲ့ FPNCC က အားလုံးပါဝင်ရေးလို့ ကြွေးကြော် ပေမယ့်လည်း အဲဒီ မဟာမိတ်ကို အစိုးရ တပ်တို့က အဖွဲ့လိုက် အသိအမှတ်ပြုတာ မရှိသေးပါဘူး။

အားလုံး ပါဝင်ရေးပြောသူ ပြောပေမယ့်လည်း မိုင်းလားလို အဖွဲ့ကတော့ အဲဒီမဟာမိတ်အဖွဲ့ဟာ နိုင်ငံရေး ဆွေးနွေးဖို့အတွက်သာ လုပ်ထားတာဖြစ်ပြီး အန်စီအေ အပစ်ရပ်လက်မှတ်ထိုးရေး မထိုးရေးက တဖွဲ့ချင်းစီနဲ့သာ ဆိုင်ကြောင်း မိုင်းလား တာဝန်ရှိသူ ဦးကြည်မြင့်က မီဒီယာတွေကို ပြောထားပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် တချိန်က တားမြစ်ခံထားရတဲ့ အေအေ ၊ တအာင်းပလောင် ၊ ကိုးကန့် တို့ဟာ နေပြည်တော် ရောက်လာပြီး တပ်မတော် ထိပ်သီး ခေါင်းဆောင်တွေနဲ့ တွေ့ခွင့်တော့ ရခဲ့ပါပြီ။ အဖြေမထွက် တစုံတရာ မထွက်သေးဘူးလို့ ဆိုပေမယ့် လမ်းကြောင်းသစ်တခု စနိုင်ဖို့ ဆွေးနွေးမယ့် အခြေအနေပေါ်လာပြီ ဆိုရမှာပါ။

ဒါဟာ တိုးတက်မှုလား ဆိုတဲ့ မေးခွန်းကိုတော့ "အကျေအလည် ဆွေးနွေးနိုင်မှုတွေ မရှိသေးတဲ့အတွက် ဒါဟာ တိုးတက်မှု ဆိုတာထက် ပြောင်းလဲမှုလို့သာ ဆိုနိုင်တယ်။ လက်တွေ့ ဘာတွေတိုးတက်သလဲ ဆိုတာကသာ တိုးတက်မှု ရှိမရှိဆိုတာ သက်သေပြမှာဖြစ်တယ်" လို့ မြောက်ပိုင်း FPNCC မဟာမိတ်အဖွဲ့ဝင် SSPP/SSA ရှမ်းပြည် တပ်မတော်မြောက်ပိုင်းက ဒုတိယ ဥက္ကဌ စဝ်ခွန်ဆိုင်က ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ငြိမ်းချမ်းရေးကို ဖော်ဆောင်နေတဲ့ ကလေးမိခင်